ဆင့်ခေါ်သံ
Vol. 108 Ch. 1498
မန်ဟိုသည် မှန်ကွဲစနှင့်အတူ သင်္ချိုင်းထဲ လျှပ်စီးလို ထိုးဆင်းသွား၏။
ရေခဲတောင်ဘီလူးကြီးနှင့် မီးငှက်မှာ မှန်ကွဲစများကို ထိုကဲ့သို့အသုံးပြုလိုက်ပုံကြောင့် အံ့ဩလွန်း၍ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ မြေပြိုကျသွားခြင်း၏အဓိပ္ပါယ်ကိုပင် မစဉ်းစားနိုင်ခင် သူတို့နှစ်ယောက်သား မန်ဟို့ကို တားရန် အောက်ဆင်းသွားလေသည်။
“အဖိုးထိုက်ရတနာ သူ့လက်ထဲ ရောက်မသွားစေနဲ့” သူတို့နှစ်ယောက်သည် ဤကမ္ဘာတွင် အစွမ်းအကြီးမားဆုံးဖြစ်တည်မှုများ ဖြစ်သော်လည်း အင်မတန် စိုးရိမ်နေကြသေး၏။ သူတို့ကား တတ်နိုင်သမျှ အရှိန်တင်ကာ သင်္ချိုင်းထဲ ပျံသန်းဝင်ရောက်သွားကြတော့သည်။
သူတို့အတွက် ကံဆိုးသည်ကား မန်ဟို့ကို မမှီနိုင်ခြင်းပင်။ သူသည် အလင်းတန်းတစ်တန်းသဖွယ် ဥမင်လမ်းအတိုင်း ဖြတ်သွားနေ၏။ အချိုးအကွေ့များပြားသည့်တိုင် မှန်ကွဲစက သူ့စိတ်ထဲတွင် အချက်ပြမီးပမာ လမ်းပြပေးနေသည်။
မန်ဟိုက တခဏလေးပင် မရပ်။ လမ်းနှစ်လမ်းကွဲသွားသည့် နေရာရောက်တိုင်း သူသည် ဤနေရာသို့ ရောက်ခဲ့ဖူးသည့်အလား မည်သည့်လမ်းသို့ သွားရမှန်း အတိအကျသိနေ၏။
သူ့အနောက်၌ ရေခဲတောင်ဂိုဏ်းချုပ်နှင့် မီးငှက်က အရွယ်ကျုံ့လျက် ထပ်ကြပ်မကွာ လိုက်လာနေသည်။ သူတို့ရင်ထဲတွင် စိုးရိမ်သောကများ လောင်မြိုက်နေ၏။ ဘီလူးမှာ ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း အကြောင်းမထူးလှပေ။
အချိန်တွေ ကုန်လွန်သွားသည်။ လပေါင်းများစွာ ကြာပြီဖြစ်သော်ငြား ဘီလူးကြီးနှင့် မီးငှက်မှာ မန်ဟို့ကို လိုက်မမှီသေးပေ။ မန်ဟိုကမူ သင်္ချိုင်း၏လမ်းများတစ်လျှောက် ပျံသန်းနေရင်း နောက်ဆုံးတော့ ... နောက်ဆုံးမှန်ကွဲစကို တွေ့လိုက်ရလေပြီ။
မှန်ကွဲစသည် ကျင်းနက်ကြီးတစ်ကျင်းထဲတွင် ဖြစ်၏။ ကျင်းတစ်ဝက်မှာ ရေခဲရေများ ပြည့်နှက်နေကာ တစ်ဝက်ကတော့ ချော်ရည်များ၏နေရာပင်။ ထိုနှစ်ပိုင်း၏အလယ်တည့်တည့်၌ မှန်ကွဲစက ယင်နှင့်ယန်ကို ပိုင်းခြားထားသကဲ့သို့ တည်ရှိနေသည်။
မီးဓာတ်နှင့် အအေးဓာတ်နှစ်မျိုးလုံးက ပတ်ဝန်းကျင်တစ်ခုလုံးတွင် နေရာယူထားရာ ... ဤထူးဆန်းသောကမ္ဘာကို စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သယောင်ပင်။
မန်ဟိုက မျှော်လင့်နေသောမျက်ဝန်းများဖြင့် ငုံ့ကြည့်သည်။ သူသည် ကျင်းဆီသို့ ညာလက်ကို ဆန့်တန်း၍ ဖမ်းဆုပ်ဟန်လုပ်လိုက်၏။
ချက်ချင်းပင် ကျင်းတစ်ကျင်းလုံး ပေါက်ကွဲတော့မည့်အလား တုန်ခါလာသည်။ မှန်ကွဲစသည်လည်း တုန်ရီလာပြီးနောက် သူ့ဆီ ပျံသန်းလာတော့မည့်အလား တဖြည်းဖြည်း မြောက်တက်လာသည်။
ဤအခိုက်အတန့်တွင် ရေခဲရေအတွင်းထဲမှ အားကောင်းသော ဟိန်းသံတစ်သံနှင့်အတူ မြွေနဂါးတစ်ကောင် ဝုန်းခနဲ ထွက်လာ၏။ ရေခဲများဖြင့် ဖွဲ့စည်းထားသည့် ၎င်း၏ခန္ဓာကိုယ်ကြီးက မန်ဟို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာလေပြီ။
တစ်ချိန်တည်းမှာပင် ချော်ရည်ပူများထဲမှ မီးနဂါးတစ်ကောင်လည်း ဟိန်းဟောက်လျက် မန်ဟို့ထံ ဦးတည်လာသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်၏။ ညာလက်ကို ဆန့်တန်းမြဲ ဆန့်တန်းထားရင်း သူသည် ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် အောက်သို့ ဝှေ့ယမ်းလိုက်၏။ မိစ္ဆာချုပ်နှောင်မှော်အစွမ်းက ရေခဲနဂါးနှင့် မီးနဂါးကို လွှမ်းခြုံ၍ တွန်းထုတ်လိုက်တော့သည်။
နဂါးနှစ်ကောင်က ချာခနဲ ပြန်လှည့်လာပြီး တိုက်ခိုက်တော့မည့်အချိန် မန်ဟို၏ဘယ်လက်က ချုပ်နှောင်လက်ကွက်တစ်ကွက် ဖော်သည်။ ချက်ချင်းပင် မြူစီးကြောင်းနှစ်ကြောင်းသည် ကိုယ်ပွားလို လူပုံစံအသွင်ပြောင်းရင်း ထွက်သွား၏။ ထိုကိုယ်ပွားနှစ်ကိုယ်က ရေခဲနဂါးနှင့်မီးနဂါးကို ဆုပ်ကိုင်လျက် ကိုင်ပေါက်လိုက်လေသည်။ နဂါးနှစ်ကောင်ခမျာ အနားရှိ ကျောက်နံရံများအတွင်း ခေါင်းစိုက်သွား၏။
တစ်ချက်တည်းမှာပင် ကိုယ်ပွားနှစ်ကိုယ်က နဂါးနှစ်ကောင်ကို ချုပ်လိုက်သော ချုပ်စည်းများအသွင် ပြောင်းသွားသည်။ ယခုတွင် ၎င်းတို့မှာ မည်မျှဟိန်းဟောက်စေကာမူ တုပ်တုပ်မှမလှုပ်နိုင်တော့ပေ။
ထို့နောက် မှန်ကွဲစက ပို၍ပင်ပြင်းပြင်းထန်ထန် တုန်ရီလာပြီးနောက် လေပေါ် မြောက်တက်လာသည်။ ဤအခိုက်၌ ရေခဲတောင်ဘီလူးနှင့် မီးငှက်မှာ သူတို့၏ပတ်ပတ်လည်ရှိ ကမ္ဘာလှုပ်ခတ်နေသည်ကို ခံစားလာရတော့သည်။ သူတို့၏မျက်နှာများ ပျက်သွားပြီး အရှိန်တင်လိုက်ကြ၏။ အသက်ရှူချိန်အနည်းငယ်အတွင်း သူတို့ကား လိုဏ်ခေါင်းထဲမှ ထွက်လာကြလေပြီ။
“လက်ဖယ်လိုက်စမ်း” သူတို့က ဟိန်းဟောက်သည်။ သို့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ မှန်ကွဲစ လေပေါ်မြောက်တက်နေစဉ် ချော်ရည်နှင့် ရေခဲရေများ ပေါက်ကွဲသွားသည်။ ထို့နောက် မန်ဟိုက မှန်ကွဲစကို လှမ်းယူလိုက်၏။
သူ၏မျက်လုံးများက လင်းလက်စွာ တောက်ပနေပြီး သူ့မှာ အတန်ငယ်ပင် အသက်ရှူမြန်နေသည်။ ဤမှန်ကွဲစကို သူ ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းရာချီကြာခဲ့ပြီဖြစ်သည်။ အကြာမှအကြာကြီး ကြာပြီးသည့်နောက်တွင်တော့ မှန်ကွဲစအားလုံး စုံသွားခဲ့ချေပြီ။
မှန်ကွဲစသည်လည်း ဝမ်းသာပျော်ရွှင်နေဟန်တူသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက မန်ဟို၏ချပ်ဝတ်နှင့် တစ်သားတည်းဖြစ်သွားသော အနက်ရောင်အမျှင်များ အသွင်ပြောင်းရင်း အရည်ပျော်ကျသွား၏။ ယခုတွင် ချပ်ဝတ်သည် ပို၍ပြည့်စုံသွားပုံရ၍ ၎င်းထုတ်လွှတ်နေသော အရှိန်အဝါမှာ အတိုင်းထက်အလွန် ကြောက်စရာကောင်းလာလေသည်။
မိုးနှင့်မြေ တဝုန်းဝုန်း တုန်ခါနေသည်။ တစ်ကမ္ဘာလုံး လှုပ်ခတ်နေ၏။ မှန်ကွဲစမရှိတော့သည့်အတွက် ကျင်းအတွင်းရှိ ချော်ရည်နှင့်ရေခဲရေတို့သည် ရောသွားပြီး မြေပြင်အားလုံး ယိမ်းထိုးကုန်၏။ ရေခဲတောင်များ အရည်ပျော်စပြုလာပြီး မီးများ ငြိမ်းသေစပြုလာသည်။ အဖျက်အစီးစွမ်းအားကား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားချေပြီ။
ရေခဲတောင်ဘီလူးမှာ တဆတ်ဆတ် တုန်လာပြီး ခံပြင်းစွာ ဟိန်းဟောက်လိုက်သည်။ မီးငှက်က လှမ်းကြည့်လိုက်ရာ သူ တိုက်ခိုက်ဖို့ ပြင်နေသည်ကို မြင်လျှင် အံတင်းတင်းကြိတ်၍ ..... သူ့ရှေ့၌ ပိတ်ရပ်လိုက်၏။
ရေခဲတောင်ဘီလူးက ဒေါသတကြီး မာန်မဲလိုက်သဖြင့် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားသည်။
“မီးငှက် မင်းဘာလုပ်နေတာလဲ”
“သူ အဖိုးထိုက်ရတနာကို ရသွားပြီလေ” သူမက ပြန်ဖြေသည်။ “ကျွန်မတို့ အတူတိုက်ခိုက်ရင် ပြန်ယူနိုင်မယ်လို့ ရှင် တကယ်ထင်နေတာလား” ရေခဲတောင်ဂိုဏ်းချုပ်က ဟိန်းလိုက်ပြီး နှစ်ယောက်သား စကားစများတော့သည်။ ထို့နောက် စကားများနေသည်ကို ရပ်ကာ နတ်ဘုရားအာရုံမှတစ်ဆင့် ဆက်သွယ်ကြ၏။
မန်ဟိုက ဘေးတွင် ရပ်ကြည့်နေသည်။ သူသည် ဝင်မနှောင့်ယှက်ဘဲ မှန်ကွဲစများ၏ ဆင့်ခေါ်စွမ်းအားကိုသာ အာရုံစိုက်နေသည်။ ဤအခိုက်အတန့်တွင် ကြေးမုံအား ဆင့်ခေါ်နိုင်တော့မည်ဟူသော ခံစားချက်သည် အားကောင်းလာ၏။
များမကြာခင် ရေခဲတောင်ဘီလူးက နောက်တစ်ကြိမ် ဒေါသတကြီး ဟိန်းပြန်သည်။ သူ၏မျက်နှာကြောက တင်းနေသေးသော်လည်း လက်လျှော့လိုက်၏။ မီးငှက်က မန်ဟို့ဘက်လှည့်၍ အသက်ပြင်းပြင်းတစ်ချက်ရှူသွားရင်း လူပုံစံပြန်ပြောင်းပြီးနောက် လက်ယှက်အရိုအသေပေးလိုက်သည်။
“တာအိုရောင်ရင်း၊ ကျွန်မတို့ စောစောက လောကြီးခဲ့မိပါတယ်” သူမက ပြောသည်။ “အပန်းမကြီးဘူးဆိုရင် သဘောတူထားသလို လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်ရှင်”
မန်ဟိုက သူမကို အေးစက်စွာ ကြည့်သည်။ ဤအချိန်တွင် သူ့အနေဖြင့် ဤနေရာအား လျစ်လျူရှုနိုင်သည်။ သို့သော် မှန်ကွဲစကို ယူလိုက်ခြင်းက ဤတစ်ကမ္ဘာလုံး၏ ပျက်သုဉ်းမှုကို စတင်စေခဲ့ပြီမဟုတ်ပါလော။
တခဏတွေးပြီးသော် သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ပတ်ဝန်းကျင်၌ ပြည့်နှက်သွားစေ၏။ ထို့နောက် မိစ္ဆာချုပ်နှောင်မှော်အစွမ်း ဖြန့်ကျက်လိုက်သည်။ ပထမမန္တန်မှ စ၍ အဋ္ဌမမန္တန်အထိ .... သူက သူ၏အစွမ်းထက်ဆုံးနတ်ဘုရားစွမ်းရည်၊ မန္တန်ရှစ်ခုအစုအဝေးကို ဆင့်ခေါ်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် မှန်ကွဲစရှစ်ခုက ချပ်ဝတ်အသွင်ဖြင့် တည်ရှိနေပြီဖြစ်၍ နတ်ဘုရားစွမ်းရည်အား ပို၍အစွမ်းထက်သွားစေသည်။ အရောင်အဝါများ လင်းလက်ပြိုးပြက်သွားပြီး လေများ တဟူးဟူး တိုက်လာ၏။ ရေခဲတောင်ဘီလူးနှင့် မီးငှက်နှစ်ယောက်လုံး၏ မျက်နှာများ ရိပ်ခနဲ ဖြစ်ကုန်သည်။
“ချုပ်နှောင်လိုက်” မန်ဟိုက သူ့လက်နှစ်ဖက်လုံးကို ကျင်းဆီ ဝှေ့ယမ်းရင်း ပြောသည်။ ထိုလှုပ်ရှားမှုက မယုံကြည်နိုင်ဖွယ်ချုပ်နှောင်စွမ်းအား,အား ရေခဲရေနှင့် ချော်ရည်ပူအပေါ် ကျရောက်သွားစေ၏။
ချက်ချင်းပင် အရည်နှစ်မျိုးက ရောနေခြင်း ရပ်တန့်သွားပြီး တဖြည်းဖြည်း ငြိမ်သွားတော့သည်။
အက်ကွဲသံများ ထွက်နေစဉ် မန်ဟို့နဖူးမှ ချွေးများကျလာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါ်ထွက်လာပြန်ပြီး မန္တန်ရှစ်ခု၏ ချုပ်နှောင်ခြင်းစွမ်းအားက ရေခဲရေနှင့် ချော်ရည်ကို လွှမ်းခြုံရင်း ပြန့်ကားသွား၏။ ယခုတွင် တစ်ခုကိုတစ်ခု ဖျက်စီးမည့်အစား ချုပ်နှောင်ခံလိုက်ရလေပြီ။ သူတို့သည် ယခင်တုန်းကလို ကွဲမနေသော်လည်း ပေါင်းနေခြင်းလည်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ရေခဲပြင်များ၏ အရည်ပျော်မှုလည်း ရပ်တန့်သွားသည်။ ၎င်းတို့သည် ယခင်ထက်ပို၍ နွေးလာသော်လည်း ရေခဲပြင်များ ဖြစ်နေသေး၏။
ကမ္ဘာ၏တစ်ဖက်ခြမ်းရှိ မီးလွင်ပြင်တွင် မီးတောက်များ နောက်တစ်ကြိမ် တောက်လောင်လာသည်။ ယခင်ကဲ့သို့ အရှိန်အဟုန်မပြင်းထန်တော့ဘဲ အပူချိန် ကျဆင်းသွားခဲ့သော်လည်း မီးကား တည်ရှိနေသေး၏။ ကမ္ဘာထဲ၌ နေထိုင်သော မျိုးနွယ်စုနှစ်စုမှာမူ အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့သော်လည်း အသက်အန္တရာယ်မရှိတော့ချေ။
“ငါက ပြောတဲ့အတိုင်း လုပ်တယ်” မန်ဟိုက ပြောသည်။ “အခု ငါ့ကျင့်ကြံအဆင့်က ပြဿနာကို ဖြေရှင်းပေးဖို့ မလုံလောက်သေးဘူး။ ဒါပေမဲ့ ဒီချုပ်စည်းရှိနေသရွေ့ ဒီကမ္ဘာဟာ နောင်နှစ်တစ်သောင်းအထိ အန္တရာယ်ကင်းလိမ့်မယ်
“ငါ့ကျင့်ကြံခြင်းအဆင့် အစွမ်းထက်လာတာနဲ့ ပြန်လာပြီး ဒီကမ္ဘာကို အမြဲတမ်း အန္တရာယ်ကင်းအောင် လုပ်ပေးမယ်” သူက ကျင်းနက်ကြီးအား နောက်တစ်ကြိမ် ငုံ့ကြည့်ပြီးနောက် ရေခဲတောင်ဘီလူးနှင့် မီးငှက်ကို ပြန်ကြည့်သည်။
ရေခဲတောင်ဘီလူးက စိန်းစိန်းဝါးဝါး ပြန်စိုက်ကြည့်သော်လည်း မီးငှက်က ခါးသီးစွာ ပြုံးရင်း လက်ယှက်အရိုအသေပေးသည်။
မန်ဟိုလည်း ထိုနည်းတူလက်ယှက်၍ သူတို့နှစ်ယောက်အား အရိုအသေပေးလိုက်သည်။
“ဒီပစ္စည်းက ငါ့အတွက် သိပ်အရေးပါပါတယ်။ ငါ့ကြောင့် အဆင်မပြေဖြစ်ခဲ့တာတွေအတွက် တောင်းပန်တာကို လက်ခံပေးပါ။ နောက်ကျ သေချာပေါက် ပြန်ဆပ်ပါ့မယ်” သူတို့တစ်ယောက်မှ သူ့ကို မယုံမှန်း မန်ဟို သိသော်လည်း စိတ်ရင်းနှင့်ပြောနေခြင်း ဖြစ်၏။
ထို့နောက် သူက လှည့်၍ သင်္ချိုင်း၏ထွက်ပေါက်ဆီသို့ လှည့်ထွက်သွားတော့သည်။
သူ့အနောက်၌ ရေခဲတောင်ဂိုဏ်းချုပ်နှင့် မီးငှက်မှာ တစ်ယောက်ကိုတစ်ယောက် သုန်မှုန်စွာ ကြည့်လိုက်ကြသည်။ သို့သော် ယခုမှတော့ သူတို့ ဘာမှမတတ်နိုင်တော့ပေ။ သက်ပြင်းချရင်း သူတို့လည်း ထွက်သွားကြ၏။
ယခုတွင် မှန်ကွဲစကို ရသွားပြီဖြစ်၍ မန်ဟိုသည် ပို၍ပင်လျင်မြန်စွာ ပျံသန်းနိုင်နေ၏။ ရက်နှစ်ဆယ်ကြာသော် ဥမင်၏အထွက်သို့ ရောက်သွားပြီးနောက် မိုးကောင်းကင်ထက် ပျံတက်သွားသည်။ အသက်ပြင်းပြင်းရှူရင်း သူက အောက်ရှိမြေပြင်များကို တခဏငုံ့ကြည့်ပြီး အာကာသထဲသို့ အမြန်ဆုံးထွက်သွားလေသည်။ လအနည်းငယ်ကြာသည့်အခါ မန်ဟိုကား ပန်းပွင့်ကြီးထဲမှ ထွက်လာတော့သည်။
အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်သို့ ပြန်ရောက်လာပြီဖြစ်၍ မန်ဟို့မျက်လုံးများသည် လင်းလက်နေပြီး သူ၏နှလုံးသားမှာလည်း စိတ်လှုပ်ရှားမှုတို့ဖြင့် တဒိန်းဒိန်းခုန်နေသည်။ လောလောဆယ် ကြေးမုံကို မဆင့်ခေါ်သေးဖို့ ဆုံးဖြတ်ကာ သူက အဝေးသို့ ထွက်သွားလေသည်။
သူ့ကိုယ်ပွား၏ နဝမဘဝနှင့် ဆက်သွယ်ဖို့ သူ မကြာခဏ ကြိုးစားခဲ့သော်လည်း အကြောင်းတစ်စုံတရာကြောင့် စမ်းတဝါးဝါးသာ ခံစားနေရသည်။ သူ့ကိုယ်ပွား ဘာလုပ်နေလဲ၊ ဘာတွေကို ကြုံနေရလဲ သူ မသိပေ။ သိပ်သည်းသောမြူထုကြီးဖြင့် ဖုံးကွယ်ခံထားသည့်အလားပင်။ သို့သော် ကိုယ်ပွားအတွင်း၌ အစပျိုးလာနေသည့် ရင်းနှီးသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို သူ အာရုံရနေသည်။
“ဒီနဝမလူဝင်စားနဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်။ သူက နဝမမန္တန်ရဲ့ နောက်ဆုံးချုပ်စည်းကို ဖော်ဆောင်နေတာများ ဖြစ်နိုင်မလား” ယင်းက သူ သုံးသပ်မိလိုက်သည့်အရာပင်။ ကောင်းကင်ဘုံချုပ်နှောင်ခြင်းနဝမမန္တန်သည် မယုံနိုင်လောက်အောင် အစွမ်းကြီးမား၍ ကမ္ဘာလောကနှင့်ပင် သဟဇာတမဖြစ်သည့်အလား ထင်ရ၏။။ ၎င်း၏အံဖွယ်သဘာဝက ဤမထင်မှတ်ထားသောအဖြစ်ပျက်ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်လိမ့်မည်။
လအနည်းငယ်ကြာသော် မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်းရှိ ချောင်ကျကျနေရာတစ်နေရာသို့ ရောက်ရှိသွား၏။ ၎င်းက အပျက်အစီးများပြန့်ကြဲလျက် လူသူကင်းမဲ့နေသော မြေထုတစ်ခုပင်။
လွန်ခဲ့သောနှစ်တစ်ရာလောက်က ဤနေရာကို ဖြတ်လာခဲ့တုန်းက ဤနေရာနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုက ထူးဆန်းနေကြောင်း မန်ဟို ခံစားခဲ့ရသည်။ ကြည့်ရခြင်းအားဖြင့် အာကာပြင်ကျယ်စကြဝဠာ၏စွမ်းအင်ကား ဤနေရာတွင် အားနည်းဟန်တူ၏။ သို့ဖြစ်၍ ဤနေရာတွင် ကြေးမုံကို သူ ဆင့်ခေါ်မည်။
သူသည် ပတ်ဝန်းကျင်တွင် မန္တန်ဝင်္ကပါများစွာ စတင်ခင်းကျင်း၏။ အများစုက တားမြစ်မန္တန်များပင်။ ကြေးမုံကို ဆင့်ခေါ်ပြီးနောက် မည်သည့်အရာများ ဖြစ်ပျက်မည်မှန်း သူ မသိနိုင်သော်လည်း သူ၏အတွေ့အကြုံများအရ တစ်စုံတစ်ခု ဖြစ်ပျက်လိမ့်မည်ဟု သူ အတပ်သိသည်။ ထို့ကြောင့် အသင့်ပြင်ထားဖို့ လိုသည်။
ပြင်ဆင်မှုများလုပ်ရင်း ဆယ်နှစ်ကြာသွား၏။ အဆုံးသတ်တွင် ဧရိယာသည် ယခင်နှင့် သိပ်မခြားနားသွားသော်လည်း အမှန်ကား နဂါးကန်လို၊ ကျားဂူလို အန္တရာယ်များလေသည်။ နောက်ဆုံးတော့ သူက အားရကျေနပ်စွာ အသက်ပြင်းချ၍ အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ဖုန်တက်နေသော ကျောက်တုံးကြီးတစ်တုံးအရှေ့၌ တင်ပျဉ်ခွေထိုင်ချလိုက်သည်။
ထို့နောက် မန်ဟိုသည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ မှန်ကွဲစရှစ်ခုက ပျံထွက်လာပြီး သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်ပျံဝဲနေ၏။ ၎င်းတို့ကား အံ့ဖွယ်မန္တန်ဝင်္ကပါတစ်ခုကို ဖော်ဆောင်နေသယောင်ပင်။
ပြင်းပြသောမျှော်လင့်ချက်များ မျက်ဝန်းများတွင် ပြည့်နှက်နေလျက် သူက ပြောသည်။ “ကြေးမုံ၊ ကြက်တူရွေး ... ငါတို့ပြန်ဆုံဖို့ အချိန်ကျပြီ
“ဒီမှန်ကွဲစရှစ်ခုရဲ့စွမ်းအားနဲ့ မင်းကို ဆင့်ခေါ်တယ် ကြေးမုံ။ ဘယ်လောက်ဝေးဝေးပဲ ရောက်နေရောက်နေ၊ ငါ့ဆီ ပြန်လာလော့” သူက အင်္ကျီလက်စခါလျက် အတိတ်တုန်းက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်တွေးပြီးနောက် လက်နှစ်ဖက်မုဒြာလက်ကွက် နောက်တစ်ကွက်ဖော်လိုက်သည်။ သူ၏နတ်ဘုရားအာရုံသည် မှန်ကွဲစရှစ်ခုနှင့် အဆက်အသွယ်လုပ်ကာ အံ့ဖွယ်မန္တန်ဝင်္ကပါကို အသက်သွင်းလိုက်၏။ တဂျုန်းဂျုန်းထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး မှန်ကွဲစခုနစ်ခုက ... အပိုင်းအစတစ်ခု လစ်လပ်နေသော ကြေးမုံမျက်နှာပြင်အဖြစ် ဆက်သွားသည်။
ကြေးမုံက မန်ဟို၏ နတ်ဘုရားအာရုံစွမ်းအားကို စုပ်ယူနေဟန်တူသည်။ ထို့နောက် အလင်းတန်းကြီးတစ်တန်းအဖြစ် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အလင်းရောင်ပေးလိုက်ပြီး ကြယ်တာရာကောင်းကင်အား တုန်ခါလာစေ၏။
“ကြေးမုံ.... ငါ့ဆီ ပြန်လာလော့”
“ကြက်တူရွေး ... ငါ့ဆီ ပြန်လာလော့”