← Chapters

အဆင့်နိမ့်လွန်းလို့ သိစရာပင်မလို

Vol. 45 Ch. 633

အဆင့်နိမ့်လွန်းလို့ သိစရာပင်မလို

Vol. 45 Ch. 633

အခန်း (၆၃၃) အဆင့်နိမ့်လွန်းလို့ သိစရာပင်မလို

ယိုးမင်ဂိုဏ်းတွင် ခန်းမ (၃)ခု ရှိပြီး အလင်းမဲ့ခန်းမ ၊ အမှောင်ခန်းမနှင့် မဟူရာခန်းမတို့ ဖြစ်ကြသည်။ ယခု ယှဉ်ပြိုင်နေသည်က အလင်းမဲ့ခန်းမနှင် အမှောင်ခန်းမ ဖြစ်၏။

ယှဉ်ပြိုင်နေသူနှစ်ယောက်လုံးက သိုင်းဆရာသခင်များဖြစ်ကြပြီး တစ်ယောက်က အမတဝိညာဉ်နှောင်းပိုင်းအဆင့် ၊ တစ်ယောက်က အမတလက်ဖွဲ့ ကနဦးအဆင့် ဖြစ်သည်။

သို့သော် အဂ္ဂိရတ်ပညာ၏အောင်မြင်မှုက လူတစ်ဦးချင်းစီ၏ နားလည်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုအပေါ်သာမူတည်ပြီး ကျင့်ကြံခြင်းအဆင့်နှင့် ဆုံးဖြတ်ရသည့်ကိစ္စ မဟုတ်ပေ။ အချို့သိုင်းဆရာသခင်များဆိုလျှင် သိုင်းသူတော်စင်များထက်ပင် အဂ္ဂိရတ်ပညာမြင့်မားကြသေး၏။

ပြိုင်ပွဲဝင်နှစ်ယောက်ကို အကဲခတ်လိုက်သည်နှင့် အလင်းမဲ့ခန်းမမှ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်က အဂ္ဂိရတ်ပညာပိုမိုကျွမ်းကျင်ကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိ၏။

ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်ကို ပြန်လည်ပြင်ဆင်ခြင်းမှာ နိယာမသက်သက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

နျန့်စန်းနှင့် ဝူကျိရှိုးတို့ ရန်ကျောက်ကဲအပေါ် သံသယဝင်နေကြချိန် သူကတော့ ယှဉ်ပြိုင်ပွဲကို အာရုံစိုက်ကြည့်နေခဲ့သည်။

“အင်း... သူတို့အရည်အချင်းက မသေးဘူးပဲ”

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်ရင်း တွေးလိုက်သည်။

“နိမ့်ရာကနေ မြင့်ရာကို ဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာ အထက်ဘုံကမ္ဘာက မဟာကပ်ဘေးကြီးမတိုင်ခင်က အမွေအနှစ်အများစုကို ဆက်ခံနိုင်ခဲ့တယ် ၊ ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အလျှင်မြန်ဆုံးလို့ ဆိုနိုင်တယ် ၊ ဒါပေမဲ့ အဂ္ဂိရတ်ပညာမှာတော့ သူ့ရဲ့စံနှုန်းကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနဲ့ သမုဒ္ဒရာကမ္ဘာတို့ထက် နည်းနည်းလေးပဲ ပိုပြီးမြင့်မားတယ်”

ထိုစဉ် အားဟူက ရန်ကျောက်ကဲထံ အသံပို့လွှတ်စနစ်ဖြင့် မေးခွန်းထုတ်လာသည်။

“သခင်လေး... ဘယ်သူနိုင်မယ်လို့ထင်လဲ”

“အလင်းမဲ့ခန်းမကတစ်ယောက် နိုင်လိမ့်မယ်”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

“ဒါပေမဲ့ ပြောရမယ်ဆိုရင် နှစ်ယောက်လုံး ရှုံးတယ်လို့ သတ်မှတ်သင့်တယ်”

ထိုစကားကြောင့် အားဟူက ရန်ကျောက်ကဲကို နားမလည်နိုင်စွာ အူကြောင်ကြောင်ဖြင့် လှမ်းကြည့်လိုက်၏။

ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်ကို အကဲခတ်ရင်း ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ဆက်ပြောသည်။

“သူတို့အတွက် မပြည့်စုံတဲ့ ဆေးလုံးဖော်ဆပ်နည်းတစ်ခုကို ဘယ်လိုပြန်လည်ပြင်ဆင်မလဲ”

“ပြီးတော့ သင့်တော်တဲ့ပါဝင်ပစ္စည်းတွေရှိနေပြီး အချိန်တိုတိုနဲ့ ဆေးလုံးဖော်ဆပ်နည်းကို ပြန်ရရှိအောင် တကယ်လုပ်ချင်တယ်ဆိုရင် ဘာလို့ ပြိုင်ပွဲလုပ်နေဦးမှာလဲ”

“သူတို့ ယှဉ်ပြိုင်ရတဲ့အဓိကအကြောင်းကတော့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှ ဘယ်သူက ပညာပိုသာသလဲဆိုတာ သိဖို့ပဲဖြစ်တယ် ၊ အင်း... သတ်မှတ်ထားတဲ့အချိန်အတွင်း အမှားမလုပ်မိဖို့တော့လိုတာပေါ့”

“အခု အမှောင်ခန်းမက တစ်ယောက်က နည်းနည်းမြန်တယ်ထင်ရပေမယ့် သူက အမှားလုပ်ပြီးသွားပြီ”

ရန်ကျောက်ကဲက သိမ်မွေ့စွာဆိုသည်။

“အလင်းမဲ့ခန်းမကတစ်ယောက်ကတော့ နည်းနည်းနှေးပေမယ့် မှန်နေသေးတယ် ၊ သူက နှေးနှေးနဲ့ ဂရုတစိုက်လုပ်တာကို တွေ့ရတယ်”

အားဟူက ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း...

“အဲဒီဆေးလုံးဖော်ဆပ်နည်းကို သခင်လေး သိလို့လား”

ရန်ကျောက်ကဲက...

“မသိပါဘူး ၊ ဒါပေမဲ့ ဒီဆေးလုံးဖော်ဆပ်နည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကြည့်ရတာ... မဟာကပ်ဘေးကြီးမတိုင်ခင်က လူသုံးများတဲ့ ‘စိတ်ပသာဒဆေးလုံး’ ဖြစ်နိုင်တယ် ၊ အဲဒီဆေးလုံးဖော်ဆပ်နည်းက ပျောက်ကွယ်သွားတာကြာလှပြီ ၊ အခု ဖော်ဆပ်နည်းအပိုင်းအစကို ဒီမှာပြန်တွေ့မယ်လို့ ထင်မထားမိဘူး”

သူက အားဟူကို လိမ်ပြောခြင်းမဟုတ်ပေ။

ရန်ကျောက်ကဲတွင် စိတ်ပသာဒဆေးလုံးအတွက် တကယ်လည်း ဖော်ဆပ်နည်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဆေးလုံး၏အဆင့်က နိမ့်ပါးလွန်းသောကြောင့် ဖြစ်၏။

အဂ္ဂိရတ်ပညာတွင် ရန်ကျောက်ကဲ၏အဆင့်က ပြိုင်ပွဲဝင်နှစ်ယောက်ထက် များစွာမြင့်မားသည်။

အနည်းငယ်အကဲခတ်ရုံမျှဖြင့် ရန်ကျောက်ကဲက ယှဉ်ပြိုင်နေသူနှစ်ယောက်၏ လုပ်ငန်းစဉ်နှင့် ဆေးလုံးဖော်ဆပ်နည်းပြုပြင်ခြင်းနည်းလမ်းကို အချိန်တိုအတွင်း ခန့်မှန်းနိုင်နေပေပြီ။

အမှန်တော့ လက်နက်ပစ္စည်းပြုလုပ်ခြင်းအပြင် သူ အကျွမ်းကျင်ဆုံးပညာရပ်များမှာ အဂ္ဂိရတ်ပညာနှင့် အစီအရင်ပညာ ဖြစ်၏။ ထိုပညာနှစ်ရပ်အနက် အစီအရင်ပညာက သူ၏စွမ်းအားကို မြှင့်တင်ပေးနိုင်သဖြင့် နောက်ပိုင်း ဂရုတစိုက် လေ့လာဖြစ်ခဲ့သည်။

အစပိုင်းတွင် အခြားသူများ အာရုံစိုက်ခံရမည်ကို စိုးရိမ်သဖြင့် အဂ္ဂိရတ်ပညာကျွမ်းကျင်မှုကို ရန်ကျောက်ကဲက ငယ်ရွယ်စဉ်ဘဝတွင် ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။ အရှေ့ထန်နိုင်ငံတွင် ကျောက်ဟိုကို အနိုင်ယူရန်အတွက် အရှေ့ထန်ဘုရင်၏ အကြီးဆုံးသားတော် ‘ကျောက်ယွမ်’ အား ကူညီခဲ့သည်ကတော့ ချွင်းချက်ဖြစ်၏။

ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ နေရာပေါင်းများစွာကိုသွားလာရင်း အတွေ့အကြုံများကြွယ်ဝလာခဲ့သလို အဂ္ဂိရတ်ပညာပိုင်းတွင်လည်း သဘာဝအတိုင်း မြင့်မားလာကာ သူ၏နားလည်နိုင်စွမ်းက ပိုမိုမြင့်မားလာသည်။

အားဟူက ရယ်မောရင်း...

“သခင်လေး... သူတို့ကို တစ်ကွက်နှစ်ကွက်လောက် ပညာမပြချင်ဘူးလား ၊ ဒါမှ သခင်လေးအဆင့် ဘာဆိုတာ သူတို့ သိသွားမှာလေ”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“တစ်ကွက်နှစ်ကွက် ပညာပြလိုက်တာက ပြဿနာမရှိဘူး ၊ ငါပြတဲ့ပညာကို သူတို့နားမလည်ရင်တော့ ပြဿနာရှိသွားပြီ”

ရန်ကျောက်ကဲစကားကြောင့် အားဟူမှာ ခဏမျှ မှင်တက်သွားသည်။

သတိပြန်ဝင်လာချိန် သူက ရန်ကျောက်ကဲကို ငေးကြည့်ရင်း လက်မထေင်ပြလိုက်ပြီး...

“သခင်လေးကိုတော့ တကယ်လေးစားသွားပြီဗျာ”

ယိုးမင်ဂိုဏ်းမှ သိုင်းသမားနှစ်ယောက် ဆေးလုံးဖော်ဆပ်နည်းစနစ် ယှဉ်ပြိုင်ခြင်းကို ရန်ကျောက်ကဲက စိတ်အားထက်သန်စွာ ကြည့်နေသည်။ သို့သော် သူ့ပုံစံက ကျောင်းသားနှစ်ယောက် စကားရည်လုသည်ကိုကြည့်နေသော ဆရာတစ်ယောက်ပမာ ဖြစ်၏။

ဤပြိုင်ပွဲ အနိုင်အရှုံးရလဒ်က ရန်ကျောက်ကဲအတွက် အရေးမပါလှပေ။ သူ လာရောက်ကြည့်ရှုရသောအကြောင်းရင်းက ယိုးမင်ဂိုဏ်း၏ အဂ္ဂိရတ်ပညာစံနှုန်းကိုလေ့လာရန်ဖြစ်ပြီး ထိုမှတစ်ဆင့် ကျူတောပင်လယ်ဒေသနှင့် အထက်ဘုံကမ္ဘာတစ်ဝှမ်းရှိ ပညာရပ်မြင့်မားနှုန်းကို အကဲခတ်ရန် ဖြစ်သည်။

ရန်ကျောက်ကဲ၏ အေးအေးဆေးဆေး အမူအရာကိုကြည့်ရင်း ဝူကျိရှိုးနှင့် နျဲ့စန်းတို့ကတော့ ရင်ထဲမကောင်းဖြစ်လာကြ၏။

နျဲ့စန်းက မချိပြုံးတစ်ချက်ပြုံးရင်း ဝူကျိရှိုးကို ကြည့်လိုက်သည်။

“အကြီးအကဲ’ဝူ’ ၊ သူ ပညာမပြရင်ဘယ်လိုလုပ်မလဲ ၊ ကြည့်ရတာ.. အဂ္ဂိရတ်ပညာ မကျွမ်းကျင်လို့များလား”

ဝူကျိရှိုးက ခေါင်းခါယမ်းရင်း ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။

“မဖြစ်နိုင်ဘူး ၊ သူ့မျက်နှာအမူအရာကိုကြည့်ရတာ... ဒီပညာကို နားမလည်တဲ့ပုံမျိုး မဟုတ်ဘူး ၊ ပြီးတော့ သူ့ပုံစံက ယုံကြည်မှုအပြည့်ရှိနေတယ် ၊ ဟက်... ‘စိတ်ပသာဒဆေးလုံး’ က သူ့အတွက် အဆင့်နိမ့်နေလို့ ကဲ့ရဲ့ခံရမှာတောင် စိုးရိမ်မိပါရဲ့”

နျဲ့စန်းက မျက်မှောင်ကြုံ့ရင်း...

“ဒါဆို သူ ဝင်မပြောတာ ယဉ်ကျေးမှုအရလား ၊ ကျွန်တော်တို့ ရည်ရွယ်ချက်ကို သိသွားလို့လား”

ဝူကျိရှိုးက ခဏမျှစဉ်းစားပြီးနောက် ခေါင်းခါယမ်းရင်း...

“ငါတို့ရည်ရွယ်ချက်ကိုတော့ သိမယ်မထင်ဘူး ၊ ဒါပေမဲ့ ယဉ်ကျေးမှုအရလည်းဖြစ်နိုင်သလို အထင်သေးလို့လည်း ဖြစ်နိုင်တယ်”

အဘိုးအိုက သက်ပြင်းချရင်း...

“ကြည့်ရတာတော့... ဒီအဘိုးကြီးထင်ထားတာထက် သူ့အဆင့်က ပိုပြီးမြင့်မားနေတယ်ထင်တယ်”

နျဲ့စန်းက ခဏမျှစဉ်းစားရင်း...

“သူက အရှေ့တောင်ပိုင်းက ထိပ်တန်းမျိုးနွယ်တွေနဲ့ ဆက်စပ်နေတဲ့သူ မဟုတ်ဘူးဆိုရင်ရော ၊ အဲဒီထက်ပိုဝေးတဲ့ နေရာတစ်ခုကလာတာ မဖြစ်နိုင်ဘူးလား”

ဝူကျိရှိုး တိတ်ဆိတ်သွားသည်။

ရန်ကျောက်ကဲက အရှေ့တောင်ပိုင်း ထိပ်တန်းမျိုးနွယ်များနှင့် ဆက်စပ်မှုမရှိဘဲ ပိုမိုဝေးကွာသောနေရာတစ်ခုမှ လာခဲ့သည်ဆိုလျှင် စည်းကျော်သည်ဟု သတ်မှတ်နိုင်သည်။

သာမန် စွန့်စားရုံမျှ ခရီးထွက်လာခြင်းဆိုပါက ပြဿနာမရှိနိုင်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဆိုလျှင် ပြဿနာရှိနိုင်သည်။ ထိုလူငယ်တွင် အကြံအစည်တစ်စုံတစ်ရာရှိနေပြီး သူတို့ယိုးမင်ဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်သွားခဲ့ပါက ဖြစ်ရပ်အပြီးတွင် အရှေ့တောင်ပိုင်း ထိပ်တန်းမျိုးနွယ်များကိုပင် ရန်စသလို ဖြစ်သွားနိုင်၏။

ယခုအချိန်ထိ ရန်ကျောက်ကဲက ကွမ်းမင်ဂိုဏ်းနှင့်ရန်ငြိုးဖွဲ့ထားပြီး တာ့ရွှမ်တိုင်းပြည်မှ လူတစ်ယောက်ကို သတ်ဖြတ်ထားသည့်တိုင် သူ့အတွက် ဘာမှဖြစ်ဟန် မတူပေ။

ဝူကျိရှိုးက အသက်တစ်ချက်ရှူထုတ်ရင်း...

“သူ့နောက်ကြောင်းကိုမသိမချင်း ငါလည်း စိတ်အေးနိုင်မှာ မဟုတ်ဘူး”

နျဲ့စန်းက ဝူကျိရှိုးကို ကြည့်ရင်း...

“အကြီးအကဲ’ဝူ’ ၊ သူနဲ့ ကိုယ်တိုင်တွေ့ဆုံဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား”

ဝူကျိရှိုးက...

“မလိုသေးပါဘူး”

ပြောပြီးသည်နှင့် သူက လူတစ်ယောက်အား အခန်းထဲသို့ ဆင့်ခေါ်လိုက်၏။

ထိုသူက အလင်းမဲ့ခန်းမမှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး သိုင်းသူတော်စင် ပထမအဆင့်ဖြစ်သော “ကိုယ်ခွဲပေါင်းစပ်ခြင်း ကနဦးအဆင့်” ကျင့်ကြံသူ ဖြစ်၏။

ထိုသူက ဝူကျိရှိုး၏ တိုက်ရိုက်တပည့် ‘ချန်ခဲ့’ ဆိုသူဖြစ်ကြောင်း နျဲ့စန်း သိလိုက်သည်။

အကြီးအကဲ’ချန်ခဲ့’ က ဝူကျိရှိုးထံမှ သိုင်းပညာသာမက အဂ္ဂိရတ်ပညာကိုပါ ဆက်ခံခဲ့ပြီး ထူးချွန်သူတစ်ယောက်လည်း ဖြစ်သည်။ ယိုးမင်ဂိုဏ်းမှ “ကိုယ်ခွဲပေါင်းစပ်ခြင်း ကနဦးအဆင့်” သိုင်းသူတော်စင်များထဲတွင် ထိပ်တန်းအဆင့်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။

ဝူကျိရှိုးက ကိစ္စရပ်များရှင်းပြသည်ကို နားထောင်ပြီးနောက် ချန်ခဲ့က ခေါင်းညိတ်လိုက်သည်။

“ဆရာ့ညွှန်ကြားချက်အတိုင်း လိုက်နာပါ့မယ်”

ထို့နောက် ချန်ခဲ့ ပြိုင်ပွဲကျင်းပနေသော ခန်းမထဲသို့ ရောက်လာသည်။

သူက အမှတ်တမဲ့တွေ့ဆုံဟန်ဖြင့် ရန်ကျောက်ကဲကို နှုတ်ဆက်စကားဆိုလိုက်ရင်း သူ့ကို ဦးညွှတ်ဂါရဝပြုလာကြသော တပည့်များကို ပြိုင်ပွဲဆက်လက်ကျင်းပရန် အမူအရာ ပြလိုက်၏။

ချန်ခဲ့က ရန်ကျောက်ကဲနှင့် ပေါ့ပေါ့ပါးပါးပင် စကားစမြည်စတင်ပြောဆိုသည်။ ထိုသူ၏ အဂ္ဂိရတ်ပညာက မဆိုးလှဘဲ ယှဉ်ပြိုင်နေသော သိုင်းဆရာသခင်နှစ်ယောက်ထက် များစွာသာလွန်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။

ထိုသို့ဖြင့် ရန်ကျောက်ကဲလည်း အလျင်စလိုပြန်ရန် မစဉ်းစားတော့ဘဲ ပြိုင်ပွဲပြီးဆုံးသည်အထိ ချန်ခဲ့နှင့် ပေါ့ပေါ့ပါးပါး စကားပြောဆိုရင်း စောင့်ဆိုင်းနေခဲ့သည်။

ပြိုင်ပွဲပြီးဆုံးသည့်နောက် အငြင်းပွားမှုများမဖြစ်ပွားစေရန် ချန်ခဲ့က ဒိုင်အဖြစ် ဆောင်ရွက်ပေးသည်။

ချန်ခဲ့က အလင်းမဲ့ခန်းမမှ အကြီးအကဲတစ်ယောက် ဖြစ်သော်လည်း အမှောင်ခန်းမ၏ တပည့်များက သူ၏ဆုံးဖြတ်ချက်ကို ကန့်ကွက်မည် မဟုတ်ပေ။

ချန်ခဲ့က ပြိုင်ပွဲဝင်နှစ်ယောက်၏ ရလဒ်များကို အကဲမဖြတ်ခင် ရန်ကျောက်ကဲကို မျက်လုံးထောင့်မှတစ်ချက်လှမ်းကြည့်လိုက်၏။

All Chapters