မဟာစစ်သူကြီးသုံးပါး၊ အနန္တကပ်ဘေး
Vol. 21 Ch. 257
အခန်း (၂၅၇) မဟာစစ်သူကြီးသုံးပါး၊ အနန္တကပ်ဘေး
“စုချီလား”
အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော်ရဲ့ ကြမ္မာဆိုးလား၊ ကျွန်တော် သူ့ကို သိတယ်၊ ကျွန်တော်တို့ သူ့ကိုဖမ်းပြီး သူ့နတ်စွမ်းအားကို လုယူဖို့ ကြိုးစားသေးတယ်၊ သူ့ကို ကောင်းကင်ရုံးတော်က စွန့်ပစ်ထားလိုက်ပြီ မဟုတ်ဘူးလား”
ဝတ်ရုံဖြူဗုဒ္ဓရဲ့ မျက်နှာဟာ ပိုထူးဆန်းသွားပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ စုချီကို မဖမ်းခင်ကတည်းက စုချီအကြောင်းကို စုံစမ်းခဲ့ပြီးပါပြီ။ ကောင်းကင်ရုံးတော်က စုချီကို စွန့်ပစ်ထားတာကြောင့်သာ လိုက်ဖမ်းရဲတာပါ။ နို့မဟုတ်လို့ကတော့ တွေးတောင်တွေးရဲမှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ ဝတ်ရုံဖြူဗုဒ္ဓက အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ကို ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။ ရုတ်တရက် ထွက်ပေါ်လာတဲ့ ဗုဒ္ဓတံဆိပ်ကြောင့် အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ ထိတ်လန့်သွားပြီး အမြန်ရှောင်တိမ်းလိုက်ပါတယ်။
“စီနီယာ...ဒါ ဘာလုပ်တာလဲ” အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ ဒေါသတကြီး အော်မေးလိုက်ပါတယ်။ ဒါပေမဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ ဘာမှပြန်မဖြေဘဲ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ကို ဆက်တိုက်ပါတယ်။
ဒီလိုနဲ့ တိုက်ပွဲကြီး တစ်ပွဲ ဖြစ်ပေါ်လာပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိနေတဲ့ ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို ဇိမ်ပြေနပြေ ထိုင်ကြည့်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓက အင်မော်တယ်ဧကရာဇ် ဖြစ်ခါနီးနေပြီမို့ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ထက် အများကြီး ပိုစွမ်းပါတယ်။ ဒါကြောင့် မကြာခင်မှာပဲ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ အရေးနိမ့်သွားပါတယ်။
‘သူ့ကို အလွတ်မပေးနဲ့၊ သူ လွတ်သွားရင် မင်း ထုန်ကျန့်ကမ္ဘာမှာ ဆက်နေဖို့ကိစ္စကို မေ့လိုက်တော့’ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို အသံလွှင့်ပြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်က အကူအညီတောင်းတာ ရှားတာကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ကို နည်းနည်းမှ မသနားပါဘူး။ အဲဒီအစား ဘယ်လိုအစွမ်းပြရမလဲပဲ စဉ်းစားပါတယ်။
ဒီတိုက်ပွဲမှာ နေ့ဝက်ကျော် ကြာပါတယ်။ ထုန်ကျန့်ကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတွေဟာ ဟင်းလင်းပြင်က တိုက်ပွဲကို မမြင်နိုင်ပေမဲ့ အလွန်တရာထိတ်လန့်မှုကို ခံစားလိုက်ရတာကြောင့် သူတို့ကျင့်ကြံမှု တစ်ခုခုမှားနေတယ်လို့ပ တွေးလိုက်ကြပါတယ်။
ဒီလို့နဲ့ နောက်ဆုံးမှာတော့ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ ဝတ်ရုံဖြူဗုဒ္ဓလက်ချက်နဲ့ ဇီဝိန်ကြွေသွားပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ အင်မော်တယ်ဗိုလ်ချန် ကုန်းချန်ရဲ့ ဝိညာဉ်ကိုတောင် အလွတ်မပေးဘဲ လုံးဝဖျက်ဆီးပစ်လိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ နောင်ပြဿနာတက်မှာစိုးတဲ့အတွက် အခုလိုမျိုး လက်စတုံးရခြင်းပါ။
တိုက်ပွဲပြီးတဲ့အခါမှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ဆီ သွားမလည်ဘဲ သူ့တာအိုဘုံကျောင်းကိုသာ ပြန်ပြီး ဆက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “လက်အောက်ငယ်သား ရှိတာကလည်း မဆိးဘူးပဲ”
ဝူတောက်ကျန့်က စပ်စုလိုက်ပါတယ် “သခင်က ဘယ်သူ့ကို ပြောနေတာလဲ”
“ကြိုးကြိုးစားစားသာ ကျင့်ကြံစမ်းပါ၊ နောက်ကျလို့ ထုန်ကျန့်ကမ္ဘာကို ရန်သူတွေ ကျူးကျော်လာရင် ငါ့ကို ကူညီနိုင်အောင် လုပ်စမ်းပါ၊ သုံးစားမရတဲ့ အလှပြပန်းပင် မဖြစ်စေနဲ့”
“ကျွန်မက မြက်ပင်... ပန်းပင် မဟုတ်ဘူး
“ဘာထူးလို့လဲ”
“ထုန်ကျန့်ကမ္ဘာကို ရန်သူ ကျူးကျော်လာလို့လား”
“အင်း”
“ဘယ်သူလဲ” ဝူတောက်ကျန်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
အဲဒီနောက်...။
ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက မောင်းထုတ်ခံလိုက်ရပါတယ်။
တခြားတပည့်တွေကလည်း ဝူတောက်ကျန့် အပြင်ဘက် လွှင့်ပစ်ခံရတာကိုကြည့်ပြီး ဘာဖြစ်တာလဲဆိုတာ သိချင်သွားပါတယ် ‘ဆရာသခင်က ထပ်ပြီး အဆင့်တက်ပြန်ပြီလား’
ဝူတောက်ကျန့်ဟာ ရှက်သွားတာမို့ ဘာမှမဖြစ်ချင်ဟန်ဆောင်ပြီး ဖူစန်းသစ်ပင်အောက် လျှောက်သွားကာ တရားထိုင်ပါတယ်။
နတ်ဘုရားခန်းမမှာ အင်မော်တယ်တွေ စုရုံးနေကြပါတယ်။
ဩဇာအာဏာ ကြီးမားလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ခန်းမထဲမှာ ဝင့်ကြွားစွာရပ်ပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး... ရှန်စစ်သူကြီး ဒဏ်ရာရထားတာဆိုတော့ သူ့ကို အနားယူခွင့်ပေးလိုက်ပါ၊ အခုအချိန်ကစပြီး ကောင်းကင်စစ်တပ်ကို ကျွန်တော် ဦးဆောင်ပေးပါ့မယ်”
အင်မော်တယ်တွေဟာ တီးတိုးတီးတိုး ဖြစ်သွားကြပေမဲ့ ဘယ်သူမှ မငြင်းဆန်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအင်မော်တယ်က အရမ်းကို နာမည်ကျော်ကြားလွန်းလို့ပါ။
ပြောရမယ်ဆိုရင် ကောင်းကင်ရုံးတော်မှာ မဟာစစ်သူကြီးသုံးပါး ရှိပါတယ်။ သူတို့က ရှန်စစ်သူကြီး၊ သိုင်းနတ်ဘုရား စစ်သူကြီးနဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးတို့ပဲ ဖြစ်ပါတယ်။
အခုခန်းမထဲမှာ ဝင့်ကြွားစွာရပ်နေတဲ့သူကတော့ သိုင်းနတ်ဘုရား စစ်သူကြီးပဲ ဖြစ်ပါတယ်။
သိုင်းနတ်ဘုရား စစ်သူကြီးဟာ တာအိုကို ရရှိထားတာ နှစ်သန်းပေါင်းများစွာ ကြာပြီမို့ အင်မော်တယ်ဧကရာဇ်ဖြစ်တာ ကြာလှပါပြီ။ သူ့စွမ်းအားကလည်း ပင်လယ်သမုဒ္ဒရာလို နက်ရှိုင်းလှပြီး အင်မော်တယ်ကမ္ဘာရဲ့ မြောက်ပိုင်းကို စိုးမိုးအုပ်ချုပ်ရသူမို့ ကောင်းကင်ရုံးတော်ကို ပြန်လာခဲပါတယ်။
ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “မြောက်ပိုင်းစွန်းကို ကာကွယ်ဖို့ မလိုတော့ဘူးဆိုတော့ မင်း ကောင်းကင်ရုံးတော်မှာ နေနိုင်တယ်”
ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် သိုင်းနတ်ဘုရား စစ်သူကြီး မျက်နှာပေါ်က အပြုံးက အေးခဲသွားပါတယ်။ အဲဒီနောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး အရှိန်အဟုန် လျော့သွားပါတယ်။
ရှေ့မှာရပ်နေတဲ့ အိမ်ရှေ့မင်းသားက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သိုင်းနတ်ဘုရား စစ်သူကြီး... မြောက်ပိုင်းစွန်းကို ဘာလို့ ကာကွယ်ဖို့ မလိုတော့တာလဲ”
သိုင်းနတ်ဘုရား စစ်သူကြီးဟာ ချောင်းတစ်ချက် ဟန့်လိုက်ပါတယ် “အဟွတ်... ရှေးဟောင်းဂဠုန်မျိုးနွယ်စုက ပြန်နိုးထလာပြီ၊ သူတို့က မြောက်ပိုင်းစွန်းမှာရှိတဲ့ နတ်ဆိုးတွေကို စုစည်းလိုက်ပြီ”
သိုင်းနတ်ဘုရား စစ်သူကြီးရဲ့ စကားကြောင့် ခန်းမထဲမှာရှိတဲ့ အင်မော်တယ်တွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး တစ်ယောက်တစ်ပေါက် ဆွေးနွေးကြပါတယ်။
အိမ်ရှေ့မင်းသားလည်း မျက်မှောင်ကြုတ်သွားပါတယ်။
တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ကိုကြည့်ပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး... နတ်ဆိုးတွေက ဒီနှစ်ထဲမှာ ရှေးဟောင်းတည်ရှိမှုတွေ တစ်ခုပြီးတစ်ခု ပြန်နိုးထလာတယ်၊ ဒါက တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး၊ နတ်ဆိုးရုံးတော်က ပြီးခဲ့တဲ့တိုက်ပွဲမှာ ကျွန်တော်တို့ကို ရှုံးထားတာဆိုပေမဲ့ ကျွန်တော်တွေ သတိမလွတ်သင့်ဘူး”
ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်ရဲ့ ရန်ငြိုးရန်စက အချိန်ကာလအားဖြင့် ရေတွက်လို့ မရတော့ပါဘူး။ ပြောရမယ်ဆိုရင် အင်မော်တယ်အများကြီးက ဒီလောက်အထိ အသက်မရှည်ကြပါဘူး။ ဒီမဆုံးနိုင်တဲ့ တိုက်ပွဲက ဘယ်လောက်ထိ ရှည်ကြာအုန်းမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။
“ငါ သိတယ်၊ ဒါကြောင့်လည်း ငါ့က စစ်သူကြီးနှစ်ပါးလုံးကို ပြန်ခေါ်လိုက်ရတာ၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးလည်း မကြာခင် ပြန်ရောက်လာလိမ့်မယ်၊ သူက နတ်မင်း ဖြစ်သွားပြီ” ကောင်းကင်ဧကရာဇ်ဟာ ထမင်းစားရေသောက်ကိစ္စလိုမျိုး ပြောလိုက်ပါတယ်။
နတ်မင်း။
အင်မော်တယ်တွေဟာ ဒီသတင်းကြောင့် နှလုံးလှုပ်သွားကြပါတယ်။ သိုင်းနတ်ဘုရား စစ်သူကြီးကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် တိတ်တဆိတ် ဆုပ်လိုက်ပါတယ်။
မဟာစစ်သူကြီးသုံးပါးမှာ ကောင်းကင်နတ်ဘုရား စစ်သူကြီးက အသက်အကြီးဆုံးနဲ့ အလျှိုဝှက်ဆုံး အဆန်းကြယ်ဆုံးပါ။ ကောင်းကင်ရုံးတော်မှာ သူမပေါ်လာတာ နှစ်ငါးသန်းရှိပြီမို့ ရှန်စစ်သူကြီးတောင် ကောင်းကင်နတ်ဘုရား စစ်သူကြီးကို မမြင်ဖူးပါဘူး။
သိုင်းနတ်ဘုရား စစ်သူကြီးတောင် ကောင်းကင်နတ်ဘုရား စစ်သူကြီးကို တစ်ခါမှ မြင်ဖူးတာပါ။ အဲဒီအချိန်တုန်းက သိုင်းနတ်ဘုရား စစ်သူကြီးဟာ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို စိန်ခေါ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရစရာမရှိအောင် ရှုံးနိမ့်ခဲ့ပါတယ်။ ကောင်းကင်ဧကရာဇ် ဝင်တားလို့သာ ကံကောင်းသွားတာပါ။ မဟုတ်ရင် ကောင်းကင်ရုံးတော်မှာ သိုင်းနတ်ဘုရား စစ်သူကြီးဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။
သိုင်းနတ်ဘုရား စစ်သူကြီးဟာ ဒီကိစ္စကို တွေးမိတိုင်း မကျေနပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို အနိုင်မယူနိုင်ဘူးဆိုရင် ကောင်းကင်ရုံးတော်မှာ နံပါတ်တစ် စစ်သူကြီး မဖြစ်နိုင်လို့ပါပဲ။
‘ရှန်စစ်သူကြီး ငါ့ထက်ပိုပြီး အရည်အချင်းရှိတယ်၊ မကြာခင်မှာ သူက ငါ့ကို ကျော်တက်သွားတော့မယ်၊ သူ့မှာ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို ဖိနှိပ်ဖို့ အခွင့်အရေးရှိတယ်၊ ငါကျတော့ရော...’ သိုင်းနတ်ဘုရား စစ်သူကြီးဟာ တွေးလေလေ စိတ်မချမ်းသာလေလေပါပဲ။
“အနန္တကပ်ဘေး စတင်တော့မယ်၊ ဒီတစ်ခေါက် အနန္တကပ်ဘေးကို ရှင်းလင်းရမှာက ငါတို့ကောင်းကင်ရုံးတော် မဟုတ်ရင် နတ်ဆိုးရုံးတော်ဖြစ်ဖို့ များတယ်၊ အင်မော်တယ်တွေ အကုန်လုံး ဒီအနန္တကပ်ဘေးအတွက် ပြင်ဆင်ထားကြဖို့ ငါမျှော်လင့်တယ်၊ ကောင်းကင်ရုံးတော်က အနန္တကပ်ဘေး လေးငါးခြောက်ခုကို ဖြတ်ကျော်ခဲ့ပြီးပြီပဲ၊ ဒီတစ်ခါ ကပ်ဘေးကိုလည်း ငါတို့ကျော်ဖြတ်နိုင်မှာ ကျိန်းသေတယ်”
ကောင်းကင်ဧကရာဇ်ဟာ အင်မော်တယ်တွေကို သေချာအကဲခတ်လိုက်ပါတယ်။
အင်မော်တယ်တွေဟာ ကောင်းကင်ဧကရာဇ်ရဲ့စကားကြောင့် ထိတ်လန့်သွားပြီး ခန်းမတစ်ခုလုံး စိုးရိမ်ခြင်းအငွေ့အသက်တွေ လျှံတက်သွားပါတယ်။
အနန္တကပ်ဘေး။
အနန္တကပ်ဘေးဆိုတာက ပျက်သုဉ်းခြင်းနဲ့ မျှော်လင့်ချက်ကင်းမဲ့ခြင်းကို ကိုယ်စားပြုပါတယ်။ ဒီအနန္တကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့သူတိုင်းကလည်း ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေကြီးပါပဲ။
အင်မော်တယ်အိုကြီးတစ်ပါးက တစ်လုံးချင်း ပြောလိုက်ပါတယ် “တာအိုဂိုဏ်းက ဒီအကြောင်းကြောင့် အငြိမ်မနေနိုင်တာ ဖြစ်မယ်၊ အနန္တကပ်ဘေးဆိုတာက ကောင်းကင်တာအိုမျှခြေမဟုတ်လား၊ အသက်ရှင်ချင်တယ်ဆိုရင် သေသေချာချာ ပြင်ဆင်ထားဖို့လိုတယ်၊ သတိတစ်ချက်လွတ်လို့ မရဘူး”
တိထိုက်ပိုင်က မေးလိုက်ပါတယ် “တောင်ပိုင်းစွန်း အင်မော်တယ်... ဘာတွေများ မြင်မိလို့လဲ”
ကောင်းကင်ဧကရာဇ် အပါအဝင် အင်မော်တယ်တိုင်းဟာ တောင်ပိုင်းစွန်း အင်မော်တယ်ကို ကြည့်လိုက်ကြပါတယ်။
“ကျုပ်မြင်တာ ပြောရမယ်ဆိုရင် အင်မော်တယ် နတ်ဘုရားတွေ သွေးမိုးရွာပြီး နတ်ဆိုးသွေးက ပင်လယ် ဖြစ်လိမ့်မယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတွေ တိုက်ခိုက်ကြပြီး မဟာတာအို ပျက်စီးလိမ့်မယ်” တောင်ပိုင်းစွန်း အင်မော်တယ်ရဲ့ စကားလုံးတွေက ကြောက်မက်ဖွယ် ကောင်းလှပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “ကပ်ဘေး သယ်ဆောင်လာသူကိုရော တွက်ချက်မိလား”
တောင်ပိုင်းစွန်း အင်မော်တယ်က ပြန်ဖြေပါတယ် “ကောင်းကင်ရုံးတော်က မဟုတ်သလို နတ်ဆိုးရုံးတော်ကလည်း မဟုတ်ဘူး၊ ရှန်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းကလည်း မဖြစ်နိုင်ဘူး၊ သူ ဘယ်သူလဲဆိုတော့ ကျွန်တော် အတိအကျ မတွက်ချက်နိုင်ဘူး၊ ဒါပေမဲ့ သူက သေမျိုးကမ္ဘာကလာပြီး မဟာအဂ္ဂနှလုံးသား ရှိတယ်”
‘သေမျိုးကမ္ဘာကလား’
အင်မော်တယ်တွေအကုန်လုံး အတွေးနက်သွားကြပါတယ်။
ကောင်းကင်ဧကရာဇ်ကတော့ ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘ဟန်ကျွယ်များလား... မဖြစ်နိုင်ဘူး၊ ဒီကောင်လေး ဒီလောက် သူရဲဘောကြောင်တာ ဘယ်လိုလုပ်ပြီး မဟာအဂ္ဂနှလုံးသား ရှိနိုင်မှာလဲ’
ဒီလိုနဲ့ နှစ် ၃၀ ဟာ လျှပ်တပြက် ကုန်ဆုံးသွားပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ တိတ်တဆိတ် ကျင့်ကြံနေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[အနန္တကပ်ဘေး စတင်လာပြီ ဖြစ်သောကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး အနန္တကပ်ဘေးအတွက် ပြင်ဆင်ပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါး၊ အကောင်းစားရတနာ တစ်ပါးနှင့် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်လက်ကျင့်ကြံ၍ တိုက်ပွဲများနှင့် ဝေးရာတွင်နေထိုင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအိုအပိုင်းအစ တစ်စအား ရရှိမည်။]
‘အား... အနန္တကပ်ဘေးဆိုပါလား’
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ အရင်ဘဝတုန်းက ဟန်ကျွယ် ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတွေထဲမှာတော့ ကပ်ဘေးကြီးတွေက ကောင်းကင်တာအို လက်အောက်မှာရှိတဲ့ သက်ရှိတွေ ထိပ်ဆုံးကို ရောက်လာပြီး ကောင်းကင်တာအိုကို ခြိမ်းခြောက်လာလို့ ကောင်းကင်တာအိုက အကုန်လုံးကို ဖျက်ဆီးပစ်ပြီး အသစ်ပြန်စတာပါ။
ဒီဖြစ်စဉ်ကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အရာရှိတစ်ယောက်ယောက်က ဧကရာဇ်ထက် နာမည်ပိုကြီးလာပြီဆိုရင် သူ့ကို ရှင်းပစ်ဖို့ အချိန်ကျရောက်လာတာပါပဲ။
ထိပ်ဆုံးကို ရောက်ပြီးသွားရင် ပြန်လျှောကျမှ ဓမ္မတာပါ။ ပြန်လည်မွေးဖွားခြင်းက စက်ဝိုင်းတစ်ခုဖြစ်ပြီး လောကကြီးမှ မျှခြေကသာ အကောင်းဆုံး အခြေအနေပါ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
‘ငါ့ ကျင့်ကြံမှုအဆင့်လောက်နဲ့ အနန္တကပ်ဘေးထဲ ဝင်ပါရင် နယ်ရုပ်ဖြစ်နေမှာပေါ့’
‘ငါက တော်တော် ကံဆိုးတာပဲ၊ နှစ် ၂၀၀၀ လေးပဲ အသက်ရှင်ရသေးတယ် အနန္တကပ်ဘေးနဲ့ ရင်ဆိုတိုးရတယ်လို့ကွာ’ ဟန်ကျွယ်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ်။
‘မဖြစ်သေးဘူး... ငါ ဒီအကြောင်းကို စုံစမ်းမှဖြစ်မယ်’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်ဖို့ ပြင်လိုက်စဉ်မှာပဲ အသံတစ်သံကို ကြားလိုက်ရပါတယ်။
“သခင် ဓားတာအိုမြစ်မှာ ပြဿနာတက်ပြန်ပြီ၊ လူတစ်ယောက်က ထွက်သွားဖို့ ငြင်းဆန်နေတယ်” လျူပေ့လေသံက တော်တော်လေး စိတ်ဓာတ်ကျနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။