ညံ့ဖျင်းမှုကိုဝန်ခံရန်မဖြစ်နိုင်
Vol. 45 Ch. 634
အခန်း (၆၃၄) ညံ့ဖျင်းမှုကိုဝန်ခံရန်မဖြစ်နိုင်
စိတ်ပသာဒဆေးလုံး၏ အပြည့်စုံသော ဖော်ဆပ်ခြင်းနည်းစနစ်ကို ယိုးမင်ဂိုဏ်းက အမှန်တကယ် ရရှိခဲ့သည်ပင်။ သို့သော် ဝူကျိရှိုးက ထိုဆေးလုံးဖော်ဆပ်နည်းကို ပြန်လည်ပုံဖော်ပြီး ပြင်ဆင်မှုများပြုလုပ်ကာ ဖြည့်စွက်ထားခဲ့သည်။
အငယ်တန်းမျိုးဆက်များအတွက် အတော်လေးခက်ခဲမည့် ဆေးလုံးဖော်ဆပ်နည်းဖြစ်သော်လည်း ဝူကျိရှိုးကဲ့သို့ အဂ္ဂိရတ်ပညာကျွမ်းကျင်သူတစ်ယောက်အတွက်တော့ အခက်အခဲ မရှိပေ။
ပြီးတော့ သာမန်အချိန်ဆိုလျှင် ဝူကျိရှိုးလိုပုဂ္ဂိုလ်က စိတ်ပသာဒဆေးလုံးကဲ့သို့ ဆေးမျိုးအတွက် အချိန်ကုန်ခံမည် မဟုတ်ပေ။ သူ့တွင် ပိုမိုအရေးကြီးသောလုပ်စရာများ ရှိနေပေသည်။ ယခုတစ်ကြိမ်က ရန်ကျောက်ကဲကို စမ်းသပ်ရန်အတွက် ဤဆေးလုံးဖော်ဆပ်နည်းကို ပြန်လည်ပြုပြင်ခဲ့ခြင်း ဖြစ်၏။
ချန်ခဲ့က ဝူကျိရှိုးညွှန်ကြားသမျှကို မှတ်သားပြီး ပြိုင်ပွဲဝင်နှစ်ယောက်လုံးကို တည်ငြိမ်စွာ မှတ်ချက်ပေးခဲ့သည်။
ရန်ကျောက်ကဲပြောသည့်အတိုင်း အမှောင်ခန်းမမှ အမတလက်ဖွဲ့သိုင်းဆရာသခင်က ဆေးလုံးဖော်ဆပ်နည်းတွင် အမှားအယွင်း ပြုလုပ်ခဲ့သည်။
ပထမတစ်ချက်မှားသွားသည်နှင့် နောက်ပိုင်းတစ်လျှောက် ဆက်မှားမည်သာပင်။
အလင်းမဲ့ခန်းမမှ အမတဝိညာဉ်သိုင်းဆရာသခင်ကတော့ ကျင့်ကြံခြင်းအဆင့် အနည်းငယ်နိမ့်ပါးသည့်တိုင် အဂ္ဂိရတ်ပညာတွင်ပိုမိုသာလွန်ပြီး သူ၏ခန့်မှန်းချက်များသည်လည်း တည်ငြိမ်သည်။
ထို့ကြောင့် မည်သူအနိုင်ရကြောင်း ရလဒ်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်ခဲ့သည်။
ချန်ခဲ့က ပြိုင်ပွဲအကဲဖြတ်ဒိုင်လူကြီးအဖြစ် အောင်မြင်စွာဆောင်ရွက်ပေးရုံသာမက ပြိုင်ပွဲဝင်နှစ်ယောက်၏ ယှဉ်ပြိုင်မှုရလဒ်များကိုအခြေခံပြီး ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်ကို ကောက်နှုတ်လျှက် တပည့်များကို ရှင်းပြသည်။
အပျော်တမ်းလာရောက်ကြည့်ရှုကြသော တပည့်များမှလွဲ၍ အဂ္ဂိရတ်ပြိုင်ပွဲခန်းမအတွင်း စုစည်းရောက်ရှိနေကြေသော ယိုးမင်ဂိုဏ်းသားအများစုမှာ အဂ္ဂိရတ်ပညာကို စိတ်ဝင်စားသူများဖြစ်ကြသည်။
ချန်ခဲ့ကလည်း အခွင့်အရေးကို အသုံးချပြီး သူတို့ကို ပညာသင်ပေး၏။ တပည့်များကလည်း ရှားပါးအခွင့်အရေးကို မက်မောစွာဖြင့် ဂရုတစိုက် သင်ယူကြသည်။
ရန်ကျောက်ကဲသည်လည်း ဘေးနားမှပြုံးလျှက် နားထောင်နေသည်ပင်။
သူ့အမြင်အရ ချန်ခဲ့၏အဂ္ဂိရတ်ပညာက မဆိုးလှဟုခံစားရသည်။ ပြန်လည်ကောက်နှုတ်ထားသော စိတ်ပသာဒဆေးလုံးဖော်ဆပ်နည်းစနစ်က အနည်းငယ်ခက်ခဲဟန်ရှိသော်လည်း ချန်ခဲ့ကတော့ မှန်ကန်လေးနက်စွာ သိမြင်နိုင်သော အရည်အချင်းရှိ၏။
သို့သော် ချန်ခဲ့ပြောနေသည့် ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်ကိုနားထောင်ရင်း တစ်ခုခုမှားနေသလို ခံစားလာရသည်။ ချန်ခဲ့ကလည်း တပည့်များကို ရှင်းပြနေရင်း ရန်ကျောက်ကဲအမူအရာကို တိတ်တိတ်ဆိတ် အကဲခတ်စောင့်ကြည့်နေသည်။
ရန်ကျောက်ကဲ၏ မျက်လုံးအမူအရာ တဖြည်းဖြည်းပြောင်းလဲသွားကြောင်း သတိပြုလိုက်မိသည်နှင့် ချန်ခဲ့စိတ်ထဲ အနည်းငယ်လှုပ်ရှားသွားပြီး ဆရာဖြစ်သူ ဝူကျိရှိုး ပြောပြခဲ့သောစကားများ သူ့စိတ်ထဲပေါ်လာသည်။
“ဆရာ့အနေနဲ့ ဒီ ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ အမှားတစ်ခု ထည့်ထားတယ် ၊ အဲဒီအမှားကို ရန်ကျောက်ကဲ ရှာတွေ့နိုင်မလား စမ်းသပ်ကြည့်ချင်တယ်”
“အဲဒီအမှားကို သိတယ်ဆိုရင် ဒီကောင်လေး အမူအရာနည်းနည်းပြောင်းသွားလိမ့်မယ် ၊ သူက ထောက်ပြချင်တယ်ဆိုရင် မင်းက အခွင့်အရေးအရယူပြီး ဒီ စိတ်ပသာဒဆေးလုံးဖော်ဆပ်နဲ့နည်းနဲ့ပတ်သက်လို့ သူ ဘယ်လို ကောက်ချက်ချသလဲဆိုတာကို နားထောင်လာခဲ့ပါ”
ချန်ခဲ့စိတ်ထဲ အတွေးများသွားသော်လည်း မျက်နှာအမူအရာကတော့ ပြောင်းလဲခြင်းမရှိဘဲ တပည့်များကို ဆက်ရှင်းပြနေ၏။
ရန်ကျောက်ကဲက ချန်ခဲ့သင်ပြပေးနေသည်ကို စိတ်ရှည်စွာနားထောင်ပြီးနောက် ခဏမျှစဉ်းစားပြီး အသံပို့လွှတ်စနစ်ဖြင့် စကားလှမ်းပြောလိုက်သည်။
“အကြီးအကဲ’ချန်’ ... အနှောက်အယှက်ပေးမိတာကို ခွင့်လွှတ်ပါ ၊ ဒါပေမဲ့ ဒီ စိတ်ပသာဒဆေးလုံးဖော်ဆပ်နည်းက ပြန်စဉ်းစားဖို့ လိုမယ်ထင်တယ်”
ပုံမှန်ဆိုလျှင် မာနကြီးသောရန်ကျောက်ကဲက လူအများရှေ့ အစွမ်းပြရသည်ကို သဘောကျသည်ပင်။ သို့သော် ယိုးမင်ဂိုဏ်းက သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံသည့်အတွက် ချန်ခဲ့၏ ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်ကို အခြားသူများသိရှိသွားအောင် မေးခွန်းမထုတ်ဘဲ နှစ်ကိုယ်တည်းပြောဆိုရန်သာ ရွေးချယ်လိုက်သည်။
ထိုစကားကြားတော့ ချန်ခဲ့က ရန်ကျောက်ကဲကို ချက်ချင်းပင်လှည့်ကြည့်လိုက်၏။
“သူတကယ်ပဲ ထုတ်ပြောလာတာပဲ”
ချန်ခဲ့ကိုယ်တိုင်လည်း ဤဆေးလုံးဖော်စပ်နည်းကို သိရှိခဲ့ပြီး ဆရာဖြစ်သူ ဝူကျိရှိုး ပြန်လည်ပြုပြင်ထားသော နည်းလမ်းက ပြီးပြည့်စုံကြောင်း သိရှိခဲ့သည်။
ဝူကျိရှိုးက ဆေးနည်းတွင် ရည်ရွယ်ချက်ရှိရှိ အမှားတစ်ခု ချန်ထားခဲ့သော်လည်း နက်နဲလွန်းစွာ ဖုံးကွယ်ထားခဲ့သည်။ ဝူကျိရှိုးက ဆေးလုံးဖော်ဆပ်နည်းကို ကြိုတင်ရှင်းမပြဘဲ ချန်ခဲ့ကို ဖတ်ခိုင်းခဲ့စဉ်က အကြိမ်အနည်းငယ်ဖတ်ခဲ့သည့်တိုင် ပြဿနာကို သတိမထားမိခဲ့ပေ။ အကြိမ်များစွာဖတ်မှသာ ရိပ်မိခဲ့သည်။
ပြီးတော့ ချန်ခဲ့၏ ခွဲခြားစိတ်ဖြာချက်အရဆိုလျှင် ၎င်းကို အမှားဟု မဆိုနိုင်ပေ။ ချို့ယွင်းချက်တစ်ခုဟုဆိုခြင်းကသာ ပိုမိုသင့်တော်သည်။
အကယ်၍ ထိုအမှားကိုမရိပ်မိဘဲ ဆေးလုံးဖော်ဆပ်နည်းအတိုင်း ဖော်ဆပ်သွားပါက ဆေးလုံးအရည်အသွေးညံ့ဖျင်းသည်မှလွဲပြီး အခြားအားနည်းချက် မရှိနိုင်ပေ။
သို့ပေသိ ရန်ကျောက်ကဲကတော့ ထိုအားနည်းချက်လေးကို ချက်ချင်းသိရှိခဲ့သည်တဲ့လား။
“ဒီကောင်လေးမှာ မဟာကပ်ဘေးကြီးမတိုင်ခင်က မူရင်း စိတ်ပသာဒဆေးလုံး ဖော်ဆပ်နည်းများ ရှိနေခဲ့သလား မသိဘူး”
ချန်ခဲ့ မည်သို့မှမတတ်နိုင်စွာ တွေးလိုက်မိ၏။
သူ့စိတ်ထဲ သံသယများစွာရှိနေသော်လည်း မျက်နှာကတော့ တည်ငြိမ်နေပြီး အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို စကားပြန်ပြောလိုက်သည်။
“အိုး... ဟုတ်လား ၊ စိတ်ပသာဒဆေးလုံးဖော်ဆပ်နည်းက မဟာကပ်ဘေးကြီးပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့တယ် ၊ ငါတို့ဂိုဏ်းက မပြည့်စုံတဲ့ဖော်ဆပ်နည်းတစ်ခု အမှတ်တမဲ့ ရရှိခဲ့တယ် ၊ ကြည့်ရတာ... အခု ‘ရန်’ သခင်လေးမှာ မဟာကပ်ဘေးကြီးမတိုင်ခင်က ဆေးဖော်ဆပ်နည်းအပြည့်အစုံများ ရှိနေတာလား”
ရန်ကျောက်ကဲက ပြုံးရင်း...
“မဟုတ်ပါဘူး ၊ အကြီးအကဲတို့ဂိုဏ်းက ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်မှုကိုကြည့်ပြီး ဒီ ‘ရန်’ ကလည်း ဆေးနည်းကို ကောက်ချက်ချကြည့်ခဲ့တာပါ”
ချန်ခဲ့က ဖြည်းညင်းသောလေသံဖြင့်...
“ဒါဖြင့် ‘ရန်’ သခင်လေး ဘယ်လိုများ အကြံပေးချင်သလဲ မသိဘူး”
ရန်ကျောက်ကဲက...
“ဆေးညွှန်းထဲမှာ အကြေးခွံတစ်ထောင်သွေးစက်က တစ်ဝက်ကျော်ကျော် ပိုပြီးပါဝင်နေတယ်”
“ဟမ်... အင်း...”
ချန်ခဲ့ ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရသည်။ ဤသည်က ဝူကျိရှိုး သူ့ကိုပြောခဲ့သည့် ချို့ယွင်းချက်နှင့် တူညီခြင်းမရှိပေ။
“ဟွန်း... နားမလည်ဘဲနဲ့ တတ်ယောင်ကားလုပ်တဲ့ကောင်လေးထင်တယ်...”
ချန်ခဲ့မျက်ဝန်းများထဲ မကျေနပ်သည့်အရိပ်အယောင်အချို့ ပေါ်လာပြီး ပြန်လည်ချေပပြောဆိုမိမတတ် ဖြစ်သွားသည်။
သို့သော် စကားများက နှုတ်ဖျားတွင် ရပ်တန့်သွားသည်။ ချန်ခဲ့က အဂ္ဂိရတ်ပညာကို ကျွမ်းကျင်တတ်မြောက်သူဖြစ်ရာ သေသေချာချာ တွေးကြည့်ပြီးနောက် “ဤအချက်က အဓိပ္ပါယ်ရှိသလိုပဲ” ဟု ခံစားလိုက်ရသည်။
ဤသည်က ချန်ခဲ့ကို အံ့အားသင့်သွားစေသည်။
ရန်ကျောက်ကဲက ဆက်ပြော၏။
“ပြီးတော့... ကျင်းချင်ကျောက်တုံးထည့်တာ နည်းနေတယ် ၊ ဒီထက်များများပိုထည့်နိုင်ရင် ပိုကောင်းမယ်”
“နောက်တစ်ခုက ထိုက်ဟယ်မြက်အူတိုင်က အပူကြောင့် ပျောက်ကွယ်သွားတယ် ၊ အဲဒီနေရာမှာ ယွင်မင်ပန်းရဲ့ အူတိုင်အစားထိုးဖို့ မဖြစ်နိုင်ပေမယ့် ကျုန်းလောင်မြက်အူတိုင်နဲ့အစားထိုးရင် ပိုပြီးထိရောက်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်”
“ဝက်သစ်ချသီးကိုလည်း ဒီအတိုင်းအသုံးမပြုသင့်ဘူး ၊ အရင်ဆုံး အခြောက်ခံပြီး အမှုန့်ဖြစ်အောင်ကြိတ်ပြီးမှ အသုံးပြုတာ ပိုကောင်းမယ်”
“နောက်ဆုံးအနေနဲ့ ဆေးပြင်းဖိုအဖုံးကိုဖွင့်တဲ့အခါ ဒီထက်ပိုပြီး မြန်မြန်ဖွင့်နိုင်ရန် ဆေးဖက်ဝင်ပစ္စည်းတွေရဲ့ အာနိသင်ပိုပြီး ထိရောက်နိုင်ပါတယ်”
စကားဆုံးသွားပြီးနောက် ရန်ကျောက်ကဲက ချန်ခဲ့ကိုး ရိုးရှင်းစွာပင်ကြည့်ရင်း...
“တကယ်တော့ ဒါတွေက အသေးအဖွဲပြဿနာတွေပါ ၊ ကျွန်တော်က နည်းနည်း ဇီဇာကြောင်တာ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ အကြီးအကဲ’ချန်’ ရဲ့ ဆေးလုံးဖော်ဆပ်နည်း ကောက်နှုတ်ချက်က အရမ်းသိမ်မွေ့ပါတယ် ၊ အသေးစိတ်အချက်လေးအနည်းငယ်ကလွဲရင် ပြီးပြည့်စုံတဲ့ စိတ်ပသာဒဆေးလုံး ဖော်ဆပ်နည်းပါပဲ ၊ အင်း... လက်ရှိအနေအထားအရ အောင်မြင်တဲ့ရလဒ် ရှိနိုင်တာ အမှန်ပါပဲ”
ရန်ကျောက်ကဲက သိပ်အများကြီး မစဉ်းစားခဲ့ပေ။ ချန်ခဲ့၏ ဆေးနည်းက အတော်ပြီးပြည့်ဆုံသော်လည်း အကောင်းဆုံးမလုပ်နိုင်သည့်အတွက် နှမျောရုံသာ ရှိခဲ့သည်။
ထို့ကြောင့် တစ်ဖက်လူကို ပညာပြလိုခြင်းထက် သူက ချန်ခဲ့ကို ရိုးရှင်းစွာ ကူညီပေးလိုခြင်းသာ ရှိခဲ့၏။
ချန်ခဲ့သည် ရန်ကျောက်ကဲကို လေးလေးနက်နက်ကြည့်နေသည်။ ရန်ကျောက်ကဲပြောပြသည့် စိတ်ပသာဒဆေးလုံး ဖော်ဆပ်နည်းက သူ့အတွက် တိုးတက်မှုများဖြင့် ပြည့်နေသည်။
ဝူကျိရှိုးပြောခဲ့သည်မှာ ‘ဝက်သစ်ချသီးအမှုန့်ကြိတ်ရန်’ သာဖြစ်ပြီး ကျန်ရှိသည့်ပြဿနာများမှာ ဝူကျိရှိုးရော သူရော မသိခဲ့သော ပြဿနာများ ဖြစ်သည်။
ချန်ခဲ့က ပညာရှင်တစ်ယောက်ဖြစ်လေရာ သေသေချာချာ စဉ်းစားပြီးသည့်နောက် ရန်ကျောက်ကဲ ပြောသည်များမှန်ကန်ပြီး ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလာရသည်။
သို့သော် ထိုသို့တွေးမိသည့်အခါ သူ၏စိတ်အစဉ် ပို၍တုန်လှုပ်သွား၏။
ချန်ခဲ့ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိခဲ့ပြီးနောက် ရန်ကျောက်ကဲက ဆေးလုံးနည်းစနစ်ကို မည်သို့ကောက်ချက်ချကြောင်း မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းခြင်းက သူ့ထံတွင် စိတ်ပသာဒဆေးလုံး ဖော်ဆပ်နည်းအစစ် ရှိ မရှိ အတည်ပြုခြင်းဖြစ်နိုင်ကြောင်းတွေးမိပြီး ရန်ကျောက်ကဲက ချန်ခဲ့ကို သေသေချာချာ အကဲခတ်လိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်နှင့်ပတ်သက်ပြီး အယူအဆအနည်းငယ်ကိုပြောပြလိုက်၏။ သူ့စကားကြားသည်နှင့် ချန်ခဲ့ ပြောစရာစကားများ ပျောက်ရှသွားသည်။
သူ၏ညံ့ဖျင်းမှုကို ဝန်ခံရန်မဖြစ်နိုင်သည့်တိုင် သူ့အရှေ့မှ အသက် (၃၀)ပင် မပြည့်သေးသော ရန်ကျောက်ကဲကိုကြည့်ရင်း မှင်တက်နေမိ၏။
ရန်ကျောက်ကဲပြန်သွားပြီးနောက် သူက ခန်းမအနောက်ဘက်မှ တိတ်ဆိတ်သောအခန်းဆီသို့ ပြန်လာခဲ့သည်။ ဝူကျိရှိုးနှင့် နျဲ့စန်းတို့က သူ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြဆဲပင်။
သို့သော် ချန်ခဲ့ပြောပြသည့်စကားများကိုကြားသည့်အခါ ဝူကျိရှိုး ချက်ချင်းမှင်တက်သွားတော့၏။ ခဏကြာမှ အဘိုးအို သတိပြန်ဝင်လာပြီး ကူရာကယ်ရာမဲ့စွာ ထူးဆန်းသည့်အပြုံးကို ပြုံးလိုက်သည်။
နျဲ့စန်းက ဝူကျိရှိုးသိက္ခာကျမည်ကိုအားနာပြီး အလျှင်အမြန် ဝင်ပြောလိုက်သည်။
“ဒီကောင်လေးရဲ့ အဂ္ဂိရတ်ပညာက တကယ်မြင့်မားတယ် ၊ ဒီတော့ အကြီးအကဲ’ဝူ’ သူ့နောက်ခံကို ခန့်မှန်းနိုင်ရင် ကျွန်တော်တို့လိုချင်တာရပြီပေါ့”
“လိုချင်တာရပြီ ဟုတ်လား”
ဝူကျိရှိုး နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။ သူ့အပြုံးက ငိုသည်ထက်ပင်ပိုမိုအရုပ်ဆိုးလှ၏။
“သူ့ဇာစ်မြစ်ကို ခန့်မှန်းနိုင်သလိုလိုနဲ့ မခန့်မှန်းနိုင်တာနဲ့အတူတူပါပဲ ၊ မခန့်မှန်းနိုင်ထက်တောင် ပိုဆိုးနေသေးတယ်”