သွေးမင်းသား ပြန်ရောက်လာခြင်း
Vol. 53 Ch. 732
မိုးသည် တိမ်မည်းတိမ်စိုင်များ တစ်စိုင်ပေါ် တစ်စိုင်ထပ်ရင်း ဖိအားများလာခြင်းကြောင့် ရွာခြင်းမဟုတ်။ တိမ်တိုက်များကို ခွင်း၍ ဖြတ်သန်းသွားမှုများကြောင့် ပြိုကွဲပြီး အချိန်မတန်သေးဘဲ ရွာကျလာခြင်းဖြစ်ပေသည်။
လက်ရှိအချိန်တွင် တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်ပညာရှင်သုံးဦးသည် မန်ဟို၏တည်နေရာသို့ တရှိန်ထိုး သွားနေကြ၏။ သူတို့၏အမြန်နှုန်းမှာ မန်ဟို စစ်ရထားပေါ် ခြေချလိုက်ပြီးနောက် တဒင်္ဂလေးအတွင်း ရှေးဟောင်းတာအိုရေကန်များအနား၌ သူတို့ပေါ်လာသည်အထိ ဖြစ်သည်။
သူတို့သည် လူလုံးထွက်မပြသော်လည်း သူတို့၏အရှိန်အဝါများက သိသာထင်ရှား၏။ သူတို့အတွက် မန်ဟို ထွက်သွားသော သဲလွန်စများကို သတိထားမိရန် တခဏသာ ကြာလိုက်ပြီး သူ့အနောက်သို့ ထပ်ကြပ်မကွာ လိုက်သွားကြတော့သည်။
မှန်၏၊ သူတို့သည် မန်ဟို့တွင် စစ်ရထားကဲ့သို့ ကြောက်ခမန်းလိလိ အမြန်နှုန်းနှင့် ယာဉ်မျိုးရှိလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
တစ်ဖက်တွင် မန်ဟိုသည် စစ်ရထားကို မြန်နိုင်သမျှမြန်မြန် စေစားနေ၏။ မျက်စိတစ်မှိတ်လေးအတွင်း သူကား ရှေးဟောင်းတာအိုရေကန်များမှ အလွန်ဝေးကွာပြီး သွေးမိစ္ဆာဂိုဏ်းပိုင်နက်၏အစပ်နားနှင့် နီးကပ်သွားလေပြီ။ ဤအခိုက်အတန့်တွင် သူက အသက်ပြင်းပြင်းရှူ၍ ပို၍ပင် မြန်မြန်သွားလိုက်သည်။ သူ့အနောက်တွင် မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံကြီးနှင့်အတူ ပိန်လှီနေသော လက်ကြီးတစ်စုံက လေထုကို အပေါက်ကြီးဖြစ်သွားစေ၏။ အတွင်းထဲမှ ဆံနီအဘိုးကြီးတစ်ဦး ထွက်လာသည်။
အဘိုးကြီးသည် အရပ်မြင့်ပြီး လျှပ်စီးမီးပွားများက သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဖျစ်ဖျစ်ဖျောက်ဖျောက် ကခုန်နေ၏။ သူကား နတ်မင်းကြီးတစ်ပါးအလားပင်။
သူ့ညာဘက်တွင် ကောင်းကင်နှင့်မြေကြီးကို ထစ်ခြမ်းခြမ်းပစ်နိုင်ပုံရသော ဓားအရှိန်အဝါတစ်ခု ပေါ်လာသည်။ ထိုဓားအရှိန်အဝါထဲမှ ဝတ်ရုံနက်အဘိုးကြီးတစ်ဦး ထွက်လာသည်။
ခပ်ဝေးဝေးတွင် လီမျိုးနွယ်စုမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူ၊ ခေါင်းဆောင်ကြီးသုံးက တဂျိန်းဂျိန်း ထစ်ချုန်းသံများကို ခေါ်ဆောင်လျက် ပျံသန်းလာနေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုလည်း အပြည့်အဝထုတ်ဖော်ထား၏။ သူ ပျံသန်းနေစဉ် ကြောက်မက်ဖွယ် မီးလုံးများက သူ၏ကိုယ်တစ်ဝိုက်တွင် မှိတ်တုတ်မှိတ်တုတ် လက်နေလေသည်။
ဤလူသုံးယောက် ရောက်လာသောအခါ မန်ဟို မျက်နှာပျက်သွားသည်။ သူတို့အနက်မှ တစ်ဦးတစ်ယောက်ချင်းစီသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် စွမ်းအားချင်း ယှဉ်နိုင်၏။ ထိုသုံးယောက် ပေါ်လာလျှင်ချင်း စစ်ရထားက တဝီဝီ အော်မြည်ကာ မရေမတွက်နိုင်သော သားရဲများ ထွက်လာသည်။ အရာအားလုံး တုန်ခါလာပြီး မန်ဟိုက အဝေးသို့ ထွက်သွားလေပြီ။
သူ၏အမြန်နှုန်းကား မျက်စိတစ်မှိတ်လေးတည်းနှင့် ပျောက်ကွယ်သွားလောက်အောင် မြန်လွန်း၏။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးယောက်လည်း သူ့နောက်မှ လိုက်လာသည်။
ရုတ်တရက် မတူညီသောလားရာဘက်မှ စိတ်မနှံ့သောအဘိုးကြီးသည် ဟီးဟီးဟားဟား ရယ်ရင်း တိမ်တိုက်များအောက်၌ ပျံသန်းနေသည်။ မိုးရေတို့က သူ့တစ်ကိုယ်လုံးကို ရွှဲရွှဲစိုနေစေသည်။
"ဟားဟားဟား အင်မော်တယ်အဆင့်တက်လှမ်းမယ် ... အင်မော်တယ်အဆင့်တက်လှမ်းမယ် ...." သူ၏ စိတ်မနှံ့သောရယ်သံကြီးတွင် စိတ်ကောင်းတစ်စိတ်တစ်ပိုင်းလည်း ပါဝင်နေသယောင်ပင်။ သူကား ရိပ်ခနဲ ပျောက်ကွယ်သွား၏။
မန်ဟို၏စစ်ရထားမှာ အံ့ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေသော်လည်း နောက်မှသုံးယောက်ကား လျှပ်စီးလို မြန်လေသည်။ သူတို့ နီးကပ်လာသည်နှင့်အမျှ မန်ဟို့စိတ်ထဲရှိ အန္တရာယ်အာရုံမှာလည်း ပိုမိုပြင်းထန်လာတော့သည်။
သို့သော် သူ၏မျက်လုံးများတွင် အကြင်နာမဲ့ရက်စက်မှု၊ ခံပြင်းဒေါသနှင့်အတူ အသတ်အဖြတ်စိတ်ဆန္ဒကိုလည်း မြင်နိုင်လေသည်။
သို့ထိတိုင် သူသည် အရှိန်လည်းမလျှော့သလို ရပ်လည်းမရပ်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်နှင့် ပြိုင်ဘက်မဟုတ်သည့်အတွက် သူ၏ထာရတာအိုအခြေကို လောင်းကြေးမထပ်ချင်ပေ။ မည်သို့ဆိုစေ သူနှင့် သူ၏ပြိုင်ဘက်များအကြား အကွာအဝေးမှာ ဆက်လက်၍ ကျုံ့လာနေ၏။
"မြန်မြန် ။ မြန်မြန်သွားရမယ်" သူက စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။ သူ့အနောက်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင်သုံးဦးက လက်မြှောက်ပြီး မန်ဟိုရှိရာသို့ လက်ညှိုးထိုးလိုက်သည်။ ထိုစဉ် ရုတ်တရက် အေးစက်စက် နှာမှုတ်သံတစ်သံက အပေါ်မှ ပဲ့တင်ထပ်လာ၏။
"သွားကြစမ်း" ရှေးဆန်သည့်တိုင် ရန်လိုမှုတို့ ပြည့်နှက်နေသော အသံကြီးက ပြောသည်။ အသံကြီး ဟိန်းထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သည် သွေးရောင်သမ်းသွားပြီး မြေပြင်မှာ သွေးပင်လယ်သဖွယ် ဖြစ်သွားလေပြီ။ သွေးမိစ္ဆာဂိုဏ်းချုပ်သည် မန်ဟိုနှင့် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင်များအကြား၌ ဖျတ်ခနဲ ပေါ်လာ၏။
သူ၏စကားလုံးများက မိုးကောင်းကင်တစ်လျှောက်လုံး ပဲ့တင်ထပ်ထစ်ချုန်းသွားပြီး ဧရာမအက်ကြောင်းကြီးများအား မြေပြင်တစ်လျှောက် ဖြာထွက်သွားစေသည်။ အရာအားလုံး သွေးရောင်လွှမ်းခဲ့လေပြီ။ မြေကြီး၏တုန်ဟည်းသံက လာနေသော ကျင့်ကြံသူသုံးယောက်ဆီသို့ ဖြာထွက်သွားသည့် အသံလှိုင်းများ အသွင်ပြောင်းသွားသည်။
လူသုံးယောက်သည် နည်းလမ်းအမျိုးမျိုး သုံးလိုက်ကြ၏။ ဆံနီအဘိုးကြီးက လက်ကို မြှောက်၍ လက်ဝါးရိုက်ချက်တစ်ချက် ပို့လွှတ်လိုက်သည်။ အနီရောင်မိုးကြိုးတန်းတစ်သောင်း ထိုးဆင်းလာသည့်တိုင် ဆံနီအဘိုးကြီးမှာ မဖြစ်မနေ ရပ်လိုက်ရ၏။
ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးတွင် ဓားတစ်လက်သဖွယ် စူးရှသော အကြည့်ရှိသည်။ သူ၏ပတ်ပတ်လည်ရှိ လေထုမှာ တုန်ခါပြီး ကြေမွသွားသဖြင့် သူလည်း မဖြစ်မနေ ရပ်လိုက်ရလေသည်။
ပိုးသားထည်ကို ဝတ်ဆင်ထားပြီး ရေအလျဉ်သဖွယ် လွင့်မျောသော ဆံပင်များနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှာမူ သူ၏ခန္ဓာကိုယ်သည် အားကြီးသောစွမ်းအင်ကို ထုတ်လွှတ်နေပြီး ပုံရိပ်ယောင်နေနှင့်လက သူ့ကို လှည့်ပတ်နေ၏။ သူလည်း သွေးမိစ္ဆာဂိုဏ်းချုပ်၏တိုက်ကွက်ကို တွန်းလှန်လိုက်သည့်တိုင် ခပ်တိုးတိုး ညည်းတွားရင်း မဖြစ်မနေ ရပ်လိုက်ရလေသည်။
မန်ဟိုမှာ စိတ်သက်သာရာရသွားပြီးနောက် စစ်ရထားကို သိမ်းလိုက်သည်။ သူသည် သူ့နောက်မှလိုက်လာသူ သုံးယောက်ကို စိန်းစိန်းကားကား ကြည့်ရင်း သွေးမိစ္ဆာဂိုဏ်းချုပ်၏ဘေးတွင် ရပ်လိုက်၏။
သွေးမိစ္ဆာဂိုဏ်းချုပ်ကို ကြည့်နေစဉ် အဘိုးကြီးသုံးယောက်၏အကြည့်မှာလည်း ထိုနည်းတူစွာ အေးစက်နေပြီး သူတို့က စကားစပြောလာသည်။
"သွေးမိစ္ဆာ ၊ အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို ပေးစမ်း"
"အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို ပေး။ ဒီကိစ္စကို ပြီးအောင်လို့။ မင်းအနေနဲ့လည်း တောင်ပိုင်းဒေသတစ်ခုလုံးနဲ့ မတိုက်ခိုက်နိုင်ပါဘူး"
"ထုတ်လိုက်။ ဒီနေရာမှာ အခုချက်ချင်း ဘယ်သူ့အပိုင်ဖြစ်မလဲ ဆုံးဖြတ်မယ်။ ငါတို့ အလှည့်ကျသုံးရင်တောင် သုံးလို့ရမှာ။ သွေးမိစ္ဆာ၊ မင်း အဖြေပေးမလား မဟုတ်ရင် ...."
မှန်သည်၊ စိတ်ထဲတွင်တော့ ဤသုံးယောက်မှာ သွေးမိစ္ဆာကို ကပ်တိုးလေး ကြောက်နေ၏။ အထူးသဖြင့် ချင်းလော်ဂိုဏ်းနှင့်တိုက်ပွဲ ပြီးနောက်တွင်။
"မဟုတ်ရင် ဘာဖြစ်လဲ...." သွေးမိစ္ဆာဂိုဏ်းချုပ်က ပြန်မေးသည်။
"မဟုတ်ရင် မင်း တောင်ပိုင်းဒေသတစ်ခုလုံးနဲ့ မင်း စစ်ဖြစ်ချင်နေလား"
"ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်း၊ လီမျိုးနွယ်စုနဲ့ အထူးသဖြင့် ချင်းလော်ဂိုဏ်း။ ငါတို့အားလုံးက မင်းကို တိုက်ခိုက်ဖို့ ဝမ်းမြောက်ဝမ်းသာနဲ့ ပူးပေါင်းကြမှာ။ အဲဒီလိုသာဖြစ်ရင် မင်းရဲ့ သွေးမိစ္ဆာဂိုဏ်း အမြစ်ဖြုတ်သုတ်သင်ခံရဖို့ အသင့်ပြင်ထား"
"တောင်ပိုင်းဒေသရဲ့ အင်အားစုလေးစုဆိုတာ သွေးမိစ္ဆာဂိုဏ်းကို အလွယ်တကူ ဖျက်စီးပစ်နိုင်တယ်။ သွေးမိစ္ဆာ ၊ မင်းကိုယ်မင်း ပျက်စီးအောင် မလုပ်စမ်းနဲ့"
ဤအရာအားလုံးကို ကြားသော် မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သူသည် အစစ်အမှန်အင်မော်တယ်ဝိညာဉ်၏တန်ဖိုးနှင့်ပတ်သက်ပြီး သုံးသပ်ကြည့်ခဲ့သော်လည်း တောင်ပိုင်းဒေသတွင် စစ်ပွဲအကြီးအကျယ် ဖြစ်စေနိုင်လောက်အောင် တန်ဖိုးကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မန်ဟိုက သွေးမိစ္ဆာဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။ သူ့အနေဖြင့် လူတိုင်းကို စစ်ပွဲထဲ အတင်းအကြပ် ဆွဲခေါ်ရမည်ဆိုလျှင် အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို မလိုချင်ပေ။ "ဂိုဏ်းချုပ်" သူက စကားစသည်။ "ကျုပ် ပေးဖို့ စိတ်...."
"ဘာမှပြောစရာမလိုဘူး" သွေးမိစ္ဆာဂိုဏ်းချုပ်က တည်ငြိမ်အေးဆေးစွာ ပြောသည်။ "မင်း ယူလိုက်တာဆိုတော့ မင်းအပိုင်ပဲ။ အဲဒီ အစစ်အမှန်အင်မော်တယ်ဝိညာဉ်က တော်တော်အသုံးဝင်တာကို မင်းက ဘယ်လိုလုပ် ပေးပစ်ဖို့ တွေးနိုင်ရတာလဲ" ထို့နောက် သူ့အကြည့်သည် ကျန်ကျင့်ကြံသူသုံးယောက်အပေါ် ရောက်သွားပြီး သူက အေးတိအေးစက် ရယ်လိုက်သည်။
"မင်းတို့ သုံးယောက်ကတော့ ... ထွက်သွားစမ်း"
"သွေးမိစ္ဆာ" သူတို့က အော်သည်။ သူတို့၏မျက်နှာများတွင် ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားပြီး သွေးမိစ္ဆာဂိုဏ်းချုပ်ကို မမှိတ်မသုန် ကြည့်နေကြလေသည်။ နောက်ဆုံးတော့ သူတို့သည် ချာခနဲ လှည့်ထွက်သွားကြတော့၏။
"ဂိုဏ်းချုပ်" မန်ဟိုက ပြောသည်။ "ဒီအစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို ဂိုဏ်းချုပ် လိုအပ်ရင် ယူလိုက်ပါ...." မန်ဟိုမှာ အတန်ငယ် ရင်တုန်နေဆဲဖြစ်သည်။ သွေးမိစ္ဆာသည် ယခင်နှင့် အတော်လေး ကွဲပြားနေသယောင် ရှိကြောင်း သူ သတိထားမိလိုက်၏။
"မပူနဲ့" သွေးမိစ္ဆာဂိုဏ်းချုပ်က ခေါင်းခါရမ်းရင်း ပြောသည်။ "ငါ အကုန်ဖြေရှင်းပေးမယ်။ အစစ်အမှန်အင်မော်တယ်ရဲ့ဝိညာဉ်က .... ငါ့အတွက် သိပ်အသုံးမတည့်ဘူး။ မင်း ဆရာအတွက်လည်း အသုံးမတည့်မှာ စိုးရိမ်မိတယ်။ နောင်ကျရင် သူ့ကို နည်းနည်းပါးပါး လေ့လာခိုင်းလိုက်"
"ကျုပ်ဆရာကိုလား" မန်ဟိုက ပါးစပ်အဟောင်းသားနှင့် ပြောသည်။ မှန်၏။ သူသည် ဆေးလုံးမိစ္ဆာ၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့် တာအိုရှာဖွေခြင်းအကြောင်း မသိပေ။
"နောက်ကျ အသေးစိတ် နားလည်သွားလိမ့်မယ်" ထိုသို့ပြောရင်း သွေးမိစ္ဆာဂိုဏ်းချုပ်သည် အင်္ကျီလက်စခါကာ မန်ဟို့ကို ခေါ်ဆောင်ရင်း ပျောက်ကွယ်သွားတော့၏။ သူတို့ပြန်ပေါ်လာသောအခါ သွေးမိစ္ဆာဂိုဏ်းသို့ ပြန်ရောက်နေလေပြီ။
သွေးမိစ္ဆာဂိုဏ်းသားများက မန်ဟို့ကို မြင်သောအခါ စိတ်လှုပ်တရှား စကားပြောလာကြသည်။
"သွေးမင်းသား"
"သွေးမင်းသား ပြန်ရောက်လာပြီ"
"ဂါဝရပြုပါတယ် သွေးမင်းသား"
အမှောင်နတ်ဘုံခေါင်းဆောင်ကြီးနှင့် ကျန်ခေါင်းဆောင်ကြီးငါးဦးလည်း သူတို့၏တောင်ထိပ်အသီးသီးမှ ပျံဆင်းလာကြပြီး စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် မန်ဟို့ကို ကြိုဆိုနှုတ်ဆက်ကြလေသည်။
"ပြန်ရောက်လာတဲ့အတွက် ဂုဏ်ယူကြောင်းပါ သွေးမင်းသား"
ပဉ္စမတောင်ထိပ်ပေါ်ရှိ ခါးကုန်းအဘိုးကြီးသည် ပြုံး၍ လက်နှစ်ဖက်ယှက်ကာ မန်ဟို့ကို နှုတ်ဆက်၏။
ဝမ်ယိုချိုင်က တောင်ကြားအဝရှိ နေရာမှ ထရပ်ပြီး မန်ဟို့ကို လှမ်းကြည့်၏။ ရှုချင်သည် သူ၏ ဂိုဏ်းတူအစ်မဖြစ်ခဲ့သလို သူကိုယ်တိုင်မှာလည်း မန်ဟိုနှင့်အတူ ကြီးပြင်းလာခဲ့သည် မဟုတ်ပါလော။ ဝမ်ယိုချိုင်မှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့် ခက်ထန်လာခဲ့သော်လည်း ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်သည့် သူ၏အကျင့်စရိုက်များလည်း ရှိသေးလေသည်။
မန်ဟို မရှိစဉ်တွင် သူသည် အသက်နှင့်လဲ၍ တောင်ကြားကို ကာကွယ်မည်ဖြစ်၏။ သူ ကာကွယ်နေသည်ကား သူ၏အမှတ်တရများ၊ သူ့နှလုံးအိမ်တွင် တစ်ခါက တည်ရှိခဲ့သော ပျော်ရွှင်ဖွယ်ဘဝလေး၏ နောက်ဆုံးလက်ကျန်များကို ဖြစ်သည်။
ရှုချင်သည် တောင်ကြားမှ လမ်းလျှောက်ထွက်လာပြီး ကောင်းကင်ထက်တွင် ပျံဝဲနေသော မန်ဟိုကို ချစ်စဖွယ်လေး ပြုံးပြလေ၏။
သူမအကြည့် သူနှင့် ဆုံသောအခါ ၎င်းသည် ထာဝစဉ် တည်မြဲသွားမည့် အမှတ်တရလေး ဖြစ်လာသည်။
***