နတ်မီးတောက်၏ အဆီအနှစ်
Vol. 53 Ch. 731
မီတာ (၃၀၀၀၀) တာအိုရေကန်၏ အောက်၊ ကမ္ဘာထဲမှ ကမ္ဘာငယ်အတွင်း၊ နတ်မီးလျှံစမ်းသပ်ပွဲ ဒုတိယအဆင့်၊ ပလ္လင်၏ထိပ်ဆုံးတွင် မန်ဟိုက ရှေ့ဆက်သွားလိုက်သည်။
ကြက်တူရွေးက မတူမတန်သလို နှာတစ်ချက်မှုတ်ကာ မှေးမှိန်ပျောက်ကွယ်သွားသည်။ အဖြူရောင်ကြီးကြပ်ရေးမှူးမှာ ထိုအခါမှ ဟင်းခနဲ သက်ပြင်းချနိုင်ပြီးနောက် မန်ဟို့ကို မကျေမနပ် လှမ်းကြည့်သော်လည်း ၎င်း တတ်နိုင်သည့်အရာ မရှိပေ။
"မင်း ကံကောင်းလို့ ဖြတ်ကျော်နိုင်သွားတယ်မှတ်" အဖြူရောင်ကြီးကြပ်ရေးမှူးက ဖြေးညင်းစွာ ပြောသည်။ "အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပြန်မလား ၊ တတိယအဆင့်ကို ဆက်တက်မလား
"ဒီနေ့ ဒီအချိန်အထိ ဘယ်သူမှ တတိယအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ဖူးဘူး။ ဒါကြောင့် ဘယ်သူမှ နတ်မီးတောက်ရဲ့ အဆီအနှစ်ကို အမွေမရခဲ့ဘူးလို့ ဆိုရမယ်။ ကဲ အခု ဆုံးဖြတ်ချည်"
မန်ဟိုသည် တစ်ယောက်တည်း တခဏ ရေရွတ်နေ၏။ သူ့တွင် ထာဝရအလွှာ ရှိနေသေးသည့်အတွက် အလျှင်း ဖျက်စီး၍မရနိုင်သည်တော့ မဟုတ်သော်လည်း တောင်ကောင်းကင်ဂြိုဟ်တွင် ပြိုင်ဘက်ကင်းသေးလေသည်။
ထာဝရအလွှာသည် တိုက်ခိုက်ရာတွင် သေမင်း၏လက်ခုပ်အတွင်းမှ လွတ်မြောက်စေနိုင်မည့် ဝှက်ဖဲတစ်ချပ်ဖြစ်၏။
ကံမကောင်းသည်ကား ယခု သူ့တွင် အချိန်မရှိ။ တတိယအဆင့်တွင် ပိတ်မိနေလျှင် နှစ်တစ်ရာဆိုသည်မှာ လျှပ်တပြက် ကုန်ဆုံးသွားနိုင်သည်။ သို့သော်လည်း သူ့မှာ တတိယအဆင့်အား လက်မလျှော့နိုင်ဖြစ်နေသေးသည်။
သူသည် အဖြူရောင်ကြီးကြပ်ရေးမှူးကို မော့ကြည့်လိုက်၏။ "စီနီယာ၊ ဒုတိယအဆင့်ကို ဖြတ်နိုင်ရင် ဆုလာဘ်အနေနဲ့ အဖိုးထိုက်ရတနာတစ်မျိုး ချီးမြှင့်မယ်လို့ ခင်ဗျား ပြောတာ ကျုပ် မှတ်မိလိုက်သလိုပဲ"
အဖြူရောင်ကြီးကြပ်ရေးမှူးမှာ ပြန်မဖြေချင်သည့်အလား မျက်နှာမဲ့သွားသည်။ ၎င်းက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကောက်ဆွတစ်လက် ဖျတ်ခနဲ ပေါ်လာသည်။
ကောက်ဆွက မည်းနက်နေပြီး သိပ်ထူးခြားပုံမရပေ။ တာအိုရှာဖွေခြင်းအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသော်လည်း သဘာဝနိယာမ,မရှိသော ဤကမ္ဘာတွင် အရှိန်အဝါကား သိပ်အားမကောင်းလှ။
အဖြူရောင်ကြီးကြပ်ရေးမှူးပင်လျှင် ၎င်းကပ်စေးနည်းနေသည်ကို၎င်း သတိထားမိလိုက်သည်။ "တာအိုရှာဖွေခြင်းအဆင့်ပစ္စည်း၊ အဖိုးထိုက်ရတနာတစ်ပါး" ၎င်းက တိုတိုတုတ်တုတ် ပြောသည်။
ရှေးဟောင်းသဘောတူစာချုပ်အရ မျိုးနွယ်စု၏ အဖိုးထိုက်ရတနာအကုန်လုံးထုတ်၍ ဒုတိယအဆင့်အား ကျော်ဖြတ်နိုင်သူကို တစ်ခု စိတ်တိုင်းကျရွေးချယ်ခွင့်ပြုပေးရမှာ ဖြစ်သည်။ သို့သော် ၎င်းတို့မျိုးနွယ်စုမှာ အမြဲ ကပ်စေးနှဲတတ်သူများ ဖြစ်ခဲ့လေသည်။ မန်ဟို့မတိုင်ခင် ဤနေရာသို့ ရောက်လာခဲ့သော ပထမအဖွဲ့အနက်မှ နှစ်ယောက်လည်း ပစ္စည်းသုံးမျိုးထဲမှသာ ရွေးချယ်ခွင့် ရခဲ့၏။
၎င်းက သဘောတူစာချုပ်၏ လိုအပ်ချက်ဖြစ်သည့်အတွက် ကြီးကြပ်ရေးမှူးမှာ စာချုပ်ကို ဖောက်ဖျက်သည်ဟု မခံစားရပေ။
မန်ဟိုကတော့ ကောက်ဆွကို လှမ်းကြည့်ရင်း မျက်နှာအမူအရာပြောင်းမသွားပေ။ ဤအဖြူရောင်ကြီးကြပ်ရေးမှူး သူ့ကို သဘောမကျသည်မှာ သိသာ၍ သူ၏မျက်လုံးများ အရောင်လဲ့သွားသည်။
"ရှေးဟောင်းသဘောတူစာချုပ်အရ ဒီဟာထက်ပိုကောင်းတာကို စီနီယာအနေနဲ့ ချီးမြှင့်ပေးနိုင်တယ်လို့ ထင်ပါတယ်။ ကျုပ်ကို ရွေးချယ်စရာ နည်းနည်းလောက် ပေးနိုင်မလား"
"အိပ်မက်မက်မနေနဲ့" ၎င်းက အေးစက်စက်နှာမှုတ်သံနှင့် အဖြေဖြစ်သည်။
"အဲဒီလိုဆိုရင်တော့ စီနီယာ ... ကျုပ် ဒီပစ္စည်းကို မယူတော့ဘူး။ ဒါပေမဲ့ တောင်းဆိုစရာလေးနှစ်ခု ရှိတယ်..." အဖြူရောင်ကြီးကြပ်ရေးမှူးက ကောက်ဆွကို ခြေမြန်လက်မြန် ပြန်သိမ်းလိုက်သည်။ အမှန်တော့ ၎င်းမှာ ကောက်ဆွကို ပေးပင် မပေးချင်ခြင်းဖြစ်သည်။
မန်ဟိုက နှုတ်ခမ်းသပ်ပြီး ဆက်ပြောသည်။ "ပထမအဆင့်ရဲ့ အပြင်မှာတုန်းက တောင်တွေအများကြီး တွေ့ခဲ့တယ်။ တကယ်တော့ အဲ့တောင်တွေက မှော်ပစ္စည်းတွေ၊ ရတနာတွေ ပုံနေတာဗျ။ အတော်များများကလည်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာတွေ။ ဒီလိုဆို ဘယ်လိုလဲ စီနီယာ၊ ကျုပ် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပစ္စည်း အခုတစ်သိန်း ယူမယ်လေ ရလား ....."
အဖြူရောင်ကြီးကြပ်ရေးမှူး မျက်လုံးပြူးသွားသည်။ ၎င်း တာအိုရှာဖွေခြင်းအဆင့်ရတနာတွေကို မပေးချင်ရသည့် အကြောင်းရင်းမှာ ၎င်းတို့တွင် ၎င်းတို့၏ကိုယ်ပိုင်သဘာဝနိယာမများ ပါရှိသောကြောင့်ပင်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာများမှာတော့ များစွာနိမ့်ကျ၏။
"တစ်သိန်း ... ငါ့ကို ဓားပြတိုက်နေတာလား။ အလွန်ဆုံး ဆယ်ခုပဲ ရမယ်"
"ကိုးသောင်း၊ ထပ်မလျှော့ပေးနိုင်တော့ဘူး။ စီနီယာကလည်းဗျာ ကျုပ် အခုလေးတင် တာအိုရှာဖွေခြင်းအဆင့်ရတနာကို မယူလိုက်တာလေ သိရဲ့သားနဲ့ ...."
"ဟေ့ကောင် .... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာတွေလည်း တန်ဖိုးကြီးတယ်ကွ။ အများဆုံး တစ်ရာပဲ"
"စီနီယာ ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ။ ကျုပ် ဒုတိယအဆင့်ကို အောင်သွားပြီလေ။ အနည်းဆုံး ရှစ်သောင်းပဲ။ အပြင်မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာတွေ ဒီလောက် တောင်လိုပုံနေတာကို။ ပြီးတော့ တတိယအဆင့်က ဘာနဲ့တူလဲ တစ်ချက်လောက် ကြည့်ချင်တယ်"
"အေး... မင်း ဒုတိယအဆင့်ကို အောင်သွားတာ ဟုတ်ပေမယ့် ...."
နှစ်ယောက်သား ငြင်းခုံပြီးနောက်ဆုံးတွင်တော့ အဖြူရောင်ကြီးကြပ်ရေးမှူးက မန်ဟိုကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာ အခု (၅၀၀၀) ပေးလိုက်သည်။ ထိုမျှသာမက မန်ဟိုသည် တတိယအဆင့်ကို တစ်ချက်ကြည့်ခွင့်လည်း ရပေမည်။
အပေးအယူလုပ်ပြီးသည့်အခါ အဖြူရောင်ကြီးကြပ်ရေးမှူးက ဆောင့်ဆောင့်အောင့်အောင့်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝဲကြီးနှစ်ခု ပေါ်လာသည်။ တစ်ခုသည် ထွက်ပေါက်ဖြစ်၍ ကျန်တစ်ခုကတော့ တတိယအဆင့်သို့ ဝင်ပေါက်ပင်။
မန်ဟိုက အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်ဓာတ်ခိုင်မာမှုက သူ၏မျက်လုံးများတွင် ပေါ်လွင်လာသည်။ သူသည် ချက်ချင်းပင် တတိယအဆင့်၏ ဝင်ပေါက်ဝဲထဲသို့ ဦးတည်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွား၏။ သူ ဝင်ရောက်တော့မည့်အချိန်မှာပင် ပလ္လင်မှာ တုန်ရီသွားလေသည်။ လုပိုင်ကား တတိယအထပ်သို့ ရောက်လာခဲ့ပြီး သူ့ကိုယ်သူ စတင်တိုက်ခိုက်နေပြီဖြစ်၏။
မန်ဟိုက နောက်ပြန်လှည့်ကြည့်ပြီး ထပ်မံအာရုံမစိုက်တော့ဘဲ တတိယအဆင့်သို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သူ အထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မီးတောက်နယ်တွင် မဟုတ်ကြောင်း တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လျက်ရှိ၏။ ဧရာမအဆောက်အဦများ ဝန်းရံထားသော သွေးရောင်ကွင်းပြင်တစ်ပြင်ကို မြင်လိုက်ရသည်။ အဆိုပါ အဆောက်အဦများမှာတော့ မြေကြီးအတွင်း ထိုးစိုက်ထားသော ဆူးချွန်များသဖွယ် စေတီများပင်။
ဤကမ္ဘာတွင် မြက်ပင်များသည် ဖြူဆွတ်နေ၏။
လေ မတိုက်သည့်တိုင် မြက်ပင်များက ရှေ့နောက်ယိမ်းနေသည်။
မန်ဟိုသည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။
၎င်းက ဧရာမနေရာကြီးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
"စေတီ အဆူပေါင်း ကိုးသိန်းကိုးသောင်း
"မရေမတွက်နိုင်တဲ့ အရိုးဖြူတွေ
"စေတီ ကိုးသိန်းကိုးသောင်းက ဧရာမန္တန်ဝင်္ကပါကြီးတစ်ခုကို ဖော်ဆောင်ထားတာ ထင်တယ်
"မြို့တစ်မြို့ပါလား"
မန်ဟို၏ နတ်ဘုရားအာရုံသည် ပြွတ်သိပ်ခဲနေသော စေတီကိုးသိန်းကိုးသောင်းမှ ဝိုင်းရံထားသော ဧရာမမြို့ကြီးတစ်မြို့ကို အာရုံရလိုက်ရ၏။
မြို့သည် မည်းနက်နေပြီး နွယ်ဖြူဖြူများက ရစ်ကာသိုင်း၊ လွှမ်းကာခြုံထားသည်။ မီးတောက်တစသည် လေလယ်တွင် ပျံဝဲရင်း ထာဝရကျွမ်းလောင်နေမည့်အလား ခံ့ညားသော အရောင်အဝါတို့ကို တစ်ကမ္ဘာလုံးဆီသို့ ဖြန့်ကျက်လျက်ရှိသည်။
မန်ဟို သူ၏နတ်ဘုရားအာရုံကို အဆုံးထိ ဖြန့်ကျက်လိုက်သည့်အခိုက်အတန့်တွင် ရုတ်တရက် ကြုံးဝါးသံတစ်သံ ကြားလိုက်၏။
"တောက်ဖန်း မင်း သေကို သေစေရမယ်
"မင်း ငါ့ကို သတ်ခဲ့တယ် တောက်ဖန်း။ ငါ ဘဝပြန်ဝင်စားရင် ကျိန်းသေပေါက် မင်းကို သတ်ပစ်မယ်"
"အင်မော်တယ်တွေရဲ့ ကမ္ဘာလောကဟာ ပြစ်ဒဏ်ခတ်ခံထားရတယ်။ အင်မော်တယ်မြေတွေ အိုမင်းလာပြီး အင်မော်တယ်တွေ သေဆုံးရလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ အရှုံးမပေးနိုင်ဘူး
"ငါ အမှန်တရားကို သိတယ်။ မင်းတို့ ငါ့ကို ဘယ်လောက်ပဲ ဖိနှိပ်ချုပ်ချယ်ပါစေ ငါ ဘယ်တော့မှ အရှုံးမပေးဘူး
"သောက်ကျိုးမပေးတဲ့ မျောက်စုတ်မျောက်နာ။ ငါ လွတ်လာရင် မင်းကို အရေခွံဆုတ်ပစ်မယ်
"ငါ ဝိညာဉ်ကူးပြောင်းသွားရင် ငါ့ကိုယ်ငါ ဒီနေရာကနေ ကယ်ထုတ််နိုင်ပြီ။ ဝိညာဉ်ကူးပြောင်းမှု မအောင်မြင်ရင်တော့ တခြားသက်ရှိသတ္တဝါတွေလိုပဲ မရေမတွက်နိုင်အောင် ဘဝပြန်ဝင်စားပြီးတာတောင်မှ နိုးထလာနိုင်ဖို့ မျှော်လင့်ချက်မရှိဘဲ အတိတ်မေ့သွားလိမ့်မယ်။ ဒါကြောင့် ဒီနေရာမှာ ကောင်းကင်အမိန့်တော်တစ်ရပ် ငါ ထားရစ်ခဲ့ရမယ်
"ငါ့အမိန့်မှာ ငါ့မီးတောက်တည်ရှိမှုရဲ့ အကြွင်းအကျန်၊ ငါ့တာအိုမီးတောက်ရဲ့ အဆီအနှစ် ပါဝင်တယ်။ နှစ်ပေါင်းအသင်္ချေကြာတဲ့နောက်မှာ အဲဒီအကြွင်းအကျန် ဆက်လက်တည်ရှိနေပါစေလို့ ငါ မျှော်လင့်တယ်"
မန်ဟိုမှာ မူးဝေသွားသည်။ ဓားချွန်တစ်လက်က သူ၏ခန္ဓာကိုယ်ကို နှစ်ခြမ်းခြမ်း၍ ဝိညာဉ်ကို နုတ်နုတ်စဉ်းရန် ပြင်ရင်း သူ၏ဦးနှောက်ကို ထိုးနေသည့်အလား ခံစားရသည်။ သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ယိုစိမ့်လာသည်။ သူသည် သွေးတစ်ပွက်အန်ရင်း နောက်သို့ ယိမ်းယိုင်သွား၏။
ထစ်ချုန်းသံတစ်သံ သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားပြီး တစ်ကိုယ်လုံး ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာနှင့် သူ၏ထာဝရအလွှာက အကုန်လုံးကို ပြန်လည်တွဲဆက်ပေးလိုက်၏။ သို့သော် ထိုကြီးမားသော နတ်ဘုရားအာရုံနှင့် မခံမရပ်ဖြစ်နေသော စိတ်ဆန္ဒမှာ အမျက်တချောင်းချောင်း ထွက်မြဲထွက်နေဆဲဖြစ်သည်။ မန်ဟို ခံစားနေရသော အန္တရာယ်အာရုံမှာ ပို၍အားကောင်းလာ၏။
သူသည် ဘေးပတ်ပတ်လည်ရှိ ကမ္ဘာကြီးကို တအံ့တဩ လှည့်ပတ်ကြည့်၍ အမြင့်ဆုံးအရှိန်ဖြင့် နောက်ဆုတ်သွားလေသည်။ ဤကမ္ဘာတွင် ပြည့်နှက်နေသော နတ်ဘုရားအာရုံက သူ့ထံ ချဉ်းကပ်လာပြန်၍ သူ့မှာ တတိယအဆင့်မှ ကပျာကယာ ခုန်ထွက်လိုက်ရတော့သည်။
သူ ထွက်လာသောအခါ ပါးစပ်မှ သွေးများ စီးကျနေလျက် ၊ မျက်နှာဖြူဖပ်ဖြူလျော်နှင့် အသက်ပြင်းပြင်းရှူရင်း ဒုတိယအထပ်သို့ ပြန်ရောက်နေလေပြီ။ သူ ကြားခဲ့သောအရာအရ သူ ကြုံတွေ့ခဲ့ရသည်မှာ စိတ်ဆန္ဒတစ်စ ဖြစ်ကြောင်း ပြောနိုင်လေသည်။
သို့သော် ၎င်းက စိတ်ဆန္ဒတစ်စသာ ဖြစ်သော်လည်း သူ့ကို ချက်ချင်း ဒဏ်ရာရသွားစေသေး၏။ ၎င်းမှာ သူ့ကို အလွန်အမင်း အံ့အားသင့်သွားစေသော အတိုင်းအတာအထိ ကြောက်စရာကောင်းလှသည်။
"ကျရှုံးတယ်" အဖြူရောင်ကြီးကြပ်ရေးမှူးက အေးတိအေးစက် ပြောသည်။ "ဘယ်သူမှ တတိယအဆင့်ကို အောင်အောင်မြင်မြင် မကျော်ဖြတ်နိုင်ဘူး"
"အဲဒီနေရာက ဘာကြီးလဲ..." မန်ဟိုက ကြီးကြပ်ရေးမှူးကို လှမ်းကြည့်ကာ မေးသည်။
"တတိယအဆင့်ကို ဖြတ်ကျော်နိုင်တဲ့သူတွေပဲ အဖြေကို သိခွင့်ရှိတယ်။ အခုတော့ မင်း သွားလိုက်တော့
"ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို တစ်ယောက်ယောက်ဆီ ပြောတာနဲ့ မင်း အသေဆိုးနဲ့ သေရလိမ့်မယ် ၊ မှတ်ထား" အဖြူရောင်ကြီးကြပ်ရေးမှူးက သူ့ကို အဓိပ္ပါယ်အပြည့်နှင့် တစ်ချက်ကြည့်သည်။
မန်ဟိုက ပြန်မတုံ့ပြန်။ သူသည် ပလ္လင်နှင့် တတိယအထပ်ရှိ လုပိုင်ကို ပြန်ငုံ့ကြည့်လိုက်၏။ သူက နောက်ထပ်စကားမဆိုတော့ဘဲ လက်နှစ်ဖက်ယှက်၍ အဖြူရောင်ကြီးကြပ်ရေးမှူးကို အရိုအသေပေးပြီးနောက် ထွက်ပေါက်ဝဲထဲ ဝင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သူကား ပျောက်ကွယ်သွားလေပြီ။
လေလယ်တွင် ပျံဝဲနေသော အဖြူရောင်ကြီးကြပ်ရေးမှူးက နက်ရှိုင်းပြီး ရှေးဆန်သည့် မျက်လုံးများဖြင့် မန်ဟို ဝဲမှတစ်ဆင့် ထွက်သွားခဲ့သော နေရာကို ကြည့်နေသည်။
တောင်ကောင်းကင်၏နယ်မြေများ….
ရှေးဟောင်းတာအိုရေကန်ဝန်းကျင်မှ သိပ်မဝေးသော နေရာတွင် တောင်ကြားတစ်ခုရှိသည်။ အဆိုပါ တောင်ကြားထဲမှ နေရာရွှေ့ပြောင်းအလင်းတန်းက ကောင်းကင်ယံထက်တွင် ပြိုးပြိုးပြက်ပြက် လက်သွားသည်။ ရုတ်တရက် မန်ဟိုက ထိုအလင်းထဲ၌ ပေါ်လာသည်။
သူပေါ်လာသည်နှင့်တစ်ပြိုင်နက် နေရာရွှေ့ပြောင်းအလင်းက ပျောက်ကွယ်သွားသည်။
"ငါ အစစ်အမှန်အင်မော်တယ်ရဲ့ ဝိညာဉ်ကို ဖမ်းခဲ့တာ ၊ လူတွေအများကြီး မြင်သွားတယ်" သူက တွေးလိုက်သည်။ "သတင်းစကား ပြန့်နေလောက်ပြီ ... သွေးမိစ္ဆာဂိုဏ်းကို မြန်မြန်သမျှ မြန်မြန် ပြန်ဖို့လိုတယ်" သူသည် မျက်လုံးများ အရောင်လက်သွားပြီး လေပေါ်ပျံတက်ရင်း သိုလှောင်အိတ်ကို ပုတ်ကာ စစ်ရထားကို ထုတ်လိုက်၏။
သူ စစ်ရထားထဲ ရောက်သည်နှင့် ၎င်းကား ရွှီးခနဲ အဝေးထွက်သွားတော့သည်။
ထိုစဉ်
မန်ဟို ပြန်ပေါ်လာသည့်အခိုက်အတန့်မှာပင် အဘိုးကြီးတစ်ဦးသည် ယီးကျန့်ဂိုဏ်းရှိ ၊ အဖော်မဲ့ဓားတောင်၏ တားမြစ်နေရာတစ်နေရာတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ့အရှေ့တွင် ပုလဲကိုးလုံးသည် သဘာဝနိယာမနှင့် လိုက်လျောညီထွေစွာ လည်လျက်ရှိသည်။ ရုတ်တရက် ပုလဲတစ်လုံးက လင်းလက်လာသည်။
အဘိုးကြီး၏မျက်လုံးများ ပွင့်လာပြီး ပုလဲကို ကြည့်လိုက်သည်။ ပုလဲတွင် ပုံရိပ်များစွာ ရှိနေသော်လည်း တစ်ခုမှာ တာအိုရေကန်များဝန်းကျင်သို့ မန်ဟို နေရာရွှေ့ပြောင်းလျက် ရောက်ရှိလာသော ပုံရိပ်ဖြစ်၏။
"နောက်ဆုံးတော့ ပြန်ပေါ်လာပြီပဲ" အဘိုးကြီး ပျောက်ကွယ်သွားသည်။
ကျင်းဟန်ဂိုဏ်းရှိ ရေကန်တစ်ကန်၏ဘေးတွင် ကျင်းဟန်ဂိုဏ်း၏ တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ခေါင်းဆောင်ကြီးတစ်ဦး ထိုင်နေသည်။ သူ ရေပြင်ကို ကြည့်လိုက်စဉ် ရုတ်တရက် ကန်ရေပြင်ထက်၌ လှိုင်းများဖြာထွက်သွားသည်။ လှိုင်းများသည် အခြားသူများ ဘယ်တော့မှ တွေးခေါ်စဉ်းစားနိုင်မည်မဟုတ်သော လျှို့ဝှက်ဆန်းကြယ်မှုများ၊ ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖုံးကွယ်ပေးနိုင်သယောင်ပင်။ သို့ရာတွင် မန်ဟို၏ပုံရိပ်သည် ကျင်းဟန်ဂိုဏ်းခေါင်းဆောင်ကြီး၏မျက်လုံးများ၌ ရောင်ပြန်ဟပ်၍ ဖြစ်ပေါ်လာသည်။
လီမျိုးနွယ်စု၊ တားမြစ်နေရာတစ်နေရာတွင် အေးတိအေးစက် အသံတစ်သံက ရုတ်တရက် ဟိန်းထွက်လာသည်။ "အစစ်အမှန်အင်မော်တယ်ရဲ့ ဝိညာဉ်က ဘာမဟုတ်တဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူလေး ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး"
အသံသည် ကောင်းကင်နှင့်မြေကြီးကို ပုံပျက်သွားစေပြီး အံ့မခန်းစွမ်းအင်တစ်ရပ်က အရပ်လေးမျက်နှာသို့ ထွက်သွား၏။
တစ်ချိန်တည်းမှာပင် မန်ဟိုမှာ စုန့်မျိုးနွယ်စုရှိ ကိုယ်တစ်ပိုင်းပြတ် ပိန်ချုံးချုံးအဘိုးကြီး၏ စစ်ဆေးတွေ့ရှိခြင်း ခံလိုက်ရသည်။ သူက တရားထိုင်နေရာမှ မျက်လုံးများ ဖျတ်ခနဲ ဖွင့်လိုက်သည်။
ဇီယွင်ဂိုဏ်းတွင်တော့ အပ်ကျသံ မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သည့်အရှိန်အဝါမှ ဖြာထွက်မလာခဲ့သလို၊ မည်သည့်လှိုင်းဂယက်မှလည်း ပေါ်မလာခဲ့ပေ။ သို့သော် ဆရာကြီးဇီတုန်၏ ဧရာမရုပ်တုကြီး၏အထက်တွင် အဝေးသို့ လှမ်းကြည့်နေသော အလင်းတန်းတစ်တန်း ပေါ်လာခဲ့သည်။
အစောပိုင်းက တည်ငြိမ်အေးချမ်းနေခဲ့သော တောင်ပိုင်းဒေသမှာ မန်ဟို ပေါ်လာမှုကြောင့် ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။ တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ပညာရှင်များအတွက် အစစ်အမှန်အင်မော်တယ်ဝိညာဉ်မှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမား၏။ အလွန်တန်ဖိုးကြီးမားလွန်းသဖြင့် ၎င်းကို ရဖို့ မည်သည့်အရာကိုမဆို လုပ်ကြမည်ဖြစ်သည်။
ချင်းလော်ဂိုဏ်းတွင်တော့ တာအိုခြောက်ပါးခေါင်းဆောင်ကြီးက ခံပြင်းစွာ အော်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် တာအိုရှာဖွေခြင်း အလယ်အလတ်အဆင့်အစပ်နားအထိ ကျဆင်းသွားခဲ့ပြီဖြစ်၏။ မကြာမီ ထို့ထက်ကျဆင်းပြီး တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်သို့ ရောက်ပေတော့မည်။
"လက်မခံနိုင်ဘူး။ သွေးမိစ္ဆာဂိုဏ်းးးး မင်းတို့ ပျက်ကိုပျက်စီးစေရမယ်။ မန်ဟို ... မင်းလည်း သေရမယ်"
တိမ်မည်းတိမ်စိုင်များသည် တောင်ပိုင်းဒေသအထက် နေရာအနှံ့အပြားတွင် ပေါ်လာခဲ့လေပြီ။ လျှပ်ပန်းလျှပ်နွယ်များ ကခုန်နေပြီး မိုးကြိုးများ တဖျပ်ဖျပ် လက်နေသည်။ နေမင်းသူရိန်မှာတော့ တိမ်စိုင်များနောက် စုန်းစုန်းမြုပ်သွားခဲ့ရာ အောက်ရှိနယ်မြေများတွင် အမှောင်ရိပ်ဖုံးနေတော့သည်။ ပုတီးစေ့အရွယ် မိုးပေါက်ကြီးများ တဖျောက်ဖျောက် စတင်ရွာကျလာလေသည် .....
***