သွေးလွှမ်းသော တိုက်ပွဲ
Vol. 147 Ch. 2032
ကောင်းကင်ဘုံနွားထီး ပေါ်လာပြီး ရေခဲနဂါးကို လွင့်ထွက်ပျက်စီးသွားစေ၏။ ထို့အပြင် ၎င်းက ဝမ်လင်းထံ နီးကပ်လာသော လူဆယ့်နှစ်ယောက်ထံ ဝင်ဆောင့်ပစ်သည်။
အဝေးမှ ကြည့်ပါက ထိုမြင်ကွင်းသည် ပန်းချီကားတစ်ခုနှယ်။ တစုံတယောက်က ၎င်းမြင်ကွင်းကို စုတ်ချက်ဆွဲနိုင်ခဲ့ပါက ယင်းပန်းချီသည် ခေတ်ကာလများတလျှောက် လက်ဆင့်ကမ်းနိုင်ပေလိမ့်မည်။
သည်ပန်းချီကားထပ်၌ ကြီးမားလှသော ရွှေရောင်နွားထီးတစ်ကောင်၊၎င်းအား ကျင့်ကြံသူဆယ့်နှစ်ယောက်က ဝန်းရံထား၏။ ဘယ်ဘက်ခြမ်းရှိ ကျင့်ကြံသူခြောက်ယောက်နှင့် ညာဘက်မှ ကျင့်ကြံသူခြောက်ယောက်တို့သည် သူတို့၏လက်ချောင်းများကို ကောင်းကင်ဘုံနွားထီးထံ ညွှန်ထားကြသည်။
သို့သော် သူတို့၏ခန္ဓာကိုယ်များသည် တုန်ယင်နေလျက် သွေးအန် နောက်သို့ လွင့်ထွက်ကုန်၏။ သူတို့၏လက်ချောင်းများနှင့်လက်များမှာ သွေးအလိမ်းလိမ်းဖြစ်ကာ ပျက်စီးကုန်သည်။
ရှေ့မှ သုံးယောက်က သူတို့၏လက်ဝါးများကို ဖိချလာ၏။ သို့သော် သူတို့၏ ခန္ဓာကိုယ်များသည် သွေးမြူများနှင့်အတူ ပေါက်ကွဲကုန်ကာ နောက်သို့ အမြန်ဆုတ်ကြ၏။
ကောင်းကင်ဘုံနွားထီး၏ ဦးခေါင်းထံ ဓားဖြင့် ထိုးစိုက်လာသော သုံးယောက်မှာလည်း နောက်သို့ စတင်ဆုတ်သည်။ သို့သော် သူတို့၏ဓားများက ပျက်စီးကာ သူတို့သည် ကောင်းကင်ဘုံနွားထီး၏ တိုးဝှေ့ခြင်းကို ခံရ၏။ သူတို့သည် သွေးအန်ကာ အမြန်နောက်ဆုတ်ကြ၏။
အဆိုးဝါးဆုံး ခံလိုက်ရသူတို့ကတော့ အနက်ရောင်အရိပ်သုံးခုပင်။ သူတို့သည် ဝမ်လင်းကို ပိုင်ဆိုင်ရန် တာဆူကြိုးစားလာခြင်း ဖြစ်၏။ သို့သော် ဒီအခိုက်၌ နွားထီး ပေါ်လာကာ ထိုအရိပ်သုံးခုမှာ နွားထီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပေသည်။
ရွှေရောင်နွားထီးက ဟိန်းသံပေးနေ၏။ ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ လက်ညွှန်သည်။ ထိုနွားထီးသည် ရှေ့သို့ တိုးဝင်သွားကာ လွင့်ထွက်သွားသော ရေခဲနဂါးထံ ဝင်ဆောင့်၏။ ထိုရေခဲနဂါးကို ဖြစ်ပေါ်စေသော လူကိုးယောက်သည် နာကျင်စူးဝါးစွာ အော်ဟစ်လိုက်ကြရ၏။ နွားထီးကား ထိုနေရာတွင်ပင် ရပ်မနေပေ။ ၎င်းသည်တ လမ်းအဆုံးထိ အရှိန်အဟုန်ပြင်းစွာ ဦးတည်ပြီးနောက်မှ ပေါက်ကွဲသွားလေ၏။
ထိုပေါက်ကွဲအားက လောကကို လှုပ်ခါသွားစေဖို့ရာ လုံလောက်သည်။ အရှေ့ပိုင်းမြို့တခွင်လုံး ပျက်စီးသွားစေဖို့ လုံလောက်သည်။ သို့သော်လည်း ထိုပျက်စီးမှုက လေနှင့်နှင်းတို့အတွင်း၌ အထိုင်ကျသွား၏။ ထို့ကြောင့် အဆောက်အဦများသည် တစ်စက်လေးမျှ လှုပ်ခါယမ်းမသွားခဲ့ပေ။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကြုံ့မိသွား၏။ သူက ရှေ့ဆက်လှမ်းလာသည်။ သူသည် ရွှေရောင်နွားထီးထံမှ ထွက်ပြေးသော သုံးယောက်၏ ရှေ့တွင် ပေါ်လာ၏။ သူက မြူအဖြစ်သို့ ပြောင်းကာ ထိုသုံးယောက်ကို ခြုံလွှမ်းပစ်သည်။ ဝမ်လင်းက ထိုသူတို့၏ အသွေးအသားနှင့် မူလစိတ်ဝိညာဉ်များကို စုပ်ယူပစ်နေစဉ် အတောမသပ် အော်ငြီးသံများ ပဲ့တင်ထပ်လာလေ၏။ ထို့နောက် ယင်းမြူက ကျန်သည့်သူများထံ ဦးတည်သည်။
သူတို့၏လက်ချောင်းများ ဆုံးရှုံးထားသော လူခြောက်ယောက်ကလည်း နောက်သို့ အလျင်အမြန် ဆုတ်ကြ၏။ သူတို့ကလည်း မျှော်လင့်ချက်မဲ့စွာ စောင့်ကြည့်နေပြီး မြူက နှစ်ပိုင်းခွဲကာ သူတို့ခြောက်ယောက်အား ဝါးမြိုပစ်လေသည်။
တချိန်တည်းမှာ မြူအတွင်း၌ ယင်ဓားတစ်လက် ပေါ်လာကာ ကောင်းကင်ထက်ရှိ နောက်ဆုတ်နေသော သုံးယောက်ထံ ခုတ်ပိုင်းသည်။ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်ကာ နှစ်ပိုင်းခြမ်းသွား၏။ ထို့နောက်တွင် သူတို့၏မူလစိတ်ဝိညာဉ်များသည် အောက်ဘက်မှ မြူ၏ စုပ်ယူခြင်းကို ခံလိုက်ရချေသည်။
ဝမ်လင်းက အသွင်ပြောင်းထားသော မြူက အင်ပါယာအတုဟိုင်းဇီပတ်လည်ရှိ လူကိုးယောက်ထံ ဆက်လက်ခြုံလွှမ်းလေ၏။
ထိုကိုးယောက်က ဒီကြောက်မက်ထိတ်လန့်ဖွယ်မြင်ကွင်းကို မျက်မြင်တွေ့ရသဖြင့် အင်ပါယာအတုဟိုင်းဇီကို ဝန်းရံထားခြင်းအား လက်လျော့လိုက်ကြ၏။ သူတို့က အသည်းအသန် နောက်ဆုတ်ကြ၏။ သို့သော် သူတို့၏အမြန်နှုန်းက ဝမ်လင်း၏မြူနှင့် ယှဉ်ပါက ပမွှားဖြစ်သွားလေ၏။ ထို့ကြောင့် ဝမ်လင်းက သူတို့ကို ချက်ခြင်း မှီလာသည်။ မြူက ပျံ့လွင့်ပြီးနောက် အရိုးစုကိုးခုအဖြစ် ထိုလူကိုးယောက်ကို ချန်ရစ်ပစ်လေသည်။
ပတ်ဝန်းကျင်တခုလုံး လုံးဝ ငြိမ်သက်တိတ်ဆိတ်နေကာ အရိုးစုများ ပြည့်ဖုံးနေ၏။ မြူအသွင်ကနေ ဟိုင်းဖီ၏ဘေးတွင် ဝမ်လင်းအသွင်သို့ ပြန်ဖြစ်ပေါ်လာ၏။ သူ၏မျက်နှာက ဖြူရောနေသည်။ သူက သွေးအန်လိုက်ရပေသည်။
“သွားကြမယ်…” ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ သည်ရှည်လျားသောလမ်းမအဆုံးသို့ တရကြမ်း ဦးတည်သည်။
ဟိုင်းဇီက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ နောက်မှ လိုက်ပါလာသည်။ သည်တိုက်ပွဲကား သူမ ပါဝင်နိုင်ဖို့ ခက်ခဲလှ၏။ လူသုံးဆယ်ကျော်က သည်တိုက်ပွဲအတွင်း ပါဝင်ခဲ့ကာ သူတို့တစ်ယောက်ချင်းစီမှာလည်း အင်ပါယာအတု ကျင့်ကြံခြင်းအဆင့် ရှိနေကြပေသည်။
အင်ပါယာအတု ဟိုင်းဇီတွင် မိတ်ဆွေအသိများစွာ ရှိကာ အင်ပါယာအတုအများစုကို သူမ တွေ့ဆုံဖူးသည်။ သို့သော်လည်း သူမသည် သည်လူသုံးဆယ်ကိုမူ အရင်က လုံးဝ မမြင်ဖူးခဲ့ပေ။ သူတို့အားလုံးက တစိမ်းတပြင်သပ်သပ် ဖြစ်နေ၏။
“သူတို့က အင်ပါယာအတုအဆင့်ကျင့်ကြံသူတွေ မဟုတ်ဘူး။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို အတင်းအကြပ် အင်ပါယာအတု အဆင့်ကို ရောက်အောင် လုပ်ထားပြီး ဒါက သိပ် ကြာကြာ ခံမှာ မဟုတ်ဘူး…”
ထိုအချက်ကို ဝမ်လင်းက သေချာသိ၏။ အကြောင်းမှာ သူက ထိုလူသုံးဆယ်ကျော်၏ မူလစိတ်ဝိညာဉ်များကို ဝါးမြိုခဲ့သည့်အတွက်ကြောင့်ပင်။ သူက ထိုသူတို့ကို အသုံးပြု၍ နောက်ထပ် မန္တာန်သွေးကြောကို ဖွဲ့စည်းလိုခဲ့၏။ သို့သော် ထိုသူတို့၏ မူလစိတ်ဝိညာဉ်များသည် သန့်စင်ခြင်း မရှိဘဲ ယင်းတို့ကို မွန်းမံသန့်စင်ဖို့ အချိန်တချို့ လိုအပ်မည်ကို ဝမ်လင်းအနေဖြင့် တွေ့ရှိခဲ့ပေ၏။
သို့ပေမည့်လည်း သူတို့အားလုံးကို စုဝေးပြီးနောက် မန္တာန်သွေးကြောတစ်ခု ဖြစ်လာဖို့ကမူ လုံလောက်ပေသည်။ သူတို့၏ မူလစိတ်ဝိညာဉ်များကို စုပ်ယူပြီးနောက် ဝမ်လင်းသည် ထိုသူများမှာ တစ်နာရီသာ အသက်ရှင်နိုင်မည်ကိုလည်း ဆုံးဖြတ်နိုင်ခဲ့သည်။
သူတို့က တန်ဖိုးကြီးမားလှစွာ ပေးဆပ်ကာ သူတို့၏ အသက်ကို လှဲလှယ်စတေး၍ တစ်နာရီသာခံမည့် အင်ပါယာအတုအဆင့်ကျင့်ကြံခြင်းကို ရောက်ဖို့ အတင်းအကြပ် စွမ်းအား မြှင့်တင်ခဲ့ကြသူများပင်။
ဝမ်လင်းသည် ခုခါ၌ မန္တာန်သွေးကြောငါးခုပိုင်ဆိုင်ကာ ပုံရိပ်ယောင်ကိုးဆယ့်ရှစ်ခုကို ဖန်တီးနိုင်နေပြီ ဖြစ်၏။ သူသာ နောက်ထပ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါက သူ၏တိုက်ပွဲဝင်စွမ်းအားသည် များစွာ တိုးတက်လာလိမ့်မည် ဖြစ်သည်။
“ဒီထောင်ချောက်ထဲမှာ အင်ပါယာဆရာသခင်ရဲ့ အရိပ် ပါနေတယ်။ ငါ စတုရန်းပုံစံကွက်ရဲ့ စွမ်းအားကို ခုထိ မဖြေရှင်းရသေးဘူး။ ငါ ဒါကို နည်နည်း အချိန်ဆွဲထားနိုင်ရုံပဲ ရှိသေးတယ်။ ငါသာ ဒီချိပ်ပိတ်မှုကို မဖယ်ရှားနိုင်ရင် ငါ့တိုက်ပွဲစွမ်းအားအပေါ် သက်ရောက်မှု ရှိသွားလိမ့်မယ်…”
ဝမ်လင်းသည် နှင်းနှင့်လေတို့ကြား တရကြမ်း ဦးတည်လာနေရင်း ဒီလမ်း၏ အဆုံးသပ်နှင့် နီးလာ၏။
သူက မူလစိတ်ဝိညာဉ်များ၏ မှတ်ဉာဏ်များကို မြန်မြန်ဆန်ဆန် ရှာဖွေကြည့်ခဲ့သေး၏။ သို့သော် ၎င်းမှာ လုံးဝ ဝေဝါးနေ၏။ တစုံတစ်ယောက်က ယင်းမှတ်ဉာဏ်များကို ဖျက်စီးနှင့်ထားခဲ့ပြီး ဖြစ်၏။
“ဒီနေရာဟာ ချိပ်ပိတ်ခံထားရတာပဲ။ အစောပိုင်းတုန်းက ငါ ကောင်းကင်ဘုံနွားထီးရဲ့ စွမ်းအားကို အသုံးပြုပြီး ဒီအတားအဆီးကို ချိုးဖျက်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ဒါက လှုပ်ခတ်မသွားခဲ့ဘူး။ ဒီထောင်ချောက်ကို စီစဉ်ခဲ့တဲ့သူဟာ အပြင်ကပေးနိုင်တဲ့ အကူအညီကိုပါ ထည့်စဉ်းထားမှာပဲ…”
“ဒါ့ကြောင့် အင်ပါယာအတုကျိုးသဲအကြောင်း တွေးနေဖို့တောင် မလိုတော့ဘူး။ ငါသာ ဒီလိုထောင်ချောက်မျိုးကို စီစဉ်ချမှတ်တဲ့သူ ဖြစ်မယ်ဆို ပြင်ဆင်မှုနှစ်ခု လုပ်မှာပဲ။ တခုက ဒီနေရာက အော်ရာအားလုံးကို တားဆီးဖို့နဲ့ နောက်တစ်ခုက မဟာအင်ပါယာကျိုးသဲ ဒီက အခြေအနေကို မသိအောင် လုပ်ပေးနိုင်တဲ့ တစုံတစ်ယောက်ကို ရှာဖို့ပဲ…”
“တကယ်တော့ ဒါတွေအားလုံးဟာ မဟာအင်ပါယာကျိုးသဲကိုယ်တိုင် စီစဉ်ချမှတ်ထားတဲ့ပုံ ပေါက်နေတယ်။ ဒါပေမဲ့လည်း ငါ့အလိုလို သိစိတ်ကတော့ ဒါက ကျိုးသဲ စီစဉ်တာ မဟုတ်ဘူးလို့ ပြောနေတယ်။ ဒီထောင်ချောက်ကို စီစဉ်တဲ့သူဟာ ငါ့ကို သတ်ဖို့ နောက်ဆုံးတိုက်ခိုက်မှုကိုလည်း ပြင်ဆင်စောင့်နေမှာပဲ…”
ဝမ်လင်းသည် အင်ပါယာအတုဟိုင်းဇီနှင့်အတူ ဒီလမ်း၏အဆုံးသို့ တရကြမ်း သွားနေရင်း အတွေးများစွာ သူ့ စိတ်ထဲ၌ ပေါ်လာနေ၏။
သို့ပေမည့် ထိုအခိုက်တွင် ပုံရိပ်သုံးခုသည် လေနှင့်နှင်းကြား၌ ပေါ်လာ၏။ သူတို့သုံးယောက်က လေထဲတွင် ရပ်ကာ ဝမ်လင်းကို စိုက်ကြည့်နေသည်။ သူတို့က အနီရောင်အလင်းတန်းသုံးခုအဖြစ်သို့ ပြောင်းကာ နီးကပ်လာကြသည်။
သူတို့သုံးယောက်က အနီးသို့ ရောက်လာမကြသေးပေ။ သို့သော် သူတို့ထံမှ ဩဇာအင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားနှင့် နီးကပ်လှသော စွမ်းအားက ပျံ့လွင့်လာ၏။
သူတို့သုံးယောက်နောက်တွင် နောက်ထပ်နှစ်ယောက်က လေနှင့်နှင်းတို့ကြားမှ လှမ်းလျှောက်ထွက်လာ၏။ ထိုနှစ်ယောက်သည် ဩဇာအင်ပါယာအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ သူတို့က အေးစက်စက် စောင့်ကြည့်နေလျက် သူတို့၏လက်များကို ပင့်မြှောက်သည်။ အနက်ရောင်လေပြင်းက တဝီဝီမြည်လာကာ ကောင်းကင်ထက်တွင် ရစ်ခွေနေသော မြွေနက်နှစ်ကောင် ပေါ်လာ၏။
“စိတ်ဝိညာဉ်ချပ်ဝတ်တမန်တော်…” ဝမ်လင်းက သူတို့ကို တချက်ကြည့်ရုံဖြင့် သိလိုက်၏။
“ဒီနှစ်ယောက်ကို ငါ မသိဘူး။ ခရမ်းရောင်ယင်ကလန်မှာတုန်းက ငါဟာ ကျန်တဲ့ ဩဇာအင်ပါယာလေးဆယ့်ရှစ်ယောက်လုံးကို မြင်ဖူးခဲ့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကိုတော့ ငါ လုံးဝ မမြင်ဖူးဘူး။ သူတို့ထဲက ဘယ်သူ့မှာမှလဲ စိတ်ဝိညာဉ်ချပ်ဝတ်ကို မပိုင်ဆိုင်ထားကြဘူး။ ဒီနှစ်ယောက်ဟာ အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီး သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဩဇာအင်ပါယာအဆင့် ရောက်အောင် မြှင့်တင်ထားတာပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ သူတို့ဟာ စိတ်ဝိညာဉ်ချပ်ဝတ်တွေကို ပေးအပ်ထားတာလည်း ခံရတယ်…”
“ရှေးဘိုးဘေးမြို့မှာ ဒီလိုလုပ်ဆောင်နိုင်တဲ့သူဟာ ကောင်းကင်ဘုံအင်ပါယာတစ်ယောက်ပဲ ရှိတယ်…”
ဝမ်လင်း၏မျက်လုံးက အေးစက်လာ၏။ သူက ညာခြေကို ပင့်မြှောက်ကာ သူ့ဘယ်လက်ဖြင့် အင်ပါယာအတုဟိုင်းဇီကို ဘေးတဖက်သို့ တွန်းလိုက်၏။
“ဟိုင်းဇီ…နောက်ပြန်ဆုတ်တော့။ သူတို့က နင့်ကို ထိခိုက်စေမှာ မဟုတ်ဘူး။ ဒီတိုက်ပွဲမှာ မပါပါနဲ့…”
“ဝမ်လင်း…” အင်ပါယာအတုဟိုင်းဇီက စိတ်ပူဟန် ပေါ်နေ၏။ သူမက ရှင်းပြချင်နေသည်။ ဝမ်လင်းက သူမကို ပေရာချီထိ ရောက်သွားသည့်အထိ ဘယ်လက်ဖြင့် တွန်းထုတ်လိုက်၏။ ထို့နောက်တွင် သူမက ဝမ်လင်းသည် ထိုငါးယောက်ထံ တိုးဝင်သွားသည်ကို စောင့်ကြည့်နေမိတော့သည်။
ထိုငါးယောက်၌ သုံးယောက်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်၍ ကျန်နှစ်ယောက်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူတို့က အလင်းတန်းငါးခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်းထံ မြန်ဆန်စွာ နီးကပ်လာကြသည်။
လေနှင့်နှင်းတို့က အလောင်းများ ဖုံးနေသော သည်လမ်းမရှည်တွင် လှိုင်းထန်နေသည်။
“သတ်…” ဝမ်လင်း၏မျက်လုံးက နီရဲနေ၏။ သူက မာန်သွင်းကာ အော်ဟစ်လိုက်သည်။ သူ့ညာလက်က ယင်ဓားအဖြစ်သို့ ပြောင်းကာ သူသည် ထိုသူတို့ထံ တိုးဝင်လာခဲ့ပြီ။
အသေအရှင်တိုက်ပွဲ၌ မည်သည်မျှ ထိန်ချန်နေစရာ မလိုပေ။ ရှေ့ဆုံးမှ ဝတ်စုံဖြူဖြင့် သုံးယောက်က မန္တာန်များစွာကို အသုံးမပြုပေ။ နှစ်ခုကိုသာ အသုံးပြု၏။ ပထမတစ်ခုက စွမ်းအားကို စုစည်း၍ လေနှင့်နှင်းတို့ကို ဝမ်လင်းထံ ရိုက်ခတ်လာစေခြင်းပင်။
ဒုတိယတစ်ခုကတော့ ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်ခြင်းတည်း။
ကျယ်လောင်စွာ တုန်ဟည်းသံများက လောကကို လှုပ်ခါယမ်းစေ၏။ ဝမ်လင်းက လေနှင့်နှင်းတို့ကို ချိုးဖျက်ပြီးနောက် သူသည် ဝတ်စုံဖြူသုံးယောက်၏ ကိုယ့်ကိုကိုယ်ဖောက်ခွဲခြင်းကို ရင်ဆိုင်ရလေသည်။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်လေ၏။
စစ်စိတ်ဝိညာဉ်လက်ဝါးကိုးဆယ့်ကိုးခုက စုဝေး ထွက်ပေါ်လာ၏။ ယင်းတို့ထဲမှ ကိုးဆယ့်နှစ်ခုသည် ထိုဝတ်စုံဖြူသုံးယောက်၏ ဖောက်ခွဲခြင်းကို ခုခံရန် အတူတကွ သိပ်သည်းသည်။
ထိုမျှ ကြီးမားသော လှုပ်ခါမှု၊ တုန်ဟည်းမှုက သည်နေရာရှိ အတားအဆီးကို မပျက်စီးသွားစေသေးပေ။ ဝမ်လင်း ရှေ့တိုးလာစဉ် မြွေနက်နှစ်ကောင် ခြုံလွှမ်းထားသော ဝတ်ရုံနက်ဖြင့်လူနှစ်ယောက်ကလည်း တရကြမ်း တိုးဝင်လာ၏။ ဝမ်လင်းနှင့် သူတို့နှစ်ယောက်က ထိပ်တိုက်တွေ့လေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝတ်စုံနက်ဖြင့်နှစ်ယောက်က သွေးအန်လိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်က တိုက်ရိုက် ပေါက်ကွဲသွားကာ သွေးစင်းကြောင်းတစ်ခုက တခြားတစ်ယောက်၏ နှဖူးထက်တွင် ပေါ်လာပြီးနောက် ထိုသူမှာ ထက်ပိုင်းပြတ်သွားတော့သည်။
ဝမ်လင်းကလည်း ပေတစ်ရာထိ ဆက်လှမ်းလာ၏။ သူ၏ယင်ဓားမှာ မြေပြင်ထက်သို့ ထိုးစိုက်သွားပြီး သူလည်း အဖြူရောင်အခိုးငွေ့များ ပေးစွမ်းနေသော သွေးတို့ကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။
ဝမ်လင်းက သူ့ကိုယ်သူ ယင်ဓားနှင့် အသားကျအောင် ပြုလုပ်၏။ လက်တစ်ဖက်က သူ့နောက်တွင် ပေါ်လာ၏။ ထိုလက်က တိတ်တဆိတ် ပေါ်လာခြင်းတည်း။ ၎င်းက ဝမ်လင်း၏ လက်နောက်ဘက်ထံ တိုက်ရိုက် လက်ညွှန်လိုက်သည်။
ထိုလက်ညွှန်ချက်တွင် ဖော်ပြ၍ မရသော ထူဆန်းမှုတစ်ခု ပါဝင်နေ၏။ ၎င်းသည် မတည်ရှိလေသည့်အလား။ သို့သော် ၎င်း ပေါ်လာသည့်အခါ မဟာအင်ပါယာတစ်ယောက်ကသာ ဖန်တီးနိုင်သည့် ဗလာကင်းမဲ့မှုမှ ဖန်တီးသော တစုံတစ်ခု ဖြစ်နေသည့်နှယ် ထင်ရသည်။
ထိုလက်ချောင်း ညွှန်ချက် သက်ဆင်းလာ၏။ ၎င်းသည် ဝမ်လင်းနှင့် ခုနစ်လက်မအကွာသို့ ရောက်လာသည့်အခါ ဝမ်လင်းက နောက်သို့ မလှည့်ပေ။ ထိုအစား သူက ရှေ့သို့ တိုးကာ သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်သည်။ မြေပြင်ထက်သို့ ထိုးစိုက်သွားသော ယင်ဓားသွားက ပြန်ကန်ထွက်လာပြီး ယင်းလက်ချောင်းနှင့် ထိပ်တိုက်တွေ့သည်။
အက်သံများ ပဲ့တင်ထပ်လာ၏။ အက်ကြောင်းများစွာက ဝမ်လင်း၏ယင်ဓားပေါ်တွင် ပေါ်လာသည်။ ဓား၏ မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် ဝမ်လင်း၏မျက်လုံးထဲရှိ တည်ငြိမ်မှုကို ရောင်ပြန်ဟပ်သည်။ ဝမ်လင်းသည် ထိုယင်ဓား ပျက်စီးသွားခြင်းအပေါ် အံ့အားသင့်သွားခြင်း မရှိသည့်အလား။ သည်အခိုက်၌ သူ့မျက်လုံးထံမှ တလျှံလျှံတောက်ပသော ရွှေရောင်အလင်းတစ်ခု လှစ်ဟပေါ်သည်။
ထိုရွှေရောင်အလင်းသည် လေဟာနယ်ထဲရှိ သူ၏အစွမ်းထက်ဆုံးကိုယ်ပွားထံမှ ထွက်ပေါ်လာသည့်အလား။ သူက သူ့ကိုယ်ပွားကို ခုထိ အသုံးမပြုသေးသော အကြောင်းမှာ သည်လက်ချောင်း ထွက်ပေါ်လာမည့်အချိန်ကို စောင့်နေခြင်းကြောင့်ပင်။
ယင်းလက်ချောင်း၏ ပိုင်ရှင်မှာ ဝမ်လင်း၏တိုက်ပွဲစွမ်းအားကို လျှော့ကျစေသော စတုရန်းပုံစံကွက်ကို နေရာချခဲ့သူလည်း ဟုတ်ပေ၏။
ရွှေရောင်အလင်း ပေါ်လာချိန်၌ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ အတားအဆီးက အလွန်အားပျော့ကာ ပျက်စီးသွားသည်။ သူ၏ကျင့်ကြံမှုမှာလည်း အပြည့်အဝ ပြန်ကောင်းမွန်လာကာ ယင်းဓား၏ အစိတ်အပိုင်းများကို ရောင်ပြန်ဟပ်သော ရွှေရောင်အလင်းက အစီအရင်တစ်ခုကို ဖွဲ့စည်းလေသည်။
ဝမ်လင်း၏ အတားအဆီးအနှစ်သာရက ပြီးပြည့်စုံသွားပြီ ဖြစ်၏။ ထို့ကြောင့် သူက အချိန်မရွေး သူ ဆန္ဒရှိသလို အစီအရင်များကို နေရာချခင်းနိုင်ပေသည်။
သူသည် သူ့မျက်လုံးထံမှ ရွှေရောင်အလင်းကို ရောင်ပြန်ဟပ်စေကာ ယင်ဓားအစိတ်အပိုင်းများကို အသုံးပြု၍ အစီအရင်အငယ်စားတစ်ခုကို ဖန်တီးဖြစ်ပေါ်စေလိုက်တာပင်။ ဝမ်လင်း၏ဘယ်လက်က ရွှေရောင်အလင်းထံ ရောက်လာကာ သူ့ထံ လက်ညွှန်ထားသော လက်ချောင်းထံ တန်ပြန်လက်ညွှန်လိုက်လေ၏။