ဟိုင်းဇီ၏ ငြိမ်သက်သွားမှု
Vol. 147 Ch. 2035
“နင်…နင် ဘယ်သူလဲ…” အင်ပါယာအတုဟိုင်းဇီ၏မျက်နှာသည် အလွန်အမင်း ဖြူရောနေ၏။ သူမ၏လှပသော မျက်လုံးထဲတွင် အတိုင်းမသိ ကြောက်ရွှံ့မှု ပြည့်နေသည်။ ဝမ်လင်း လှမ်းလာသည့်အခါ သူမက နောက်သို့ အလိုလို ဆုတ်မိ၏။
“ဝမ်လင်းလား။ ငါ့ကို ဝမ်လင်းလို့ မခေါ်ဘူး။ ငါ့နာမည်က သတ်ဖြတ်သူသာ ဖြစ်သင့်တယ်…” ဆံပင်နက်ဝမ်လင်းက ဟိုင်းဇီထံ ဖြည်းဖြည်းချင်း လျှောက်လာ၏။ သူ၏အသွင်အပြင်က အေးစက်နေ၏။ မည်သည့်စိတ်ခံစားချက်မျှ ရှိမနေပေ။
ဝမ်လင်း၏ ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်က အလေးအနက်အသွင်ဖြင့် ရှိနေ၏။ သူက ဟိုင်းဇီ၏ဘေးတွင် ရှိနေသည်။ သူ့ပတ်လည်တွင်မူ မိုးကြိုးအနှစ်သာရ၊ အကြွင်းမဲ့စတင်ခြင်းအနှစ်သာရနှင့် ဆန်းကြယ်အနှစ်သာရသုံးခုတို့ ရှိနေ၏။ ထိုအနှစ်သာရများက စုပေါင်းကာ ဆံပင်နက်ဝမ်လင်းကို ခုခံမည့်အလား။
“သတ်ဖြတ်သူဟာ လောကထဲ ဆင်းသက်လာပြီး အလင်းအားလုံးကို အစားထိုးပြီး ဖျက်စီးခြင်း ဖြစ်လာမယ်။ သက်ရှိအားလုံးဟာ အတိုင်းမသိ ခံစားရစေမယ်…”
ဝမ်လင်း၏ ဒြပ်စင်ငါးခုခန္ဓာကိုယ် ရှေ့သို့ လှမ်းသွားစဉ် အင်ပါယာအတုဟိုင်းဇီက ကြောက်လန့်တကြား နောက်ဆုတ်၏။ ထိုခန္ဓာကိုယ်က ဝမ်လင်း၏ အနှစ်သာရများစွာကို ကိုယ်စားပြုကာ ဆံပင်နက်ဝမ်လင်းနှင့် ရင်ဆိုင်၏။
“မင်းက ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်နဲ့ အနှစ်သာရတွေကိုပဲ ပိုင်ဆိုင်ထားရုံပဲ။ မင်း ငါ့ကို တားချင်တာလား…” ဆံပင်နက်ဝမ်လင်းက ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ကို ကြည့်၏။
“ငါ ထွက်ပေါ်လာခဲ့ပြီးရင် ငါဟာ သတ်ဖြတ်ခြင်းနဲ့ဖျက်စီးခြင်း မပြီးမြောက်ခင် ပြန်လှည့်မှာ မဟုတ်ဘူး။ မင်း…ပျောက်ကွယ်သွားလိုက်တော့…”
ဆံပင်နက်ဝမ်လင်းက ဒြပ်စင်ငါးခုခန္ဓာကိုယ်ထံ လက်ဝေ့ယမ်း၏။
ထိုလက်ဝေ့ယမ်းမှုနှင့်အတူ ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်သည် ရုန်းကန်ဟန် ပြု၏။ သို့သော် သူက ချက်ခြင်း ပျက်စီးသွား၏။ ထိုဒြပ်စင်ငါးခုခန္ဓာကိုယ်သည် ဒြပ်စင်ငါးခုအဖြစ်သို့ ပြန်ပြောင်းသွားကာ ဆံပင်နက်ဝမ်လင်း၏ ညာလက်ထံ ဦးတည်ပျံသန်းလာပြီးနောက် ပျောက်ကွယ်သွားတော့သည်။
“အခု မင်း ဘယ်သူလဲ ငါ့ကို ပြောပါ…” ဆံပင်နက်ဝမ်လင်းက ဟိုင်းဇီ၏ရှေ့တွင် ရပ်လိုက်ကာ သူမကို ကြည့်၏။ သူ၏အသံက အေးစက်နေ၏။ သတ်ဖြတ်လိုစိတ်လည်း ပါဝင်နေသည်။
ဟိုင်းဇီ၏မျက်နှာမှာ ဖြူရောနေ၏။ သူမက တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် အဆုံးသပ်တွင်တော့ သူမက မည်သို့မျှ မဆိုလာခဲ့ပေ။
“ကျိုးသဲက ငါ့ကို အင်ပါယာတောင်ရှိ မဖိတ်ခေါ်ခဲ့ဘူး။ အဲ့လို မဟုတ်လား…”
“ဒီထောင်ချောက်က နင့်ကို တည်ကြက်အဖြစ် အသုံးပြုပြီး ငါ့ကို ဖျားယောင်းခဲ့တာပဲ။ အဲ့လို မဟုတ်လား…”
“အင်ပါယာအတုဟိုင်းဇီ…နင့်နောက်ခံဟာ မဟာအင်ပါယာကျိုးသဲရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့အပြင် အင်ပါယာဆရာသခင်ကလန်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေလောက်တယ်။ အဲ့လို မဟုတ်လား…”
“အတိတ်တုန်းက တောင်ပင်လယ်မှာတုန်းက ကျိုးပျက်လက်ဝါးဟာ ရူးသွပ်သွားခဲ့တာ မဟုတ်ဘူး။ သူက နင့်ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာ၊ ဘာလို့လဲဆိုတော့ နင်နဲ့ ငါက တူတူမလို့ပဲ။ ငါတို့နှစ်ယောက်လုံးဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက မဟုတ်ဘူး။ ငါက လှိုဏ်ဂူလောကကနေ လာခဲ့တာ ဖြစ်ပြီး နင်ကတော့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ အပြင်ဘက်က လာခဲ့တဲ့သူ ဖြစ်ရမယ်…”
“ဒါ့ကြောင့် အင်ပါယာဆရာသခင်ရဲ့ ကလန်ဟာလည်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ အပြင်ဘက်က လာခဲ့တာ ဖြစ်ရမယ်…”
ဆံပင်နက်ဝမ်လင်းက တည်ငြိမ်စွာ ဆို၏။ သူ၏စကားလုံးတိုင်းက ဟိုင်းဇီ၏မျက်နှာကို ပိုပို၍ ဖြူဖပ်ဖြူရော ဖြစ်လာစေသည်။ သူမက အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ဝမ်လင်းထံ မော့ကြည့်လာသည်။
“ငါ့မူလခန္ဓာကိုယ်ဟာ နည်းနည်းပျော့တယ်။ သူဟာ ဒီအချက်ကို ဖြတ်မြင်သင့်ခဲ့တယ်။ ဒါပေမဲ့ သူဟာ ဒါကို မယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်…” ဆံပင်နက်ဝမ်လင်းက ခေါင်းယမ်း၏။ သူ၏အကြည့်က နှလုံးသားကင်းမဲ့ကာ သူက ညာလက်ကို ပင့်မြှောက်ပြီး ဟိုင်းဇီထံ ရိုက်ချလိုက်လေ၏။
သူသည် သူမကို သတ်ရပေတော့မည်။
ထိုလက်ဝါးချက်က အင်ပါယာအတုဟိုင်းဇီ၏ ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့ကို ဖျက်စီးပစ်ဖို့ရာ လုံလောက်ပေသည်။
ဟိုင်းဇီက မရှောင်ပေ။ သူမက မျက်လုံးမှိတ်လိုက်၏။ သူမ၏မျက်လုံးထောင့်မှ မျက်ရည်စများ စီးကျလာသည်။ သူမက မည်သည်ကိုမျှ မရှင်းပြတော့ပါ။
ထိုလက်ဝါးချက်က ဟိုင်းဇီထံ နီးကပ်လာ၏။ သူမနှင့် သုံးလက်မပင် မကွာတော့ပေ။ သူမသည် ဖျက်စီးခံရပေတော့မည်။ ထိုအခိုက်တွင် ဟိုင်းဇီ၏နောက်မှ လောကကို ချိုးဖျက်သောအားတစ်ခု ပေါ်လာလေသည်။ ထိုအားက ခါးကိုင်းသောပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းကာ အဘိုးအိုတစ်ယောက်၏ပုံရိပ်နှင့် တူ၏။ သူ့ဘယ်လက်ဖြင့် ဟိုင်းဇီကို ဆွဲခေါ်လိုက်ပြီး တချိန်တည်းမှာ သူ့ညာလက်ဖြင့် ဝမ်လင်း၏လက်ဝါးချက်ကို ရင်ဆိုင်လိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ ဆံပင်နက်ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ နောက်သို့ လွင့်သွားသည်။ သူ၏ခန္ဓာကိုယ်တွင်း၌ တစီစီအသံများ ထွက်ပေါ်လာ၏။ ခြေလှမ်းခုနစ်လှမ်းခန့် ဆုတ်လိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ်သည် အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပျက်စီး၏။ သို့သော် ချက်ခြင်း ပြန်ဖွဲ့စည်းသွားသည်။
ဆံပင်နက်ဝမ်လင်းက ကိုးလှမ်းမြောက်တွင် ရပ်တန့်သွား၏။ သူ၏အမူအရာက ပုံမှန်အတိုင်းသာ။ သူသည် တစက်လေးမျှ အံ့အားမသင့်သွားခဲ့ပေ။ သူသည် ဟိုင်းဇီကို ကယ်တင်လိုက်သော အဘိုးအိုကို အေးစက်စက် စိုက်ကြည့်လိုက်၏။
“ကျိုးသဲ…”
ထိုအဘိုးအိုက မဟာအင်ပါယာကျိုးသဲပင်။ သူ၏အမူအရာက အလေးအနက် ဖြစ်နေ၏။ ဟိုင်းဇီကို ကယ်တင်ပေးပြီးနောက် သူက ဝမ်လင်းကို ကြည့်၏။
ဆံပင်နက်ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီထောင်ချောက်ထဲမှာ အင်ပါယာဆရာသခင်ရဲ့ စွမ်းအားအပြင် သင်လည်း ပါဝင်နေတယ်မလား…”
“ဖျက်စီးခြင်းနဲ့ သတ်ဖြတ်ခြင်း။ မင်းအနေနဲ့ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဘယ်လို ဖြတ်သန်းခဲ့လဲကို ငါ သိချင်နေခဲ့တာ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို စိတ်ဝိညာဉ်ချပ်ဝတ်လောက်နဲ့ ဒီလောက်အဆင့်ကို ရောက်ဖို့ မလုံလောက်ဘူး…”
“ဒီတော့ မင်းမှာ ဖျက်စီးခြင်းနဲ့ သတ်ဖြတ်ခြင်းကို ကိုယ်စားပြုတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ…” ကျိုးသဲ၏ မျက်လုံးသူငယ်အိမ်မှာ မဆိုသလောက် ကြုံ့မိသွား၏။ အစောပိုင်းတုန်းက သူ၏လက်ဝါးချက်တွင် မဟာအင်ပါယာစွမ်းအား ပါဝင်ပေ၏။ သို့သော် ၎င်းလက်ဝါးချက်က ဝမ်လင်းကို ခြေလှမ်းကိုးလှမ်းမျှသာ နောက်ဆုတ်သွားစေနိုင်ခဲ့ပေသည်။
“ဒါက သင် ဒီထောင်ချောက်မှာ ပါဝင်တဲ့ အကြောင်းရင်းလား။ ဒါမှမဟုတ် သင်ဟာ ဒီထောင်ချောက်ကို သတိပြုမိပြီး ဒီအခြေအနေကို အသုံးချပြီး သင့် စိတ်ထဲက သံသယတွေကို ဖြေရှင်းဖို့ လုပ်ခဲ့တာ မလား…”
ဆံပင်နက်ဝမ်လင်း၏ တည်ငြိမ်သောမျက်လုံးက သာ၍ပင် အေးစက်လာ၏။ သူ ထိုသို့ ပြောပြီးနောက် ကျိုးသဲထံ အမှန်တကယ် တိုးဝင်လာတော့သည်။
ဤသည်မှာ သူ၏ ပထမဆုံးအကြိိမ် မဟာအင်ပါယာတစ်ယောက်ကို တိုက်ခိုက်ခြင်းပင်။
သို့ပေမည့် သူ၏ တိုးဝင်လာမှုက ကျိုးသဲကို အထင်သေးမှုအား မခံစားမိစေပေ။ သူ့ကို ပို၍ပင် အလေးအနက် ဖြစ်လာစေ၏။ သူက ညာလက်ကို ပင့်မြှောက်၏။ လောကမှာ အရောင်များ ပြောင်းလဲသွားသည်။ လေနှင့်နှင်းတို့က ကြီးမားသောနှင်းဓားအဖြစ်သို့ ဖွဲ့စည်းကာ ဝမ်လင်းထံ ဝေ့ယမ်းလာသည်။
“ငါဟာ ဖျက်စီးခြင်းနဲ့ သတ်ဖြတ်ခြင်းကို ကိုယ်စားပြုတယ်…” ဆံပင်နက်ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုကျဆင်းလာသော နှင်းဓားထံ လက်သီးချက် ပစ်သွင်းလိုက်လေ၏။
ထိုလက်သီးချက်က နှင်းဓားနှင့် ထိပ်တိုက်တွေ့လေ၏။ ဝုန်းဒိုင်းကြဲအသံများ မြည်ဟိန်းကာ ပဲ့တင်ထပ်၏။ နှင်းဓားမှာ ပျက်စီးသွားသည်။ သို့သော် ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း မရေမတွက်နိုင်သော အနက်ရောင်အခိုးငွေ့အမျှင်တန်းများအဖြစ်သို့ ပျက်စီးခြင်း ဆိုက်ရသည်။ သူက ရုတ်တရက် ဦးတည်ရာများ ပြောင်းကာ ကျိုးသဲထံ တရကြမ်း တိုးဝင်လာပြန်သည်။
ကျိုးသဲက မျက်မှောင်ကြုတ်သွား၏။ အနက်ရောင်အခိုးငွေ့များစွာ နီးကပ်လာနေစဉ် သူ့လက်ကို ပင့်မြှောက်ပြီး သူ၏ရှေ့တွင် စက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေသည်။ ချက်ခြင်းပင် နေအလား တောက်ပသော အလင်း ထွက်ပေါ်လာ၏။ ထိုအလင်းက ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ၏လက်ထံမှ မြန်ဆန်စွာ ပျံ့နှံ့သည်။
ထိုအလင်းက ပြန့်ကြဲသွားကာ တိုးဝင်လာသော အနက်ရောင်အခိုးငွေ့များနှင့် ထိပ်တိုက်တွေ့၏။ ယင်းကာ အမှောင်နှင့်အနှင်းကြား ပဋိပက္ခ ဖြစ်သည့်နှယ်။ အလင်း လွင့်ပြယ်၏။ ကျိုးသဲက တစ်စက်လေးမျှ မလှုပ်ရှားပေ။ သို့သော် သူ၏မျက်လုံးထံမှ ကြောက်မက်ဖွယ်အလင်းတစ်ခု လှစ်ဟပေါ်သည်။
သူ၏ရှေ့ရှိ အနက်ရောင်အခိုးငွေ့တို့က အလင်းကို ပြည့်ဖုံးကာ ဆံပင်နက်ဝမ်လင်းအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
“မင်း ဒီအဘိုးအိုကို မနိုင်ပါဘူး…” မဟာအင်ပါယာကျိုးသဲက ဝမ်လင်းကို ကြည့်၏။ သူ၏အိုမင်းသော မျက်နှာက သက်လတ်ပိုင်းအရွယ်သို့ ပြောင်းလာကာ သူ၏မျက်လုံးသည် တောက်ပလာ၏။
ဆံပင်နက်ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “သင်ဟာ ဖျက်စီးခြင်းနဲ့ သတ်ဖြတ်ခြင်းကနေ မပုန်းကွယ်နိုင်ပါဘူး…”
“ဆံဖြူဩဇာအင်ပါယာ၊ ဆံနက်ဩဇာအင်ပါယာ…ဝမ်လင်း…။ ငါ မင်းကို လျှော့တွက်ခဲ့မိတယ်။ ဒီတစ်ကြိမ်မှာ ဟိုင်းဇီက အပြစ်မရှိဘူး။ ငါ မင်းကို ဒီအရာ ပေးလိုက်မယ်။ ဒီနေ့ ကိစ္စဟာ အဆုံးသပ်ပြီ…”
ကျိုးသဲက လေဟာနယ်ထံ လက်ဆန့်ထုတ်၏။ ရွှေရောင်လင်းလက်သွားသည်။ လက်ဝါးအရွယ်ခန့် ရွှေရောင်အပိုင်းအစတစ်ခု သူ၏လက်ထဲ၌ ပေါ်လာသည်။
“ငါ မင်းရဲ့ခန္ဓာကိုယ်ကို လေ့လာခဲ့ပြီးပြီ။ မင်းခန္ဓာကိုယ်ထဲမှာ ဒီဓားရဲ့ အရိပ်အယောင်တွေကို တွေ့ရှိခဲ့ပြီး ဖြစ်တယ်။ ဒီအစိတ်အပိုင်းဟာ မင်းရဲ့ သတ္တုအနှစ်သာရကို ပြီးပြည့်စုံခြင်းကို ရောက်ဖို့ ကူညီပေးနိုင်လိမ့်မယ်…”
ကျိုးသဲက သူ့ညာလက်ကို ဝေ့ယမ်း၏။ ထိုအစိတ်အပိုင်းက ဝမ်လင်းထံ ပျံသန်းလာ၏။ ၎င်းက ဝမ်လင်း၏ရှေ့တွင် မလှုပ်မယှက် လွင့်မြောသည်။
ထိုဓားအစိတ်အပိုင်းကို ပေးလိုက်ပြီးနောက် ကျိုးသဲက ဝမ်လင်းကို လေးလေးနက်နက် ကြည့်၏။ ထို့နောက်တွင် သူက တဖက်သို့ လှည့်ကာ ဟိုင်းဇီကိုခေါ်၍ ထွက်သွားလေ၏။
သူ ပျောက်ကွယ်သွားသည့်နောက် ဒီလမ်းမရှည်ပတ်လည်ရှိ ချိပ်ပိတ်မှုမှာလည်း ကွယ်ပျောက်သွား၏။ သို့သော် အပျက်အစီးများကတော့ ထာဝရ ကျန်ရှိနေပေတော့မည်။
အကွာအဝေးတစ်ခု၌ နေမင်းက အမှောင်ထုကို လွင့်ပြယ်စေရန် ပေါ်လာလေ၏။ မြေကမ္ဘာကို အလင်းဓာတ် ထွေးခြုံလာသည်။
ဆံပင်နက်ဝမ်လင်းက နေရာတွင် ရပ်နေလျက် ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။ သူသည် အချိန်အကြာကြီး စဉ်းစားနေ၏။
အချိန် ကုန်လာခဲ့ကာ နေမင်းက ကောင်းကင်ထက်တွင် မြင့်တက်လာပြီး အလင်းတို့ ပျံ့လွင့်လာ၏။ ထိုအလင်းက သည်အရှေ့ပိုင်းမြို့တခွင်သို့ မြန်ဆန်စွာ လွင့်ပျံ့သွားသည်။
ဝမ်လင်းသည် နေရာတွင်ပင် မလှုပ်မယှက် ရှိနေဆဲ ဖြစ်၏။ သူက ထိုအလင်းဓာတ် သူ့ထံ နီးကပ်ကာ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့်အထိ ၎င်းအလင်းအား ကြည့်နေပေသည်။
ထိုအလင်း ဖြတ်သန်းသွားနေစဉ် သူ၏ဆံပင်တို့သည် နက်ရာကနေ တဖြည်းဖြည်း ပြန်ဖြူလာ၏။ သူ၏မျက်လုံးထဲရှိ အေးစက်မှုနှင့် မထူးခြားနားမှုက အားနည်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုအဖြစ်သို့ ပြောင်းသွားလေ၏။
ဝမ်လင်းသည် သူ၏မူလခန္ဓာကိုယ်ကိုထံမှ သတ်ဖြတ်သူ ဆင်းသက်လာခြင်းကို ဖိနှိပ်ဖို့ မည်သည့်နည်းလမ်းကိုမျှ အသုံးမပြုခဲ့ပေ။ အကြောင်းမှာ သူက သူ၏သတ်ဖြတ်သူ ဆင်းသက်လာခဲ့သည်နှင့် မည်သို့မျှ ပြောင်းလဲနိုင်တော့မည် မဟုတ်သည်ကို သိနေသောကြောင့်ပင်။
“ခုချိန်ကစပြီး ဒီနေမင်းအောက်မှာ ငါဟာ ဆံဖြူဝမ်လင်းပဲ။ အမှောင်ထုထဲမှတော့ ငါဟာ ဆံနက်သတ်ဖြတ်သူပဲ။ နေထွက်၊နေဝင်ချိန်တွေလိုပဲ ဒါဟာ ပြောင်းလဲဖို့ ခက်ခဲလှတယ်။ ကံကောင်းစွာနဲ့ လေဟာနယ်ထဲက ကိုယ်ပွားရဲ့ စွမ်းအား ငါ့မှာ ပိုင်ဆိုင်ထားတယ့်အတွက် ဒီသတ်ဖြတ်သူကို အနည်းငယ် ဖိနှိပ်နိုင်ပြီး အသိစိတ်ကျန်အောင် လုပ်နိုင်တာ…”
အဖြူနှင့်အနက်သည် ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်တွင် ထာဝရ ကျန်ရှိနေပေတော့မည်။
ဝမ်လင်းက သက်ပြင်းချလိုက်၏။ သူသည် ဟိုင်းဇီနောက်သို့ ဆက်၍ မလိုက်လံချင်တော့ပေ။ သူက ညာလက်ကို ဝေ့ယမ်းကာ ဓားအစိတ်အပိုင်းကို သိမ်းဆည်းလိုက်၏။ ကောင်းကင်ဘုံနွားထီး စိတ်ဝိညာဉ်ချပ်ဝတ်ကိုလည်း သိမ်းဆည်းကောက်ယူကာ ထို့နောက်တွင် သူသည် အကွာအဝေးတစ်ခုသို့ လှမ်းလျှောက်သွားတော့သည်။
“အခု ထွက်ခွာရမယ့်အချိန်ပဲ…။ ကောင်းကင်ဘုံကလန်က အရာအားလုံးဟာ ဒါဟာ လျှို့ဝှက်ချက်ပဲဖြစ်စေ၊ မူလဘူတအရင်းမြစ်တစ်ခုပဲ ဖြစ်ပါစေ ငါ ဒီအကြောင်းကို ဆက်ပြီး မတွေးချင်တော့ဘူး…”
ဝမ်လင်း၏ပုံရိပ်က အကွာအဝေးတစ်ခုထံ ပျောက်ကွယ်သွားတော့၏။ ခုခါ၌ အာရုံဦးချိန်ဖြစ်ကာ နှင်းများ ဆက်တိုက် ကျဆင်းနေလေ၏။
ထိုနှင်းတို့က အချိန်ကြာစွာ ကျဆင်းနေသည်။ နောက်နှစ်ရက်ကြာ မနက်ခင်းအစောပိုင်း၌ နှင်းများသည် မြေပြင်တလွှားကို ဖုံးအုပ်ထားပေသည်။
ထိုမနက်ခင်း၌ ဝမ်လင်း၊ လျှိုကျင်းပြောင်နှင့် ပင်လယ်နဂါးတို့က အရှေ့ပိုင်းဂိတ်တံခါးအပြင်ဘက်တွင် ရပ်နေ၏။ သူက သူ့နောက်ရှိ ရှေးဘိုးဘေးမြို့ကို ကြည့်ကာ တည်ငြိမ်စွာ စောင့်နေ၏။
တအောင့်အကြာတွင် လျှိုကျင်းပြောင်က စိတ်လှုပ်တရှား ရှိနေစဉ် သူက အကွာအဝေးတစ်ခု၌ ပုံရိပ်တနှစ်ခု ပေါ်လာသည်ကို မြင်၏။ သူတို့ထဲမှ တစ်ယောက်က အနီရောင်အင်္ကျီပွပွကို ဝတ်ထားသော ရှုလီကောပင်။
ရှုလီကော၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှု ပြည့်လာ၏။ သူက လွန်ခဲ့သောရက်ပိုင်းအချို့က သူ့ကို တစုံတစ်ခုက ခေါ်နေသလိုမျိုး ခံစားမိနေ၏။ ထိုခံစားချက်ကြောင့် သူသည် အရှေ့ပိုင်းဂိတ်တံခါးထံ ရောက်လာခဲ့တာ ဖြစ်၏။
သူ၏ဘေးတွင် အရူးက လိုက်ပါလာ၏။ သူသည်လည်း တစုံတစ်ခုက သူ့ကို ခေါ်နေသလိုမျိုး ခံစားမိ၍ ဖြစ်၏။ ဤက သူ့ကို စိတ်ကသိကအောက် ဖြစ်စေသဖြင့် သူသည်လည်း လာဖို့ ဆုံးဖြတ်ခဲ့တာပင်။
“အယ်။ မင်းပဲကို…။ သေစမ်း…မင်းက ဒီဘုရင်ရှေ့မှာ ပေါ်လာတုန်းလား…”
အရူးသည် ဝမ်လင်းကို တွေ့မြင်သည့်အခါ ချက်ခြင်း မျက်လုံးပြူးသွား၏။ သူက သူ့အင်္ကျီလက်အိုးကို ခေါက်တင်ကာ ရှေ့သို့ ပြေးလာရန် ဟန်ပြင်သည်။
ရှုလီကောက ဝမ်လင်းကို တွေ့မြင်သည့်အခါ သူလည်း မင်သက်မိသွား၏။
ဝမ်လင်းက အရူး သူ့ထံ ပြေးဝင်လာသည်ကို မြင်သည့်အခါ သက်ပြင်းချမိ၏။ သူက ရှုလီကောကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ရှုလီကော…ငါ ထွက်သွားတော့မယ်။ မင်း ဒီမှာ နေခဲ့ချင်လား။ ဒါမှမဟုတ် ငါနဲ့ လိုက်ခဲ့မှာလား…”
ဝမ်လင်း၏စကားသံ ရှုလီကော၏စိတ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ သူ့စိတ်မှာ တုန်ဟည်းမိသွား၏။ ချိပ်ပိတ်မှုအလွှာက လျှော့ပါးသွားကာ အတိတ်တုန်းက မှတ်ဉာဏ်များသည် သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။