လမ်းမရှည်
Vol. 147 Ch. 2031
လေနှင့်နှင်းတို့မှာ အမျိုးသမီးတစ်ယောက်၏ ငိုငြီးသံအလား။ သည်ရှည်လျားသော လမ်းမှာ နက်မှောင်နေပြီး ပုန်းကွယ်နေသည့် တုန်လှုပ်ဖွယ်သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ရှိနေပေသည်။
ဝမ်လင်းနှင့် အင်ပါယာအတုဟိုင်းဇီတို့က ရပ်တန့်လိုက်၏။ သူ့ရှေ့ရှိ နှင်းတို့က ပိုမြန်ဆန်စွာပင် ကျဆင်းလာသည်။ နှင်းပွင့်ကိုးထောင့်ကိုးရာက ဝမ်လင်းရှေ့တွင် တချို့အားကြောင့် စုဝေးလာဟန် ထင်ရကာ စတုရန်းပုံစံကွက်တစ်ခု ဖြစ်ပေါ်သည်။
ထိုစတုရန်းပုံစံကွက် ဖြစ်ပေါ်လာသည့်အခါ၌ ၎င်းက ဝမ်လင်းနှင့် ဟိုင်းဇီတို့ထံ ပျံသန်းလာ၏။ ပိုမိုများပြားသော နှင်းများ စုဝေးလာကာ ၎င်း၏အရွယ်အစားသည် မျက်စိတမှိတ်အတွင်း ပေထောင်ချီထိ ချဲ့ကားသွားသည်။
တချိန်တည်းမှာ တြိဂံပုံစံကွက်တစ်ခုက ဝမ်လင်းနှင့် ဟိုင်းဇီတို့နောက်၌ ဖြစ်ပေါ်လာ၏။ ၎င်းထံတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပြည့်နှက်နေပြီး ၎င်းသည် နှင်းပွင့်များစွာကို စုပ်ယူပြီးသည့်နောက် ရှေ့သို့ တိုးလာ၏။
သည်အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လှချေ၏။
“နင် နောက်ဘက်ကို ကြည့်၊ ငါ ရှေ့ကို ကြည့်မယ်…” ဝမ်လင်းက စိတ်ထဲ၌ အန္တရာယ်ကို ခံစားမိ၏။ သူသည် အင်ပါယာအတုဟိုင်းဇီကိုမူ သံသယ မရှိပေ။ အခုအခြေအနေက ဟိုင်းဇီနှင့် ဆက်နွှယ်နေသည်ဟု ထင်ရသော်လည်း ဝမ်လင်းက သူ့ အလိုလိုသိစိတ်ကို ပို၍ ယုံကြည်ပေ၏။
ဝမ်လင်းက ထိုသို့ ပြောပြီးနောက် သူသည် ရှေ့တည့်တည့်ရှိ စတုရန်းပုံစံကွက်ထံ ဦးတည်ဝင်သွား၏။
အင်ပါယာအတုဟိုင်းဇီ၏ အမူအရာက သုန်မှုန်နေ၏။ သူမ၏လှပသော မျက်နှာထက်တွင် ဒေါသနှင့် ပြည့်နေ၏။ သူမက သူမ ဝမ်လင်းကို အင်ပါယာတောင်သို့ ဖိတ်ခေါ်ခြင်းကို အသုံးပြုကာ တစုံတစ်ယောက်က ဝမ်လင်းကို သတ်ဖို့ ကြိုးစားနေသည့်အပေါ် ဒေါသထွက်နေခြင်းပင်။
တခြားတဖက်ကသာ အောင်မြင်သွားပါက ဒီကိစ္စသည် ကောင်းကင်ဘုံကလန်တစ်ခုလုံးကို လှုပ်ခတ်သွားပေလိမ့်မည်။ သူမ၏ဆရာဖြစ်သူပင် ဒီကိစ္စ၌ ပါဝင်နေသည်ဟု ထင်မြင်ခံရလိမ့်မည်ပင်။
သူမက အခုအခါ၌ ရှင်းပြနေရမည့် အချိန်မဟုတ်မှန်း သိ၏။ သူမက ဝမ်လင်း၏ ယုံကြည်သောစကားကို ကြားသည့်အခါ၌ စိတ်ထဲကနေ နွေးထွေးမှုကို ခံစားမိသည်။ သို့သော် သူမ၏မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ ယင်းသတ်ဖြတ်လိုစိတ်က ဒီထောင်ချောက်ကို ချခင်းသူထံသို့ တိုက်ရိုက်ဖြစ်ပေါ်ခြင်းတည်း။
တုံ့နှေးမနေဘဲ ဟိုင်းဇီက တဖက်သို့ လှည့်ကာ ဝမ်လင်းနှင့် ကျောချင်းဆိုင်လိုက်၏။ ထို့နောက်တွင် သူမက တြိဂံပုံစံကွက်ထံ ဦးတည်သွားသည်။
ဝမ်လင်းကတော့ သူ့ရှေ့ရှိ စတုရန်းပုံစံကွက်ထံ ခြေသုံးလှမ်းလှမ်း၏။ သည်အခိုက်တွင် သူ့ပတ်လည်၌ ကောင်းကင်ဘုံနွားထီးအမှတ်အသားက ပေါ်လာ၏။ သည်လို အခြေအနေကို ရင်ဆိုင်ရသည့်အခါ ဝမ်လင်းသည် တုံ့ဆိုင်းမနေဘဲ သူ့စွမ်းအားပြည့်ကို အသုံးပြုလာခဲ့လေပြီ။
လက်သီးတစ်ဖက်ဖြင့် ပုံရိပ်ကိုးဆယ့်ရှစ်ခု ပေါ်လာ၏။ ၎င်းက သည်ရှည်လျားသောလမ်းပေါ်တွင် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုတည်း။ ထိုပုံရိပ်ကိုးဆယ့်ရှစ်ခုက လက်သီးချက်များကို ပစ်သွင်း၏။ ဝမ်လင်း၏ လက်သီးချက်ဖြင့်ပါ ထည့်ပေါင်းပါက ယင်းသည် မန္တာန်ကိုးဆယ့်ကိုးခု အတူတကွ ပေါင်းစည်းထားခြင်းနှင့် တူနေပေသည်။
ထိုလက်သီးချက်တွင် မန္တာန်နှစ်ဆယ့်သုံးခု ပါဝင်ပေ၏။ မန္တာန်နှစ်ဆယ့်သုံးခု ဖြင့်ဆို မန္တာန်ကိုးဆယ့်ကိုးခုကို အပြည့်အဝ အသုံးပြုနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တချို့စွမ်းအားများ ကင်းမဲ့နေသေး၏။
သို့သော် ဝမ်လင်းက သုံးကြိမ် တုန့်ရပ်လိုက်ခြင်းပင်။ ပထမတကြိမ် ခြေလှမ်းကို ရပ်ပြီးနောက် သူ၏ ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်က သူ၏ခန္ဓာကိုယ်နှင့် ထပ်သွားကာ သူ့လက်သီးချက်ရှိ မန္တာန်အရေအတွက်က နှစ်ဆယ့်သုံးခုကနေ နှစ်ဆဖြစ်ကာ လေးဆယ့်ခြောက်ခုသို့ ရောက်ရှိ၏။
ဒုတိယအကြိမ် ရပ်တန့်မှုတွင်မူ သူ့လက်သီးချက်အတွင်းရှိ မန္တာန်အရေအတွက်က ခြောက်ဆယ့်ကိုးခုထိ တိုးလာသည်။
သူက စတုရန်းပုံစံကွက်နှင့် ထိပ်တိုက်တွေ့သည့်အခါ သူ၏လက်သီးချက်က ထပ်မံရပ်ကာ ဒီတတိယကြိမ်မြောက် ရပ်တန့်မှုတွင် မန္တာန်အရေအတွက်သည် သူ လေဟာနယ်ဟင်းလင်းပြင်အတွင်းရှိ ကိုယ်ပွား စွမ်းအားကို အသုံးမပြုခင် မန္တာန်ကိုးဆယ့်နှစ်ခု အကန့်အသတ်သို့ ရောက်လာတော့သည်။
စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့်ဆို ထိုလက်သီးချက်ကိုးဆယ့်ကိုးချက်နှင့်အတူ ယင်းလက်သီးချက်တိုင်းရှိ မန္တာန်ကိုးဆယ့်နှစ်ခုသည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းကာ စတုရန်းပုံစံကွက်နှင့် ထိပ်တိုက်တွေ့လေသည်။
ကျယ်လောင်စွာ မြည်ဟိန်းသံတို့ တဝုန်းဝုန်း ဖြစ်ပေါ်၏။ လောကသည် အရောင်များ ပြောင်းလဲကုန်သည်။ ဝမ်လင်း၏ ပေတစ်ထောင်အတွင်းရှိ နှင်းများအားလုံးက တစစီလွင့်ကြဲကုန်ကာ သည်ဧရိယာမှာ တွင်းနက်တစ်ခု ဖြစ်သွားလေသည့်အလား။
ထိုစတုရန်းပုံစံကွက်သည် တုန်ယင်သွားပြီး ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ၎င်းကို ဝမ်လင်း၏လက်သီးချက်က ဖျက်စီးပစ်လိုက်ခြင်းပင်။
၎င်းသည် ပျက်စီးသွားသော်လည်း အတွင်း၌ ထူးခြားသောအားတစ်ခု ရှိနေ၏။ ဝမ်လင်း၏လက်သီးချက်က စတုရန်းပုံစံကွက်နှင့် ထိမိချိန်၌ ထိုအားက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး သူ့အား ရုတ်တရက် ရပ်တန့်သွားစေသည်။
ထိုအားက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး သိသာသောပိုက်ကွန်တစ်ခုကို ဖွဲ့စည်းဖြစ်ပေါ်သည်။ ယင်းပိုက်ကွန်က ဝမ်လင်း၏ သွေးကြောများနှင့်သွေးများအတွင်း၌ ရှိနေသည်ဟု ထင်ရပြီး သူ၏ခန္ဓာကိုယ်တွင်း၌ ချိပ်ပိတ်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။
ဝမ်လင်းသည် ထိုဆန်းပြားသောအားကို မည်သည်မှန်း မသိပေ။ သို့သော် သူက ယင်းစွမ်းအားသည် ဗလာနယ်စွမ်းအားဟု ဝိုးတဝါး ခံစားမိ၏။ တည်ရှိမှု ရှိနေခြင်းကြောင့် ၎င်းမှာ တဖန် ဆုံးရှုံးကင်းမဲ့မှု ဖြစ်လာနိုင်၏။
သည်ဗလာနယ်စွမ်းအားကို ဝမ်လင်းသည် အင်ပါယာဆရာသခင်ရှန်းရွှမ်တောက်ထံ၌သာ မြင်ဖူးသည်။
ထိုချိပ်ပိတ်မှုက ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ပေါ်လာသည့်အခါ၊ သူ ရပ်တန့်သွားသည့်အခါ၌ သူ့ရှေ့ရှိ နှင်းများကြား ပုံရိပ်သုံးခု ပေါ်လာသည်။ ထိုပုံရိပ်သုံးခုကို နှင်းနှင့်လေတို့ကို ခြုံလွှမ်းထား၏။ သူတို့၏ပုံပန်းသွင်ပြင်ကိုမူ မမြင်ရပေ။ သူတို့သည် ပုံရိပ်ယောင်များအလား။ ထိုသုံးယောက်က ချိပ်ဟန်များကို ဖြစ်ပေါ်စေကာ လေနှင့်နှင်းတို့ကို သူတို့၏ညာလက်ဝါးများထံ၌ သိပ်သည်းစေပြီးနောက် ဝမ်လင်းထံ သူတို့ တရှိန်ထိုး တိုးဝင်လာကြ၏။
တချိန်တည်းမှာ လူသုံးယောက်သည် ဝမ်လင်း၏ဘယ်ဘက်ခြမ်း၊ နောက်ထပ်သုံးယောက်က ဝမ်လင်း၏ ညာဘက်ခြမ်းတွင် ပေါ်လာ၏။ သူတို့ကိုလည်း လေနှင့်နှင်းတို့က ဖုံးလွှမ်းထား၏။ ညာဘက်ခြမ်းရှိ သုံးယောက်က သူတို့၏ ညာလက်မများ၊ ဘယ်ဘက်ခြမ်းရှိ သုံးယောက်က သူတို့၏ ဘယ်လက်သန်းများကို ဆန့်ထုတ်ကာ ဝမ်လင်းကို လက်ညွှန်ကြသည်။
နောက်ထပ်ပုံရိပ်သုံးခုမှာလည်း ဝမ်လင်း၏နောက်တွင် ပေါ်လာ၏။ သူတို့၏အပြုအမူက ရှေ့မှ သုံးယောက်နှင့် ဆန့်ကျင်ဘက်ပင်။ သူတို့၏လက်များကို ဖြန့်ကာ ဝမ်လင်းထံ ရိုက်ချလာ၏။
ဝမ်လင်း၏အထက်တွင် လူသုံးယောက် ထပ်မံ ပေါ်လာသည်။ ထိုသုံးယောက်က လက်ဝါးအသွင် သို့မဟုတ် လက်ညွှန်မှု မပြုကြပေ။ သူတို့က ငွေရောင်ဓားသုံးလက်ဖြင့် ဝမ်လင်းထံ ထိုးစိုက်လာသည်။
အရှေ့၊အနောက်၊ဘယ်၊ညာ။ စုစုပေါင်း လူဆယ့်ငါးယောက်သည် ဝမ်လင်းကို သတ်ဖို့ တချိန်တည်း ပေါ်လာကြ၏။
ထိုဆယ့်ငါးယောက်လုံးသည် အင်ပါယာအတုကျင့်ကြံခြင်းအဆင့် ရှိကြ၏။ သူတို့က ဝမ်လင်း ချိပ်ပိတ်ခံရချိန်၌ တိုက်ခိုက်လာခြင်းပင်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက မာန်သွင်းလိုက်၏။ သူသည် စိတ်ဝိညာဉ်ချပ်ဝတ်၏ စွမ်းအားပြည့်ကို အသုံးပြုဖို့ တုံ့နှေးမနေပေ။ ရှေးတောက်စွမ်းအားကလည်း သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်လာကာ သူ၏ခန္ဓာကိုယ်ကို အလွန်အမင်း သန်မာစေသည်။ သူ့ညာခြေကို မြေပြင်ထက်သို့ စောင့်ချလိုက်၏။
ကျယ်လောင်စွာ မြည်ဟိန်းသံ ပေါက်ကွဲထွက်လေသည်။ ဝမ်လင်းသည် ထိုအားကို ယူ၍ အံ့မခန်းအမြန်နှုန်းဖြင့် ရွှေ့လျား၏။ သူက ရှေ့သို့ ဦးတည်ခြင်း မဟုတ်၊ နောက်သို့ ဆုတ်လိုက်ခြင်းပင်။ သူ၏နောက်ကျောသည် လူသုံးယောက်၏ မြှောက်ပင်လိုက်သောလက်များနှင့် ဝုန်းခနဲ ထိပ်တိုက်တွေ့သည်။
ဝုန်း…ဝုန်း…ဝုန်း…။
ဝမ်လင်း၏နောက်မှ သုံးယောက်သည် သွေးအန်ထွက်သွားသည်။ သူတို့သည် ဝမ်လင်း၏အစွမ်းထက်ခန္ဓာကိုယ်ကြောင့် ဒဏ်သင့်သွားခြင်းပင်။ သူတို့၏မျက်နှာကို ဖုံးကွယ်ထားသော ပဝါစက လွင့်ထွက်သွားကာ သူတို့၏ရုပ်သွင်များ ပေါ်သွားသည်။
သူတို့သည် အဘိုးအိုသုံးယောက်ပင်။ ဝမ်လင်းက ထိုသူတို့ကို အရင်က လုံးဝ မမြင်ဖူးခဲ့ပေ။
ထိုသုံးယောက်က အလန့်တကြား နောက်ဆုတ်၏။ သူတို့ နောက်ဆုတ်နေစဉ် ဝမ်လင်းကလည်း သူတို့သုံးယောက်ကို ကျော်ကာ နောက်ဆုတ်သည်။ ဝမ်လင်းက နောက်ဆုတ်လိုက်ရင်း သူ့လက်ကို ဆန့်ထုတ်၍ ထိုအဘိုးအိုသုံးယောက်ထဲမှ နှစ်ယောက်၏ ဦးခေါင်းကို ကြမ်းတမ်းစွာ ဖမ်းဆုပ်၏။ သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ပေါ်လာပြီး သူက ညှစ်ချေလိုက်သည်။
ချက်ခြင်းပင် အသွေးအသားများ ပြန့်ကြဲသွား၏။ ထိုနှစ်ယောက်က ဝမ်လင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။ သူက သူတို့၏မူလစိတ်ဝိညာဉ်များကိုလည်း သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူပစ်လိုက်၏။ နောက်ဆုံးတစ်ယောက်ကမူ ဝမ်လင်း၏ခန္ဓာကိုယ်နှင့် ထပ်မံဆောင့်မိကာ ထိုသူ၏ခန္ဓာကိုယ်သည် တစစီ ဖြစ်သွားလေ၏။
ဆယ့်ငါးယောက်တွင် သုံးယောက်သည် ချက်ခြင်း အသက်ခံလိုက်ရလေပြီ။ သို့သော် ကျန်သည့်ဆယ့်နှစ်ယောက်က မရပ်တန့်သွားပေ။ သူတို့က ဝမ်လင်းထံ မြန်ဆန်စွာ တိုးတင်လာကာ ဖြတ်ခနဲအတွင်း သူ့အနီးအနားသို့ ရောက်လာ၏။ ရှေ့မှ သုံးယောက်က ထိုသို့သော အမြန်နှုန်းကို မြှင့်တင်ဖို့အတွက် သွေးအန်လိုက်ရ၏။ ချက်ခြင်းပင် သူတို့က ငါးပေအတွင်းသို့ ရောက်လာသည်။
ဝမ်လင်းက သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်သည်။ သူက လက်တဖက်ကို အသုံးပြု၍ သူတို့၏ လက်ဝါးချက်များကို ပိတ်ဆို့သည်။
ထိုသုံးယောက်လုံး တုန်ယင်သွားကာ လေက သူတို့၏မျက်နှာများကို လှစ်ဟပေါ်သွားစေသည်။ ဝမ်လင်း၏ ဘယ်နှင့်ညာမှ ကျန်သည့်ခြောက်ယောက်ကလည်း ဝမ်လင်း၏ခန္ဓာကိုယ်ထံ လက်ညွှန်လာကြသည်။
လက်ခြောက်ချောင်းက ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။ သူ၏မျက်နှာက ချက်ခြင်း ဖြူရောသွားသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ အတားအဆီးချိပ်ပိတ်မှုက အားကောင်းလာကာ သူ့ကျင့်ကြံမှုအဆင့်ကို အတော်လေး အားနည်းသွားစေ၏။ တချိန်တည်းမှာ အပေါ်မှ ဓားသုံးလက်က ဝမ်လင်းထံ တိုးဝင်လာကြသည်။ ဝမ်လင်းက မာန်သွင်းကာ သူ့ဘယ်လက်သီးချက်ကို ထိုဓားသုံးလက်ထံ ပစ်သွင်းသည်။ ဓားနှစ်လက်က ပျက်စီးသွား၏။ ထိုဓားပိုင်ရှင်များ၏ ခန္ဓာကိုယ်တို့မှာလည်း တစစီ ဖြစ်သွားလေသည်။ သို့သော် ကျန်တစ်ယောက်ကမူ အနားရောက်လာကာ ဝမ်လင်း၏နှဖူးနှင့် သုံးလက်မအကွာထိ ဓားကို ထိုးစိုက်လာသည်။
ဝမ်လင်း၏ခန္ဓာကိုယ်တွင် နာကျင်မှုတို့ ပြည့်လာ၏။ သွေးများက သူ့မျက်လုံးထဲမှ စီးကျသည်။ ဤသည်က သူ့ရှေ့ရှိ လောကကို သွေးရောင်ပြောင်းသွားစေသည်။
သူ၏မျက်လုံးထဲရှိ တည်ငြိမ်မှုကိုတော့ ထိုသွေးက တားဆီးပိတ်ထား၏။ ထို့ကြောင့် အပြင်လူများသည် သူ၏တည်ငြိမ်မှုကို မမြင်ရနိုင်တော့ပေ။ တုံ့နှေးမနေဘဲ ဝမ်လင်းက မာန်သွင်းကာ သည်လမ်း၏အဆုံးသပ်ထံ ဒီလူဆယ့်နှစ်ယောက်ကို ဆွဲခေါ်ချသွားသည်။
လေနှင့်နှင်းတို့က ပို၍ပင် ပြင်းထန်လာလေသည်။
ထိုအခိုက်တွင် ဝမ်လင်း၏အောက်ဘက် မြေပြင်ထံမှ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်လာကာ အရိပ်သုံးခုသည် မြေအောက်မှ ထိုးထွက်လာ၏။ ယင်းပုံရိပ်သုံးခုလုံးသည် နက်မှောင်နေကာ နှင်းများကြားမှ ထိုးထွက်လာသလား ထင်ရ၏။ ထိုသုံးယောက်သည် ချိပ်ဟန်များ ပြုလုပ်ကာ သူတို့၏ခန္ဓာကိုယ်များထံ လက်ညွှန်သည်။ တစီစီအသံများ ပဲ့တင်ထပ်၏။ သူတို့သည် မူလစိတ်ဝိညာဉ်များကဲ့သို့ ဝမ်လင်းထံ တရှိန်ထိုး တိုးဝင်လာကြသည်။
နောက်ထပ်အရိပ်ကိုးခုက သည်လမ်းအောက်ပိုင်းတွင် ပေါ်လာကြ၏။ သူတို့ကလည်း ဝမ်လင်းထံ ချက်ခြင်း တိုးဝင်လာသည်။ သူတို့၏လက်များဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ အထူးမန္တာန်တစ်ခုကို အသုံးပြု၍ ကောင်းကင်ထက်တွင် ရေခဲနဂါးတစ်ကောင်အဖြစ်သို့ ပေါင်းစည်းစေသည်။ ယင်းနဂါးက မာန်သွင်းဟိန်းကာ ဝမ်လင်းထံ အရှိန်အဟုန်ပြင်းစွာ ဦးတည်လာသည်။
“ဝမ်လင်း…” အင်ပါယာအတုဟိုင်းဇီ၏ အထိတ်တလန့်အသံက နောက်ဘက်မှ ထွက်ပေါ်လာ၏။ သူမ၏ခွန်အားဖြင့် သူမသည် ကြာကြာ ထိန်းမထားနိုင်ပေ။ သို့သော် သူတို့ထဲမှ ကိုးယောက်က သူမကို မသတ်ချင်ကြပေ။ သူတို့က သူမကို ပိတ်ဆို့ထားရုံမျှသာ။
ဝမ်လင်း၏မျက်လုံးထဲ၌ သွေးဖြင့် ဖုံးကွယ်နေသော တည်ငြိမ်မှု ရှိနေဆဲပင်။ သတ်ဖြတ်လိုစိတ် ဖြတ်ခနဲ လင်းလက်သွားကာ သူက ရေခဲနဂါးတိုးဝင်လာသည့်အခါ၌ ရုတ်တရက် ရပ်လိုက်၏။
ထိုရပ်တန့်မှုက ဝမ်လင်းပတ်လည်တွင် ဧရာမကောင်းကင်ဘုံနွားထီးတစ်ကောင်ကို ပေါ်လာစေသည်။ ထိုကောင်းကင်ဘုံနွားထီး ပေါ်လာခြင်းက ရုတ်တရက် ဆန်လှ၏။
“မင်းတို့အားလုံး…သေလိုက်တော့…” ဝမ်လင်းက ခေါင်းမော့၏။ ကောင်းကင်ဘုံနွားထီးကလည်း လိုက်ပါခေါင်းမော့လာကာ ရေခဲနဂါးနှင့် ထိပ်တိုက်တွေ့သည်။ ရေခဲနဂါးက စူးစူးဝါးဝါး အော်မြည်ကာ ၎င်း၏ခန္ဓာကိုယ်အနှံ့တွင် အက်ကြောင်းများ အလျင်အမြန် ပျံ့လာပြီးနောက် ၎င်းသည် တစစီပြိုကွဲပျက်စီးသွားသည်။
ထိုရေခဲနဂါး ပျက်စီးသွားချိန်၌ ပုံရိပ်ကိုးခု ပေါ်လာ၏။ သူတို့၏မျက်နှာများထက်တွင် ကြောက်ရွှံ့မှုတို့ ပြည့်နေကာ သူတို့သည် သွေးအန်လိုက်ရပြီး ဖြူရောသောမျက်နှာများဖြင့် လွင့်ထွက်ကုန်သည်။
သို့သော် သတ်ဖြတ်ခြင်းက အဆုံးမသပ်သေးပေ။
ထို့အပြင် လေနှင့်နှင်းတို့က သာ၍ ပြင်းထန်သိပ်သည်းလာ၏။