← Chapters

ဆံပင်နက်ဝမ်လင်း

Vol. 147 Ch. 2034

ဆံပင်နက်ဝမ်လင်း

Vol. 147 Ch. 2034

သတ်ဖြတ်ခြင်းနှင့် ပျက်စီးခြင်းတို့၏ အတူတကွ ဟိန်းမည်သံက သက်ရှိအားလုံးကို မျိုးဖြုတ်ပယ်ရှားမည့် သတ်ဖြတ်သူမိုးကြိုးကို ဖွဲ့စည်းဖြစ်ပေါ်လာစေသည်။

ထိုမိုးကြိုး၌ ဖျက်စီးခြင်း ပါဝင်၏။ ပျက်သုဉ်းခြင်း၏ အုတ်မြစ်လည်း ဟုတ်၏။ ၎င်း၏တည်ရှိမှုသည် လောကရှိ အမှောင်ထုအားလုံး၏ ဇစ်မြစ်တည်း။ သေခြင်းတရားနှင့်ပျက်စီးခြင်းတို့၏ သရုပ်သကန်တည်း။

ဝမ်လင်း မျက်လုံးဖွင့်လာသည့်အခါ ယင်း၌ အလင်းဓာတ်ဟူ၍ မရှိတော့ပေ။ သူ့မျက်လုံးတို့မှာ လုံးဝ နက်မှောင်နေ၏။ အမှောင်ထုက သူ၏မျက်လုံးသူငယ်အိမ်ကို အစားထိုးထားသည်။ သူ့ဆံပင်မှာလည်း လုံးဝ မည်းနက်လာသည်။

ရှည်လျားသော အနက်ရောင်ဆံပင်နှင့် မျက်လုံးနက်။

“ငါ့ခုလက်ရှိ အခြေအနေနဲ့ဆို အင်ပါယာစမ်းသပ်ကွင်းမှာ ပထမဆုံးနန်းတော်ကို ဖြတ်ကျော်နိုင်မလား ငါ သိချင်မိတယ်…”  ဝမ်လင်း၏ပါးစပ်ထောင့်တွင် အပြုံးတစ်ခု တွဲခိုလာသည်။ သို့သော် ထိုအပြုံးကို တွေ့မြင်သူတိုင်းမှာ ကျောစိမ့်သွားပေလိမ့်မည်။

ယင်းကား ပျော်ရွှင်ခြင်းအပြုံးမဟုတ်၊ ကြမ်းကြုတ်ရက်စက်သောအပြုံးတစ်ခု မည်၏။

အင်ပါယာအတုဟိုင်းဇီက ဝမ်လင်း၏အပြုံးကို အကွာအဝေးတစ်ခုမှ လှမ်းမြင်သည့်အခါ သူမ၏ခန္ဓာကိုယ်တခုလုံး အေးစက်သွား၏။ သူမ သိသော ဝမ်လင်းက လုံးဝ တစိမ်းတယောက် ဖြစ်သွားသလိုမျိုး ခံစားမိလိုက်ရ၏။

ဆံပင်နက်ဖြင့်ဝမ်လင်းက သူမကို အဆုံးစွန်ကြောက်ရွှံ့မှုအား ဖြစ်စေ၏။ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ နောက်သို့ ခြေလှမ်းများ ဆုတ်မိသွား၏။

လေဟာနယ်တွင်းမှ ပေါ်လာသော လက်ချောင်းက တဖြည်းဖြည်း သွေ့ခြောက်သွား၏။ လေဟာနယ်အတွင်း၌ တုန်လှုပ်နေသော မျက်လုံးတစုံ ရှိနေသည့်အလား။

“သတ်ဖြတ်ပွဲ စတင်ကြတာပေါ့…”  ဝမ်လင်းက လေထဲသို့ ခုန်တက်လိုက်၏။ ကျယ်လောင်စွာ တုန်ဟည်းမြည်သံ သူ့ထံမှ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော မိုးကြိုးတန်းများက ဝမ်လင်းပတ်လည်တွင် ပေါ်လာ၏။ သူက ကောင်းကင်ထက်သို့ မာန်သွင်းကာ သူ့ထံတိုးဝင်လာသော ပုံရိပ်များဆီ တဟုန်ထိုး ဦးတည်လေ၏။

ထိုပုံရိပ်ရာချီသည် ပုံမှန်အားဖြင့် အကြောက်တရားကို ခံစားမိကြလိမ့်မည် မဟုတ်ပါ။ သူတို့သည် မရဏကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့၏ ရည်ရွယ်ချက်က သူတို့၏ တာဝန်ကို ပြီးမြောက်ဖို့ အသက်စတေးကြမည့်သူများပင်။ သူတို့၏စိတ်ခံစားချက်များပင် ဖိနှိပ်ခံထားရကာ အားလုံးနီးပါး ဖယ်ရှားပက်သယ်ခံထားရ၏။

သို့သော် ထိုအခိုက်တွင် သူတို့သည် ဆံပင်နက်ဝမ်လင်း၏ မာန်သွင်းသံကို ကြားသည့်အခါ သူတို့၏စိတ်နှလုံးများ တုန်ယင်ကုန်၏။ သို့သော် သူတို့က နောက်ဆုတ်မည့်လမ်း မရှိပေ။ ထို့ကြောင့် သူတို့က အတူတကွ ဝမ်လင်းထံ တိုးဝင်လာလေ၏။

ဆံပင်နက်ဝမ်လင်း၏အပြုံးက ရက်စက်ကြမ်းကြုတ်ဟန် လှစ်ဟပေါ်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နေသည်။ သူ ရှေ့သို့ ဆက်တိုးလာစဉ် သူက ထိုသူများနှင့် နီးကပ်လာ၏။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးနက်က ပိုက်ကွန်အသွင် ဖွဲ့စည်းလေသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ရှေ့ဆုံးမှ လူဒါဇင်ချီက မိုးကြိုးပိုက်ကွန် နီးကပ်လာသည့်အခါ ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်ကြ၏။ ထိုဖောက်ခွဲအားသည် မိုးကြိုးပိုက်ကွန်နှင့် ထိပ်တိုက်တွေ့သည်။

သို့သော် ထူးဆန်းသည်မျာ ထိုအားသည် လောကကို ဖျက်စီးနိုင်သော်လည်း ဒီပိုက်ကွန်ရှေ့တွင်မူ ကြေမွလွယ်လွန်းသွားသည်။ မိုးကြိုးပိုက်ကွန်က မရေမတွက်နိုင်သော မိုးကြိုးပိုက်ကွန်များအဖြစ်သို့ ပြန့်ကြဲကာ ရှေ့သို့ ထိုးတက်သွားသည်။

ယင်းမိုးကြိုးနှင့် ထိမိသော လူတိုင်းသည် တုန်ယင်ကာ သူတို့၏ခန္ဓာကိုယ်များက တစစီ ဖြစ်ကုန်၏။

ဝမ်လင်းက လျှောက်လှမ်းလာ၏။ သူသည် ထိုလူရာချီကို ရင်ဆိုင်နေရစဉ် မိုးကြိုးက သူ၏ခန္ဓာကိုယ်မှ ဆက်တိုက် ပျံ့လွင့်နေ၏။ သူ့ထံ တိုးဝင်လာသော လူတိုင်းက ဖျက်စီးခံလိုက်ရချေပြီ။

သူက အမြန်ဆုံး ရွှေ့လျားကာ ပုံရိပ်တစ်ခု၏နောက်တွင် ချက်ခြင်း ပေါ်လာ၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုပုံရိပ်ထံ လက်ညွှန်လိုက်သည်။ မိုးကြိုးနက်က ထိုးတက်သွားကာ ထိုကျင့်ကြံသူသည် တုန်ယင်လျက် ပေါက်ကွဲထွက်သွားတော့သည်။

ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူက ဆက်တိုက်သတ်ဖြတ်နေသည်။ သူသည် ဒဏ်ရာရရှိခြင်း၊ မောပန်းခြင်းတို့ကို မခံစားရတော့သည့်အလား။ ထိုသူများ၏ ကိုယ့်ကိုကိုယ်ဖျက်စီးခြင်းစွမ်းအားက သူ့ကို တရစပ် ထိုးနှက်တိုက်ခိုက်နေ၏။ သို့သော် ယင်းအားတို့က သူ့ကို တစက်လေးပင် ရပ်တန့်မသွားစေပေ။

အချိန်တိုအတွင်း ပုံရိပ်တစ်ဝက်ကျော်သည် ဝမ်လင်း၏မိုးကြိုးကြောင့် သေဆုံးကုန်ကြ၏။ ကျန်သည့်သူများမှာလည်း တစုံတစ်ယောက်က ချည်နှောင်ခြင်းအစီအရင်ဟု အော်ဟစ်လိုက်သည့်အခါတွင် အတူတကွယ် စုဝေးကာ အစီအရင်တစ်ခုကို ဖွဲ့စည်းကြ၏။ မြေပြင်ထုမှာ တဝုန်းဝုန်း တုန်ခါ၏။ စွမ်းအင်များ အောက်ဘက်မှ ပေါက်ကွဲထွက်လာဟန် ထင်ရသည်။ ထိုလူတို့သည် ဧရာမလက်ဝါးတစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုလက်ဝါးက အနက်ရောင်ရှိကာ ဝမ်လင်းထံ တိုက်ရိုက်ဆန့်တန်းလာသည်။

ဝမ်လင်းက တစက်လေးမျှ မရပ်တန့်ပေ။ သူက သူ့လက်ကို ပင့်မြှောက်လိုက်ရာ အနက်ရောင်မိုးကြိုးတန်းများ ပေါ်လာချေ၏။ အဖျက်အစီးအားနှင့် သတ်ဖြတ်ခြင်းတို့က အခိုးအငွေ့များအသွင် ဝမ်လင်းကို ဖုံးလွှမ်း၏။ ယင်းတို့က လက်ဝါးထံ တရှိန်ထိုး ဦးတည်သွား၏။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

ထိုလက်ဝါးချက်က ရုတ်တရက် ပျက်စီးသွား၏။ အတွင်းရှိ လူရာချီသည် သေဆုံးကုန်သည်။ ဝမ်လင်း လှမ်းထွက်လာသည့်အခါ၌ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သို့သော် သူ၏မျက်လုံးထဲရှိ ရူးသွပ်မှုက ပို၍ အားကောင်းပြင်းထန်လာသည်။ သူ ရှေ့သို့ ခြေလှမ်းလိုက်စဉ် သူ့ရှေ့ရှိ လေဟာနယ်တွင် လှိုင်းဂယက်များပေါ်လာ၏။ ပျောက်ကွယ်သွားခဲ့သော လက်ချောင်းက ရုတ်တရက် ပြန်ပေါ်လာခြင်းတည်း။ ၎င်းက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လာသည်။

“တည်ရှိမှုတိုင်းဟာ ဗလာနတ္တိ ဖြစ်သွားလိမ့်မယ်…”  ထိုလက်ချောင်း ကျရောက်လာသည့်အခါ ဆန်းကြယ်သည့်အသံတစ်သံ ပဲ့တင်ထပ်သည်။

သို့သော် ထိုလက်ချောင်း၏အောက်တွင် ဝမ်လင်းက ရုတ်တရက် မော့ကြည့်လာ၏။ သူ၏မျက်လုံးထဲရှိ ရူးသွပ်မှုက ပို၍ပင် အားကောင်းလာ၏။ လွင့်ပြယ်မည့် အရိပ်အယောင်လုံးဝ မရှိပေ။

“တည်ရှိမှုအားလုံးကို ဗလာနတ္တိြဖစ်အောင် ဖျက်စီးတာ။ မင်းရဲ့ စွမ်းအားလောက်နဲ့ ငါ့ကို ပျောက်ကွယ်သွားအောင် လုပ်ဝံ့တယ်လား…”   ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ကာ လက်သီးတလုံး ပစ်သွင်း၏။ ထိုလက်သီးချက်နှင့်အတူ လှိုင်းဂယက်များစွာ လေဟာနယ်တွင် ပေါ်လာကာ ခပ်ဖျော့ဖျော့၊ ခပ်တိုးတိုး ငြီးငြူသံတစ်သံ ပဲ့တင်ထပ်သည်။ တစုံတစ်ယောက်က ဒဏ်ရာရသွားသကဲ့သို့ပင်။ ဝမ်လင်းကို ညွှန်ထားသောလက်ချောင်းက ချက်ခြင်း ပျက်စီးသွား၏။

ထိုလက်ချောင်း ပျောက်ကွယ်သွားရုံ ရှိသေး ဝိုးတဝါးပုံရိပ်ထောင်ချီသည် လမ်းဘေးဝဲယာနှစ်ဖက်တွင် ပေါ်လာ၏။ ယင်းတို့ ပေါ်လာသည့်နောက် ဝမ်လင်းထံ တိုးဝင်လာကြပြန်သည်။

သူ့မျက်နှာထက်ရှိ အပြုံးမှာလည်း ပို၍ အားကောင်းလာသလို သူ့မျက်လုံးထဲရှိ ရူးသွပ်မှုကလည်း ကြောက်မက်ဖွယ်ကောင်းလာ၏။ သူက တဖက်သို့ လှည့်လိုက်၏။ သူ၏ဆံပင်နက်တို့မှာ ပို၍ပင် ရှည်လျားလာသည်။ သူ့ဆံပင်သည် မရေမတွက်နိုင်သော အမျှင်တန်းများအဖြစ်သို့ ကွဲထွက်ကာ အဘက်ဘက်သို့ ပျံ့၍ တိုးဝင်လာသော ပုံရိပ်ထောင်ချီထံ ထိမိလေ၏။

ကျယ်လောင်စွာ ဝုန်းဒိုင်းသံများ ပဲ့တင်ထပ်ကုန်၏။ ထိုပုံရိပ်ထောင်ချီသည် ဒီဆံပင်နက်ဖြင့် ထိမိသည်နှင့် သူတို့ကိုယ်သူတို့ ဖောက်ခွဲရန် ဆုံးဖြတ်လိုက်ကြ၏။ ဤသည်က ဖျက်စီးခြင်းဝဲကတော့တစ်ခုကို ဖြစ်စေကာ ဝမ်လင်းထံ ကျရောက်လာသည်။

တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်နေလျက် ဝမ်လင်းက သွေးများစွာ အန်ထုတ်လိုက်ရ၏။ သို့သော် ဝုန်းဒိုင်းကြဲတိုက်ခိုက်မှု၊ တရစပ်တိုက်ခိုက်မှုတို့ကို ဝမ်လင်းပတ်လည်ရှိ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းမိုးကြိုးတို့က ခုခံလေသည်။

လမ်းပေါ်တွင် ပုံရိပ်ထောင်ချီ ထပ်မံပေါ်လာပြန်၏။ နောက်ထပ် လူထောင်ချီကလည်း သူတို့နောက်တွင် ပေါ်လာပြန်သည်။ သူတို့က သည်ထောင်ချောက်ကို အောင်မြင်ရန် လုပ်ကြမည့် စိတ်သဘောထားရှိနေ၏။

ဝမ်လင်း၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူက ကောင်းကင်ထက်သို့ မာန်သွင်းကာ အော်ဟစ်၏။ သူ့ညာလက်ဖြင့် သူ၏ရင်ဘက်မှ တစုံတစ်ခုကို ဖမ်းဆုပ်ကိုင်လိုက်သည်။

“ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်၊ ထွက်လာခဲ့စမ်း…”  မာန်သွင်းကာ ဝမ်လင်းက သူ့ညာလက်ဖြင့် ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ကို ဆွဲငင်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ထိုစိတ်ဝိညာဉ်ချပ်ဝတ် ဆက်မရှိတော့ပေ။ သူက ထိုချပ်ဝတ်ကို ဆွဲယူပြီးနောက် သူ၏မျက်လုံးထဲရှိ ရူးသွပ်မှုက ပျောက်ကွယ်သွားကာ သေလောက်အောင်တည်ငြိမ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် သူ့မျက်နှာထက်တွင်မူ ရက်စက်သောအပြုံးက ရှိလို့နေဆဲပင်။

စိတ်ဝိညာဉ်ချပ်ဝတ်ကို ဆုံးရှုံးသွားသည့်နောက် ဆံပင်နက်ဝမ်လင်း၏ကျင့်ကြံမှုက လျော့ကျသွား၏။ သို့သော် သူ၏သတ်ဖြတ်ခြင်းအငွေ့အသက်တို့က ဆထက်ထပိုး တိုးပွားလာ၏။ အသက်အနည်းငယ်ရှိုက်စာအတွင်းမှာ ဝမ်လင်းပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များသည် ပို၍ပင် သိပ်သည်းလာတော့သည်။ သူက လူထောင်ချီထံ တရကြမ်း ဦးတည်လေ၏။

သတ်ဖြတ်ပွဲက ဆက်တိုက်ဖြစ်လာနေ၏။ အင်ပါယာအတုဟိုင်းဇီ၏ စိတ်နှလုံးမှာ တုန်ယင်မိနေသည်။ ဝမ်လင်းကား မကောင်းဆိုးဝါးနတ်ဘုရားအလား။ သူ သတ်ပစ်သော လူတိုင်းအတွက် သူ့ပတ်လည်တွင် နောက်ထပ် သတ်ဖြတ်ခြင်းအမျှင်တန်းတစ်ခု ပေါ်လာနေသည်။

ဝမ်လင်းက လူများကို ပို၍ သတ်ဖြတ်လေလေ ဟိုင်းဇီအဖို့ ဝမ်လင်းကို ပို၍ စိမ်းသလို ဖြစ်လာလေပင်။

သည်ရူးသွပ်ဖွယ် သတ်ဖြတ်ခြင်းအတွင်း၌ ခန္ဓာကိုယ်ထောင်ချီသည် တခဏအတွင်း အပိုင်းပိုင်း ဖြစ်ရ၏။ ဝမ်လင်း၏ ခန္ဓာကိုယ်သည် အဆုံးမဲ့ အနက်ရောင်အခိုးငွေ့များဖြင့် ဝန်းရံနေ၏။ သူ၏ခန္ဓာကိုယ်ကိုပင် မတွေ့မြင်နိုင်ရတော့ပေ။

ထိုအခိုက်တွင် ပျောက်ကွယ်သွားသော လက်ချောင်းက ဝမ်လင်းပတ်လည်တွင် အနက်ရောင်အခိုးငွေ့များအပြင်ဘက်တွင် ပေါ်လာကာ သူ့ထံ ကြမ်းတမ်းစွာ လက်ညွှန်လာ၏။ သို့‌သော် ထိုလက်ချောင်း ကျရောက်မလာခင်မှာပင် ဝမ်လင်းက ရယ်မောကာ ၎င်းကို ဖမ်းဆုပ်၍ ကြမ်းတမ်းစွာ ဆွဲယူပစ်လိုက်သည်။

ထိုအခါ လက်မောင်းတဝက် ဆွဲထုတ်ခြင်း ခံရ၏။

“ငါ့အတွက် ထွက်လာခဲ့စမ်း…”  ဝမ်လင်းက ထိုလက်ကို ဆွဲငင်ယူကာ အော်ဟစ်လိုက်၏။ လောကသည် တဖန်တုန်ယင်ကာ ယင်းလက်သည် ပျက်စီးသွားတော့သည်။ လေဟာနယ်အတွင်းမှ ခပ်အုတ်အုတ် ငြီးသံတစ်သံ ထွက်ပေါ်လာသည်။

“လူတိုင်းပဲ။ ဒီနေရာကို ဝင်လာပြီး ဒီလူ့ကို သတ်ကြ…”  သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အသံတစ်သံ လေဟာနယ်ထဲမှ ထွက်ပေါ်လာ၏။

ထိုအသံ ပဲ့တင်ထပ်လာစဉ် ပုံရိပ်များစွာသည် လမ်းဘေးဝဲယာတွင် လျင်မြန်စွာ ပေါ်လာကြ၏။ ပုံရိပ်တစ်သောင်းလောက် ထွက်ပေါ်လာခဲ့ပေသည်။ သူတို့အားလုံးက အင်ပါယာအတုဟိုင်းဇီကို လစ်လျူရှုကာ ဝမ်လင်းထံ တိုးဝင်လာကြ၏။

ဆံပင်နက်ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ ခုခါ၌ သူ့ကို အနက်ရောင်အခိုးငွေ့များစွာ ဝန်းရံထား၏။ သူ၏မျက်လုံးထဲရှိ မရဏတရားက သူ့မျက်နှာထက်ရှိ ရက်စက်သောအပြုံးနှင့် စတင်ချိတ်ဆက်၏။ သူက သူ့လက်ကို ပင့်မြှောက်ကာ သူ့နှဖူးကိုယ်သူ ကြမ်းတမ်းစွာ ရိုက်ချလိုက်၏။

“ဒြပ်စင်ငါးခုခန္ဓာကိုယ် ထွက်လာခဲ့စမ်း…” ထိုအခါ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်ဖြင့် ထပ်နေသော အရိပ်တစ်ခု ပေါ်လာ၏။ သူ၏ဒြပ်စင်ငါးခုခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်ကနေ ကန်ထွက်လာ၏။

ထိုခန္ဓာကိုယ် ကန်ထွက်လာသည့်အခါ ၎င်း၏အမူအရာက အတော့်ကို အလေးအနက် ဖြစ်နေ၏။ သူက အင်ပါယာအတုဟိုင်းဇီဘေးနားတွင် ပေါ်လာကာ လှမ်းကြည့်လိုက်၏။

ယင်းဒြပ်စင်ငါးခုခန္ဓာကိုယ်ကို ဆုံးရှုံးသွားသည့်နောက် ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က  လျှော့ကျသွားပြန်၏။ သို့သော် သူ့ပတ်လည်ရှိ သတ်ဖြတ်ခြင်းအော်ရာကမူ ပို၍ သန့်စင်လာသည်။

“အတားအဆီးအနှစ်သာရ…ထွက်လာခဲ့စမ်း…”

“အကြွင်းမဲ့စတင်ခြင်းအနှစ်သာရ…ထွက်လာခဲ့စမ်း…”

“မိုးကြိုးအနှစ်သာရ…ထွက်လာခဲ့စမ်း…”  ဆံပင်နက်ဝမ်လင်းက ထိုသို့ ဆက်တိုက် မာန်သွင်းအော်ဟစ်စဉ် သူ၏အနှစ်သာရများသည် သူ့ခန္ဓာကိုယ်မှ ကန်ထွက်လာ၏

ထိုအခိုက်တွင် ပုံရိပ်တစ်သောင်းသည် နီးကပ်လာကြလေပြီ။ အနက်ရောင်အခိုးငွေ့များအတွင်း၌ ဝမ်လင်းက ခေါင်းမော့လာ၏။ သူ၏မျက်လုံးထဲရှိ မရဏအငွေ့အသက်ကတော့ အတူတူပင်။ သို့သော် ရက်စက်သောအပြုံးကမူ အတော်လေး လျော့ပါးသွား၏။ သူက ထိုသူများထံ ဦးတည်ကာ သတ်ဖြတ်ပွဲကို စတင်တော့လေ၏။

ကျယ်လောင်စွာ တုန်ဟည်းသံများ ဆက်တိုက်ပင်။ တအောင့်အကြာ၌ ဝမ်လင်းသည် နောက်ပြန်ဆုတ်ရကာ သွေးအန်လိုက်ရသည်။ သူက သူ့ခန္ဓာကိုယ်သည် ကျိုးပျက်တော့မလို ခံစားမိနေရ၏။ သူ မည်မျှသန်မာပါစေ ထိုလူတစ်သောင်း၏ တိုက်ခိုက်မှုများကြား၌ ရှင်သန်နိုင်ပါ့မည်လော။

“သေခြင်းနဲ့ရှင်ခြင်း၊ ကံမ္မ၊ အမှန်အမှား…ဒီအနှစ်သာရတွေပါ ထွက်လာခဲ့စမ်း…”  ဆံပင်နက်ဝမ်လင်းက မာန်သွင်းကာ ထိုသို့ အော်ဟစ်၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ့ ဆန်းကြယ်အနှစ်သာရသုံးခုပါ သူ့ခန္ဓာကိုယ်ကနေ ကန်ထွက်လာ၏။

ဤအခိုက်တွင် ဆံပင်နက်ဝမ်လင်းတွင် သတ်ဖြတ်ခြင်းနှင့် အကြွင်းမဲ့အဆုံးအနှစ်သာရနှစ်ခုသာ ပိုင်ဆိုင်ထားလေတော့၏။ ဤသည်မှာ အနှစ်သာရခန္ဓာကိုယ်များ မဟုတ်ကြဘဲ သူ၏မူလခန္ဓာကိုယ်သပ်သပ်သာ ဖြစ်လေ၏။

ဝမ်လင်း၏ပတ်လည်ရှိ အနက်ရောင်အခိုးငွေ့များသည် သူ့ကို ဝတ်ရုံနက်အဖြစ်သို့ ပြောင်း၍ ခြုံလွှမ်းသည်။ သူ့ဆံပင်တို့က လုံးဝ နက်မှောင်လာသည်။ သူ၏မျက်လုံးထဲတွင် မရဏတရားနှင့် ပြည့်နှက်ကာ သူ့မျက်နှာထက်ရှိ ရက်စက်သောအပြုံးကမူ ဆက်လက် မရှိတော့ပေ။ သူသည် သေခြင်း၏ပြယုဒ်တစ်ခုကဲ့သို့ ဖြစ်လာလေ၏။

သူသည် သူ့ထံ တရကြမ်း တိုးဝင်လာသော လူတစ်သောင်းကို တည်ငြိမ်စွာ ကြည့်၏။ ထို့နောက် မျက်လုံး မှိတ်လိုက်သည်။ သူ မျက်လုံးမှိတ်လိုက်ချိန်တွင် ထိုသူများက တုန်ယင်သွားကြ၏။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ ထိုသူတို့အားလုံးသည် သူ့ရှေ့မှ ပျောက်ကွယ်သွားတော့သည်။

သည်လမ်းမရှည်၊ လမ်းဘေးဝဲယာရှိ အိမ်များသည်ပါ ပျောက်ကွယ်သွားကြ၏။ ယင်းတို့အားလုံးက အပျက်အစီးပုံ ဖြစ်သွားတော့သည်။ ကျဆင်းနေသော နှင်းပွင့်များသည်ပင် အနက်ရောင်သို့ ပြောင်းကုန်၏။

“ကောင်းကင်နဲ့မြေကြီးအောက်မှာ ရှိတဲ့ စိတ်ဝိညာဉ်အားလုံးဟာ နတ်ဘုရားပြစ်ဒဏ်ကို ခံစားရမယ်။ စစ်မှန်တဲ့တာအိုလမ်းစဉ်ကို လျှောက်ပါ…”

ဝမ်လင်းသည် ခပ်တိုးတိုးရေရွတ်ကာ သူ့ညာလက်ကို ပင့်မြှောက်၍ သူ့ဘေးတွင် ရုတ်တရက် ပေါ်လာသော လက်ချောင်းကို ဖမ်းယူလိုက်၏။ ထို့နောက် သူက ၎င်းကို ခပ်ဖွဖွ ညှစ်ချေလိုက်သည်။

အက်သံထွက်ပေါ်လာခြင်းနှင့်အတူ ထိုလက်ချောင်းသည် ကြေမွသွား၏။ လေဟာနယ်အတွင်းမှ အဖြူရောင်အလင်း ထုတ်လွှတ်နေသော ပုံရိပ်တစ်ခုမှာလည်း ဆွဲထုတ်ယူခြင်း ခံလိုက်ရ၏။

“သင်က အင်ပါယာဆရာသခင် မဟုတ်ဘူး…”  ဝမ်လင်းသည် ထိုအဖြူရောင်အလင်း ထုတ်လွှတ်နေသော ပုံရိပ်ကို မကြည့်ပေ။ သူက သူ့ညာလက်ကို ပြန်ဖြေလျှော့လိုက်ပြီး ထိုပုံရိပ်၏ လည်တိုင်ကို တိုက်ရိုက်ဖမ်းဆုပ်ကာ ထပ်မံ ညှစ်လိုက်၏။

ထိုပုံရိပ်သည် အပြင်းအထန် တုန်ယင်၍ ရုတ်တရက် ပျက်စီးသွားတော့သည်။

“နင်…နင်က ဝမ်လင်း မဟုတ်ဘူး။ နင် ဘယ်သူလဲ…” အင်ပါယာအတုဟိုင်းဇီ၏ ထိတ်လန့်တကြားအသံ ထွက်ပေါ်လာချေသည်။

ဆံပင်နက်ဝမ်လင်းက တဖက်သို့ လှည့်ကာ ဟိုင်းဇီကို အေးစက်စက်ကြည့်၍ လှမ်းလာလေ၏။

All Chapters