← Chapters

ဝါဒတောင်သခင်လေးနှင့် အလင်းမင်းသား

Vol. 12 Ch. 170

ဝါဒတောင်သခင်လေးနှင့် အလင်းမင်းသား

Vol. 12 Ch. 170

အခန်း (၁၇၀) ဝါဒတောင်သခင်လေးနှင့် အလင်းမင်းသား

နေသူတော်စင်ဂိုဏ်း၏ ထိပ်တန်းအဆင့် သခင်လေးဆိုသည့် ဂုဏ်ပုဒ်နှင့်ယှဉ်လျှင် ဟွမ်ကျိသည် အတော်လေး သိုသိုသိပ်သိပ် နေတတ်သူပင်။

သူပိုင်ဆိုင်သော ဂုဏ်ပုဒ်နာမည်ဖြစ်သည့် “အလင်းမင်းသား”ဆိုသည့် နာမည်ပင်လျှင် သူ၏ သိုသိုသိပ်သိပ်နေတတ်မှုနှင့် နှိုင်းယှဉ်လျှင် မသင့်တော်ဟု ထင်မှတ်ရသည်။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် လူတိုင်းက နေရောင်ခြည်ပမာ တောက်ပနေကြ‌သော်လည်း သူကတော့ လရောင်ပမာ တစ်ကိုယ်တည်းတိတ်ဆိတ်အထီးကျန်လျှက် ရှိသည်။

ရန်ကျောက်ကဲ ဟွမ်ကျိကို လှမ်းကြည့်လိုက်စဉ် ဟွမ်ကျိကလည်း သူ့ကို လှည့်ကြည့်လာသည်။ သူတို့အကြည့်ချင်းဆုံသွားသည့်အခါ မည်သည့်ခံစားချက်ကိုမှ သစ္စာမဖောက်ဘဲ အရှိအတိုင်း တွေ့မြင်ကြရသည်။

“စိတ်ဝင်စားစရာပဲ”

ရန်ကျောက်ကဲ မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

သူ့အနေဖြင့် ဟွမ်ကျိ၏ ကျင့်ကြံခြင်းအဆင့်ကို အတိအကျ ခန့်မှန်းနိုင်ခြင်း မရှိပေ။ ကြားရသည့်အကြားအာရုံကိုသာ အခြေခံပြီး တိုင်းတာကြည့်နိုင်သည်။ တစ်ဖက်လူ၏ သွေးစွမ်းအားနှင့်ချီစွမ်းအားစီးဆင်းမှုများ အသံကိုနား‌ထောင်ပြီး အကြမ်းဖျင်းမှန်းဆချက်သာ ပြုလုပ်နိုင်ခဲ့သည်။

ပြဒါးနှင့်တူသောသွေး...

ဤသည်မှာ ရိုးတွင်းချဉ်ဆီဒုတိယအကြိမ် ဆေးကြောခံထားရသူများ ပိုင်ဆိုင်သော လက္ခဏာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဆိုလျှင် ဟွမ်ကျိ၏ကျင့်ကြံခြင်းအဆင့်က အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့် ဖြစ်နိုင်သည်။

ထို့ပြင် ဟွမ်ကျိက သူ၏သိုင်းစွမ်းနှင့် ကျင့်ကြံခြင်းလက္ခဏာများကိုလည်း ဖုံးကွယ်ထားလေရာ ရန်ကျောက်ကဲအနေဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အကဲဖြတ်ရန် အခက်တွေ့ရသည်။

အပြင်ပိုင်းကြယ်တာရာချီ အလယ်ဆင့် သိုင်းပညာရှင်ဆိုလျှင် လက်နက်တစ်ခုကို ခြေတစ်လှမ်းအကွာမှ ချီစွမ်းအားဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်သည်။ အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ဆိုလျှင်တော့ လေထဲသို့ ပျံသန်းနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်သည်။ သို့ပေသိ တစ်ယောက်နှင့်တစ်ယောက် သိုင်းပညာဖလှယ်ခြင်းမရှိဘဲ ထိုစရိုက်လက္ခဏာများက ထွက်ပေါ်လာမည် မဟုတ်ပေ။

ရှန်ထျန်းသိုင်းပညာရှင်များကတော့ ကြယ်တာရာချီစွမ်းအားကို ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစပ်နိုင်ကြသည်။ သို့သော် ဟွမ်ကျိက သူ၏ကြယ်တာရာချီစွမ်းအားကို ထုတ်ဖော်ခြင်းမရှိသရွေ့ မဆုံးဖြတ်နိုင်ပေ။ နောက်တစ်ချက်မှာ ရှန်ထျန်းသိုင်းပညာရှင်များ၏ ဦးခေါင်းထက်တွင် ထွက်ပေါ်နေတတ်သည့် မိုးကုတ်စက်ဝိုင်းဖြင့် ချိတ်ဆက်ထားသည့် ဝိညာဉ်စွမ်းအား အလင်းရောင် ဖြစ်သည်။ သို့သော် ထိုအလင်းရောင်က အခြားသူများမတွေ့မြင်အောင် ဖုံးကွယ်ထားနိုင်သည်။

ထို့ကြောင့် ရန်ကျောက်ကဲသည် ဟွမ်ကျိ၏ ကျင့်ကြံခြင်းအဆင့်ကို အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်ဟုသာ အကြမ်းဖျင်း ကောက်ချက်ချနိုင်ခဲ့သည်။

အသက်အရွယ်အရဆိုလျှင် ဟွမ်ကျိသည် အပြင်ပိုင်းကြယ်တာရာချီ အလယ်ဆင့်လည်း ဖြစ်နိုင်လေသည်။

ရန်ကျောက်ကဲကို ဘေးဖယ်ထားပြီး ကျောက်စိမ်းပင်လယ်မြို့တော်မှ လီကျင်းဝမ် ၊ အဆုံးမဲ့တောင်တန်းမှ ရှောင်ယွိအပါအဝင် အခြားသက်တူရွယ်တူများသည်လည်း ထိုသို့သော ကျင့်ကြံခြင်းအဆင့်သာလျှင် ရှိကြသည်။

ဟွမ်ကျိက သူတို့ထက် အနည်းငယ်မျှ အသက်ပိုကြီးသော်လည်း သက်တူရွယ်တူဟု ဆိုနိုင်သည့် အနေအထားဖြစ်သည်။

သို့ပေသိ ရန်ကျောက်ကဲ၏ ဗီဇသိစိတ်က ဟွမ်ကျိသည် ထိုမျှ မရိုးရှင်းကြောင်း သတိပေးနေသည်။

အမှန်ဆိုလျှင် နေသူတော်စင်ဂိုဏ်းက ရန်ကျောက်ကဲကို ထိန်းချုပ်ရန်အတွက် သူ့ထက်အဆပေါင်းများစွာ ကျင့်ကြံခြင်းအဆင့်မြင့်မားသော ထန်ယုံဟောင်ကို စေလွှတ်မည့်အစား သက်တူရွယ်တူဖြစ်သည့် အလင်းမင်းသား ‘ဟွမ်ကျိ’ နှင့် ယှဉ်ပြိုင်တိုက်ခိုက်စေခြင်းက အကောင်းဆုံးဖြစ်သလို နေသူတော်စင်ဂိုဏ်းအတွက်လည်း အကောင်းဆုံးရလဒ်တစ်ခု ထွက်လာနိုင်သည်။

ယခုတော့ ဟွမ်ကျိက တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။

ရန်ကျောက်ကဲကိုသာမက အခြားသူများကိုလည်း တိုက်ခိုက်ခြင်းမပြုဘဲ ခပ်ကင်းကင်းနေမည့်ဟန်ပင်။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ သိုင်းပြိုင်ပွဲများကြည့်ရှုရန်သက်သက် ရောက်လာခြင်းလား မပြောတတ်ပေ။

ရန်ကျောက်ကဲ အကြည့်လွှဲလိုက်ပြီး ထန်ယုံဟောင်နှင့် ရွှီဖေးတို့တိုက်ပွဲကို အာရုံစိုက်လိုက်သည်။

တိုက်ပွဲနေရာဖြစ်သည့် မိုးပျံကျွန်းကို လှိုင်းနက်ဂေဟာက အထူးတလည်ဆောက်လုပ်ထားလေရာ တိုက်ခိုက်သူ (၂)ယောက် လွတ်လပ်စွာ တိုက်ခိုက်နိုင်သည်။ တိုက်ပွဲမှထွက်ပေါ်လာသည့်စွမ်းအားရိုက်ခတ်မှုများကို ကောင်းစွာထိန်းသိမ်းထားနိုင်သဖြင့် ပွဲကြည့်ပရိတ်သတ်များ အဝေးသို့ ရွှေ့ပေးစရာမလိုဘဲ အေးအေးဆေးဆေး ကြည့်ရှုနိုင်သည်။

ထန်ယုံဟောင်နှင့် စုန့်ချင်တို့တိုက်ပွဲက ခဏမျှသာ ကြာမြင့်သော်လည်း ရွှီဖေးနှင့် ထန်ယုံဟောင်တို့တိုက်ပွဲကတော့  အမှန်တကယ်ပင် နဂါးနှင့် ကျား တိုက်ခိုက်သည့်ပွဲ ဖြစ်သည်။

တိုက်ပွဲကိုကြည့်ရှုနေကြသည့် ရှန်းထန်အဆင့် သိုင်းပညာရှင်များသည်ပင် မျက်နှာအမူအရာများ လေးနက်နေကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က ရွှီဖေးနှင့် ထန်ယုံဟောင်တို့ထက်နိ့မ်ကျသည့်တိုင် တိုက်ပွဲဝင် (၂)ဦး၏ သိုင်းစွမ်းအားကို အကြမ်းဖျင်းချိန်ဆခန့်မှန်းနိုင်ကြသည်။

ယခုနှစ်များအတွင်း ရန်ကျောက်ကဲက ကျင့်ကြံခြင်းအဆင့် တူညီသူများကို အနိုင်ယူသကဲ့သို့ပင် ကျင့်ကြံခြင်းအဆင့် တူညီသူများကြားတွင်လည်း သိုင်းစွမ်းနှင့် တိုက်ခိုက်စွမ်းရည်တို့ မတူညီဘဲ ကွဲပြားမှုများ ရှိကြသည်။

ရွှီဖေးနှင့် ထန်ယုံဟောင်တို့သည် ကျင့်ကြံခြင်းအဆင့် တူညီသူများကြားတွင် အထွတ်ထိပ် ဖြစ်ကြ၏။

ထန်ယုံဟောင်က ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် သူ၏ဓားမှအလင်းတန်းများထွက်ပေါ်လာပြီး ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူက ပြိုင်ဘက်၏လှုပ်ရှားမှုများကို ခန့်မှန်းနိုင်ရုံသာမက ပြိုင်ဘက်၏သိုင်းပညာကိုလည်း နားလည်နေဟန် ရှိသည်။

ရွှီဖေးက လှုပ်ရှားတော့မည်ဆိုလျှင် ထန်ယုံဟောင်က ခြေတစ်လှမ်းကြိုပြီး ခံစစ်အနေဖြင့် တားဆီးထားနိုင်သည်။

ထန်ယုံဟောင်က နေသူတော်စင်ဂိုဏ်း၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော အရုဏ်ဦးနတ်ဓားသိုင်းသာမက အခြားသော ဓားသိုင်းပညာရပ်များကိုလည်း ကျွမ်းကျင်ကြောင်း ပြသခဲ့သည်။ သူက ဓားတာအိုတွင် နှစ်ပေါင်းများစွာ ဘဝကို မြှုပ်နှံထားခဲ့လေရာ ဓားသိုင်းအနှစ်သာရကို နက်ရှိုင်းစွာနားလည်သဘောပေါက်ပြီး မရေမတွက်နိုင်သည့် ဓားသိုင်းမူကွဲများကို နားလည်နိုင်စွမ်း ရှိသည်။

တိုက်ပွဲကို အာရုံစူးစိုက်မှုအပြည့်ဖြင့်ကြည့်နေသော စစ်ခုန်ချင်းက မျက်မှေင်တစ်ချက် ကြုတ်လိုက်ရင်း...

"ထန်ယုံဟောင်က အရမ်းထူးဆန်းတာပဲ..."

“မထူးဆန်းပါဘူး ၊ ထန်ယုံဟောင်က ဓားသိုင်းအရမ်းထူးချွန်တဲ့အတွက် ထူးဆန်းတယ်လို့ မင်း ထင်သွားတာ”

ရန်ကျောက်ကဲက ဆိုသည်။

“ကောလဟလတွေအရတော့ ထန်ယုံဟောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာက ဘယ်ဓားသိုင်းကိုမဆို တစ်ချက်ကြည့်လိုက်ရုံနဲ့ သင်ယူနိုင်တယ်လို့ ပြောကြတယ်”

ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း စစ်ခုန်ချင်း၏ မျက်ဝန်းများ တောက်ပသွားသည်။

လေးနက်သောဓားသိုင်းပညာဆိုသည်က ရိုးရှင်းသော ဓားသိုင်းကစားဟန်ကိုသာ ရည်ရွယ်ခြင်းမဟုတ်ပေ။ ဓားသိုင်းတွင်ပါဝင်သည့် ဓားဝိညာဉ် ၊ လိုအပ်သော ချီစွမ်းအားလှည့်ပတ်မှုနှင့် လေးနက်သောအဓိပ္ပါယ်များစွာတို့ဖြင့် တုနှိုင်းမမီအောင် ရှုတ်ထွေးလှသည်။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်း၏လုံးက ဓားသိုင်းပညာတွင် မည်သူမှ အားနည်းခြင်းမရှိကြပေ။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း...

“ငါ့ကို မကြည့်နဲ့  အဲဒီကောလဟလက တကယ်မှတ်တယ် ၊ ဥပမာကွာ... ငါတို့ဂိုဏ်းရဲ့ မိုးမြေဓားသိုင်းနဲ့ ခုနစ်စဉ်ကြယ်ဓားသိုင်းကို သိုင်းကျမ်းတွေကို ဖတ်မထားဘဲ မင်းပဲဖြစ်ဖြစ် ငါပဲဖြစ်ဖြစ် လေ့ကျင့်နေတာကို အချိန်ခဏလောက် ကြည့်မိတာနဲ့ ထန်ယုံဟောင်က (၇၀) ရာနှုန်း ၊ (၈၀) ရာနှုန်း နားလည်နေပြီ”

“ဒါပေမဲ့ ထန်ယုံဟောင်က အဲဒီနည်းလမ်းကို ဘယ်တော့မှ မသုံးဘူး ၊ သူတို့နေသူတော်စင်ဂိုဏ်းက ဓားသိုင်းကို သင်ယူတာတောင်မှ တခြားဓားသိုင်းကို မသင်ယူဘဲ သူ အမွေဆက်ခံထားတဲ့ဓားသိုင်းကိုပဲ သင်ယူတာ ၊ တခြား ပိုင်ရှင်ရှိတဲ့ဓားသိုင်းတွေကိုလည်း အဲဒီအတိုင်းပဲ ၊ သူက နားလည်နိုင်ပေမယ့် လုံးဝမလေ့ကျင့်ဘူး”

ရန်ကျောက်ကဲက သက်ပြင်းချရင်း ဆက်ပြောသည်။

“တခြား ထိပ်သီးသိုင်းဂိုဏ်း (၅)ဂိုဏ်းက သိုင်းပညာကိုမပြောနဲ့ သူမသင်ယူသင့်တဲ့ သိုင်းပညာဆိုတာနဲ့ ထန်ယုံဟောင်က သူ့ကိုယ်သူ ထိန်းသိမ်းလိုက်တာချည်းပဲလေ”

ရန်ကျောက်ကဲက ထန်ယုံဟောင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

“ဒါကြောင့် လူအများက သူ့ကိုနားမလည်နိုင်ကြလို့ စာအုပ်ကြီးသမားလို့ ပြောကြတာပေါ့ ၊ သူယုံကြည်ရာကို စွဲမြဲစွာရပ်တည်တဲ့လူတစ်ယောက်ပါပဲ”

စစ်ခုန်ချင်းက ရွှီဖေးကို ကြည့်လိုက်ပြီး...

“ဂိုဏ်းတူအစ်ကိုကြီး’ရွှီ’ကလည်း သူ့ထက်မညံ့ပါဘူး”

ရန်ကျောက်ကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း...

“ဒီလိုပဲ ဖြစ်ရမယ်လေ”

ထန်ယုံဟောင်၏ ပြင်းထန်သော ဓားကွက်များကို ရွှီဖေးက ခြေတစ်လှမ်းမဆုတ်ဘဲ ခုခံတိုက်ခိုက်နေသည်။ သူ့ကိုကြည့်ရသည်မှာ ကျောက်ရုပ်ကြီးတစ်ရုပ်နှင့်ပင် ဆင်တူသည်။

တိုက်ပွဲအစကတည်းက ရွှီဖေးက မိုးမြေဓားသိုင်းတစ်ခုတည်းကိုသာ အစွမ်းကုန် အသုံးပြုခဲ့သည်။ ဓားသိုင်းက ရိုးရှင်းသော်လည်း အကန့်အသတ်မရှိလေရာ ဓားသိုင်းတစ်ကွက်မှာပင် အလှည့်အပြောင်းများစွာကို ထုတ်ဖော်နိုင်သည်။ ထို့ကြောင့် ရွှီဖေးက ခြေတစ်လှမ်းမဆုတ်ဘဲ တိုက်ခိုက်နိုင်ခြင်းပင်။

ထို့ပြင် သူကိုယ်တိုင်ဖန်တီးထားသည့် မိုးမြေလက်ဝါးသိုင်းကို မိုးမြေဓားသိုင်းနှင့် ပေါင်းစပ်အသုံးပြုလေရာ ရွှီဖေး၏စွမ်းအားများ တဟုန်ထိုးမြင့်တက်လာပြီး ထန်ယုံဟောင်၏ မရေမတွက်နိုင်သော ဓားအလင်းရောင်များကို အသာလေးပင် တွန်းလှန်နိုင်ခဲ့သည်။

ထန်ယုံဟောင်က တစ်ချက်ကြည့်ရုံဖြင့် မိုးမြေဓားသိုင်း၏နက်နဲမှုများကို နားလည်သွားပြီး ရွှီဖေး၏ ဓားကွက်များကို ခန့်မှန်းနိုင်ခဲ့သည်။

သို့တိုင် ရွှီဖေးကို အသာစီးရအောင် မတိုက်ခိုက်နိုင်ခဲ့ပေ။

ရွှီဖေးက မိုးမြေဓားသိုင်းတွင် သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ရရှိနိုင်သည့် အထွတ်ထိပ်အောင်မြင်မှုကို ရရှိထားသူ ဖြစ်သည်။ မိုးမြေဓားသိုင်းကို ထန်ယုံဟောင်ကျင့်ကြံမည်ဆိုလျှင်တောင်မှ ရွှီဖေးထက် သာလွန်နိုင်မည် မဟုတ်ပေ။

သူတို့ (၂)ယောက်၏ တိုက်ပွဲက ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် လူတိုင်းမျက်စိကျရသည့် တိုက်ပွဲဖြစ်သည်။

ထိုအချိန် အဆုံးမဲ့တောင်တန်းမှ သိုင်းသမားများနှင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ အခြားလမ်းတစ်ဖက်မှ မိုးပျံကျွန်းပေါ်သို့ တက်လာကြသည်။

‌ကောင်းကင်မိုးကြိုးခန်းမမှ မိုးကြိုးသခင်လေး’လင်ကျိုး’ ရော လျှပ်စီးသခင်လေး ‘ရန်ရှန်း’ ပါ မလာရောက်နိုင်ကြပေ။ သူတို့အဖွဲ့ခေါင်းဆောင်မှာ ရွှီဖေး ၊ ထန်ယုံဟောင် ၊ စုန့်ချောင်တို့နှင့် သက်တူရွယ်တူ လူငယ်တစ်ယောက် ဖြစ်သည်။

ထိုသူက ရှန်ထျန်း နှောင်းပိုင်းအဆင့် သိုင်းပညာရှင် “ရှဲ့ကျစ်ယီ” ဖြစ်သည်။ သူသည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်ပြီး မိုးကောင်းကင်၏သားတော်တစ်ပါး ဖြစ်သည်။

ရှဲ့ကျစ်ယီမှာ စွမ်းအားမြင့်မားသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရပြီး ထိုသူကို အနိုင်ယူသတ်ဖြတ်နိုင်ခဲ့သည့်တိုင် သူကိုယ်တိုင်လည်း အတွင်းဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။ ထိုဒဏ်ရာကို ကာလရှည်ကြာ ကုသနေရသည့်အတွင် ကျင့်ကြံခြင်းအဆင့် နှောင့်နှေးသွားရသည်။

မဟုတ်ပါက ကျင့်ကြံခြင်းတစ်ဆို့မှုများကို ဖြတ်ကျော်ပြီး ကောင်းကင်ချိတ်ဆက်အဆင့်သို့ရောက်ရှိနေမည်မှာ (၉၀)ရာနှုန်းခန့် သေချာသည်။

ရှဲ့ကျစ်ယီနံဘေးတွင် တပည့်အငယ်များရှိနေပြီး သူတို့အားလုံးက ကောင်းကင်မိုးကြိုးခန်းမ၏ ပင်မတိုက်ရိုက်တပည့်များ ဖြစ်ကြသည်။

တစ်ဖက်တွင်တော့ အဆုံးမဲ့တောင်တန်းမှ တပည့်အုပ်စု ရှိနေသည်။ လျိုရှန်းဖုန်း တွေ့ဆုံပွဲတွင် ပါဝင်ခွင့်မရတော့သည့်အတွက် အုပ်စုခေါင်းဆောင်က ကျိဟန်ရူ ဖြစ်သည်။

သူ့ဘေးတွင်တော့ ကျောက်ဟိုရှိနေပြီး သွေးဆာနေသည့်ဝံပုလွေက သားကောင်ကိုကြည့်နေသည့်အလား ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များကို စူးစိုက်ကြည့်နေလေ၏။

All Chapters