← Chapters

ရောက်ရှိလာခြင်း

Vol. 147 Ch. 2037

ရောက်ရှိလာခြင်း

Vol. 147 Ch. 2037

ရှေးဘိုးဘေးမြို့ နံနက်ခင်း အချိန်ကာလတွင် နှင်းများ ပြည့်ဖုံးနေပေ၏။ နှင်းများက လောကကို ဝေဝါးစေကာ လူတစ်ယောက်၏ စိတ်နှလုံးကို ထွင်းဖောက်နိုင်သော အေးစက်မှု အငွေ့အသက်တစ်ခုကို လှစ်ဟဖော်နေသည်။

ဝမ်လင်းသည် ပြန်လှည့်၍ လေနှင့်နှင်းတို့ကို အံတုကာ ရှေးဘိုးဘေးမြို့ထဲသို့ ပြန်လျှောက်လာခဲ့ပေသည်။

သူ၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ရှိနေပေ၏။ ဤသည်မှာ သူ ရှေးဘိုးဘေးမြို့သို့ လာရောက်ခြင်း၌ ဝှက်ဖဲတစ်ခု ဖြစ်၏။ ဤသည်မှာ သူနှင့် မဟာအင်ပါယာကန်းနီ၊ အင်ပါယာအတုကူးရဲ့တို့၏ သဘောတူညီချက်လည်း ဟုတ်၏။

ဝမ်လင်းက မဟာအင်ပါယာကန်းနီကို လိုအပ်ပါက သူမကိုယ်တိုင် ဝမ်လင်းကို ကိုယ်တိုင်ကိုယ်ကျ လာကူညီပေးမည် ဖြစ်၏။ ဤသည်မှာ မဟာအင်ပါယာကန်းနီနှင့် အင်ပါယာအတုကူးရဲ့တို့၏ ဝမ်လင်းအပေါ် ကိုယ်တိုင်ကတိစကားပင်။

ထိုကျောက်စိမ်းပြားကြောင့်လည်း ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာမှာ သူ၏ရန်သူ ဖြစ်နေမည်ကို သိလျက်ဖြင့် ရှေးဘိုးဘေးမြို့သို့ ပြန်ဝင်လာခဲ့တာပင်။

အရှေ့ပိုင်းဂိတ်တံခါးအောက်၌ လေနှင့်နှင်းအများစုကို မြို့နံရံက ပိတ်ဆို့တားဆီးထား၏။ မြို့အရှေ့ပိုင်းဂိတ်တံခါး၏ အရိပ်အောက်တွင် ရပ်နေလျက် ဝမ်လင်းက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ကာ ၎င်းအား ခြေမွလိုက်သည်။

ထိုအခါတွင် ခရမ်းနှင့်အနီရောင်အလင်း တဖြတ်ဖြတ် လင်းလက်ကာ ဝမ်လင်း၏ရှေ့တွင် ထူးခြားသော အစီအရင်တစ်ခု ပေါ်လာ၏။ ထိုအစီအရင်က ရှေးကျကာ ရှုပ်ထွေးလွန်းသည်။ ၎င်းကို တည်နေရာရွှေ့ပြောင်းခြင်း၌ အသုံးပြုပုံ ရသည်။

ထိုအစီအရင်ထံမှ အလင်း တလက်လက် လင်းလက်နေစဉ်၌ မိန်းကလေးငယ်နှစ်ယောက်၏ ပုံရိပ် ပေါ်လာ၏။ သူတို့က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ သူတို့ထဲမှ တစ်ယောက်ဆို လက်ထဲတွင် အရုပ်တစ်ရုပ်ကိုပင် ကိုင်ထားလျက် ရှိသည်။

“အိပ်ချင်လိုက်တာ…အယ်…ဒါက ဘယ်နေရာလဲ…”

“ကောင်လေးဝမ်လင်း…နင်ပဲကို…”

ထိုမိန်းကလေးငယ်နှစ်ယောက်က ဘေးပတ်လည်သို့ ကြည့်ရှု၏။ သူတို့၏အကြည့်က ဝမ်လင်းပေါ် ကျရောက်လာသည်။ သူတို့သည် ချက်ခြင်းပင် ပျော်ရွှင်အံ့အားသင့်ဟန် အကြည့်ကို ထုတ်ဖော်သည်။

“ဝမ်လင်းက မဟာအင်ပါယာကန်းနီကို နှုတ်ဆက်ပါတယ်…”  ဝမ်လင်းက လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်၏။

“အရိုအသေ ပေးနေဖို့ မလိုဘူး။ နင် ထွက်သွားတဲ့နောက် ငါတို့ နင့်ကို သတိရနေတာ။ နင့်ကို ခုလောက် မြန်မြန် ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ကောင်လေး ပြောင်းဇီကော ဘယ်မှာလဲ။ မြန်မြန် သူ့ကို ခေါ်ထုတ်လိုက်အုံး…”

“ဟုတ်တယ်။ ငါလည်း ပြောင်းဇီလေးကို သတိရနေတာ…” ထိုမိန်းကလေးငယ်နှစ်ယောက်က စိတ်လှုပ်ရှားမှုနှင့် ပြည့်နေပေ၏။

ဝမ်လင်းက တည်ငြိမ်စွာ ဆိုသည်။ “ဒီနေရာဟာ ကောင်းကင်ဘုံကလန်ရဲ့ ရှေးဘိုးဘေးမြို့ပါ။ မဟာအင်ပါယာကန်းနီက ကျုပ်တို့ရဲ့ သဘောတူညီမှုကို အမှတ်ရပါသေးလား…”

“သဘောတူညီမှု ဟုတ်လား။ အယ်…ငါ မှတ်မိတာပေါ့။ နင် လိုအပ်တဲ့အခါကျရင် ငါတို့က နင့်ကို တစ်ကြိမ် ကူညီပေးရမယ်လို့ နင် ပြောခဲ့တာမလား။ နင် အခု အကူအညီလိုလို့လား…”

“နင့်ကို ဘယ်သူ ဇယားလာရှုပ်တာလဲ။ ဟက်…ဟက်…ငါတို့ မိသားစု ဖြစ်တဲ့ ကောင်လေး ဝမ်လင်းကို ဘယ်သူကများ စော်ကားဝံ့တာလဲ။ ငါတို့ နင့်အတွက် ဖြေရှင်းပေးမယ်…”

ထိုမိန်းကလေးငယ်နှစ်ယောက်က စိတ်အား တက်ကြွလာ၏။

ဝမ်လင်းက ထိုမိန်းကလေးငယ်နှစ်ယောက်ကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ “မဟာအင်ပါယာကန်းနီအနေနဲ့ ကောင်းကင်ဘုံအင်ပါယာကို အချိန်တချို့ ပိတ်လှောင်တားဆီးထားပေးနိုင်မလားလို့ ကျုပ် တောင်းဆိုပါရစေ။ ကျုပ် နန်းတော်ရှိ သွားဖို့ လိုနေလို့ပါ…”

“ကောင်းကင်ဘုံအင်ပါယာဟုတ်လား။ ပြဿနာ မရှိဘူး…”  ထိုမိန်းကလေးငယ်နှစ်ယောက်က မျက်လုံးကစားလိုက်၏။ သူတို့၏မျက်လုံးထဲတွင် လေးနက်မှုအရိပ်အယောင် ဖြတ်ပြေးသွားသည်။ သို့ပေမည့် သူတို့က ထပ်မမေးတော့ပေ။ သူတို့၏အကြည့်ကို ပြန်ရုတ်ကာ နန်းတော်ထံ ပျံသန်းသွားချေသည်။

ထိုအခိုက်တွင် မြေပြင်သည် ရေးတေးတေး လှုပ်ခတ်၏။ နန်းတော်ထံမှ ကျယ်လောင်သော ဟိန်းအော်သံ ထွက်ပေါ်လာသည့်ပုံ ရသည်။

ဝမ်လင်းသည် မြေပြင်တုန်ခါမှုကို ခံစားမိ၏။ သူက မျက်လုံးမှိတ်လိုက်ပေသည်။

“အလင်းကို ပျက်စီးခြင်းနဲ့ အစားထိုးပစ်ဖို့ ဒီလောကအပေါ် သတ်ဖြတ်မှုကို သက်ဆင်းစေမယ်။ ငါ…ဝမ်လင်းဟာ ပျက်စီးခြင်းထဲ နစ်မြုပ်ဖို့ လိုလားတယ်…”

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။ သူ၏ဆံပင်ဖြူတို့သည် မြန်ဆန်စွာပင် ဆံပင်ရင်းမှသည် အနက်ရောင်သို့ ပြောင်းလဲသည်။ သူ့ဆံပင်တို့ အနက်ရောင်သို့ ပြောင်းလဲနေရင်း ကောင်းကင်ထက်မှ ကျဆင်းနေသော နှင်းများမှာလည်း ပြောင်းလဲချေ၏။

နှင်းများက နက်မှောင်လာသည်။ နှင်းနက်များ ကျဆင်းနေလျက် အထက်တွင် မုန်တိုင်းတစ်ခု ထန်လာ၏။ ဝမ်လင်း၏ ဆံပင်တို့က လုံးဝ နက်မှောင်သွားချိန်၌ နှင်းများမှာလည်း အနက်ရောင်သို့ ပြောင်းလဲကုန်သည်။

ထိုနှင်းနက်များက လေထဲမှ သက်ဆင်းကာ နံနက်ခင်းကောင်းကင်ကို ဖုံးလွှမ်းသည်။ ထိုသည်က အရှေ့ပိုင်းမြို့ကို လုံးဝနက်မှောင်သော မြို့တစ်မြို့ ဖြစ်လာစေတော့သည်။

ကောင်းကင်ထက်တွင် နှင်းနက်များစွာက ဂယက်ထကာ ကျဆင်း၍ အလင်းဓာတ်အများစုကို ဖုံးလွှမ်းထားသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲတွင် ရက်စက်မှုအငွေ့အသက် ရှိနေသည်။ ထိုနက်မှောင်လာချိန်၌ ဆံနက်ဝမ်လင်းက ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ခုလက်ရှိ အရှေ့ပိုင်းမြို့သည် အတော့်ကို ထူးခြားနေ၏။ အရှေ့ပိုင်းမြို့မှာ ညအမှောင်နှင့် ပြည့်ဖုံးနေကာ ကျန်မြို့များကတော့ နေ့အခါသမာယ ဖြစ်နေ၏။ အရှေ့ပိုင်းမြို့ရှိ ကျင့်ကြံသူအားလုံးက သူတို့၏ အခန်းများထဲကနေ ထွက်လာကာ ကောင်းကင်ထက်သို့ မော့ကြည့်ကြ၏။ လူတိုင်းသည် တုန်လှုပ်ကြောက်ရွှံ့မှုနှင့် ပြည့်နှက်ကုန်သည်။

သို့သော် မကြာမီ၌ သူတို့က ချက်ခြင်းပင် အရှေ့ပိုင်းမြို့ထံမှ ထွက်ပေါ်လာသော ရက်စက်ခြင်းအပြည့် ဖျက်စီးမှုကို ခံစားမိ၏။ ထိုအော်ရာက လွှမ်းမိုးနိုင်ခြင်းမရှိ၊ အသက်ဝင်လှခြင်းလည်း မရှိပါ။ သို့သော် သူတို့က ၎င်းကို ခံစားမိသည်နှင့် သူတို့သည် ပျက်စီးခြင်းနှင့် အဆုံးသပ်အကြောင်းကို တွေးမိကြသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ရှေ့ဆက်လာနေ၏။ သူ့ဝတ်ရုံဖြူပတ်လည်တွင် အနက်ရောင်အခိုးငွေ့များစွာ ဝန်းရံလာသည်။ ယင်းတို့က ပိုပို၍ စုဝေးလာသဖြင့် အပြင်လူများသည် ထိုအခိုးအငွေ့ထုအတွင်းရှိ ပုံရိပ်ကို မမြင်နိုင်ကြတော့ပေ။

ဝမ်လင်း ရှေ့ဆက်လာစဉ် နှင်းနက်များက အလင်းဓာတ်ကို ကျူးကျော်၏။ သူ ခြေလှမ်းတိုင်းတွင် အမှောင်ထုက ခြေတစ်လှမ်းစာ ပျံ့လာသည်ပင်။

“ငါဟာ မူလတုန်းက သတ်ဖြတ်သူနဲ့ဖျက်စီးခြင်းကို ပြန်သိမ်းဆည်းထားလိုက်ပြီး ထွက်သွားဖို့ အဆင့်သင့် ဖြစ်နေခဲ့တာ။ ဒါပေမဲ့ ကောင်းကင်ဘုံအင်ပါယာ…သင်က ငါ့ကို လာစေချင်မှတော့ ဒီကနေ့ သင်ဟာ ဖျက်စီးမှု စတင်ခြင်းကို ခံနိုင်ရမယ်…”

ဝမ်လင်းက‌ ရှေ့သို့ လှမ်းလာနေစဉ် အနက်ရောင်အခိုးငွေ့များသည် လောကကို လောင်ကျွမ်းမည့် အနက်ရောင်မီးတောက်များကဲ့သို့ ပျံ့နှံ့လေ၏။

ဝမ်လင်းကို တွေ့မြင်သော ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးမှာ တုန်ယင်၍ သူတို့၏စိတ်ဝိညာဉ်များမှ အကြောက်တရားကို ခံစားမိကြရ၏။

ဝမ်လင်း လျှောက်လှမ်းသွားသော နေရာတိုင်းတွင် နှင်းနက်များသည် အရည်ပျော်ကြကာ မြေပြင်ကို အပျက်အစီးပုံအဖြစ်သို့ ပြောင်းလဲစေသည်။

နှစ်များစွာ တည်ရှိခဲ့သော ပတ်ဝန်းကျင်မှ အဆောက်အဦများသည် ဝမ်လင်း ဖြတ်သန်းသွားသော အချိန်တိုအတွင်း ယင်းတို့သည် ဖုန်မှုန့်အဖြစ် ပြောင်းကာ လွင့်ကြဲသွားကြ၏။

သူသည် အရှေ့ပိုင်းမြို့ကနေ အလယ်ပိုင်းမြို့ထံ တလှမ်းချင်း လျှောက်လာနေ၏။ သည်အကွာအဝေးမှ ကြီးမားပေသည်။ သို့သော် အခုအခါ၌ ဝမ်လင်း၏ခြေလှမ်းတိုင်းတွင် အနက်ရောင်လှိုင်းဂယက်များ ထနေ၏။ သူသည် အမှောင်ထုနှင့် သမူဟ ဖြစ်နေပုံ ရသည်။ သူသည် နှေးသော်လည်း သူက အလွန်မြန်ဆန်စွာ ရွှေ့လျားနေခြင်းတည်း။

ကောင်းကင်ထက်ရှိ အလင်းဓာတ်ကို အမှောင်ထုက ဝါးမြို့ကာ အရှေ့ပိုင်းမြို့ကို ဖုံးလွှမ်း၍ နန်းတော်ထံ ရွှေ့လျားလာနေသည်။

ခုခါ၌ ဝမ်လင်းကို တားဆီးဝံ့သော ကျင့်ကြံသူမှာ လက်ချိုးရေ၍ပင် ရနိုင်၏။ သူတို့သည် အမှောင်ထု ဆင်းသက်ကာ အလင်းကို ဝါးမြိုသည်အား စောင့်ကြည့်နေရင်း ထိတ်လန့်နေကြ၏။

အပျက်အစီးလမ်းကြောင်းတစ်ခုက အရှေ့ပိုင်းမြို့နှင့် နန်းတော်ကို ချိတ်ဆက်လာသည်။ ဝမ်လင်း၏နောက်တွင် မြို့တစ်မြို့ မရှိတော့ပေ။ အချိန်ကာလ ပျက်စီးမှုသာ ရှိတော့၏။

နန်းတော်၏ အပြင်ဘက်တွင် ချပ်ဝတ်နက်တပ်သားများက စီတန်းကာ ဝမ်လင်းကို စိုက်ကြည့်နေ၏။ သူ့နောက်တွင်လည်း နန်းတော်၏ နေရာစုံထောင့်စုံမှ ပုံရိပ်များ ပိုပို ထွက်ပေါ်လာသည်။

ကောင်းကင်ထက်တွင် လောကသည် အရောင်များ ပြောင်းလဲနေသည်။ ကောင်းကင်ထက်တွင် နေနှစ်စင်း ရှိနေကာ တစ်စင်းက ခရမ်းရောင် ရှိကာ ကျန်တစ်စင်းက ရွှေရောင်ဖြစ်၏။ ခရမ်းရောင်နေမင်းအတွင်း၌ မဟာအင်ပါယာကန်းနီ ရှိနေပြီး ရွှေရောင်နေမင်းထဲတွင် ကောင်းကင်ဘုံအင်ပါယာ ရှိသည်။

ထိုမဟာအင်ပါယာနှစ်ပါး၏ တိုက်ပွဲက ကျယ်လောင်စွာ တုန်ဟည်းမြည်သံများကို ဂယက်ထစေကာ လောကကိုပါ ဝေဝါးစေသည်။ အဘက်ဘက်တွင် လှိုင်းဂယက်များ ပဲ့တင်ထပ်၏။

“မဟာအင်ပါယာကန်းနီ၊ ဒီဝမ်လင်းက နန်းတော်ကို ကျူးကျော်နေပြီး ကောင်းကင်ဘုံဘိုးဘေးကို လေးစားသမှု မရှိဘူး။ သူ့အပြုအမူဟာ သစ္စာဖောက်တစ်ယောက်ရဲ့ အပြုအမူပဲ။ နင်တို့နှစ်ယောက်က ဆက်ပြီး ခေါင်းမာနေအုံးမှာလား…”

ကောင်းကင်ထက်တွင် ကောင်းကင်ဘုံအင်ပါယာ၏အသံ ပဲ့တင်ထပ်၏။ တုန်လှုပ်ဖွယ်မန္တာန်များနှင့်အတူ တုန်ဟည်းမြည်သံများကလည်း ရှိနေလေ၏။

ဝမ်လင်းသည် နန်းတော်အပြင်ဘက်တွင် ရပ်ကာ ရုတ်တရက် အပေါ်သို့ မော့ကြည့်၏။ သူ့ပတ်လည်ရှိ အနက်ရောင်အခိုးငွေ့များစုက ဝတ်ရုံနက်အဖြစ်သို့ ဖွဲ့စည်းသည်။ သူ၏ဆံပင်နက်တို့မှာ အနည်းငယ် ပိုရှည်လာသည်။ သူက ကောင်းကင်ထက်ရှိ ရွှေရောင်နေမင်းကို ကြည့်ကာ မထူးခြားနားသောအကြည့်တစ်ခုကို ထုတ်ဖော်သည်။

ဝမ်လင်းကို ဝန်းရံထားသော အနက်ရောင်အခိုးငွေ့တို့က ဝတ်ရုံနက်အဖြစ်သို့ သိပ်သည်းနေစဉ် ကောင်းကင်ထက်ရှိ အမှောင်ထုမှာလည်း မင်နက်ကဲ့သို့ ပျံ့လာ၏။ နန်းတော်အပြင်ဘက်ရှိ ကောင်းကင်သည် အစိတ်အပိုင်းသုံးခုအဖြစ်သို့ ပိုင်းခြားသွားသည်။ တစ်ခုမှာ အနက်ရောင်၊ တစ်ခုက ရွှေရောင်၊ အလယ်တွင်တော့ ခရမ်းရောင် ဖြစ်သွား၏။

“အစတုန်းကတော့ ငါဟာ ထွက်သွားချင်ခဲ့ရုံပဲ။ လောကအပေါ် သတ်ဖြတ်ခြင်းနဲ့ဖျက်စီးခြင်းကို မကျရောက်စေချင်ခဲ့ဘူး။ ဒါပေမဲ့ သင်က ငါ့ကို အရူးကို အသုံးပြုပြီး ဒီနေရာကို အတင်းအကြပ် လာရအောင် လုပ်ခဲ့တယ်။ အခု ငါ လာနေပြီ…”

ဝမ်လင်း၏မျက်လုံးထဲတွင် မထူးခြားမှုတို့သာ ပြည့်နေ၏။ သူက ရုတ်တရက် ချပ်ဝတ်နက်တပ်သားများနှင့် နန်းတော်ထံမှ ပျံသန်းထွက်လာသော ပုံရိပ်များကို လှမ်းကြည့်လိုက်သည်။

ဝမ်လင်းက ခြေကြွကာ ရှေ့သို့ လှမ်း၏။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တိမ်တိုက်နက်အဖြစ်သို့ ချဲ့ကားကာ ရှေ့သို့ ဝေ့ခတ်လာသည်။

ထိုတပ်သားများသည် ဝမ်လင်းကနေ ဖြစ်ပေါ်သော တိမ်တိုက်နက်ကို ကြည့်ကာ သူတို့၏အမူအရာများက အလေးအနက် ဖြစ်နေကြ၏။ သူတို့က မာန်သွင်းကာ သူတို့၏ ချပ်ဝတ်များထံမှ အနက်ရောင်အလင်းများ ထွက်ပေါ်လာကြကာ အစွမ်းထက်အော်ရာတစ်ခုအဖြစ်သို့ ပြောင်းသည်။ ကျင့်ကြံသူထောင်သောင်းချီ၏ အော်ရာက အတူတကွ စုဝေးကြကုန်၏။

သည်ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအော်ရာ အစုအဝေးက ဟိန်းအော်သံ အဖြစ်သို့ ပြောင်းကာ ဧရာမလိပ်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲ၏။ ထိုသားရဲသည် နဂါးဦးခေါင်းနှင့်အမြီးကို ပိုင်ဆိုင်ထား၏။ သို့သော် ၎င်း၏ခန္ဓာကိုယ်ကမူ လိပ်ခန္ဓာကိုယ် ဖြစ်ကာ ယင်းပေါ်၌ မရေမတွက်နိုင်သော တစ္ဆေအမှတ်အသားများ ရှိနေပေသည်။

ထိုသားရဲက လိပ်နက် မဟုတ်ပေ။ ကောင်းကင်ဘုံကလန်၌ ၎င်းကို နဂါးတစ္ဆေဟူသော အမည်ဖြင့် အထူး ခေါ်ဝေါ်ကြသည်။

ချပ်ဝတ်နက်တပ်သားများ၏ သတ်ဖြတ်လိုစိတ်ကနေ ဒီနဂါးတစ္ဆေ ဖြစ်ပေါ်လာခဲ့တာပင်။ ၎င်းက မာန်သွင်းကာ တိမ်တိုက်နက်အသွင် ပြောင်းထားသော ဝမ်လင်းထံ တရကြမ်း ဦးတည်ဝင်လာသည်။

ချက်ခြင်းပင် ၎င်းက တိမ်တိုက်နက်နှင့် ထိပ်တိုက်တွေ့၏။ သို့သော် ထိုအခိုက်တွင် ၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ နာကျင်စူးဝါးစွာ အော်သံ ထွက်ပေါ်လာသည်။

သတ်ဖြတ်လိုစိတ်က မည်မျှ အစွမ်းထက်နေပါစေ ၎င်းသည် သတ်ဖြတ်သူနှင့်ဖျက်စီးခြင်း၏ရှေ့တွင် ကွယ်ပျောက်ရပေလိမ့်သာ ဖြစ်၏။

ဝမ်လင်းကနေ ဖြစ်ပေါ်လာသော တိမ်တိုက်နက်က တန့်သွားခြင်းမရှိ ပြန့်နှံ့ဝေ့ခတ်လာသည်။ နဂါးတစ္ဆေပျက်စီးသွား၏။ ချပ်ဝတ်နက်တပ်သား ထောင်သောင်းချီသည် သွေးအန်လိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များမှာ အစွမ်းထက်အားတစ်ခု၏ ထိမှန်ခြင်း ခံရပုံပင်။ သူတို့သည် လွင့်ထွက်သွားကြသည်။

နှစ်များစွာ တည်ရှိခဲ့သော နန်းတော်ဂိတ်တံခါးသည် ဝမ်လင်း ဖြတ်သန်းသွားခိုက်၌ ပျက်စီးသွားလေ၏။ ဝမ်လင်း ဖြတ်သန်းသွားစဉ် ကောင်းကင်က နက်မှောင်လာ၏။ နန်းတော်၏ မြေပြင်ထုမှာလည်း နက်မှောင်လာသည်။ ဂိတ်တံခါးတစ်ခုလုံးကလည်း ပြာမှုန့်အဖြစ်သို့ ပြောင်းလေ၏။

ချပ်ဝတ်နက်ကျင့်ကြံသူများသည် ကြောက်လန့်နေကုန်သည်။ သို့သော် တိမ်တိုက်နက်က သူတို့ကို ဖြတ်သန်းသွားသည့်အခါ နာကျင်စူးဝါးစွာ အော်သံများ ပဲ့တင်ထပ်တော့သည်။ ထိုတိမ်တိုက်နက်က သူတို့ကို ဖြတ်သန်းသွားပြီး ဆံနက်ဝမ်လင်းအဖြစ်သို့ ပြန်ဖြစ်ပေါ်လာသည့်အခါတွင် ချပ်ဝတ်နက်တပ်သားများစွာသည် အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားကြလေပြီ။

လေက တိုက်ခတ်နေလျက် သူတို့သည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းကာ လွင့်ကြဲလွင့်ပါးသွားတော့သည်။

All Chapters