အနန္တဧကရာဇ်၊ နဂါမျိုးနွယ်စု ကျူးကျော်ခြင်း
Vol. 21 Ch. 259
အခန်း (၂၅၉) အနန္တဧကရာဇ်၊ နဂါမျိုးနွယ်စု ကျူးကျော်ခြင်း
အသွင်တူလက်ရည်စမ်းပွဲထဲမှာ နှစ်နာရီကျော် ကစားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို တော်တော်လေး သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး သူ့အဓိကခန္ဓာကိုယ်နဲ့ စွမ်းအားချင်းတူညီတဲ့ နတ်အရိပ်ကိုးပါးကို တစ်ချိန်တည်း ထုတ်ဖော်နိုင်လို့ပါပဲ။ ဒီနတ်အရိပ်ကိုးပါးနဲ့ ဟန်ကျွယ်ရဲ့ အဓိကခန္ဓာကိုယ်သာ တစ်ပြိုင်နက်တည်း တိုက်ခိုက်မယ်ဆိုရင် တော်တော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအား ထွက်ပေါ်လာမှာပါ။
ဒီဆန်းကြယ်စွမ်းအားရဲ့ တစ်ခုတည်းသော အားနည်းချက်က ဝိညာဉ်စွမ်းအား ကုန်လွန်းတာပါ။ အင်မော်တယ်ဧကရာဇ်ရဲ့ ဝိညာဉ်စွမ်းအားက အဆုံးအစမဲ့တယ်ဆိုပေမဲ့ အချိန်တိုအတွင်း ဝိညာဉ်စွမ်းအား အများကြီး ထုတ်သုံးဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အများကြီးထုတ်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ရုံသာမက ကျင့်ကြံမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒီအားနည်းချက်က ဟန်ကျွယ်အတွက်တော့ ဘာမှမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူ့ရန်သူက တက်နိုင်သလောက် မြန်မြန် ရှင်းပစ်လို့ပါပဲ။ ပြိုင်ဘက်က သူ့ထက်စွမ်းအားကြီးရင်လည်း ဟန်ကျွယ်က ယှဉ်တိုက်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်နေတာကြောင့် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး အောင်ပွဲခံပါတယ်။
ဒီလိုနဲ့ ခုနစ်လရှစ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ ပြီးသွားပြီး ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်ကျမှာပဲ ဟန်ကျွယ်ဟာ အနန္တကပ်ဘေးကို ပြန်အမှတ်ရသွားပါတယ်။
‘ပန်ရှင်းက အနန္တကပ်ဘေးကို တစ်ကြိမ်မက ဖြတ်ကျော်ခဲ့ဖူးတာဆိုတော့ သူ့ကို မေးကြည့်တာ ပိုကောင်းလိမ့်မယ်ထင်တယ်’
ဒီအတွေးကြောင့် ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ ဓားတာအိုမြစ်ထဲ ခုန်ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပန်ရှင်းနောက်ကို လျင်မြန်စွာ ရောက်ရှိသွားပြီး လေးလေးစားစား မေးလိုက်ပါတယ် “စီနီယာ... ကျွန်တော့်ကို အနန္တကပ်ဘေးအကြောင်း ပြောပြလို့ရမလား”
ပန်းရှင်းက နောက်လှည့်ပြီး မေးလိုက်ပါတယ် “မင်းက ဘာသိချင်လို့လဲ”
“အနန္တကပ်ဘေးက ရောက်လာပြီလား၊ မရောက်သေးရင်လည်း ရောက်လာဖို့ ဘယ်လောက် လိုသေးလဲ၊ ပြီးတော့ ပြီးဆုံးဖို့ ဘယ်လောက်ကြာမှာလဲ”
“ကျွတ်..ကျွတ်... ကောင်လေး မင်းက မရိုးရှင်းဘူးပဲ၊ အနန္တကပ်ဘေးကိုတောင် ခံစားနိုင်တယ်၊ ဟုတ်တယ်၊ အနန္တကပ်ဘေးက ရောက်လာတော့မယ်၊ အနန္တကပ်ဘေးက တစ်ခြားကပ်ဘေးတွေနဲ့ မတူဘူး၊ စတင်ဖို့ နှစ်တစ်သောင်းကြာနိုင်သလို ကပ်ဆိုက်တာကလည်း နှစ်တစ်သောင်းမက ကြာနိုင်တယ်၊ သမိုင်းထဲမှာ အမြန်ဆုံး အနန္တကပ်ဘေးတောင် နှစ်တစ်သောင်းနီးပါးကြာတယ်၊ အခုလက်ရှိ အနန္တကပ်ဘေးက အခုမှစတုန်း၊ တကယ်ကပ်ဆိုက်ဖို့က အနန္တကပ်ဘေးသခင် ကြီးပြင်းလာတာကို စောင့်ရလိမ့်မယ်”
“အနန္တကပ်ဘေးသခင်”
“ဟုတ်တယ်၊ အနန္တကပ်ဘေးတိုင်းမှာ အနန္တကပ်ဘေးသခင် ရှိတယ်၊ သူက အနန္တကပ်ဘေးကို စတင်သူပဲ၊ အဲဒီအချိန်ကျရင် အကုသိုလ်ကံက စကြဝဠာအနှံ့ ပျံ့နှံ့ပြီး သက်ရှိအားလုံးရဲ့ နှလုံးသားထဲမှာ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာလိမ့်မယ်၊ ဒီအတွင်းနတ်ဆိုးကြောင့် သက်ရှိတွေအကုန်လုံးဟာ အချင်းချင်း သတ်ဖြတ်ကျလိမ့်မယ်၊ ဘယ်အချိန်ထိ သတ်ဖြတ်နေမှာလဲဆိုတော့ ကောင်းကင်တာအိုက မျှခြေကို ရောက်ပြီလို့ မခံစားရမချင်းပဲ၊ ကောင်းကင်တာအိုက မျှခြေကိုရောက်ပြီလို့ ခံစားရတော့မှာပဲ ဒီအနန္တကပ်ဘေးက ပြီးဆုံးသွားလိမ့်မယ်”
ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့စကားကြောင့် အတွေးနက်သွားပါတယ်။
‘အနန္တကပ်ဘေးက ရှုံးထွက်ကစားပွဲပေါ့’
‘ကျန်နေတဲ့လူတွေက အရေအတွက်တစ်ခုကို ရောက်ရင် အနန္တကပ်ဘေးက သူ့ဘသာ ပျောက်ကွယ်သွားမှာဆိုတော့ ဒီအနန္တကပ်ဘေးကို ဖြတ်ကျော်ဖို့ အကောင်းဆုံးနည်းလမ်းက ပုန်းအောင်းတာပဲ’
ဟန်ကျွယ်က ထပ်မေးလိုက်ပါတယ် “စီနီယာကရော အနန္တကပ်ဘေးကို ဖြတ်ကျော်ဖူးလား”
ပန်ရှင်းဟာ ခေါင်းမော့ရင့်ကော့လိုက်ပါတယ်။
“ဖြတ်ကျော်ဖူးတာပေါ့၊ အနန္တကပ်ဘေးအများကြီးကို ငါဖြတ်ကျော်ဖူးတယ်၊ အနန္တကပ်ဘေးမှာ ကြီးမားတဲ့ ကံတရားအထောက်အပံ့ကို ရရှိတဲ့လူက ဘယ်လောက်ခက်ခဲတဲ့ စမ်းသပ်မှုဖြစ်ပါစေ အလွယ်တကူ ကျော်ဖြတ်ပြီး လိုရာကို ရရှိနိုင်တယ်”
ပန်ရှင်းရဲ့စကားကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်ကို တွေးမိသွားပါတယ် ‘ကောင်းကင်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်က အနန္တဧကရာဇ်တွေထင်တယ်၊ ဒါကြောင့် သာမန်အင်မော်တယ်ဧကရာဇ်တွေထက် အများကြီးပိုစွမ်းနေတာ ဖြစ်မယ်’
ပန်ရှင်းက ပြုံးပြီး ပြောလိုက်ပါတယ် “ကောင်လေး... မင်းနဲ့ငါက ရေစက်ရှိတော့ မင်းသာ ဒီအနန္တကပ်ဘေးကို မင်းဖြတ်ကျော်နိုင်မယ်ဆိုရင် ငါမင်းကို တပည့်အဖြစ်လက်ခံပေးမယ်”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး မေးလိုက်ပါတယ် “ကျွန်တော်တို့တွေ ပုန်းအောင်းနေရင်ရော အနန္တကပ်ဘေးကို တိမ်းရှောင်နိုင်လား”
“ပုန်းတိုင်း မလွတ်နိုင်ဘူး၊ အနန္တကပ်ဘေးက ရေစက်ပေါ် မူတည်တယ်၊ ရေစက်ဆိုတာက တွက်ချက်ဖို့ အရမ်းခက်ခဲတယ်၊ ဥပမာပေးရရင် မင်းက အနန္တကပ်ဘေးကို တိမ်းရှောင်ချင်တယ်၊ ဒါပေမဲ့ မင်းရဲ့ချစ်လှစွာသော တာအိုလက်တွဲဖော် ဒါမှမဟုတ် အချစ်ရဆုံးတပည့်က အနန္တကပ်ဘေးထဲမှာ အသတ်ခံလိုက်ရတယ်၊ အဲဒီအချိန်ရောက်ရင် မင်း လက်စားမချေဘဲ နေနိုင်လား၊ မင်း လက်စားချေလိုက်မယ်ဆိုရင် အနန္တကပ်ဘေးထဲ ရောက်သွားပြီး လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး”
“လူတစ်ယောက်က ရေစက်ကို လုံးဝရှောင်တိမ်းဖို့ဆိုတာ အတော်ခက်တယ်၊ မင်းက သူတို့ကို မကယ်ဘဲ နေနိုင်တယ် ဆိုရင်တောင် သူတို့ကို ကယ်ချင်တဲ့ တပည့်တွေ၊ မိတ်ဆွေတွေက မင်းကို မုန်းတီးလိမ့်မယ်၊ အနန္တကပ်ဘေးပြီးသွားရင် မင်းတို့က တစ်ယောက်နဲ့တစ်ယောက် မတည့်တော့ဘဲ အချင်းချင်း ဒုက္ခပေးကြတဲ့အတွက် နောက်ထပ် အနန္တကပ်ဘေး ထပ်ဖြစ်လာလိမ့်မယ်”
“နောက်ပြီး အနန္တကပ်ဘေးကိုယ်တိုင်က အခွင့်အရေးကြီးတစ်ခုပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ရန်သူတွေကိုသတ်ပြီး ကံတရားအထောက်အပံ့ကို စိတ်ကြိုက် လုယူနိုင်လို့ပဲ၊ ဒီအနန္တကပ်ဘေးအတွင်းမှာ လူတိုင်းက သူတို့ရဲ့ကန့်သတ်စည်းကို အလွယ်တကူ ထိုးဖောက်နိုင်တယ်၊ နတ်မင်းအဆင့်နဲ့ ကောင်းကင်ဘဝဂ်အဆင့် ကျင့်ကြံသူအများစုက ဒီလောက်ကြီး အရည်အချင်းရှိတာ မဟုတ်ဘူး၊ အနန္တကပ်ဘေးကို အမှီပြုပြီး ကံတရားအထောက်အပံ့တွေကို လုယူခဲ့ကြလို့ ဒီနေ့လို အခြေအနေကို ရောက်လာကြတာ”
“မင်း ကျင့်ကြံမှုနဲ့ ဒီကပ်ဘေးကို ရှောင်တိမ်းဖို့ မဖြစ်နိုင်ဘူး၊ မင်း ပုန်းဖို့နေရာ ရှာတွေ့တယ်ဆိုရင်တောင် လုံးဝကြီး ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး”
စကားအဆုံးမှာတော့ ပန်ရှင်းရဲ့ လေသံဟာ အထင်အမြင်သေးပုံ ပေါက်နေပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘာမှမခံစားရဘဲ ပန်ရှင်းကို လေးလေးစားစား ဦးညွှတ်ပြီး ကျေးဇူးတင်စကားပြောကာ ဓားတာအိုမြစ်ထဲကနေ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။
ပန်ရှင်းဟာ ဟန်ကျွယ်ကိုကြည့်ပြီး ထူးဆန်းသွားပါတယ် ‘ဒီကောင်လေးက အတည်ကြီးလား... ထားလိုက်ပါတော့၊ သူ့ကိစ္စပဲ၊ ငါ့ကိစ္စမှ မဟုတ်တာ’ အဲဒီနောက် ပန်ရှင်းရဲ့ ညလက်မောင်းဟာ ဆက်ပြီးတော့ လှုပ်ခါသွားပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံရာကထလာပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ အနန္တကပ်ဘေး ရောက်လာတော့မှာကိုသိတဲ့အတွက် ဟန်ကျွယ်ဟာ သူ့ရန်သူတွေကို မြန်မြန်သေစေချင်နေပါပြီ။ ဒါမှသာ အနန္တကပ်ဘေးကို အေးအေးချမ်းချမ်း ဖြတ်ကျော်နိုင်မှာ မဟုတ်ပါလား။
ဒါ့အပြင် ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ပိုပြီးတော့ တင်းကြပ်လာပါတယ်။ အချိန်တစ်ခုအတွင်း ကျင့်ကြံမှုအဆင့်တစ်ခုကို မရောက်ဘူးဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ သူ့တပည့်တွေကို အနန္တကပ်ဘေးထဲမှာ လိုက်မကယ်ချင်လို့ပါပဲ။
ဒီလိုနဲ့ ဝီရိယတောင်မှာ ကြိုးကြိုးစားစား ကျင့်ကြံတာက စတိုင်တစ်ခုလို ဖြစ်လာပြီး မကျင့်ကြံချင်တဲ့ ချူရှီရန်တောင် အရင်လို မနေရဲတော့ပါဘူး။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်နေရင်း ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါကို ရုတ်တရက် ခံစားလိုက်ရပါတယ်။
ထုန်ကျန့်ကမ္ဘာအဆုံးမှာ အက်ကြောင်းနက်ကြီးတစ်ကြောင်း ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် အနက်ရောင်ဝါတွေဟာ ထုန်ကျန့်ကမ္ဘာကို ပျံ့နှံ့သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ရောင်ဝါဆယ်မျိုးကျော်လောက်ကို ခံစားမိလိုက်ပါတယ်။
ဒီရောင်ဝါတွေအထဲမှာ စွမ်းအားအကြီးဆုံးက မဟာညီညွတ်မှု ရွှေအင်မော်တယ်ဖြစ်ပြီး စွမ်းအားအနည်းဆုံးက မဟာညီညွတ်မှု အင်မော်တယ်စစ်ပါ။ ဟန်ကျွယ်ဟာ သူ့လုံခြုံရေးအစောင့် ဝတ်ရုံဖြူဗုဒ္ဓကို ဆက်သွယ်ပြီး သွားတားဆီးခိုင်းပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓလည်း အက်ကြောင်းနက်ဆီကို ချက်ချင်းသွားပါတယ်။
ဟန်ကျွယ်ဟာ ရန်သူတွေကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ထုန်ကျန့်ကမ္ဘာကို ရန်သူတွေ ကျူးကျော်လာပေမဲ့ ဟန်ကျွယ်ဟာ ထွက်မတိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်အတွက် သူ့ရန်သူတွေကို ကျိန်စာတိုက်ဖို့က ပိုပြီးအရေးကြီးနေလို့ပါပဲ။
ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်။
ဖူစန်းသစ်ပင်ဟာ ပြင်းထန်စွာ လှုပ်ခါလာတာကြောင့် ငရဲကြက်နက်၊ အာတနဲ့ ရှောင်အာတို့ဟာ အေးအေးချမ်းချမ်း မနေရတော့ပါဘူး။
လုံဟောင်ဟာ တစ်စုံတစ်ခုကို ခံစားမိသွားတာကြောင့် ရုတ်တရက် မတ်တတ်ရပ်ပြီး ကောင်းကင်ကို လှမ်းကြည့်လိုက်ပါတယ်။
“ဘာဖြစ်လို့လဲ” ဟန်တစ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
လုံဟောင်ရဲ့အကြည့်ဟာ လေးနက်သွားပါတယ် “ငါ နဂါးမျိုးနွယ်စုရဲ့ရောင်ဝါကို ခံစားမိတယ်” လုံဟောင်ဟာ နဂါးစစ်သွေးစည်းရှိတာကြောင့် နဂါမျိုးနွယ်စုရဲ့ရောင်ဝါကို အလွယ်တကူ ခံစားနိုင်တာ ဖြစ်ပါတယ်။
ရွှင်ချန်အန်းဟာလည်း အဝေးကိုကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ထုန်ကျန့်ကမ္ဘာကို ပြဿနာရောက်လာပြီပဲ”
ရွှင်ချန်အန်းဟာ ဒီလိုရေရွတ်လိုက်ပေမဲ့ အလန့်တကြား မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရှိနေလို့ပါပဲ။
ကောင်းကင်ရုံးတော်ရဲ့ ကျယ်ဝန်းခန်းမတစ်ခု။
ဖန်းလျန်ဟာ ဆေးအိုးကြီးတစ်လုံးထဲမှာ ထိုင်နေပြီး ပွက်ပွက်ဆူနေတဲ့ ဆေးရည်တွေ လောင်ကျွမ်းမှုကြောင့် တစ်ကိုယ်လုံး နီရဲနေပါတယ်။ မုရုံချီဟာ ဆေးအိုးဘေးမှာရပ်ပြီး ဖန်းလျန်ကို စိုက်ကြည့်နေပါတယ်။
“ဂိုဏ်းတူအစ်ကို... ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ သွားနားပါတော့၊ ကျွန်တော့်ကို ဒီလောက်ကြီး စောင့်ရှောက်စရာ မလိုပါဘူး” ဖန်းလျန်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်လုပ်အပြုံးနဲ့ ပြောလိုက်ပါတယ်။
မုရုံချီက ခေါင်းခါပြီး ပြန်ပြောပါတယ် “ဒီဆေးရည်ထဲမှာ နတ်ဆိုးသူတော်စင်ရဲ့ သွေးနှစ်ပါတယ်၊ ဒီသွေးနှစ်က အရမ်းကြမ်းတမ်းတော့ လျှော့တွက်လို့မရဘူး၊ မင်းနေရတာ အဆင်မပြေဘူးဆိုရင် ငါမရှိဘူးလို့ပဲ သဘောထားလိုက်”
ဖန်းလျန်ဟာ ဘာမှမပြောနိုင်တော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဒီနှစ်ထဲမှာ အရှင်မင်းကြီးက နောက်ထပ် မဟာစစ်သူကြီး ရွေးချယ်ဖို့ ပြင်ဆင်နေတယ်၊ ဂိုဏ်းတူအစ်ကို ဝင်ပြိုင်မှာလား”
မဟာစစ်သူကြီးဟာ ကောင်းကင်စစ်သူကြီးထက် အဆင့်မြင့်ပြီး ကောင်းကင်ရုံးတော်တစ်ခုလုံးမှာ မဟာစစ်သူကြီး သုံးပါးပဲ ရှိပါတယ်။
မုရုံချီရဲ့ ကျင့်ကြံမှု အလွန်မြန်တဲ့အတွက် မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ်အဆင့်ကို ရောက်နေပါပြီ။ ဒီလိုအရည်အချင်းမျိုးက မဟာစစ်သူကြီး ဖြစ်လာဖို့အတွက် အခွင့်အရေးရှိပါတယ်။ ဒါ့အပြင် မုရုံချီရဲ့ ဘဝဟောင်းက နောက်ခံကြောင့် ဘယ်အင်မော်တယ်နတ်ဘုရားမှာ ငြင်းဆန်ရဲမှာ မဟုတ်ပါဘူး။
အခုအချိန်မှာ မုရုံချီရဲ့ ကျင့်ကြံမှုက နိမ့်ပါးနေတယ်ဆိုပေမဲ့ ဘယ်သွားသွား အင်မော်တယ်တွေ နှုတ်ဆက်ခြင်းကို ခံရပါတယ်။ မကြာသေးခင်ကတောင် သိုင်းနတ်ဘုရား စစ်သူကြီးက မုရုံချီကို လာတွေ့ပါသေးတယ်။
မုရုံချီက ပြုံးပြီး ပြောလိုက်ပါတယ် “အရှမင်းကြီးက ငါ့ကို ဒီအကြောင်း ပြောထားပြီးပြီ၊ ငါ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆရာဘိုးဘိုးအတွက် ကောင်းကင်ရုံးတော်မှာ အခြေခိုင်အောင် လုပ်ပေးရမယ်၊ ဆရာဘိုးဘိုး အကြောက်ဆုံးက ပြဿနာတွေပဲ၊ နောက်ကျလို့ ကောင်းကင်ရုံးတော်ကို ဆရာဘိုးဘိုး ရောက်လာရင် ငါတို့တွေ ပြဿနာ ဝိုင်းရှင်းပေးကြတာပေါ့”
ဖန်းလျန်ဟာ ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို အမှတ်ရသွားတာကြောင့် မေးလိုက်ပါတယ် “ဒါနဲ့ အခုအချိန်မှာ ဆရာဘိုးဘိုးရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ”
ကောင်းကင်ရုံးတော်ကို ရောက်လာပြီးနောက် ဖန်းလျန်ဟာ အင်မော်တယ်ကမ္ဘာအကြောင်း ပိုသိလာလေလေ သူ့ဆရာဘိုးဘိုးရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ပိုမြင်လာလေလေပါပဲ။
မုရုံချီက ဖြေလိုက်ပါတယ် “ဆရာဘိုးဘိုးက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေတာ၊ ငါ့အထင်တော့ ဆရာဘိုးဘိုးက သေမျိုးကမ္ဘာမှာ အမြဲတမ်း ပုန်းအောင်းနေတဲ့ ရှေးဟောင်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပဲ ဖြစ်လိမ့်မယ်၊ ဆရာဘိုးဘိုး ကူကယ်ရာမဲ့တာ အပြင်းအထန် ဒဏ်ရာရတာကို မင်းမြင်ဖူးလား၊ ဘယ်သူရန်သူမှ ဆရာဘိုးဘိုးရဲ့ တိုက်ကွက်တစ်ကွက်ကို မခုခံနိုင်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။