ရန်သူများအား သတ်ဖြတ်ခြင်း၊ နတ်ဆိုးဧကရာဇ်၏ ဒေါသ
Vol. 21 Ch. 260
အခန်း (၂၆၀) ရန်သူများအား သတ်ဖြတ်ခြင်း၊ နတ်ဆိုးဧကရာဇ်၏ ဒေါသ
“ကျွန်တော်တို့ အရည်အချင်းတွေက အရမ်းထက်မြက်တယ်ဆိုပေမဲ့ ဆရာဘိုးဘိုးနဲ့ ယှဉ်လိုက်ရင် မေယုတောင်ကို ဆီးစေ့နဲ့ နှိုင်းရသလိုပဲ၊ ဒါတောင် ဆရာဘိုးဘိုးက တစ်ခါမှ အပြင်မထွက်ဘူး၊ အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ”
ဖန်းလျန်ဟာ ချစ်ကြောက်ရိုသေတဲ့ မျက်နှာနဲ့ သက်ပြင်းချလိုက်ပါတယ် ‘ငါ ဒီနေလို့ အခြေအနေ ရောက်လာတာ ဆရာဘိုးဘိုးရဲ့ ကျေးဇူးကြောင့်ပဲ၊ အင်မော်တယ်နတ်ဘုရားတွေက ငါ့ကို မိုးမြေသားတော်လို့ လေးလေးစားစား ခေါ်ကြပေမဲ့ ငါအသုံးမကျတာ ငါပဲသိတယ်၊ ဆရာဘိုးဘိုးကြောင့်သာ မဟုတ်ရင် ငါလည်း မိုးမြေသားတော် ဖြစ်လာမှာ မဟုတ်ဘူး’
ဖန်းလျန်ရဲ့ နှလုံးသားထဲမှာ ဟန်ကျွယ်ကသာ အရေးကြီးဆုံးပဲ။
မုရုံချီက စနောက်လိုက်ပါတယ် “ဆရာဘိုးဘိုးက တာအိုဘိုးဘေးရဲ့ ကိုယ်ပွားများလား၊ ဒါမှမဟုတ် အမြတမ်းလိုလို ဂူအောင်းကျင့်ကြံနေရတဲ့ ပြိုင်ဘက်ကင်း စွမ်းအားကြီး ပုဂ္ဂိုလ်များလား၊ သူတို့တွေက တစ်ခါဂူအောင်းကျင့်ကြံရင် နှစ်ထောင်သောင်းချီ ကြာတာ၊ ဒီစံနှုန်းနဲ့သာ တွက်မယ်ဆိုရင် ဆရာဘိုးဘိုးက ဂူအောင်းကျင့်ကြံတာကို မစရသေးဘူးလို့ ပြောလို့ရတယ်”
ဖန်းလျန်လည်း မုရုံချီစကားက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရတာကြောင့် ခေါင်းညိတ်လိုက်ပါတယ် ‘ဆရာဘိုးဘိုးက ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်ပဲ နေမှာပါ၊ တာအိုဘိုးဘေးတော့ မဖြစ်နိုင်ပါဘူး’
ဖန်းလျန် ဒီလိုတွေးတာကလည်း မဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ကမ္ဘာမှာတောင် တာအိုဘိုးဘေးက ယုံတမ်းဒဏ္ဍာရီတစ်ခုပါ။
အဲဒီနောက် ဖန်းလျန်နဲ့ မုရုံချီဟာ တစ်ခြားအကြောင်းအရာတွေ ဆက်ပြောဆိုကြပါတယ်။
.....
ဧကရာဇ်ပန်းခြံ။
တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ရှေ့မှာ ရပ်လိုက်ပြီး ဦးညွှတ်လိုက်ပါတယ် “အရှင်မင်းကြီး... ဒီနှစ်ထဲမှာ နဂါးစစ်မျိုးနွယ်စုက ဂနာမငြိမ်နိုင် ဖြစ်နေတယ်၊ အိမ်ရှေ့မင်းသားကိုတောင် ထုန်ကျန့်ကမ္ဘာဆီ လွှတ်လိုက်တယ်၊ ဟန်ကျွယ်ရဲ့ စရိုက်နဲ့ဆိုရင် သူ...”
“သူတို့ကို လျစ်လျူရှုထားလိုက်” ကောင်းကင်ဧကရာဇ်က ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။
“တကယ်လို့...”
“ဟန်ကျွယ်က ကောင်းကင်ရုံးတော်ကပဲ၊ နဂါးစစ်မျိုးနွယ်စုက ငါနဲ့ပဲဆိုင်တာ၊ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ မင်းသိတယ်မလား၊ ငါ့ကို ကောင်းကင်ရုံးတော်က ပိုင်ဆိုင်တာ နဂါးစစ်မျိုးနွယ်စု မဟုတ်ဘူး”
“ကျွန်တော် နားလည်ပါပြီ”
“ထုန်ကျန့်ကမ္ဘာရဲ့ အခြေအနေကို ငါ့ဆီ အမြဲတမ်း သတင်းပို့”
“အမိန့်တော်အတိုင်းပါ” စကားဆုံးတဲ့အခါမှာတော့ တိထိုက်ပိုင်ဟာ ခပ်သုတ်သုတ်ပဲ ထွက်ခွာသွားပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ လက်ထဲက အရက်ခွက်ကို ချလိုက်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ကြည့်ရတာ နဂါမျိုးနွယ်စုက သူတို့ ရည်မှန်းချက်ကို မမေ့သေးတဲ့ပုံပဲ၊ မင်းတို့က ငါ့ကို မထောက်ပံ့ချင်မှတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”
ဝတ်ရုံဖြူဗုဒ္ဓနဲ့ နဂါးမျိုးနွယ်စုရဲ့ တိုက်ပွဲဟာ လေးငါးဆယ်ရက် ကြာပါတယ်။ နောက်ဆုံးမှာတော့ ဝတ်ရုံဖြူဗုဒ္ဓရော နဂါးမျိုးနွယ်စုကို ဦးဆောင်လာတဲ့ မဟာညီညွတ်မှု ရွှေအင်မော်တယ် ကျင့်ကြံသူရော ဒဏ်ရာရသွားပါတယ်။ ဒါကြောင့် နဂါးမျိုးနွယ်စုက ပြန်ဆုတ်ခွာသွားပြီး ဝတ်ရုံဖြူဗုဒ္ဓကတော့ ဟန်ကျွယ်ဆီ ချက်ချင်း ရောက်လာပါတယ်။
ဟန်ကျွယ်နဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ တောအုပ်တစ်အုပ်မှာ တွေ့ကြပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓက ဆေးခါးဝါးစားရတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “စီနီယာ... ခုနက ရောက်လာတဲ့သူတွေထဲမှာ နဂါးစစ်မျိုးနွယ်စုရဲ့ မင်းသား ၁၃ ပါတယ်၊ သူက နဂါးစစ်မျိုးနွယ်စုရဲ့ ပါရမီရှင်ပဲ၊ နောက်တစ်ခါ သူထပ်ရောက်လာရင် ကျွန်တော် သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး”
“သူတို့က ဒီကို ဘာလာလုပ်တာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“သူတို့က ထုန်ကျန့်ကမ္ဘာကို လိုချင်လို့ရောက်လာတာ၊ ဒီသေမျိုးကမ္ဘာရဲ့ ကံတရား အထောက်အပံ့က အရမ်းအားကောင်းတယ်၊ မကြာခင်မှာ မြေအင်မော်တယ်ကိုတောင် ထမ်းဆောင်နိုင်လာလိမ့်မယ်”
“ဘာမှမဖြစ်ဘူး စိုးရိမ်မနေနဲ့၊ နောက်တစ်ခါ ထပ်ရောက်လာရင် ငါရှင်းလိုက်မယ်”
“ကျေးဇူးပါပဲ စီနီယာ”
ဝတ်ရုံဖြူဗုဒ္ဓဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် လှုပ်ရှားတာနဲ့ အရာအားလုံး အဆင်ပြေပြီဆိုတာကို သိနေလို့ပါပဲ။
ဟန်ကျွယ်က အဓိပ္ပာယ်ရှိရှိ မေးခွန်းတစ်ခု မေးလိုက်ပါတယ် “မင်း ဗုဒ္ဓဂိုဏ်း ဒါမှမဟုတ် ချန်ကျောင်းတော်ကို ဘယ်တော့ ပြန်သွားမှာလဲ”
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်မေးခွန်းကို တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ပြန်ဖြေပါတယ် “ကျွန်တော် ဗုဒ္ဓဂိုဏ်းကို ကျိန်းသေပေါက် ပြန်သွားလို့မရဘူး၊ သူတို့က ကျွန်တော်ကို လိုက်သတ်ဖို့ အမိန့်ထုတ်ထားပြီးပြီ၊ ချန်ကျောင်းတော်ကတော့ အတိတ်မှာကျန်ခဲ့ပြီ၊ ဒါကြောင့် ကျွန်တော် ထုန်ကျန့်ကမ္ဘာမှာ ဆက်နေဖို့ စီစဉ်ထားတယ်”
အဲဒီနောက် ဝတ်ရုံဖြူဗုဒ္ဓဟာ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ဟန်ကျွယ်ရှေ့မှာ ချက်ချင်း ဒူးထောက်လိုက်ပါတယ် “ဆရာ... ကျွန်တော့်ကို လက်ခံပေးပါ၊ ကျွန်တော် ဆရာ့ကို အလုပ်အကျွေး ပြုလိုပါတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အင်း... ကောင်းပြီ၊ အခုအချိန်ကစပြီး မင်းက တိတ်ဆိတ်ဂိုဏ်းဝင်ပဲ၊ မင်းအဆင့်အတန်းကိုတော့ မင်းစွမ်းဆောင်ရည်ပေါ်ကြည့်ပြီး သတ်မှတ်ပေးမယ်”
ဟန်ကျွယ်ရဲ့ စကားကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ အတွေးနယ်ချဲ့သွားပါတယ် ‘တိတ်ဆိတ်ဂိုဏ်း... ဆရာ့နောက်ကွယ်မှာ အင်အားစုကြီးတစ်ခု ရှိနေတာလား... ဒါဆိုရင် အံဩစရာ မရှိတော့ပါဘူး’ ဝတ်ရုံဖြူဗုဒ္ဓဟာ ကိုယ့်ဘာသာ တွေးချင်ရာတွေးပြီး အရမ်းစိတ်လှုပ်ရှားသွားပါတယ်။
အဲဒီနောက် ဝတ်ရုံဖြူဗုဒ္ဓနဲ့ ဟန်ကျွယ်ဟာ စကားနည်းနည်းပါးပါး ထပ်ပြောဆိုကြပြီး လမ်းခွဲလိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို လေးနက်တဲ့မျက်နှာနဲ့ ပြန်သွားပါတယ်။
‘နဂါးစစ်မျိုးနွယ်စု.... အစုတ်ပလုတ်ကောင်တွေ’
‘ဒီအတိုင်းသာဆိုရင် အနန္တကပ်ဘေးက မကြာခင် ရောက်လာတော့မှာပဲ၊ ဒီလိုသာ ရန်သူတွေက ငါ့ရှေ့ရောက်လာရင် ငါ့မှာရွေးချယ်စရာရှိမှာ မဟုတ်ဘူး၊ ငါက မတိုက်ခိုက်ချင်ပေမဲ့လည်း သူတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတော့ ဘယ်တက်နိုင်ပါ့မလဲ’
‘ဘာပဲဖြစ်ဖြစ် ငါ ရန်သူအကုန်လုံး ဝိုင်းတိုက်တာကို ခံနိုင်မှာမဟုတ်ဘူး... ငါ နည်းလမ်းရှာရမယ်... ဟုတ်ပြီ၊ သူတို့တွေ ငါ့ဆီရောက်မလာနိုင်အောင် ကျိန်စာတိုက်ပစ်ရမယ်’
ဟန်ကျွယ်ဟာ ရန်သူတွေကို အားကုန်ကျိန်စာတိုက်ဖို့ ဆုံးဖြတ်ပစ်လိုက်ပါတယ် ‘ငါ့သက်တမ်းက ၅၄ ထရီလီယံတောင်... သန်း ၁၀၀ လောက် သုံးလိုက်လို့ ဘာမှဖြစ်သွားမှာ မဟုတ်ပါဘူး’
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်ဒေါသဗုဒ္ဓကို ပထမဆုံး ကျိန်စာတိုက်ပါတယ်။ ဆယ်ရက်ကြာတာတောင် ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ မရပ်ဘဲ ကောင်းကင်ဒေါသဗုဒ္ဓကို ကျိန်စာဆက်တိုက်ပါတယ်။
ကောင်းကင်ဒေါသဗုဒ္ဓဟာ ရွှင်ချန်အန်းကို အချစ်ဘေးဒုက္ခ ပေးခဲ့တာဖြစ်ပြီး ဟန်ကျွယ်အပေါ် မုန်းတီးမှုက ကြယ်လေးပွင့်ခွဲ ရှိပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဒေါသဗုဒ္ဓကို အလွတ်မပေးနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဒေါသဗုဒ္ဓကို တစ်လ ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ နှစ်တစ်ထောင် လျော့ကျသွားပြီး မကြာခင်မှာပဲ အသိပေးချက်တစ်ချက်ကို တွေ့လိုက်ရပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ကောင်းကင်ဒေါသဗုဒ္ဓသည် သူ့မိစ္ဆာနှလုံးသားနှင့် သူ့ဝိညာဉ်အား ကိုယ်တိုင်ဖျက်ဆီးပြီး လုံးဝသေဆုံးသွား၏။]
ဒီတစ်ခေါက် အရူးအမူး ကျိန်စာတိုက်တာ မပါရင်တောင် ဟန်ကျွယ်ရဲ့ အကြိမ်များစွာ ကျိန်စာတိုက်မှုကြောင့် ကောင်းကင်ဒေါသဗုဒ္ဓဟာ ရူးခါနီး ဖြစ်နေတာပါ။ ဒီလိုအခြေအနေမှာ အရူးအမူး ကျိန်စာ ထပ်တိုက်ခံရတဲ့အတွက် တစ်ချက်တည်း မရဏလမ်း မြန်းသွားရပါတယ်။
‘သေသွားပြီ’
ဟန်ကျွယ်ဟာ အောင်နိုင်သူအပြုံး ပြုံးလိုက်ပြီး နဂါးစစ်မျိုးနွယ်စုက မင်းသား ၁၃ ကို ကျိန်စာ စတိုက်ပါတယ်။
ကိုးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နောက်ထပ် အသိပေးချက်တစ်ခုကို တွေ့လိုက်ရပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် နဂါးစစ်မျိုးနွယ်စုမှ မင်းသား ၁၃ သည် ချီဖောက်ပြန်ပြီး မျိုးနွယ်စုတစ်စုလုံး အကြီးအကျယ် ထိခိုက်အောင် လုပ်မိသောကြောင့် နဂါးစစ်မျိုးနွယ်စု၏ အကြီးအကဲများ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။]
ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားပါတယ်။ ဟန်ကျွယ် အံဩသွားတာက မင်းသား ၁၃ သေသွားလို့ မဟုတ်ပါဘူး။ စနစ်က အဆင့်မြှင့်တင်ပြီးနောက်ပိုင်း သူနဲ့ ဆက်ဆံရေးမရှိတဲ့ လူတွေကိုတောင် ဖော်ပြနိုင်လာလို့ပါပဲ။ ဒါက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါ။ ဟန်ကျွယ်ဟာ ဒီလောက်နဲ့ မရပ်ပါဘူး။ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ နောက်ထပ်ပစ်မှတ်ကတော့ နတ်ဆိုးမျိုးနွယ်စုရဲ့ ကိုးမြီးနတ်ဆိုးဧကရီပါ ‘ဒီမိန်းမက သူ့သားကို ဆုံးရှုံးသွားတာဆိုတော့ ငါ့ကိုသတ်ဖို့ တစ်ချိန်လုံး တွေးနေမှာပဲ၊ ငါ သူ့ကို အရှင်ထားလို့ မဖြစ်ဘူး’
တစ်လကြာပြီးနောက်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ကိုးမြီးနတ်ဆိုးဧကရီသည် ချီဖောက်ပြန်သွားသော်လည်း ကံကောင်းထောက်မစွာပင် နတ်ဆိုးဧကရာဇ်၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
ဟန်ကျွယ်ဟာ မကျေမနပ် ဖြစ်သွားပြီး ကျိန်စာဆက်တိုက်ပါတယ်။ ဒီလိုနဲ့ နောက်ထပ်တစ်လ ကုန်သွားတဲ့အခါမှာတော့ အသိပေးချက် ပေါ်လာပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ကိုးမြီးနတ်ဆိုးဧကရီသည် ကျင့်ကြံမှု လျှောကျသွားသော်လည်း နတ်ဆိုးဧကရာဇ်၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
‘လာပြန်ပြီလား... မင်းဘယ်လောက် ကယ်နိုင်မလဲ ကြည့်ရသေးတာပေါ့’
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ကိုးမြီးနတ်ဆိုးဧကရီသည် နာကျင်မှုကို မခံစားနိုင်ဘဲ ရုပ်နာမ်နှစ်ပါးလုံး ပျက်သုဉ်းသွား၏။]
ဟန်ကျွယ်ရဲ့ လူမှုဆက်ဆံရေးထဲက ကိုးမြီးနတ်ဆိုးဧကရီ ပုံရိပ်ဟာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်လည်း သက်တမ်းသောင်းချီ ဆုံးရှုံးသွားပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ နှလုံးသားတစ်ခုသာ နာကျင်ရုံမက မျက်လုံးထဲကနေလည်း သွေးတွေ စီးကျနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ဟန်ကျွယ်အတွက်တော့ အလဲအလှယ်လုပ်ရတာ ထိုက်တန်ပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာရပ်လိုက်ပြီး လအနည်းငယ် အနားယူဖို့ စီစဉ်လိုက်ပါတယ်။
.....
နန်းတော်တစ်ခုမှာ နန်းတွင်းသူတစ်စုဟာ တုန်တုန်ယင်ယင်နဲ့ ဒူးထောက်နေကြပါတယ်။
သူတို့ရှေ့မှာတော့ တန်ခိုးစွမ်းအားကြီးမားလှတဲ့ နတ်ဆိုးဧကရာဇ် ရပ်နေပါတယ်။
နတ်ဆိုးဧကရာဇ်ဟာ ပေတစ်ရာမြင့်မားပြီး အနီရောင် နဂါးဝတ်ရုံကို ဆင်မြန်ထားပါတယ်။ သူ့ခေါင်းမှာဆောင်းထားတဲ့ သရဖူဘေးမှာ ဦးချိုနှစ်ချောင်း ရှိနေပြီး မျက်နှာကလည်း ရေခဲလိုအေးစက်နေပါတယ်။ သူ့နောက်ကျောမှာတော့ နေသေးသေးလေးကိုးစင်း ပေါလောမျောနေတဲ့အတွက် နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ အလွန်တရာမှ တောက်ပလှပါတယ်။ ဦးချိုသာမရှိဘူးဆိုရင် နတ်ဆိုးဧကရာဇ်လို့ ဘယ်သူကမှ ထင်ကြမှာ မဟုတ်ပါဘူး။
နတ်ဆိုးဧကရာဇ်ရဲ့ မျက်နှာဟာ ရေခဲထက် အေးစက်နေပြီး မျက်လုံးထဲမှာလည်း သတ်ဖြတ်ငွေ့တွေ ပြည့်နှက်နေပါတယ် “ငါ ထွက်သွားတဲ့ တစ်ခဏလေးမှာ နတ်ဆိုးဧကရီ သေသွားရတယ်လို့... ဒီအတောအတွင်းမှာ ဘယ်ရန်သူမှ ခိုးဝင်မလာတာ ကျိန်းသေရဲ့လား”
“မဝင်လာပါဘူး... နတ်ဆိုးဧကရီက ပုံမှန်မဟုတ်တာ...”
အစေခံမိန်းလေးဟာ ကြောက်ကြောက်လန့်လန် ပြောလိုက်ပေမဲ့ သူ့စကားကို အဆုံးမသတ်နိုင်လိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးဧကရာဇ်က ရုတ်တရက် လက်ဝှေ့ယမ်းပြီး နန်းတွင်းသူတွေ အကုန်လုံးကို သတ်ပစ်လိုက်လို့ပါပဲ။
နန်းတွင်းသူ အကုန်လုံးဟာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားလိုက်တာ အော်ချိန်တောင် မရလိုက်ပါဘူး။
နတ်ဆိုးဧကရာဇ်ရဲ့ အားကောင်းလွန်းတဲ့ သတ်ဖြတ်ငွေ့ကြောင့် ခန်းမတစ်ခုလုံး တုန်ခါသွားပါတယ်။ အဲဒီနောက် နတ်ဆိုးဧကရာဇ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပေမဲ့ ကိုးမြီးနတ်ဆိုးဧကရီကို ဘယ်သူသတ်သွားတယ်ဆိုတာ မတွက်ချက်နိုင်ပါဘူး။
နတ်ဆိုးဧကရာဇ်ဟာ သူ့နတ်ဆိုးဧကရီက စာအုပ်တစ်အုပ်ကြောင့် သေဆုံးသွားတယ်လို့ပဲ တွက်ချက်နိုင်ပါတယ်။ ဒီစာအုပ်က စာတစ်လုံးမှမရေးထားတဲ့ လျှို့ဝှက်ဆန်းကြယ်စာအုပ်ပါ။
‘အကောင်းစားရတနာ... တစ်ယောက်ယောက်က ဒီရတနာကိုသုံးပြီး ငါ့နတ်ဆိုးဧကရီကို သေအောင် ကျိန်စာတိုက်တာပဲ’ နတ်ဆိုးဧကရာဇ်ဟာ စာအုပ်ပိုင်ရှင် ဘယ်သူလဲဆိုတာ မတွက်ချက်နိုင်တာကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
“ငါ ရှာမတွေ့အောင် ပုန်းနေပေါ့ကွာ၊ မဟုတ်လို့ကတော့ မင်းကို သေဖို့တောင်းပန်ရတဲ့အထိ လုပ်ပစ်မယ်” နတ်ဆိုးဧကရာဇ်ဟာ ဒေါသတကြီး ရေရွတ်လိုက်ပါတယ်။
.....
နှစ်ဝက်ကြာ နားပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး လူမှုဆက်ဆံရေးကိုဖွင့်ကာ နောက်ထပ် ဘယ်သူ့ကို ကျိန်စာတိုက်ရမလဲဆိုတာ ရှာဖွေပါတယ်။
‘နတ်ဆိုးဧကရာဇ်က အင်မော်တယ်ဧကရာဇ်ထက် သာလွန်နေတာဆိုတော့ သူ့ကို သေအောင် ကျိန်စာတိုက်ဖို့က အရမ်းခက်လိမ့်မယ်၊ ကံဆိုးရင် ငါ့ကိုတောင် ရှာတွေ့သွားနိုင်တယ်’
‘ဒီလိုဆိုရင် ငါ မသေမျိုးဧကရာဇ်ကို ပစ်မှတ်ထားတာပဲ ကောင်းလိမ့်မယ်’
မသေမျိုးဧကရာဇ်ဟာ ရှန်စစ်သူကြီး သတ်တာကို ခံလိုက်ရပေမဲ့ ဝိညာဉ်အပိုင်းအစတစ်ခုကတော့ လွတ်မြောက်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ မသေမျိုးဧကရာဇ်ကို ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။