မင်း မလွတ်နိုင်ပါဘူး…
Vol. 147 Ch. 2033
ထိုလက်ညွှန်ချက်က ဝမ်လင်း၏အထွတ်အထိပ်စွမ်းအားပင်။ ၎င်းထံ၌ လေဟာနယ်အတွင်းရှိ သူ့ကိုယ်ပွားစွမ်းအား ပါဝင်ရုံသာမက သူ့စိတ်ဝိညာဉ်ချပ်ဝတ်၏ အင်အားပြည့်လည်း ပါဝင်ပေသည်။ ဝမ်လင်း၏ ဒြပ်စင်ငါးခုခန္ဓာကိုယ်နှင့် မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တို့လည်း ပေါ်လာကြသည်။ သူ၏ ဆန်းကြယ်အနှစ်သာရ သုံးခုပင် ပေါ်လာကာ သူ့နောက်တွင် ကြီးမားသောဝဲကတော့သုံးခု ဖွဲ့စည်းသည်။
ထိုအားအားလုံးက သူ၏လက်ချောင်းထံ ဝင်ရောက်ကြသည်။ ရွှေရောင်အလင်းနှင့် ဓားအစိတ်အပိုင်းတို့ဖြင့် ဖန်တီးထားသည့် အစီအရင်ကြောင့် ဝမ်လင်းသည် လေဟာနယ်အတွင်းရှိ သူ၏ကိုယ်ပွားစွမ်းအားကို ပေါက်ကွဲထွက်လာစေနိုင်သည်။
ဝမ်လင်းသည် ဒီလက်ချောင်းနောက်ကွယ်မှလူကို ဤတိုက်ခိုက်မှုဖြင့် သတ်ချင်နေ၏။ ဝမ်လင်းသည် အမြဲတမ်း ခုလိုပုံစံမျိုးပင်။ တစုံတစ်ယောက်က သူ့ကို သတ်ဖို့ ကြိုးစားလာပါက သူသည်လည်း ထိုသူတို့ကို သတ်ပစ်မည်သာ။
လေနှင့်နှင်းတို့က သည်လမ်းမရှည်တခွင်၌ ဂယက်ထနေ၏။ လေဟာနယ်အတွင်းမှ ပေါ်လာသော လက်ချောင်းက ဝမ်လင်း၏ သတ်ဖြတ်လိုစိတ်အပြည့် လက်ချောင်းနှင့် ထိပ်တိုက်တွေ့သည်။
လေနှင့်နှင်းတို့ထဲ၌ ထိုလက်ချောင်းနှစ်ခု ထိပ်တိုက်တွေ့ချိန်တွင် ဝမ်လင်း၏ ရှေးတောက်စွမ်းအား မြင့်တက်လာသည်။ ဤသည်မှာ တဖက်လူ၏ လက်ချောင်းနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခြင်းပင်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ မန္တာန်သွေးကြောငါးခုထံမှ ပုံရိပ်ကိုးဆယ့်ရှစ်ခုသည် တစ်ခုတည်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ဘုံနွားထီး၏ စွမ်းအားနှင့်အတူ ဒုတိယတုန်ခါလှိုင်းကို ဖြစ်စေကာ ထိုလက်ချောင်းနှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများက ငြိမ်သပ်တိတ်ဆိတ်နေသော ညတွင် မိုးကြိုးပစ်သံအလား ပဲ့တင်ထပ်၏။ ဤသည်က အကွာအဝေးတစ်ခုက ကူညီပေးရန် အပြေးလာသော အင်ပါယာအတုဟိုင်းဇီကို ရပ်တန့်သွားစေ၏။ သူမက ရှေ့သို့ ဆက်တိုးလာနိုင်စွမ်း မရှိတော့ပေ။
ထိုလက်ချောင်းက သည်အခိုက်တွင် တခဏ ရပ်တန့်သွား၏။ ၎င်း၏သွေးကြောများက ဖောင်းကြွလာသည်။ ၎င်းသည် ဝမ်လင်း၏လက်ချောင်းကို မခုခံနိုင်တော့သလိုပင်။
သို့သော် ထိုမျှနှင့် မပြီးသေးပေ။ ဝမ်လင်း၏ ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်၊ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်နှင့် ဆန်းကြယ်အနှစ်သာရသုံးခုတို့က တတိယမြောက်တုန်ခါလှိုင်းကို ဖြစ်စေ၏။ ယင်းတိုက်ခိုက်မှုတွင် ဝမ်လင်း၏ တာအိုအပေါ် တဘဝစာနားလည်မှု ပါဝင်နေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဝမ်လင်း၏လက်ချောင်းထံမှ သွေးများ စီးကျလာ၏။ သို့ပေမည့် သူက မာန်သွင်းကာ ရှေ့သို့ တရကြမ်း ဆက်တိုးလာသည်။
လေဟာနယ်အတွင်းရှိ ဝမ်လင်း၏ကိုယ်ပွားထံမှ လေးခုမြောက်လှိုင်း ထွက်ပေါ်လာ၏။ ထိုအားက ဝမ်လင်း၏မျက်လုံးထံမှ ထွက်ပေါ်လာခြင်းဖြစ်ကာ သူ့လက်ချောင်းထိပ်၌ ရွှေရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွား၏။ ယင်းဓား၏အစိတ်အပိုင်းများက သည်အလင်းကို ရောင်ပြန်ဟပ်ခြင်းကြောင့် ဝမ်လင်း၏လက်ချောင်းက ရွှေရောင်ဖြစ်လာသည်။
ရွှေရောင်လက်ချောင်းတချောင်း။
ထိုစွမ်းအားအထွတ်အထိပ်က တဖက်လူ၏ လက်ချောင်းကို ခဏသာ ရပ်တန့်သွားစေ၏။ ထို့နောက် ၎င်းလက်ချောင်းမှာ ရုတ်တရက် ပျက်စီးသွားသည်။
သို့ပေမည့် ထိုလက်ချောင်းပျက်စီးသွားစဉ် တည်ငြိမ်သောအသံတစ်ခု လောကတွင် ပဲ့တင်ထပ်၏။
“ဆုံးရှုံးမှုရှိတဲ့အတွက်ကြောင့် ဒါက ပြန်ဖွဲ့စည်းတာနဲ့ တည်ရှိမှု ရှိလာလိမ့်မယ်…”
ထိုစကားလုံးများ ပဲ့တင်ထပ်လာသည့်အခါ ပျက်စီးနေသော လက်ချောင်းသည် မည်သို့မျှ မဖြစ်ပျက်သွားသည့်နှယ် ပြန်ဖွဲ့စည်းလာ၏။ ၎င်းက ဝမ်လင်း၏လက်ချောင်းနှင့် ထပ်မံ ထိပ်တိုက်တွေ့သည်။
“တည်ရှိမှုရှိတဲ့အတွက်ကြောင့် ဒါဟာ ဆုံးရှုံးသွားတာနဲ့ ဗလာနတ္တိ ဖြစ်သွားလိမ့်မယ်…”
ထိုလက်ချောင်းနှစ်ချောင်း ထိပ်တိုက်တွေ့သည်နှင့် ဝမ်လင်း၏ရှေးတောက်စွမ်းအားသည် ကွယ်ပျောက်သွားတော့သည်။ ထို့အပြင် သူ စုစည်းခဲ့သော မန္တာန်များနှင့် ကောင်းကင်ဘုံနွားထီး၏ စွမ်းအားကပါ ပျောက်ကွယ်သွားလေသည်။
သူ၏ဒြပ်စင်ငါးခုခန္ဓာကိုယ်နှင့် မိုးကြိုးအနှစ်သာရခန္ဓာကိုယ်တို့ပင် သည်ထူးခြားသောအားကြောင့် ပျောက်ကွယ်သွား၏။ သို့သော် သူ၏ဆန်းကြယ်အနှစ်သာရများကမူ ကျန်ရှိနေပေသည်။
ထိုဆန်းကြယ်အနှစ်သာရသုံးခုသည် ဝမ်လင်း၏ အစောဦးဆုံးအနှစ်သာရများပင်။ ယင်းတို့သည် ဝမ်လင်း တဘဝလုံးကို နားလည်မှုဉာဏ်အလင်းကို ကိုယ်စားပြုသည်။ သေခြင်းရှင်ခြင်း၊ကံမ္မ၊ အမှန်အမှားတို့အပေါ် နားလည်မှုဉာဏ်အလင်းသည် မည်သည့်အားကမျှ ပယ်ဖျက်မပစ်နိုင်သော တစုံတရာပင်။
လေဟာနယ်အတွင်းရှိ ဝမ်လင်း၏ကိုယ်ပွားထံမှ ရွှေရောင်အလင်းသည်လည်း ကျန်နေသေးပေ၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူသည် နောက်သို့ လွင့်ထွက်သွားစဉ် သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ ယင်ဓားသွားအစိတ်အပိုင်းအစီအရင်က ပျက်စီးသွားသော လက်ချောင်းထံ ပျံသန်းသွား၏။ သို့သော် ၎င်းက တတိယကြိမ်မြောက် ပြန်ဖွဲ့စည်းရန် ဟန်ပြင်နေသည်။
သည်လမ်းမရှည်တလျှောက်တွင် တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ နှင်းများ ကျဆင်းခြင်းပင် ရပ်တန့်သွားသလား ထင်ရသည်။ ပြန်ဖွဲ့စည်းရန် ဟန်ပြင်နေသော လက်ချောင်းမှာ ထပ်မံ ပျက်စီးသွား၏။ သို့သော် ၎င်းက လေးကြိမ်မြောက် ဖွဲ့စည်းမည့် အရိပ်လက္ခဏများ ပြသလာပြန်သည်။
ဝမ်လင်းသည် နောက်သို့ အသည်းအသန် ဆုတ်၏။ သူသည် လမ်းမ၏အဆုံးသို့ ရောက်ရှိလာခဲ့ပေပြီ။ ဤသည်မှာ ဒီချိပ်ပိတ်မှုဟာ အဆုံးနေရာလည်း ဟုတ်၏။ သူ့အဖို့ ဒီလမ်းမကနေ ထွက်ခွာနိုင်ပြီး ဒီထောင်ချောက်ကနေ လွတ်နိုင်ဖို့အတွက် ဒီလမ်းအဆုံးနေရာကို ချိုးဖျက်ရုံသာ လိုသည်။
သို့သော် သူ နီးကပ်လာစဉ် လမ်းဘေးဝဲယာမှ အိမ်များထံမှ လှိုင်းဂယက်များ ထလာပြီး ပုံရိပ်တစ်ရာကျော် ပေါ်လာသည်။
ထိုပုံရိပ်အားလုံးက မထူးခြားနားသောအကြည့်များကို လှစ်ဟဖော်ထားကြ၏။ သူတို့ ပေါ်လာသည်နှင့် သူတို့၏လက်များကို ပင့်မြှောက်ကြကာ လေးများ ပေါ်လာပြီး ဝမ်လင်းကို ချိန်ရွယ်သည်။ သူတို့သည် လေးကြိုးများကို ဆွဲတင်ကာ နှင်းစက်မြားတစ်ရာက ယင်းတို့ပေါ်၌ သိပ်သည်းဖွဲ့စည်း၏။
ထိုနှင်းများတစ်ရာ ဖွဲ့စည်းနေကြစဉ် လူတစ်ရာက သူတို့၏ သက်ဆိုင်ရာမြားများအပေါ် သွေးအန်လိုက်ကြ၏။ ထို့နောက်တွင် သူတို့၏ခန္ဓာကိုယ်များက သွေ့ခြောက်လာကြ၏။
“မရဏကျင့်ကြံသူတွေ…” ဝမ်လင်း၏မျက်လုံး သူငယ်အိမ် ကြုံ့သွားမိ၏။ သည်ထောင်ချောက်အတွင်း ပေါ်လာသော လူတိုင်းသည် လက်ချောင်းပိုင်ရှင်မှလွဲ၍ အားလုံးက မရဏကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့အားလုံးက အသက်တန်ကြေးကို ပေးကာ ဒီကြောက်မက်ဖွယ်ထောင်ချောက်ကို ချခင်းခဲ့ကြခြင်းပင်။
ဝမ်လင်းသည် အရင်က ဒီလိုအခြေအနေမျိုးကို အရင်က ကြုံခဲ့ဖူး၏။ သို့သည် အခုအခါနှင့်တော့ လုံးဝ မတူနေပေ။ ပြီးခဲ့သော အချိန်များက ဝမ်လင်းကို တိုက်ခိုက်ခဲ့သူများက သူတို့၏အသက်ကို အလေးထားကြပေ၏။ သို့သော် သည်လူများကမူ သေမည်ကိုပင် အရေးမစိုက်ကြပေ။
မျက်စိတမှိတ်အတွင်း ပုံရိပ်တစ်ရာ၏ ခန္ဓာကိုယ်များက ပျောက်ကွယ်ကာ သူတို့၏ အရိုးများပင် မကျန်ခဲ့ပေ။ သို့သော် သူတို့ သေဆုံးသွားသည့်အခါ၌ မြားများကို ထုတ်လွှတ်လာပြီး တဝီဝီအသံများ ပဲ့တင်ထပ်လေ၏။
တဝီဝီအသံများ ပဲ့တင်ထပ်လာစဉ် သွေးနှင်းမြားတစ်ရာက အရပ်မျက်နှာအနှံ့မှ ဝမ်လင်းထံ တိုးဝင်လာကြ၏။ သူတို့အားလုံးက အလင်းတန်းတစ်ရာအဖြစ်သို့ ပြောင်းကာ ချက်ခြင်း နီးကပ်လာပြီး ဝမ်လင်းကို ရှောင်ဖို့ပင် အခွင့်အရေး မပေးပေ။
ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ တွန်းထုတ်လိုက်သည်။ သူ့ဆံပင်ဖြူနှင့်ဝတ်ရုံတို့မှာ တဖြတ်ဖြတ်လွင့်နေ၏။ လေထန်၊နှင်းထန်သောည၌ ဝမ်လင်း၏နောက်တွင် ရွှေရောင်နေတစင်း ပေါ်လာသည်။
ထိုနေမင်း ပေါ်လာသည့်အခါတွင် ရှည်လျားသောလမ်းမှာ ပျောက်ကွယ်သွားပြီး လောကတခွင်သည် နက်မှောင်သောပင်လယ်တစ်ခု ဖြစ်လာ၏။ နေမင်း မြင့်တက်လာကာ အမှောင်ထုကို ဖယ်ရှားမည့် စွမ်းအားကို ထုတ်လွှတ်၏။
“နေသာသောည…”
သည်မန္တာန်ပေါ်လာသည့်အခါ တိုးဝင်လာသောမြားများက အမှောင်ထုနှင့် ပေါင်းစပ်သွားသည်ဟု ထင်ရပြီး အမှောင်ထုနှင့်အတူ ဆုတ်ဖြဲခြင်း ခံရသည်။ ကျယ်လောင်စွာ တုန်ဟည်းမြည်ဟည်းသံများ ဆက်တိုက် ပဲ့တင်ထပ်နေ၏။
ဝမ်လင်း၏အသံက တုန်ဟည်းနေစဉ်အတွင်း မြည်ဟိန်းထွက်ပေါ်လာသည်။
“အလင်းမတိုင်ခင် အမှောင်ထုအားလုံး ဖျက်စီးခံရလိမ့်မယ်လို့ ငါ ယုံတယ်…”
“ဒီ သာထွန်းလာတဲ့နေမင်းအောက်မှာ တည်ရှိမှုအားလုံး ဆိတ်ကွယ်ပျောက်ရလိမ့်မယ်လို့ ငါ ယုံတယ်…”
“အလုံးစုံလေဟာနယ်နဲ့ ဗလာကင်းမဲ့မှုဟာလည်း ပြန်လည်မွေးဖွားခြင်းထဲကို ဝင်ရောက်နိုင်စွမ်း မရှိဘူးလို့ ငါ ယုံတယ်…”
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် သူ့ခန္ဓာကိုယ် ပတ်လည်ရှိ နေမင်းသည် မြင့်တက်လာကာ ပို၍ တောက်ပလာပြီး မြားတစ်ရာမှာလည်း ပျက်စီးကုန်၏။ တတိယအကြိမ်မြောက် ဖွဲ့စည်းရန် ပြင်နေသော လက်ချောင်းသည်ပင် တစီစီအသံများနှင့် အနက်ရောင်အခိုးငွေ့များကို ထုတ်လွှတ်လာသည်။
ဝမ်လင်းက မာန်သွင်းကာ လက်ဝေ့ယမ်းလိုက်၏။ နေသာသောညမန္တာန်မှ ဖြစ်ပေါ်သည့် နေမင်းက ရှေ့သို့ တိုးဝေ့ခတ်ကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဝုန်းဒိုင်းကြဲ တိုက်ခိုက်သည်။ ည ဆိတ်ကွယ်ပျောက်သွား၏။ နေမင်းနှင့် ထိပ်တိုက်တွေ့သော ပုံရိပ်တို့သည် ပျက်စီးကုန်သည်။
ပတ်ဝန်းကျင်ရှိ နေအလင်းဓာတ်က ပျောက်ကွယ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။ တူညီသောလမ်းမရှည်အတိုင်း၊ လေနှင့်နှင်းတို့က လောကကို ဖုံးလွှမ်းထားသည့်အတိုင်း ပြန်ရောက်ရှိသွားသည်။
သို့ပေမည့် ဝမ်လင်း၏ဝတ်ရုံတွင် အပေါက်ခုနစ်ခု ရှိနေ၏။ မြားများထဲမှ ခုနစ်ခုက နေမင်းအတွင်း ပျက်စီးသွားခြင်း မရှိဘဲ သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားခဲ့ခြင်းတည်း။
သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် တရွတ်ဆွဲသွား၏။ သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ သည်ချိပ်ပိတ်ထားသော လမ်းမရှည်၏အစွန်းသို့ ထိုးချလိုက်၏။ ထိုလက်သီးချက် ကျရောက်သည့်အခါ လမ်းမရှည်ပတ်လည်ရှိ လေဟာနယ်သည် တွန့်ခေါက်ပုံပျက်လာသည်။
ဒီလမ်းမကို ခြုံလွှမ်းထားသော စက်ဝန်းအသွင်ဒိုင်းကာတစ်ခုလည်း ပေါ်လာလေ၏။ လှိုင်းဂယက်များ ပျောက်ကွယ်သွားသည့်နောက် ဝမ်လင်းသည် ဒီလမ်းမရှည်၏ အပြင်ဘက်တွင် ထိုင်နေသော ဝတ်ရုံနက်ကျင့်ကြံသူတစ်သောင်းကို တွေ့မြင်လိုက်ရပြန်သည်။
ထိုကျင့်ကြံသူများသည် အားတမျိုးဖြင့် အတူတကွယ် ချိတ်ဆက်ထားသည်ဟု ထင်ရသည်။ သူတို့ကိုလည်း ဒီထူးခြားသောအားဖြင့် ဒီနေရာတွင် ချိပ်ပိတ်ထားလေ၏။
“မင်း မလွတ်နိုင်ပါဘူး…” သည်လမ်းတခွင်မှ တည်ငြိမ်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံ ပဲ့တင်ထပ်နေစဉ် ပျက်စီးသွားခဲ့သော လက်ချောင်းက ထပ်မံ ပေါ်လာ၏။
“မင်းကို သတ်ဖို့…ငါဟာ ကလန်ရဲ့ အစွမ်းထက်ဆုံးအင်အားကို စေလွှတ်ခဲ့ပြီးပြီ…”
ထိုအသံ ပဲ့တင်ထပ်နေလျက် လမ်းပေါ်ရှိ လှိုင်းဂယက်များ ပျောက်ကွယ်၏။ ဝမ်လင်း တွေ့မြင်ရသော အပြင်ဘက်လောကမှ ဝေဝါလာပြီးနောက် ၎င်းသည် ဗလာကင်းမဲ့သော လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်လာ၏။
သို့ပေမည့် အပြင်ဘက်ရှိ ထိုပုံရိပ်များ ပျောက်ကွယ်သည့်အခိုက်တွင် ဝမ်လင်းက လူတစ်သောင်းထဲမှ တစ်ရာက ဆေးလုံးတစ်လုံးကို ဝါးမြိုလိုက်သည်ကို တွေ့မြင်၏။ သူတို့၏ခန္ဓာကိုယ်များသည် ပျက်စီးကာ မူလစိတ်ဝိညာဉ်များကဲ့သို့ အခိုးအငွေ့များက ဒီချိပ်ပိတ်ထားသောလမ်းမရှည်ထံ ဦးတည်ပျံသန်းလာသည်။
တချိန်တည်းမှာ လေနှင့်နှင်းကြားတွင် ပုံရိပ်တစ်ရာကျော် ပေါ်လာ၏။ ယင်းတို့ထံမှ အင်ပါယာအတုအဆင့်ကျင့်ကြံခြင်းကို ထုတ်လွှတ်ကာ သူတို့၏အသက်များကို ထည့်မတွက်ဘဲ ဝမ်လင်းထံ တိုးဝင်လာကြသည်။
ဝမ်လင်း၏မျက်လုံးက တည်ငြိမ်နေ၏။ သို့သော် သူ့မျက်လုံးထဲတွင် အလင်းတခု ရိပ်ခနဲ ဖြတ်ပြေးသွားကာ သူသည် သူ့ထံ တရကြမ်း တိုးဝင်လာသော ပုံရိပ်တစ်ရာကို လှမ်းကြည့်၏။ သူ၏အကြည့်က ပြန်ဖွဲ့စည်းကာ နေရာတွင် မလှုပ်မယှက် လွင့်မြောနေသော လက်ချောင်းထံသို့လည်း ကျရောက်သွား၏။
“မင်းတို့က ငါ့ကို မထွက်သွားစေချင်မှတော့ ငါ ဒီနေ့ထွက်မသွားတော့ဘူး။ ဒီမရဏထောင်ချောင်ကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ မင်းတို့အားလုံးကို သတ်ပစ်ဖို့ပဲ။ ငါ အဲ့လိုလုပ်လိုက်ရင် ဒီထောင်ချောက်လည်း ကျိုးပျက်သွားလိမ့်မယ်…”
ဝမ်လင်း၏ဆံပင်ဖြူတိုက စတင်ချဲ့ကားလာ၏။ သူ၏ဆံပင်ရင်းတို့မှာ အနက်ရောင်သို့ပြောင်းလာသည်။ သူ၏ဆံပင်သည် အနက်ရောင်သို့ ပြောင်းနေသည့်အလား။
သူ့မျက်လုံးထံမှ တည်ငြိမ်မှုအတွင်း ရက်စက်မှုအငွေ့အသက် လှစ်ဟပေါ်လာ၏။ ယင်းမျက်လုံးတစုံ၌ မည်သည့်စိတ်ခံစားမှုမျှ ရှိမနေပေ။ ဤအခိုက်၌ ဝမ်လင်းသည် ထာဝရမပျော်နိုင်သော ရေခဲအပိုင်းတစ်ခုအလား။
“အစတုန်းကတော့ ငါ အကြမ်းပတမ်း မသတ်ဖြတ်ချင်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ မင်းတို့အားလုံး ငါ့ရဲ့ သတ်ဖြတ်မှုကို ခံစားလိုက်တော့….”
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ ထို့နောက် ပထမဆုံးအကြိမ်အဖြစ် သူ ထိန်းချုပ်ထားသော သူ၏သတ်ဖြတ်ခြင်းမိုးကြိုးကိုယ်ပွားအား ထိန်းချုပ်မှုကို လွှတ်ပေးလိုက်တော့၏။
ဤသည်မှာ ဝမ်လင်းအနေဖြင့် အတားအဆီးအနှစ်သာရနှင့် အကြွင်းမဲ့အစ အနှစ်သာရတို့ကို ဖြေလျှော့လိုက်ခြင်းတည်း။ ဤသည်က သတ်ဖြတ်ခြင်းနှင့် အကြွင်းမဲ့အဆုံးအနှစ်သာရများကို ပေါက်ကွဲထွက်လာစေတော့သည်။