ပိုမိုအရေးကြီးလာသောအဓိကကိစ္စများ
Vol. 1-9 Ch. 100
အခန်း (၁၀၀) ပိုမိုအရေးကြီးလာသောအဓိကကိစ္စများ
အဆုံးမရှိသော မိုးကောင်းကင်နှင့် အကန့်အသတ်မဲ့ ပင်လယ်ပြင်ကို လွှမ်းခြုံတော့မည့်အလား ကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့် ပြည့်နက်နေသည့် အ၀ါရောင်စက်၀န်းသည် အဝေးဆီမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
အဝေးတစ်နေရာ မိုးကုတ်စက်၀ိုင်းဆီမှ တောက်ပသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နံနက်အရုဏ်တက်ချိန် အရှေ့ရပ်မှ နေထွက်လာသည်နှင့် ဆင်တူသည်။
ထိုအလင်းရောင်နှင့် ထိတွေ့ခံလိုက်ရသည်နှင့် ဆည်းဆာအရှင်ဖန်ဆင်းထားသည့် မဟူရာဆည်းဆာနယ်မြေကြောင့် ဖြစ်ပေါ်နေသည့် အမှောင်ထုသည် အရင်ကထက်ပိုမိုပြီး တစ်စစီကွဲကြေသွားသည်။
အမှောင်ထု အဆုံးသတ်သွားပြီး တစ်လောကလုံး တစ်ဖန်ပြန်လည်လင်းလက်လာကာ ကောင်းကင်သည်လည်းတောက်ပလာသည်။
ရန်ကျောက်ကဲက အဝေးသို့ လှမ်းကြည့်လိုက်ရင်း…
“ဒါနေသူတော်စင်ဂိုဏ်းရဲ့ သိုင်းပညာပဲ ၊ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ရဲ့ ကျင့်ကြံခြင်းမျိုးပဲ”
သိုင်းဆရာသခင်အဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သော စတုတ္ထအဆင့်ကို သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် ၊ သို့မဟုတ် မသန့်စင်မှုများကို ခဝါချသည့်အဆင့်ဟု ခေါ်ဆိုသည်။
သေခြင်းတရားကို ကျော်လွန်နိုင်မှသာ သူတော်စင်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
ထိုအဆင့်သို့ရောက်ရှိသည်နှင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် သိုင်းသူတော်စင်အဆင့်သို့ရောက်ရှိရန် ခြေလှမ်းစတင်ပြီဟု ဆိုနိုင်သည်။
အကြမ်းဖျင်းဆိုရသော် သိုင်းပညာရှင်အဆင့်၏ ထိပ်ဆုံးအဆင့်ဖြစ်သည့် ကောင်းကင်ချိတ်ဆက်အဆင့်သို့ ရောက်ရှိလျှင် သိုင်းကျင့်ကြံသူများအနေဖြင့် တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်ရသကဲ့သို့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိသည့် သိုင်းဆရာသခင်များသည်လည်း အဆင့်တက်ရန်အတွက် တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်ကြရသည်။
သို့ဖြစ်ရာ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် ကျင့်ကြံသူများသည် လောကအလယ်လှုပ်ရှားလေ့ မရှိကြပေ။ အများစုမှာ သေမျိုးလူသားလောက၏ နောက်ဆုံးအဆင့်ကို ဖြတ်ကျော်ကာ သူတော်စင်အဆင့်သို့ တက်ရောက်ရန် တံခါးပိတ်ကျင့်ကြံနေလေ့ရှိကြသည်။
သို့ပေသိ ယခုတော့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ရှိသော သိုင်းဆရာသခင်တစ်ယောက် ရန်ကျောက်ကဲ မျက်စိရှေ့သို့ အမှန်တကယ်ပင် ရောက်ရှိလာခဲ့လေပြီ။
“ဖန်းပေါ်ထိုင် ၊ နေသူတော်စင်ဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲ”
ရန်ကျောက်ကဲက ဖြည်းညင်းစွာဆိုလိုက်သည်။
“နေဘုရင် (၇)ပါးရဲ့ ပထမမျိုးဆက် အနောက်တိမ်းနေ၀န်းအရှင်က သေခြင်းတရားကိုကျော်လွန်တဲ့အဆင့်ကို တက်ရောက်ခဲ့ပြီးတဲ့နောက် သူ့ရာထူးကို နောက်မျိုးဆက်ကို လွှပြောင်းပေးခဲ့တယ် ၊ အဲဒီလူက ရှောင်ရှန်းရဲ့ အဘိုးပဲ ၊ သေချာတယ် ၊ သူပဲ ဖြစ်ရမယ်”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“တံခါးပိတ်ကျင့်ကြံနေကြတဲ့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သိုင်းဆရာသခင်တွေကြားထဲမှာ သူကတော့ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်တဲ့သူအဖြစ် သတ်မှတ်ခံရတယ်”
အားဟူ၏မျက်နှာက နာကျင်သွားသည့် အမူအရာဖြင့်...
“သခင်လေး… ဒီမိစ္ဆာအိုကြီးကို အကြီးအကဲ‘ရှီ’ ကိုင်တွယ်နိုင်မှာမဟုတ်ဘူး ၊ ဆည်းဆာအရှင်ကိုလည်း ရင်ဆိုင်နေရသေးတယ်ဆိုတော့ ပြောနေစရာတောင် မလိုတော့ဘူး”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
ထိုအချိန် ပိန်ပိန်ပါးပါးအဘိုးအိုတစ်ယောက် သူတို့ရှေ့တွေ ပျံသန်းထွက်ပေါ်လာသည်။ ထိုအဘိုးအိုက ရန်ကျောက်ကဲကိုကူညီပြီး နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်နှင့် တစ္ဆေရဲဒင်းအဘိုးအိုကို ရင်ဆိုင်ပေးခဲ့သော ရွှေကမ္ဗလာလက်ဝါးပိုင်ရှင် ဝါဒတောင်မှ အကြီးအကဲ ဖြစ်သည်။
ရန်ရှု၏ခေါင်းပြတ်ကြီးကိုတစ်လှည့် ၊ ရန်ကျောက်ကဲနှင့်အားဟူကိုတစ်လှည့် ကြည့်ရင်း ပိန်ပိန်ပါးပါးအဘိုးအိုမှာ အနည်းငယ် အံ့အားသင့်သွားသည်။
အနည်းဆုံးတော့ ရန်ရှုက သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်က ပိန်ပိန်ပါးပါးအဘိုးအိုအောက် နိမ့်ကျခြင်းမရှိပေ။
ရှီတိ၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည့်တိုင် “အားနည်းပြီးသေဆုံးတော့မည့် ကုလားအုတ်သည် မြင်းထက် ပိုမိုကြီးမားသည်” ဆိုသော စကားပုံအတိုင်း ရန်ကျောက်ကဲနှင့် အားဟူထက်တော့ သာလွန်နေဦးမည် ဖြစ်သည်။ သို့သော် ရန်ကျောက်ကဲနှင့် အားဟူတို့က ဒဏ်ရာတစ်ချက်မရဘဲ ရန်ရှုကို သတ်ဖြတ်ပစ်နိုင်ခဲ့ကြသည်။
အားဟူခန္ဓာကိုယ်ထက်မှ ဒဏ်ရာများက လေဝိညာဉ်တောင်ကြားတွင် ရှောင်ရှန်းက နေမိုးအပ်များဖြင့် တိုက်ခိုက်သည့်အတွက် ရရှိထားသည့် ဒဏ်ရာများ ဖြစ်သည်။
ဤအချက်များအားလုံး တွေ့မြင်ပြီးသည့်နောက် ပိန်ပိန်ပါးပါးအဘိုးအိုသည် စိတ်ထဲမထားဘဲ မနေနိုင်ခဲ့ပေ။
ရန်ကျောက်ကဲနှင့်အားဟူက မှော်၀င်ပစ္စည်းများ အကူအညီဖြင့် တိုက်ခိုက်ခဲ့ကြသည်ဆိုဦးတော့ ရန်ရှုတွင်လည်း မှော်၀င်ပစ္စည်းများ ရှိသည်သာပင်။ အခြားသောမှော်၀င်ပစ္စည်းများက ရှီတိ၏တိုက်ခိုက်မှုကြောင့် ပျက်စီးသွားလျှင်တောင်မှ အလယ်ဆင့် ၊ မှော်ဝင်ပစ္စည်းဖြစ်သည့် နေစင်ဓားဝှက်ဓားဖြင့်ဆိုလျှင် ရန်ရှုအနေဖြင့် တိုက်ပွဲတွင် အားနည်းချက်ရှိမည် မဟုတ်ပေ။
ပိန်ပိန်ပါးပါးအကြီးအကဲက ရန်သူများကို အမြန်ဆုံးတိုက်ခိုက်ပြီး ရန်ကျောက်ကဲတို့နောက်သို့ လိုက်လာခြင်းဖြစ်သည်။ အစက သူတွေးထင်ထားသည်မှာ ရန်ကျောက်ကဲနှင့်အားဟူက ရန်ရှုထွက်မပြေးနိုင်အောင်သာ ထိန်းထားနိုင်မည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် အကူအညီပေးရန် အလျှင်အမြန် ရောက်လာခြင်း ဖြစ်၏။
ယခုတော့ ရန်ရှုမှာ သူတို့ (၂)ယောက်၏ ပြတ်ပြတ်သားသား သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။
အဘိုးအိုက သက်ပြင်းတစ်ချက်ချရင်း ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
“အခုမှတော့ မင်းထွက်ပြေးချင်ရင်တောင် မလွတ်တော့ဘူး ၊ ဖန်းပေါ်ထိုင်က မင်းအတွက် ရောက်လာတာပဲ”
ဖန်းပေါ်ထိုင်ဆိုသည့်အမည်ကို ပြောလိုက်ချိန်တွင် ပိန်ပိန်ပါးပါးအဘိုးအို၏အသံမှာ အတော်လေား နားထောင်ရဆိုးလှသည်။
ထိုနာမည်သည် ဧရာမသစ်ပင်ကြီးတစ်ပင်၏ အရိပ်ပမာ ဖြစ်သည်။
ဖန်းပေါ်ထိုင်ဆိုသည်က နေသူတော်စင်ဂိုဏ်းမှ ကာလရှည်ကြာအကြီးအကဲတစ်ယောက်ဖြစ်ပြီး 'အရှေ့အရပ်မှထွက်သောနေ' ဟွမ်ကွမ်လီ ၊ ၀ါဒတောင်အကြီးအကဲဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းတို့နှင့် မျိုးဆက်အတူတူပင် ဖြစ်သည်။
သိုင်းဆရာသခင်များကြားတွင် လူသိများသော ပညာရှင်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်များအတွင်း တိုက်ပွဲတိုင်း အောင်မြင်သူတစ်ယောက်အဖြစ် အလွန်ထင်ရှားကျော်ကြားခဲ့ပြီး အဆုံးသတ်တွင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
သူက အခြားသူများကို ပေးစွမ်းနိုင်သည့် ဖိအားများသည် ဆည်းဆာအရှင် ၊ အရှေ့တက်နေ၀န်းအရှင်တို့သည်ပင် နှိုင်းယှက်ရနိုင်သည် မဟုတ်ပေ။
ပိန်ပိန်ပါးပါးအဘိုးအိုက ရန်ကျောက်ကဲကို အနည်းငယ် စိတ်ရှုတ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်သည်။
အစောပိုင်းတွင် သူက ရန်ကျောက်ကဲကို အချိန်မီအားဖြည့်ကူညီပေးနိုင်ခဲ့ပြီး နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်ကို ရင်ဆိုင်ရာတွင်လည်း ကြောက်ရွံ့စိတ်အနည်းငယ်ပင် မရှိခဲ့ပေ။ ယခု ရန်ကျောက်ကဲက ရှောင်ရှန်းကို သတ်ဖြတ်လိုက်သည့်အတွက် တံခါးပိတ်ကျင့်ကြံနေသည့် အကြီးအကဲတစ်ယောက်ပင် ထွက်လာခဲ့ပြီ ဖြစ်သည်။
အဘိုးအို၏အကြည့်ကိုတွေ့မြင်သည်နှင့် စိတ်ထဲဘာတွေးနေသည်ကို ရန်ကျောက်ကဲ အကြမ်းဖျင်း ရိပ်မိသွားသည်။
၀ါဒတောင်တွင်ရှိနေသည့် ခံယူချက်တစ်ခုမှာ နေသူတော်စင်ဂိုဏ်းနှင့် တတ်နိုင်သမျှ ပဋိပက္ခမဖြစ်အောင်နေထိုင်ပြီး အင်အားကို တိတ်တဆိတ်စုစည်းကာ နောက်တစ်ဖန် ၀ါဒတောင်ဂိုဏ်း ပြန်လည်မြင့်မားလာသည်အထိ စောင့်ဆိုင်းရန် ဖြစ်၏။
ထို့ကြောင့် လိုအပ်လျှင် နေသူတော်စင်ဂိုဏ်းကို အလျော့ပေးလိုက်သသည်က အကောင်းဆုံးဖြစ်ပြီး သူတို့၏ အဓိကအကျိုးစီးပွားကိုသေချာစေရန် တတ်နိုင်သမျှ ညှိနှိုင်းရမည် ဖြစ်သည်။
၀ါဒတောင်မှ အကြီးပိုင်းမျိုးဆက် အများစုသည် ထိုအယူအဆကို လက်ကိုင်ထားကြသည်။
ရန်ကျောက်ကဲရှေ့မှ ပိန်ပိန်ပါးပါးအဘိုးအိုသည်လည်း ထိုသို့သော ယူဆသူများထဲမှ တစ်ယောက်ဖြစ်သည်။
အကြီးပိုင်းမျိုးဆက်များထဲတွင် ရန်တိနှင့် ရှီတိတို့သာလျှင် တက်တက်ကြွကြွဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်သည့်နည်းလမ်းကို ထောက်ခံကြသူများ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီနှစ်များအတွင်း နေသူတော်စင်ဂိုဏ်း၏ ဘောင်ကျော်မှုများက ပိုမိုများပြားလာသောကြောင့် ဖြစ်သည်။
၀ါဒတောင်၏ ရှေးရိုးစွဲအယူအဆများဖြင့် နေသူတော်စင်ဂိုဏ်းကို အလျော့ပေးနေမည်ဆိုလျှင့် ထိုသူများက သူတို့၏အသားကို ပါးပါးလှီးပြီး သွေးများကို ဖောက်ထုတ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် အကြီးပိုင်းမျိုးဆက်များ ဖြစ်ချင်သည့်အတိုင်း အင်အားကို တိတ်တဆိတ်စုစည်းနိုင်ခြင်း မရှိရုံသာမက ဆန့်ကျင်ဘက်သက်ရောက်မှုများပင် ဖြစ်လာနိုင်သည်။ ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ ငြိမ်သက်နေခြင်းက တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်မှုကိုပင် ဖြစ်လာစေနိုင်၏။
၀ါဒတောင်ဘက်မှ အခြေအနေ ဆုတ်ယုတ်မှုမရှိဘူးဆိုလျှင်တောင်မှ နေသူတော်စင်ဂိုဏ်းနှင့် အခြားသောမြင့်မြတ်သည့်နယ်မြေများအားလုံးသည်လည်း ရပ်တန့်နေမည်မဟုတ်ဘဲ အဆက်မမြတ် အားကောင်းလာကြမည်ဖြစ်သည်။ ထို့ကြောင့် ၀ါဒတောင်သာလျှင် အရှိန်အဟုန်ကျဆင်းပြီး ရေဆန်ကိုလှော်ခတ်ရန် ကြိုးစားနေသည့် လှေတစ်စင်းပမာ ဖြစ်နေပေလိမ့်မည်။
ထို့ပြင် ၀ါဒတောင် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး သူတို့နောက်အမီလိုက်လာမည်ကို နေသူတော်စင်ဂိုဏ်းကလည်း ဒီအတိုင်းလက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ အကြောင်းမှာ တစ်ချိန်ချိန်တွင် သူတို့ကို ဖြတ်ကျော်တက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
နေသူတော်စင်ဂိုဏ်းက လက်ရှိတွင် အဆက်မပြတ်အားကောင်းနေသည့်အတွက် အနာဂတ်တွင်လည်း မျှော်လင့်ယုံကြည်ထားသည့်အတိုင်း ဆက်လက်အားကောင်းနေမည်ဟု တွေးထင်မည်ဆိုလျှင် လေထဲတိုက်အိမ်ဆောက်သလို ဖြစ်နေပေလိမ့်မည်။ ၀ါဒတောင် တဖြည်းဖြည်းအားကောင်းလာပြီး သူတို့ကို ဖြတ်ကျော်တက်မည်ကို လက်ကမ်းကြိုနေသည့်အလား ဖြစ်နေပေလိမ့်မည်။
အမှန်တော့ အနာဂတ်မျှော်လင့်ချက်အကြောင်း ပြေချင်သည်ဆိုလျှင် တစ်ခုတည်းသောအရာမှာ မီးတောက်မိစ္ဆာများ အလုံးအရင်းဖြင့် ကျူးကျော်၀င်ရောက်ခြင်းကဲ့သို့ အရေးကြီးကိစ္စများကို ပြောရမည် ဖြစ်သည်။
ထိုသို့သောဖြစ်ရပ်မျိုးနှင့်သာ ကြုံတွေ့ရင်ဆိုင်ရမည်ဆိုပါက နေသူတော်စင်ဂိုဏ်းသာလျှင် ထိခိုက်မှုအများဆုံး ဖြစ်ပေလိမ့်မည်။
ဟိုစဥ်အချိန်က ၀ါဒတောင် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခဲ့ဖူးသည့် အချိန်ကာလကဲ့သို့ ဖြစ်ပေလိမ့်မည်။
သို့ပေသိ ထိုသို့သောအခြေအနေများကို မည်သူက တိတိကျကျ ခန့်မှန်းနိုင်ပါမည်နည်း။
ရန်ကျောက်ကဲ၏ ဒုတိယဆရာဦးလေးဖန်းကျွမ်းသည် အရင်အကြီးပိုင်းမျိုးဆက် အလယ်အလတ်လမ်းစဥ်လိုက်ကြသည့် အနည်းငယ်သောအဖွဲ့၀င်များထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် များစွာသော သက်ကြီးရွယ်အိုများနှင့် အကြီးပိုင်းမျိုးဆက်များ၏ထောက်ခံမှုကို ရရှိခဲ့သည်။
သို့သော် မကြာသေးမီနှစ်များအတွင်း နေသူတော်စင်ဂိုဏ်းက သူတို့အပေါ် အပြင်းအထန် ထိအားပေးလာသောကြောင့် ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းနှင့် ရှီတိတို့က ထိပ်တိုက်ရင်ရန်နည်းလမ်းကို ရွေးချယ်လိုကြသည့်အချိန်တွင် ဖန်းကျွမ်းနှင့် သဘောထား မတိုက်ဆိုက်ဘဲ တဖြည်းဖြည်း အခြေအနေတင်းမာလာခဲ့သည်။ ထို့ကြောင့် မူလက သူ့ကို ထောက်ခံခဲ့ကြသော အကြီးပိုင်းမျိုးဆက်များမှာလည်း အတော်လေး စိတ်ပျက်သွားခဲ့ကြ၏။
လက်ရှိတွင်တော့ ၀ါဒတောင်တွင် သဘောထားကွဲလွဲမှုများရှိနေပြီး ရန်တိနှင့် ဖန်းကျွမ်းတို့သည်လည်း ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်ရင်း အကြီးအကဲများ၏ဖိအားများကို နှစ်ရှည်လများ ရင်ဆိုင်ခဲ့ကြရသည်။
ဤပြဿနာများအတွင်းမှ ရုန်းကန်ရမှုများသည် စကားလုံးအနည်းငယ်ဖြင့် ရှင်းပြနိုင်ရန် ခဲယဥ်းသလို ပို၍လည်း ရှုတ်ထွေးလာသည်။
အရှေ့ထန်နိုင်ငံတွင် အစပိုင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ယခု ဖြစ်လာသည့် အဖြစ်အပျက်များ ၊ ရန်ကျောက်ကဲကလည်း ဖန်းယွင်ရှန်းကို ခေါ်လာခဲ့ပြီး ပြန်လည်ကောင်းမွန်လာနိုင်သည့် အခြေအနေများက အလယ်အလတ်အဖွဲ့ မှ ထောက်ခံမှုကို ရရှိနိုင်သည့်ကိစ္စများ ဖြစ်သည်။
အရှေ့ထန်နိုင်ငံနှင့်ပတ်သက်ပြီး သူတို့၏ သဘောထားက ရှင်းလင်းသော်လည်း ရန်ကျောက်ကဲက ရှောင်ရှန်းကို သတ်ဖြတ်ခဲ့သည့် ကိစ္စကတော့ သူတို့အားလုံးကို အပြင်းအထန် ခေါင်းကိုက်စေသည်အမှန်ပင်။
ပုံမှန်ဆိုလျှင် သူတို့အားလုံးက တစ်လေသံတည်း ထွက်ရမည်ဖြစ်သော်လည်း ပြင်ပလောကတွင်ရော ဂိုဏ်းတွင်းမှာပါ ရန်ကျောက်ကဲက များစွာအကျိုးပြုထားသူဖြစ်သလို တစ်ချိန်တည်းပင် ကြီးကြီးမားမား ပြဿနာလည်း ရှာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အကြီးပိုင်းမျိုးဆက်ဟောင်းများအနေဖြင့် အလွန်ပင် စိတ်ရှုတ်ထွေးမှုကို ခံစားကြရ၏။
ပိန်ပိန်ပါးပါး အကြီးအကဲ၏ အတွင်းစိတ်ထဲမှ ရုန်းကန်နေရမှုဒွိဟများကို ရိပ်မိသည့်တိုင် ရန်ကျောက်ကဲက မည်သည့်စကားမှ ထပ်မံပြောဆိုခြင်း မရှိခဲ့ပေ။
အတန်ကြာမှ ရန်ကျောက်ကဲကဆိုသည်။
“အကြီးအကဲ’ချင်’ နဲ့ အကြီးအကဲ’ခုန်’ တို့ရော အခြေအနေ ဘယ်လိုရှိလဲ မေးလို့ရမလား”
ပိန်ပါးသည့်အိုးအိုက ရိုးရှင်းသည့်လေသံဖြင်ပင် ပြန်ပြေသည်။
“အကြီးအကဲ’ရှီ’ က မျှော်လင့်ထားတာထက် စောပြီးရောက်လာတယ် ၊ ပြီးတော့ သူ ဒီကိုလာတော့ အကြီးအကဲ’ချင်’ ကို စစ်ကူပေးဖို့ ဂိုဏ်းထဲက ပညာရှင်အများကြီးနဲ့ အတူတူရောက်လာတာ ၊ နောက်တော့ အရှေ့တက်နေ၀န်းအရှင်တို့အုပ်စုကို နှိမ်နင်းနိုင်ခဲ့တယ် ၊ အခုဆို အကြီးအကဲ’ရှီ’ နဲ့ တွေ့ဆုံဖို့ အနီးအနားမှာ ရောက်နေလောက်ပါပြီ ၊ ဒါပေမဲ့ အခု ဖန်းပေါ်ထိုင် ရောက်လာတယ်ဆိုတော့ နေသူတော်စင်ဂိုဏ်းဘက်က ပိုပြီးအားကောင်းလာတာပေါ့”
အဘိုးအိုက ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း...
“မင်းကတော့ အားလုံးရဲ့ ပစ်မှတ် ဖြစ်လာပြီပဲ ၊ ဒီတစ်ခါတော့ ခက်လိမ့်မယ်”
ရန်ကျောက်ကဲက ခပ်ဖြည်းဖြည်းပင်ဆိုသည်။
“သူတို့ ကျွန်တော့်ကို သတ်လိုက်တယ်ဆိုရင်တောင် အဲဒါက အစပဲရှိသေးတယ်”
“သူတို့က လိုချင်တာကို ရသွားပြီလေ ၊ ကျွန်တော် ရှောင်ရှန်းကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ ၊ သူတို့ဘက်ကလည်း ကျွန်တော့်ကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ သူတို့အတွက် ဘာမှ အရေးမကြီးတော့ပါဘူး”
“ဒါပေမဲ့ ကျွန်တော် ရှောင်ရှန်းကို သတ်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး ဖန်းပေါ်ထိုင်ကတော့ ဒီကိုရောက်လာခဲ့တာပေါ့လေ”
မိုးကုတ်စက်၀ိုင်းဆီမှ အလင်းတန်းများ ထွက်ပေါ်လာရာနေရာသို့ သူတို့အားလုံးကြည့်လိုက်ကြသည်။
ထိုနေရာတွင် နေခုနစ်စင်း တစ်ပြိုင်တည်းထွန်းလင်းလျှက် အ၀ါရောင်စက်၀န်းတစ်ခု တဖြည်းဖြည်းထွက်ပေါ်လာသည် မဟုတ်ပါလား။