← Chapters

ကလိမ်ကကျစ် ချုံးရှောင်၏ အဆင့်မြင့်လှည့်ဖြားနည်း

Vol. 12 Ch. 168

ကလိမ်ကကျစ် ချုံးရှောင်၏ အဆင့်မြင့်လှည့်ဖြားနည်း

Vol. 12 Ch. 168

လီချန်ရှို့သည် ကျောက်ကုန်းမင်တစ်ယောက် သူ၏ဘုံကျောင်းအတွင်းသို့ ဝင်လာစဉ်တွင် ပြောလိုက်သောစကားကို ကြားလိုက်ရသောအခါ သွေးအန်မိမလိုပင် ဖြစ်သွားသည်။

‘ တစ်ယောက်ယောက်ကို ရိုက်နှက်လိုက်ပေမယ့် ရိုက်နှက်ခံရတဲ့သူက ဘာမှပြန်မပြောနိုင်တာ... သူက ငါသူ့ကိုသင်ပေးခဲ့တဲ့ လူသစ်အဆင့် လှည့်ဖြားကွက်ကိုပြောနေတာလား... ’

‘ အဲဒါကြောင့် အခုတလော အာဒိကပ္ပလောကရဲ့ လေထုထဲမှာ ကလိမ်ကကျစ်အငွေ့အသက်တွေ ရနေတာလား... ဒါမှမဟုတ် ဆရာကျောက်က သူ့ရဲ့ဒုတိယအချစ်လေးနဲ့ အီစီကလီလုပ်လွန်းနေတာလား ’

ထိုအတွေးဖြင့်ပင် လီချန်ရှို့ကို ခါးကိုင်းသွားစေလေသည်။

ကျောက်ကုန်းမင်သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအတွင်းသို့ ဝင်လာသောအခါ သူ့ဘေးရှိ သေမျိုးကိုးကွယ်သူအချို့ကို ဂရုမစိုက်ခဲ့ပေ။ သူသည် သူ၏အင်္ကျီလက်များကို ခါ၍ ဝင့်ဝင့်ကြွားကြွား နှုတ်ဆက်လိုက်သည်။

“ ပင်လယ်စောင့်နတ်မင်း.... မိတ်ဆွေပင်လယ်စောင့်နတ်မင်း... ပင်လယ်စောင့်နတ်မင်းရှိပါသလား ”

ဘုံ‌ကျောင်းအတွင်းမှလူများသည် ကျောက်ကုန်းမင်ကို ခပ်ရွံ့ရွံ့ကြည့်နေကြသည်။ အကယ်၍ ကျောက်ကုန်းမင်သည်သာ ဩဇာရှိ၍ ဂုဏ်သိက္ခာရှိဟန်မပေါက်ပါက ကိုးကွယ်သူအမျိုးသမီးအချို့ ရှက်သွေးဖြာသွားနိုင်ပေသည်။

ရိုးရိုးသားသားဆိုရလျှင် အကယ်၍ ကျောက်ကုန်းမင်သာ အတန်ငယ်စုတ်ချာချာပုံစံဖြစ်ပါက သူတို့၏ပင်လယ်စောင့်နတ်မင်း၏ဂုဏ်သိက္ခာအတွက် ထွက်ရပ်ကာ ကာကွယ်ပေးမည်ဖြစ်သည်။

သို့သော် သူတို့သည် ကျောက်ကုန်းမင်၏မျက်နှာကို တွေ့သောအခါ ထိုကိစ္စကို မေ့လိုက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ ကျောက်ကုန်းမင်တစ်ယောက် လက်‌ဆွဲ၍ခေါ်လာသော မိန်းမပျိုလေး၏ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေ။ ဘုံ‌ကျောင်းအတွင်း၌ အမွေးတိုင်ပူဇော်မှုမပြတ်စေရန် တာဝန်ယူရသောကိုးကွယ်သူများနှင့် အလည်လာသူများပင် သူမကိုမကြည့်မိစေရန် အလိုလိုရှောင်မိလျက်သားဖြစ်နေကြသည်။

ထိုမိန်းမပျိုလေးသည် တဖျစ်တောက်တောက်ပြောနေ၏။

“ အစ်ကိုကြီး... အစ်ကိုကြီး ဘာတွေလုပ်နေတာလဲ။ အစ်ကိုကြီး ပင်လယ်စောင့်နတ်မင်းကိုတွေ့ချင်တယ်ဆိုရင် သူ့ရဲ့နတ်လိုဏ်ဂူဆီကို သွားလိုက်ပေါ့။ ဘာလို့ ဘုံကျောင်းကိုလာရတာလဲ ”

“ ညီမလေး... ညီမလေးပြောတာ အဓိပ္ပာယ်ရှိပါတယ် ”

ကျောက်ကုန်းမင်သည် ချုံးရှောင်၏လက်ကို လွှတ်လိုက်ကာ သူ၏မုတ်ဆိတ်ကိုသပ်လိုက်သည်။

“ ပြဿနာက အစ်ကိုက ပင်လယ်စောင့်နတ်မင်းရဲ့ နတ်လိုဏ်ဂူဘယ်မှာရှိလဲဆိုတာ မသိတာပဲ... ”

ချုံးရှောင် ရယ်ရမလို၊ ငိုရမလိုဖြစ်သွားပြီး ပြောလိုက်၏။

“ အစ်ကိုကြီး... အစ်ကိုကြီးက ပင်လယ်စောင့်နတ်မင်းနဲ့ ရင်းနှီးတယ်လို့ ညီမကိုပြောထားတာမလား။ သူ့ရဲ့ နတ်လိုဏ်ဂူဘယ်မှာရှိလဲဆိုတာတောင် မသိရတာလဲ ”

ကျောက်ကုန်းမင် ချက်ချင်းပင် ရှက်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ အမှန်ပြောရရင် အစ်ကိုက သူ့ရဲ့နတ်လိုဏ်ဂူကိုပဲ မသိတာမဟုတ်ဘူး... ပင်လယ်စောင့်နတ်မင်းရဲ့ တာအိုနာမည်က ချန်ကမ်းဆိုတာပဲ အစ်ကိုသိတယ်... ကျန်တာတွေဘာတစ်ခုမှ အစ်ကိုသူ့ကို မမေးရ‌သေးဘူး ”

ချုံးရှောင် မျက်မှောင်ကြုတ်ကာ ကျောက်ကုန်းမင်ကို ကြည့်လိုက်သည်။ ကျောက်ကုန်းမင်သည် ရယ်မောလိုက်ပြီး အသံပို့လွှတ်၍ပြောလိုက်၏။

“ မဟုတ်ရင် အစ်ကိုက ညီမသုံးကို ဘာလို့ဒီကိုခေါ်လာမှာလဲ။ ညီမက အမြဲဉာဏ်ကောင်းခဲ့တာပဲ။ အစ်ကိုတို့လေးယောက်ထဲမှာ ညီမက ဉာဏ်နီဉာဏ်နက်အများဆုံးပဲ။ ဒီနေ့ ညီမက ညီမရဲ့အစ်ကိုကြီးကို ကူညီပေးရမယ် ”

ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ ကျင်းပရာနေရာ၏ ထောင့်နားတွင် ထိုင်နေသော လီချန်ရှို့သည် ရုပ်တုမှတဆင့် ထို‌မောင်နှမနှစ်ယောက်ကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေ၏။

‘ ဒီဆရာကြီးနှစ်ယောက်က... ငါ့ဘုံကျောင်းထဲမှာ ဘာတွေတွတ်ထိုးနေတာလဲ ’

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းထဲတွင် ချုံးရှောင်ထပ်မေးလိုက်သည်။

“ အစ်ကိုကြီး... အစ်ကိုကြီးက ဘာလုပ်ချင်လို့လဲ ”

ကျောက်ကုန်းမင်သည် ခေတ္တမျှတွေးတောလိုက်ပြီး ဆက်၍အသံပို့လွှတ်လိုက်သည်။

“ ပင်လယ်စောင့်နတ်မင်းဆီမှာ နည်းအသစ်တွေများရှိဦးမလားဆိုတာ အစ်ကို့ကို ကူပြီးမေးပေး။ ဒီတစ်နည်းထဲကိုပဲသုံးနေရတာ သိပ်ပြီးအဆင်မပြေဘူး။ နည်းအသစ်တွေရှိသေးရင် အစ်ကိုတို့ အဲ့နည်းတွေအတွက် နတ်ဘုရားရတနာတွေနဲ့ လဲယူရရင်တောင် တန်တယ်။ ဒီနည်းတွေက ပင်လယ်စောင့်နတ်မင်းက တခြားသူတွေကို သင်မပေးတဲ့ အဆင့်မြင့်နည်းတွေပဲ ”

“ အစ်ကိုကြီး... ”

ချုံးရှောင်သည် ကျောက်ကုန်းမင်၏စကားကြောင့် အူမြူးသွားသည်။ သူမသည် သူမနှင့် သူမ၏အစ်မနှစ်ဦးကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ပေးခဲ့သည့် သူမ၏သွေးသောက်အစ်ကိုကြီးကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချလိုက်၏။

“ တကယ်လို့ ခဏနေ ပင်လယ်စောင့်နတ်မင်းရောက်လာရင် အစ်ကိုကြီး ပေါက်ကရတွေ ပြောနေလို့မရဘူးနော်။ အစ်ကိုကြီးအတွက် သတင်းရအောင် ညီမလေးကူညီပေးမယ် ”

ကျောက်ကုန်းမင်သည် သူ၏လက်နှစ်ဖက်ကို ချက်ချင်းဆုပ်၍ ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ် ညီမသုံး... ကျေးဇူးတင်ပါတယ် ညီမသုံး ”

ထိုအခိုက်တွင် ပင်လယ်စောင့်နတ်မင်းတာဝန်ပေးထားသည့် ဘုံ‌ကျောင်းမှတာဝန်ရှိသူသည် သူတို့ဆီသို့ လျှောက်လာလေသည်။ သူသည် ပထမဦးဆုံး ထိုနှစ်ဦးကို အနောက်ဆောင်တွင် ထိုင်၍စောင့်ရန် ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သူသည် ဘုံ‌ကျောင်းလေးအတွင်းရှိ ကိုးကွယ်သူများကို ထွက်သွားရန် တောင်းဆိုလိုက်ပြီး ဘုံကျောင်းတံခါးကို ပိတ်လိုက်လေသည်။

မကြာခင်တွင် လီချန်ရှို့၏ ပင်လယ်စောင့်နတ်မင်းစက္ကူကိုယ်ပွားဖြစ်သော မုတ်ဆိတ်ဖြူများနှင့် နတ်ဝိဇ္ဇာအိုကြီးသည် အဝေးမှပျံသန်းလာပြီး ခြံဝန်းထဲတွင် ဆင်းသက်လိုက်သည်။

သူသည် သူ၏မြင်းမြီးနှင်တံကို ယမ်းလိုက်ရာ သူ့ပတ်ဝန်းကျင်တွင် နတ်တန်ခိုးအကာအရံအလွှာတစ်ခု ပေါ်လာလေသည်။

ထိုအလွှာသည် မန္တန်အစီအရင်နှင့် ကွာခြားပေသည်။ ထိုအကာအရံအလွှာသည် တစ်ခဏသာတည်ရှိနိုင်ပြီး နတ်တန်ခိုးကိုသုံး၍ ဖန်ဆင်းရခြင်းဖြစ်သည်။

မန္တန်အစီအရင်သည် မန္တန်အစီအရင်အောက်ခြေနှင့် ကောင်းကင်နှင့်မြေကြီးတို့၏စွမ်းအားကိုသုံးကာ တပ်ဆင်အသုံးပြုရခြင်းဖြစ်သည်။ ၎င်းသည် အချိန်ကြာရှည် တည်ရှိနိုင်ပေသည်။

အနောက်ဆောင်တွင် ချုံးရှောင်သည် လက်ဖက်ရည်ခွက်ကိုကိုင်၍ တစ်ငုံသောက်လိုက်ပြီးနောက် အတန်ငယ် ခေါင်းခါလိုက်သည်။

သေမျိုးလောကရှိ လက်ဖက်ရည်သည် အရသာဆိုးဝါးပေသည်။ ချုံးရှောင်ပြောလိုက်၏။

“ အစ်ကိုကြီး... ပင်လယ်စောင့်နတ်မင်းက သူ့ရဲ့ကိုယ်ပွားပုံစံနဲ့ ပေါ်လာတယ်လို့ အစ်ကိုကြီးပြောဖူးတယ်မလား ”

“ သေချာကြည့်လိုက်ပါ ”

ကျောက်ကုန်းမင် မျက်တောင်ခတ်၍ ပြုံးလိုက်သည်။

“ အဲဒါက ကိုယ်ပွားဆိုပေမယ့် တော်တော်လေးပြောင်မြောက်တယ် ”

“ ဟင်း... အဲဒီလိုကိုယ်ပွားနဲ့တင် ပင်လယ်စောင့်နတ်မင်းက ရိုးရှင်းတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ ပေါ်လွင်နေပြီ။ သူက... ရန်ကျောင်းတော်က တာအိုရသေ့ချန်ကမ်းလား ”

ချုံးရှောင်သည် သူမ၏ခေါင်းကိုငုံ့၍ တွေးတောနေ၏။ သူမ အနည်းငယ် နိမိတ်ဖတ်ကြည့်လိုက်သည်။

သို့သော် သူမသည် ထိုက်ကျိပန်းချီကား၏ သတိပေးမှုတစ်ခုကိုသာ ရရှိသွားသည်။ ကျောက်ကုန်းမင်သည် ထရပ်၍ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူသည် လက်ဆန့်၍ အရှေ့ဆောင်မှ လာနေသော တာအိုရသေ့အိုကြီးကို ကြိုဆိုလိုက်သည်။

တစ်ဦးသည် ခံ့ညားကြံ့ခိုင်သော တာအိုရသေ့တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးသည် ဆံပင်ဖြူများနှင့် ကြင်နာတတ်ဟန်အဘိုကြီးတစ်ဦးဖြစ်သည်။

သူတို့နှစ်ဦးတွေ့ဆုံသောအခါ သူတို့သည် တစ်ဦးကိုတစ်ဦး ဦးညွှတ်၍ တာအိုအရိုအသေပေးလိုက်သည်။

“ ပင်လယ်စောင့်နတ်မင်း... အဆင်ပြေပါရဲ့လား ”

“ မိတ်ဆွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်အခုတလော အဆင်ပြေပါတယ်။ မိတ်ဆွေရော အဆင်ပြေပါရဲ့လား ”

“ ဟားဟားဟား... ”

ကျောက်ကုန်းမင် ခါးထောက်၍ ရယ်မောလိုက်သည်။

“ ကျုပ် ခင်ဗျားနဲ့ အရင်တစ်ခေါက်ကတွေ့ပြီးကတည်းက ကျုပ်တော်‌တော်လေး ပျော်နေတယ်။ တော်တော်လေး အဆင်ပြေတယ် ”

တာအိုရသေ့အိုကြီးသည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ မိတ်ဆွေ... မိတ်ဆွေက အရင်တစ်ခေါက်က ကျွန်တော်ပြောလိုက်တဲ့ နည်းကိုသုံးပြီး လူတွေကို လိုက်လှည့်ဖြားနေတာပါလား... ”

“ ‘လှည့်ဖြားတယ်’ ဆိုတဲ့စကားက တကယ့်ကိုပါးနပ်တာပဲ ”

ကျောက်ကုန်းမင်ပြုံး၍ တစ်ချက်ဝေ့ကြည့်လိုက်သည်။

“ အရင်တစ်ခေါက်တုန်းက ကျုပ် ခင်ဗျားရဲ့ လမ်းညွှန်မှုကို ရခဲ့တယ်။ ကျုပ် အပရကောဒိန်ညကျွန်းမှာ နည်းနည်းလောက် လှည့်ပတ်ပြီးတော့ အရင်ကတည်းက ကျုပ်မကျေနပ်တဲ့သူတွေကို သင်ခန်းစာသွားပေးခဲ့တယ်။ အဲဒီတော့ဘာဖြစ်တယ်ထင်လဲ ပင်လယ်စောင့်နတ်မင်း မှန်းကြည့်ပါဦး ”

တာအိုရသေ့အိုကြီးသည် ခါးသက်သက်ပြုံးလိုက်သည်

“ အဲ့လူတွေက ကိစ္စတွေကြီးအောင် မလုပ်ရဲတာများ ဖြစ်နေမလား ”

“ ဟားဟားဟား... ခင်ဗျားက ကျုပ်အကြောင်းကို သိပ်သိတာပဲ ”

“ မိတ်ဆွေ... မိတ်ဆွေအနေနဲ့ ဒီလိုမျိုး မကြာခဏလုပ်လို့မရဘူးလေ။ မိတ်ဆွေက မြစိမ်းနန်းတော်မှာနေခဲ့ဖူးတဲ့သူ၊ ပြီးတော့ အပြင်ဂိုဏ်းရဲ့တပည့်ကြီးပဲ... ”

တာအိုရသေ့အိုကြီး ခပ်သွက်သွက်ပြောလိုက်သည်။

“ တခြားသူတွေကို လှည့်ဖြားတဲ့ကိစ္စက မိတ်ဆွေကို ခဏတဖြုတ်လောက် စိတ်ပျော်စေနိုင်ပေမယ့် မိတ်ဆွေရဲ့ ဂုဏ်သတင်းကို အကြီးအကျယ်ထိခိုက်စေလိမ့်မယ် ”

ကျောက်ကုန်းမင် သက်ပြင်းချလိုက်ပြီး လက်ဝှေ့ယမ်းကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

“ ဂုဏ်သတင်းဆိုတာ နည်းမျိုးစုံသုံးပြီး တိုက်ခိုက်ပြီးတော့ ရလာတဲ့အရာပဲ။ ပြီးတော့ အဲဒီနည်းကိုသုံးရင် လှည့်ဖြားခံရတဲ့သူက ခင်ဗျားရေးထားတဲ့ တာအိုကျိန်စာကို ရွတ်ရတယ်မလား။ အဲဒီလိုကျိန်စာမျိုးကို ရွတ်ပြီးသွားရင် ဘယ်သူကများ အဲ့အကြောင်းကို ထုတ်ပြောရဲဦးမှာလဲ။ ဒါပေမဲ့ အခုတလော အဲ့နည်းက နည်းနည်းရိုးရှင်းတယ်လို့ ကျုပ်ခံစားနေရတာတစ်ခုပဲ... ပင်လယ်စောင့်နတ်မင်းဆီမှာ နည်းအသစ်လေးတွေများ ရှိဦးမလား... ”

“ အစ်ကိုကြီး... ”

ကျောက်ကုန်းမင်နောက်မှနေ၍ နူးညံ့သောအသံလေးတစ်ခု ထွက်လာသည်။

“ ညီမလေး အဲဒီတာအိုကျိန်စာကို ကြည့်လို့ရမလား ”

“ ရတာပေါ့ ”

ကျောက်ကုန်းမင်သည် နဂါးမျိုးနွယ်ကပြုလုပ်ထားသော ပိတ်စတစ်စကို သူ့အင်္ကျီလက်အတွင်းမှ ထုတ်လိုက်ပြီး နတ်တန်ခိုးကိုသုံးကာ ထရပ်နေပြီဖြစ်သော ချုံးရှောင်ဆီကို လှမ်းပေးလိုက်သည်။

ထို့နောက် ကျောက်ကုန်းမင်သည် တာအိုရသေ့အိုကြီးကို မိတ်ဆက်ပေးလိုက်သည်။

“ ပင်လယ်စောင့်နတ်မင်း ဒီကိုလာပြီး ကြည့်ပါဦး။ ဒါက ကျုပ်ရဲ့ သွေးသောက်ညီမလေးပါ။ သူက နတ်ဝိဇ္ဇာသုံးပါးကျွန်းပေါ်မှာ ကျင့်ကြံလေ့ရှိတယ်။ သူ့ရဲ့တာအိုနာမည်က ချုံးရှောင်တဲ့ ”

တာအိုရသေ့အိုကြီးသည် ကျောက်ကုန်းမင်ညွှန်ပြသည့်အတိုင်း ချုံးရှောင်ကိုကြည့်လိုက်သည်။

ထ၍ရပ်နေပြီဖြစ်သော ချုံးရှောင်သည် သူမ၏ ရုပ်သွင်ကိုဖုံးကွယ်ထားသော မှော်အတတ်ကို ဖယ်လိုက်ကာ သူမ၏ရုပ်သွင်အစစ်အမှန်ကို လှစ်ဟပြလိုက်သည်။

‘ သူက နာမည်ကြီး ရှောင်နတ်သမီးသုံးပါးထဲက တစ်ယောက်လား ’

သူမသည် တိမ်နှင့်အစိမ်းရောင်ပိုးချည်တို့ဖြင့် ရက်လုပ်ထားသည့် ကျောက်စိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထား၏။ သူမ၏သေးသွယ်သောခါးလေးတွင် ပေါ့ပါးသောခါးပတ်တစ်ခုကို ပတ်ထားပြီး ခြေထောက်တွင် အဖြူရောင်ဖိနပ်ရှည်ကို ဝတ်ဆင်ထားလေသည်။

သူမသည် လှပသည်ဟုဆိုနိုင်သလို ပိန်ပါးသွယ်လျသောခန္ဓာကိုယ်လည်း ရှိပေသည်။

လီချန်ရှို့သည် ရင်ထဲတွင် ချီးကျူးလိုက်ပြီး စက္ကူကိုယ်ပွားကို စကားပြောခိုင်းလိုက်လေသည်။

“ ကျွန်တော် အမှတ်သုံးနတ်သမီးရဲ့ ဂုဏ်သတင်းကို ကြားဖူးနေတာကြာပါပြီ။ ဒီနေ့ ကျွန်တော်တို့ တွေ့ခဲ့ရပြီဆိုတော့ ဒီကိုလာရတာ အကျိုးရှိသွားပြီပဲ ”

ချုံးရှောင်သည် နှုတ်ခမ်းစေ့၍ ပြုံးလိုက်သည်။ သူမသည် ရှက်ရွံ့နေဟန်ပေါ်လေသည်။ သို့သော် သူမက နူးညံ့စွာပြန်ဖြေလိုက်သည်။

“ ပင်လယ်စောင့်နတ်မင်းက မြှောက်လွန်းနေပါပြီ။ ပင်လယ်စောင့်နတ်မင်းရဲ့ တာအိုနာမည်က ဘယ်လိုခေါ်ပါသလဲ။ ကျမ အစ်ကိုကြီးဆီကကြားတာတော့ ပင်လယ်စောင့်နတ်မင်းရဲ့ တာအိုနာမည်က တာအိုရသေ့ချန်ကမ်းတဲ့။ အဲဒါက နာမည်တုပဲဖြစ်မှာပါ ဟုတ်တယ်မလား ”

‘ ဉာဏ်ကောင်းလိုက်တဲ့ နတ်သမီးလေး... ’

လီချန်ရှို့ နှလုံးခုန်မြန်သွားသည်။ သို့သော် သူတည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

“ ကျွန်တော့်ရဲ့ တာအိုနာမည်နဲ့ ရိုးရိုးနာမည်က ပညတ်တွေပါပဲ။ ကျွန်တော်က မိတ်ဆွေကျောက်နဲ့ မိတ်ဆွေဖွဲ့တယ်ဆိုတာ ဂုဏ်သတင်းတွေ၊ ကြွယ်ဝမှုတွေအတွက် မဟုတ်ပါဘူး။ ကျွန်တော်က ရေစက်ပါလို့ မိတ်ဆွေဖွဲ့ခဲ့တာပါ ”

ကျောက်ကုန်းမင်သည် ထိုစကားကြားလိုက်ရသောအခါ မျက်ဝန်းထဲတွင် ခံစားချက်များပြည့်နှက်သွားပြီး အော်ပြောလိုက်သည်။

“ ကောင်းတယ်... ဘယ်လောက်တောင်ကောင်းတဲ့ ရင်းနှီးမှုလဲ ”

လီချန်ရှို့သည် တစ်စုံတစ်ခုမူမမှန်ကြောင်း ခံစားလိုက်ရသည်။ ကျောက်ကုန်းမင်နှင့် ချုံးရှောင်တို့သည် အနာဂတ်တွင် ကျော်ကြားသောနတ်မင်းများဖြစ်လာမည့်သူများဖြစ်သည်။ ထို့ပြင် ကျောက်ကုန်းမင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူသည် နတ်ဘုရားဘွဲ့စစ်ပွဲကြီးတွင် အဆုံးသတ်ကောင်းမည် မဟုတ်ပေ။

ထို့ကြောင့် လီချန်ရှို့သည် ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်လေသည်။ စက္ကူကိုယ်ပွားတာအိုရသေ့အိုကြီးက ပြောလိုက်၏။

“ မိတ်ဆွေတို့ ဒီနေ့ ဘာလို့များ ဒီကိုလာခဲ့ရတာပါလဲ ”

“ အဲဒါက... ”

ကျောက်ကုန်းမင်သည် သူ၏မုတ်ဆိတ်ကိုသပ်လိုက်ပြီး ချုံးရှောင်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ချုံးရှောင် ရင်ထဲမှ သက်ပြင်းချလိုက်သည်။ သူမသည် သူမအစ်ကိုကြီး၏ညွှန်ကြားမှုကို မလိုက်နာခဲ့ဘဲ ပင်လယ်စောင့်နတ်မင်းကို မေးခွန်းများစတင်မေးလိုက်လေသည်။

“ ကျမတို့ဒီကိုလာတာ ပင်လယ်စောင့်နတ်မင်းကို မေးစရာရှိလို့ပါ။ ပင်လယ်စောင့်နတ်မင်းက ကျမရဲ့အစ်ကိုကြီး အနောက်ကျောင်းတော်ကို သွားပြီးပြဿနာရှာအောင် ဘာလို့ မြှောက်ပေးရတာလဲ ”

ကျောက်ကုန်းမင် ခပ်သွက်သွက် ဝင်ပြောလိုက်သည်။

“ ညီမသုံး... ညီမ ဘာတွေပြောနေတာလဲ ”

သို့သော် လီချန်ရှို့ မတုန်လှုပ်သွားပေ။ အဆိုးဆုံးအနေနှင့် သူသည် စက္ကူကိုယ်ပွားကို ဖောက်ခွဲလိုက်ရုံသာရှိလေသည်။ စက္ကူကိုယ်ပွားသည် ပြုံး၍ ပြောလိုက်သည်။

“ ကျွန်တော့်အနေဲ့ ‘မြှောက်ပေးတယ်’ ဆိုတဲ့စကားကို တာဝန်မခံဝံ့ပါဘူး။ မိတ်ဆွေကျောက်... မိတ်ဆွေ အနောက်ကျောင်းတော်ကတန်ခိုးရှင်ရဲ့ တတိယတပည့်ကို ရိုက်နှက်ပြီးတဲ့နောက် ဘာဆက်ဖြစ်လည်းဆိုတာ ကျွန်တော့်ကို အသေးစိတ်ပြောပြပေးပါ ”

ကျောက်ကုန်းမင် ခေါင်းညိတ်လိုက်၏။ သူသည် လီချန်ရှို့၏စကားများအတွင်းမှ ထောင်ချောက်ကို မရိပ်မိပေ။

ထိုအခိုက်တွင် ကျောက်ကုန်းမင်သည် သူပင်လယ်စောင့်နတ်မင်းနှင့် မည်သို့ဆွေးနွေးခဲ့သည်၊ ခါးကုန်းတာအိုရသေ့အိုကြီးကို သူမည်သို့ ဒဏ်ရာရစေခဲ့သည်တို့ကို အကုန်လုံး ပြောပြလိုက်လေသည်။

ထိုမတော်တဆမှုသည် လီချန်ရှို့၏စက္ကူကိုယ်ပွား ၎င်းကိုယ်၎င်းဖောက်ခွဲပစ်လိုက်ရမှာ အစပြုခဲ့ခြင်းပင်။ သို့သော် ကျောက်ကုန်းမင်၏ ပြောပြမှုသည် “ ကျောက်ကုန်းမင်ပြဿနာရှာသဖြင့် ပင်လယ်စောင့်နတ်မင်းက အကြံအစည်တစ်ခုထုတ်၍ ကျောက်ကုန်းမင်းကို ကူညီခဲ့သည် ”ဟူသော သဘောသက်ရောက်နေပေသည်။

ချုံး‌ရှောင် ရှက်သွား၏။ သူမသည် ပင်လယ်စောင့်နတ်မင်း၏စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးကို ဦးညွှတ်လိုက်၏။ တာအိုရသေးအိုကြီးသည်လည်း သူ၏မြင်းမြီးနှင်တံကို ယမ်း၍ ပြန်လည်ဦးညွှတ်လိုက်သည်။

ချုံးရှောင်သက်ပြင်းချလိုက်သည်။

“ ကျမ ပင်လယ်စောင့်နတ်မင်းကို အထင်လွဲမိသွားပါတယ်။ ကျမကို ခွင့်လွှတ်ပေးပါ ”

“ စိတ်မပူပါနဲ့ နတ်သမီးလေး... မိတ်ဆွေကျောက်နဲ့ ကျွန်တော်နဲ့က... ”

‘ မဟုတ်သေးပါဘူး... ငါတို့က ရေစက်ရှိတယ်လို့ ငါသေချာပေါက် ပြောလို့မရဘူး ’

‘ရေစက်’ဟူသော စကားလုံးသည် အာဒိကပ္ပလောကတွင် အဆိပ်ရှိသောစကားလုံးဖြစ်သည်။

လီချန်ရှို့သည် ချက်ချင်းပင် ပြုံးကာ သူ့စကားကိုသူ ပြန်ပြင်လိုက်၏။

“ မိတ်ဆွေကျောက်နဲ့ ကျွန်တော်နဲ့က မိတ်ဆွေတွေပဲ။ ကျွန်တော်တို့က ကျောင်းတော်သုံးကျောင်းက ချီကျင့်ကြံသူတွေပဲလေ... တစ်ဦးကိုတစ်ဦး ကူညီရမှာပေါ့ ”

သူ့ဘေးရှိ ကျောက်ကုန်းမင်သည် ရယ်မောလိုက်သည်။ သို့သော် ချုံးရှောင်သည် လေသံပြောင်းသွားပြီး သူမ၏အစ်ကိုကြီးအတွက် စတင်ကူပြောပေးလေတော့သည်။

“ တာအိုရသေ့ချန်ကမ်းရှင့်... ကျမရဲ့ အစ်ကိုကြီးက ဒီတစ်ခေါက် ဒီကိုလာခဲ့တာ တခြားနည်းလမ်းလေးတွေများ ရှိဦးမလားဆိုတာ သိချင်လို့ပါ ”

‘ သူက တခြားနည်းတောင် ‌တောင်းလိုက်သေးတယ်ပေါ့လေ... ’

“ နတ်သမီးလေးကပဲ မိတ်ဆွေကျောက်ကို ဖျောင်းဖျပေးပါလား ”

စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် ခါးသက်သက်ပြုံး၍ ဆက်ပြောလိုက်သည်။

“ ဒီနည်းလမ်းက ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး။ အဲ့နည်းက အရေးပေါ်အချိန်မှာ ကိုးရိုးကားရားအခြေအနေကို ကိုင်တွယ်ဖို့ သုံးရတာပါ ”

ချုံးရှောင်သည် မျက်တောင်ခတ်လိုက်ပြီး ကျောက်ကုန်းမင်ကို လှည့်ကြည့်လိုက်သည်။

“ အစ်ကိုကြီး... အစ်ကိုကြီး ညီမလေးကို အဲ့လှည်းဖြားနည်းကို ဘယ်လိုလုပ်လဲဆိုတာ ပုံဖော်ပြပါလား။ အစ်ကိုကြီး အကြမ်းဖျင်းရှင်းပြတာတော့ ညီမလေးကြားပြီးပါပြီ... ဒါပေမဲ့ ညီမလေး နားမလည်သေးဘူး ”

ကျောက်ကုန်းမင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အနောက်ဆောင်အလယ်သို့ လျှောက်သွားလိုက်ပြီး သစ်သားခုံတစ်ခုံကို သူ၏လက်ယာလက်ဖြင့် ပုတ်လိုက်သည်။ သစ်သားခုံသည် သစ်သားရုပ်တုတစ်ခုအဖြစ် ရုတ်ခြည်းပြောင်းလဲသွားပြီး သူ့ဘေးတွင် ရပ်လိုက်သည်။

ကျောက်ကုန်းမင်သည် ထိုသစ်သားရုပ်တုကို အသုံးပြု၍ အာဒိကပ္ပလောက၏ စံပြလှည့်ဖြားကွက်ကို သရုပ်ဖော်ပြလိုက်သည်။

ပထမဦးဆုံး သူသည် သစ်သားရုပ်တုကို ရိုက်နှက်ကာ သူ၏‌ဒေါသများကို ဖြေလိုက်၏။ ထို့နောက် သူသည် သနားစဖွယ်သရုပ်ဆောင်၍ သစ်သားရုပ်တုကို သူ၏ထောင်ချောက်အတွင်းသို့ မျှားခေါ်လေသည်။ သူတို့နှစ်ဦး ပြိုင်ဆိုင်နေချိန်တွင် သူသည် ပုံရိပ်ဖမ်းပုလဲလုံးကို တိတ်တဆိတ်အသုံးပြုနေကာ သစ်သားရုပ်တုကို ပြန်ခြိမ်းခြောက်လိုက်ပြီး တာအိုကျိန်စာရွတ်ဆိုစေလိုက်လေသည်။

လီချန်ရှို့သည် သူ့နဖူးသူ လက်တစ်ဖက်ဖြင့် ထိန်းထားလိုက်ရလေသည်။ သူအောက်ပါအတိုင်း အမှန်ပင်မေးလိုနေ၏။

“ ဆရာ... ဘာလို့အဲ့လောက် ကျွမ်းကျင်နေရတာပါလဲ ”

ချုံးရှောင်သည် သူမ၏ပါးစပ်ကိုအုပ်၍ အတောမသတ်ရယ်မောလေတော့သည်။ သူမ၏ဆံထိုးလေးသည်ပင် အနည်းငယ်စောင်းသွားလေသည်။ လီချန်ရှို့ ရင်ထဲမှ သက်ပြင်းချလိုက်ရသည်။ နတ်ဝိဇ္ဇာသုံးပါးကျွန်းမှ လူများသည် ထိုမျှပျော်တတ်သည်ကို သူမသိခဲ့ပေ။ ထို့ပြင် သူတို့သည် ရူးကြောင်ကြောင်နိုင်ပေသည်။

ကျောက်ကုန်းမင်သည် သူ၏သရုပ်ဖော်ပြမှုကို အလွန်လျင်မြန်စွာ အဆုံးသတ်လိုက်ပြီး စက္ကူကိုယ်ပွားတာအိုရသေ့အိုကြီးကို ကြည့်လိုက်သည်။ သူ၏ဝင့်ကြွားနေသော မျက်နှာပေါ်တွင် ဂုဏ်ယူနေသောအရိပ်အယောင်တစ်ခု ရှိလေသည်။

လီချန်ရှို့သည် အောက်ပါအတိုင်းသာ ပြောနိုင်လေတော့သည်။

“ မိတ်ဆွေကျောက်က... တကယ့်ကို အရည်အချင်းရှိတာပဲ ”

“ မြှောက်ပင့်လွန်းနေပါပြီ... ကျုပ်ကိုသင်ပေးခဲ့တာ ပင်လယ်စောင့်နတ်မင်းပဲလေ... ”

‘ ကျွန်တော်မသင်ပေးပါဘူး.. ဘယ်တုန်းက သင်ပေးခဲ့လို့လဲ။ ကျွန်တော့်အပေါ် အပြစ်ပုံမချပါနဲ့။ ဆရာကျောက် လျှောက်သွားပြီး သူများတွေကို လှည့်ဖြားဖို့ ကျွန်တော် ဘယ်တုန်းက သင်ပေးခဲ့ဖူးလို့လဲ ’

လီချန်ရှို့တစ်ယောက် ရင်ထဲတွင် ရေရွတ်လိုက်သည်။ သို့သော် သူသည် စက္ကူကိုယ်ပွားကို ပြုံးခိုင်းကာ ချုံးရှောင်ကို ပြောစေလိုက်သည်။

“ နတ်သမီး... ဒီနည်းလမ်းကို မဆင်မခြင်သုံးသင့်တယ်လို့ နတ်သမီးထင်ပါသလား။ ရေရှည်ဆိုရင် မိတ်ဆွေကျောက်ရဲ့ ဂုဏ်သတင်းက... ”

“ ကျမထင်တာတော့... ”

ချုံးရှောင်သည် သူမ၏မေးစေ့ကိုပွတ်ကာ ခေတ္တမျှတွေးတောနေလေသည်။ သူမသည် စက္ကူကိုယ်ပွားတာအိုရသေ့အိုကြီးကို ကြည့်ကာ ပြုံး၍ပြောလိုက်သည်။

“ ပင်လယ်စောင့်နတ်မင်း... ပင်လယ်စောင့်နတ်မင်းက‌ တော်တော်လေး တော်တဲ့သူပဲ။ ပင်လယ်စောင့်နတ်မင်းက ဒီလိုမျိုးပြောင်မြောက်တဲ့ နည်းလမ်းမျိုးကို စဉ်းစားနိုင်တယ် ”

‘ အမ်... ’

လီချန်ရှို့ အတန်ငယ် မိုက်ခနဲဖြစ်သွားသည်။

ချုံးရှောင်သည် ထရပ်ကာ ကျောက်ကုန်းမင်၏ဘေးသို့ လျှောက်သွားနေပေပြီ။ သူမသည် ခေတ္တမျှတွေးတောပြီးနောက် ပြောလိုက်သည်။

“ အစ်ကိုကြီး... ထပ်လုပ်ကြည့်ပါဦး.. သွေးအန်ကြည့်လိုက် ”

“ ကောင်းပြီ ”

ကျောက်ကုန်းမင်သည် ဝမ်းသာအားရပြန်ဖြေလိုက်သည်။ သူသည် သူ၏ရင်ဘတ်ကိုဖျစ်၍ ‌နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူသည် ပါးစပ်ဟကာ သွေးများအန်ထုတ်လိုက်သည်။

“ ခင်ဗျားက တော်တော်ရက်စက်တာပဲ။ ကျုပ်ရဲ့ဒီဒဏ်ရာက နှစ်တစ်သောင်းလောက်ကြာရင်တောင် ပျောက်ချင်မှပျောက်တော့မှာ ”

လီချန်ရှို့ ဆွံ့အနေသည်။ ချုံးရှောင်သည် အူမြူးစွာ ရယ်လိုက်သည်။

“ အစ်ကိုကြီး... ဒီနေရာမှာ အစ်ကိုကြီးသရုပ်ဆောင်တာက နည်းနည်းအပိုအစာတွေများနေတယ်။ ဟားဟားဟား... ဒါပေမဲ့ တစ်ယောက်ယောက်ကသာ‌ ဘေးကနေကူညီသရုပ်ဆောင်ပေးမယ်ဆိုရင် အဆင်ပြေလောက်မှာပဲ။ အစ်ကိုကြီး သွေးထပ်အန်လိုက်ပါဦး။ ညီမလေး ဘေးကနေ ကြိုးစားသရုပ်ဆောင်ကြည့်မယ် ”

ကျောက်ကုန်းမင် ထပ်မံသွေးအန်လိုက်သည်။ သူသည် နောက်သို့ဆုတ်သွားပြီး ပင်လယ်တည်ငြိမ်ပုလဲလုံးကို သိမ်းလိုက်သည်။

“ အစ်ကိုကြီး.... ”

ဘေးမှနေ၍ နူးညံ့သောအသံလေးတစ်ခု ထွက်ပေါ်လာသည်။ နတ်သမီးချုံးရှောင်သည် ခန်းမအတွင်းသို့ အပြေးဝင်လာပြီး ကျောက်ကုန်းမင်ကို အလျင်အမြန် ထူပေးလိုက်သည်။

“ အစ်ကိုကြီး ဘာဖြစ်တာလဲ ”

ထိုမောင်နှမနှစ်ဦးသည် တစ်ဦးကိုတစ်ဦး နားလည်ပုံရလေသည်။ ကျောက်ကုန်းမင်သည် သစ်သားရုပ်တုကို ညွှန်ပြကာ ပြောလိုက်သည်။

“ သူ...သူ...ဝေါ့... ”

“ ရက်စက်လိုက်တဲ့သူပဲ ”

ချုံးရှောင်သည် သစ်သားရုပ်တုကို ချက်ချင်းပင် ကြိမ်းမောင်းလိုက်သည်။ သူမသည် အတန်ငယ်ဒေါသထွက်နေဟန်ရှိပြီး သူမ၏‌နောက်ကျောမှနေ၍ ကျန့်ဝက်ခန့်ရှည်သည့် ကပ်ကြေးတစ်စုံကို ယူလိုက်သည်။ သူမသည် သစ်သားရုပ်တုကို စူးစူးဝါးဝါးငေးကြည့်လိုက်သည်။

“ ရှင်ပြော... ဒီကိစ္စကို သိုသိုသိပ်သိပ်ရှင်းချင်လား... လူသိရှင်ကြားရှင်းချင်လား ”

ကျောက်ကုန်းမင် မှင်တက်သွား၏။ သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ပျော်ရွှင်စွာပြောလိုက်သည်။

“ ကျုပ်ရဲ့ တာအိုက ဘာလို့အဆင့်ဆက်မတက်ဘဲ တစ်ဆို့နေရတာလဲလို့ တွေးနေတာ... ကျုပ် အဆင့်တက်နိုင်မယ့်နည်းလမ်းကို ရှာနေတာ... ဒါကြောင့်ကိုး... ဘေးက ကူပြီးသရုပ်ဆောင်ပေးမယ့်သူလိုနေတာပဲ။ ဟားဟား... ဒီနည်းလမ်းလည်း အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ ပင်လယ်စောင့်နတ်မင်း..ပင်လယ်စောင့်နတ်မင်း ဘာဖြစ်တာလဲ ”

“ အာ... ဘာမှမဖြစ်ပါဘူး ”

စက္ကူကိုယ်ပွားတာအိုရသေ့အိုကြီးသည် မျက်စိစွေကြည့်၍ ပြုံးလိုက်သည်။ သူထရပ်လိုက်ပြီး ရိုရိုကျိုးကျိုးပြောလိုက်သည်။

“ မိတ်ဆွေကျောက်... ‌နောက်ကျရင် ဒီနည်းလမ်းကို ကျွန်တော်ဖန်တီးခဲ့တာလို့ မပြောပါနဲ့တော့။ မိတ်ဆွေကျောက်တို့က အဲ့နည်းလမ်းကို အဆင့်မြှင့်ခဲ့တာဆိုတော့ ဒီတာအိုရဲ့ ဖန်တီးရှင်အစစ်အမှန်က ဆရာကျောက်တို့ပါပဲ ”

“ အဲဒါ မသင့်တော်ပါဘူး ”

စက္ကူကိုယ်ပွားတာအိုရသေ့အိုကြီးသည် ခပ်သွက်သွက် ဦးညွှတ်၍ ပြန်ပြောလိုက်သည်။

“ မိတ်ဆွေကျောက်... အဲဒီလိုပဲလုပ်လိုက်ပါ ”

ချုံးရှောင်သည် ဘေးမှနေ၍ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ သူမ၏မျက်နှာပေါ်တွင် မရိုးသားသောအပြုံးတစ်ခုရှိနေလေသည်။ သို့သော် သူမသည် ကောင်းကင်ပေါ်မော့ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို တွေးတောနေပုံပေါ်လေသည်။

ကျောက်ကုန်းမင်နှင့် ချုံးရှောင်တို့ကို ပြန်သွားသောအခါ စက္ကူကိုယ်ပွားထံတွင် နတ်သမီးချုံးရှောင်စိမ်ထားသည့် နတ်အရက်နှစ်အိုးနှင့် ကျောက်ကုန်းမင်ချန်ခဲ့သော ရတနာများကျန်ခဲ့လေသည်။ သူသည် သက်ပြင်းသာချနေရလေသည်။

‘ ငါ့ဘဝက ခက်ခဲလိုက်တာ ’

သို့သော် ကျောက်ကုန်းမင်နှင့် ချုံးရှောင်တို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းမှ ထွက်ခွာလာကာ လီ(၁၀၀)ကျော်ပျံသန်းပြီးနောက် ကောင်းကင်ဘုံမှနေ၍ မြေပေါ်သို့ဆင်းသက်လာသော နတ်ဝိဇ္ဇာတစ်ယောက်ကို တွေ့လိုက်လေသည်။

ချုံးရှောင်သည် မျက်တောင်ခတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

“ အဲဒါက ကောင်းကင်ဘုံခုံရုံးက စစ်သူကြီးတုံမုမလား။ သူက ဘာလို့ ဒီကိုရောက်နေရတာလဲ ”

သို့သော် ကျောက်ကုန်းမင်သည် အရေးမစိုက်ဘဲ ပြုံး၍ ပြောလိုက်သည်။

“ ညီမသုံး... အစ်ကို့ကိုပြောပါဦး.. အစ်ကိုတို့ ဒီနည်းလမ်းအသစ်ကို ဘယ်သူနဲ့စမ်းသပ်ကြည့်ရင်ကောင်းမလဲ ”

“ အာ... အစ်ကိုကြီး ညီမတို့ဘာလို့... ”

ချုံးရှောင်သည် သူ့ထံသို့ အသံပို့လွှတ်လိုက်သည်။ ကျောက်ကုန်းမင်သည် အတန်ငယ် ချီတုံချတုံဖြစ်နေသည်။

“ အဲဒါ သင့်တော်ပါ့မလား။ အစ်ကိုတို့ကြားမှာ ဘာရန်ငြိုးမှ ရှိတာမှမဟုတ်တာ ”

“ ညီမတို့ သူ့ကိုထိခိုက်အောင်မလုပ်ပါဘူး။ သွားစို့ အစ်ကိုကြီး... ”

“ အဲဒါက... ကောင်းပြီလေ ”

ကျောက်ကုန်းမင်သည် သူ၏မုတ်ဆိတ်ကိုသပ်၍ ပြုံးလိုက်သည်။ ထို့နောက် သူသည် ချုံးရှောင်နှင့်အတူ မည်သည့်ကိစ္စအား တွေ့ကြုံရမည်ကို မသိသေးသော စစ်သူကြီးနောက်သို့ လျှို့လျှို့ဝှက်ဝှက် လိုက်သွားလေတော့သည်။

All Chapters