← Chapters

တောင်ပိုင်းဒေသ၏ စစ်ပွဲအကြိုကာလ

Vol. 53 Ch. 733

တောင်ပိုင်းဒေသ၏ စစ်ပွဲအကြိုကာလ

Vol. 53 Ch. 733

သွေးမိစ္ဆာဂိုဏ်းချုပ်သည် မန်ဟိုကို ကြည့်ကာ ပြုံးပြီးနောက် ပျောက်ကွယ်သွားတော့သည်။ ထပ်မံ၍ ၎င်းလည်း ကိုယ်ပွားသာ…….

မန်ဟိုသည် သွေးမိစ္ဆာတောင်ကို လှည့်ကြည့်ပြီး နွေးထွေးသော ခံစားချက်လေးတစ်ခုက သူ၏နှလုံးအိမ်တွင် ဖြစ်တည်ပေါက်ဖွားလာ၏။ ပထမဆုံးအကြိမ်အနေဖြင့် သွေးမိစ္ဆာဂိုဏ်းကို သူ၏အိမ်သဖွယ် ခံစားမိသွားလေပြီ။

မန်ဟို သွေးမင်းသားလျှိုမြောင်သို့ ပြန်သွားစဉ် ဝမ်းသာအားရ နှုတ်ဆက်ကြိုဆိုသံများသည် သောင်းသောင်းသဲသဲ ခြံရံလျက်ရှိ၏။ ရှုချင်သည် အရက်ကို နွေးစေပြီး စောင့်နေသည်။ သူ ရောက်သည်နှင့် သူမက သူ့အတွက် တစ်ခွက်ငှဲ့ပေးလေ၏။ သူတို့သည် စကားမပြောခင် တစ်ယောက်ကိုတစ်ယောက် အချစ်ရွှမ်းသော မျက်ဝန်းများဖြင့် အကြာကြီး ကြည့်နေခဲ့လေသည်။

ဆယ်ရက်ဆိုသောအတိုင်းအတာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ ယခု မန်ဟိုသည် သွေးမင်းသားလျှိုမြောင်သို့ ပြန်ရောက်ပြီဖြစ်ရာ အပြင်လောကနှင့် ကမ္ဘာခြားသွားသလို ခံစားလိုက်ရ၏။ အထီးကျန်မှုကို အဖော်ပြုပေးမည့် ရှုချင်ရှိနေသည့်အတွက် နေ့ရက်တိုင်းကား ကြည်နူးဖွယ်အတိပင်။ နေဝင်လိုက် ၊ နေထွက်လိုက်နှင့် စိတ်ချမ်းမြေ့စရာအတိ ပြီးနေတော့သည်။

သွေးမိစ္ဆာဂိုဏ်းချုပ်က မန်ဟို့ကို ကတိအတိုင်း ချီးမြှင့်သည်။ မန်ဟို သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၃) သို့ ရောက်ခဲ့ပြီဖြစ်ကြောင်း သိထားသည့်အလျောက် သူက တောင်ဝှေးတစ်ချောင်း ပို့လိုက်၏။

တောင်ဝှေးသည် အရိုးမှ ထွင်းထားခြင်းဖြစ်ပြီး မည်းနက်နေ၏။ လက်တွင် ကိုင်လိုက်လျှင် မန်ဟိုသည် သူ၏ခန္ဓာကိုယ်အတွင်း စိမ့်ဝင်လာသော အအေးဓာတ်ကို ခံစားရသည်။ ထို့အပြင် သူ၏သိုလှောင်အိတ်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက တောက်ပစပြုလာပြီး အိတ်ထဲမှ အလိုအလျောက် ထွက်ကာ အရိုးတောင်ဝှေးကို လှည့်ပတ်လိုက်သည်။

တခဏကြာသော် ၎င်းက တောင်ဝှေးထဲ ဝင်ရောက်ကာ နှစ်ခုသည် တစ်ခုတည်း ဖြစ်သွား၏။

တစ်ဆက်တည်းမှာပင် မှတ်ဉာဏ်ကဲ့သို့ အရာများ မန်ဟို၏စိတ်ထဲ စီးမျောလာသည်။ ၎င်းတို့သည် တစ်ယောက်ယောက် သူ့ကို နားအနားကပ်ပြောနေသည့်အလား မရှင်းလင်း၊ မသဲကွဲပေ။ အသံပြောနေသော အရာများစွာမှာ လုံးထွေးနေသော်လည်း တစ်ခွန်းကတော့ ရှင်းလင်းပြတ်သားနေ၏။

“သတ္တမ မိစ္ဆာချုပ်နှောင် မန္တန်။ ကံကြွေးညို့မန္တန်”

ကံကြွေးကို ညို့ဖို့ မိစ္ဆာချီကို သုံး၍ ဓာတ်ငါးပါးဖြင့် ဖွဲ့တည်သော မည်သည့်အရာကိုမဆို သုတ်သင်ကာ ဤလောကမှ အရှင်းဖျောက်လေ။

မန်ဟို စိတ်နှလုံးတုန်ရီသွားသည်။ မိစ္ဆာချုပ်နှောင်သူများတွင် မှော်ပညာရပ်ကုဋေကုဋာရှိသော်လည်း မိစ္ဆာချုပ်နှောင်မန္တန်ရှစ်ခုအား သူတို့၏ အဓိကစွမ်းရည်များအဖြစ် သတ်မှတ်နိုင်သည်။ တစ်ခုစီအား ယခင်မိစ္ဆာချုပ်နှောင်သူမျိုးဆက်မှ ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်ရာ လက်ဖျားခါရလောက်အောင် အစွမ်းထက်ချေသည်။

သို့သော် မန္တန်အမျိုးမျိုးမှာ လက်ဆင့်ကမ်းမခံခဲ့ရသည့်အပြင် နှစ်ပေါင်းများစွာကြာသော် ပျောက်ကွယ်ကုန်ကြ၏။ အဋ္ဌမမန္တန်ကိုပင် မန်ဟို ကြက်ကန်းဆန်အိုးတိုး၍သာ ရခဲ့ခြင်းဖြစ်သည်။ ယခု ဤအရိုးတောင်ဝှေးနှင့် ဆိုပါက သူသည် သတ္တမမန္တန်ကို ရရှိခဲ့ပြီဖြစ်၏။

သူသည် သတ္တမမန္တန်၏ ကံကြွေးအကြောင်း ဉာဏ်အလင်းရှာရာတွင် လျင်မြန်စွာ နစ်မြောသွားတော့သည်။ ကံကောင်းထောက်မစွာနှင့် သူကား ကံကြွေးနှင့်ပတ်သက်ပြီး အတန်ငယ် နားလည်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ သတ္တမမန္တန်ကို အတားအဆီးမရှိ ကျင့်ကြံနိုင်သော်လည်း အနည်းငယ် နှေးလေသည်။

သူ ကျင့်ကြံနေစဉ် ကျန်တောင်ပိုင်းဒေသမှာတော့ အေးချမ်းတည်ငြိမ်သော သွေးမိစ္ဆာဂိုဏ်းနှင့် ဆန့်ကျင်ဘက်ပင်။ တောင်ပိုင်းဒေသကား ဆူပွက်နေလေပြီ။

ယီးကျန့်ဂိုဏ်းက စစ်ပွဲအတွက် အင်အားအပြည့်ပြင်ဆင်ထားသည်။ တောင်ပိုင်းဒေသ၏ ချောင်ကြိုချောင်ကြား နေရာအနှံ့မှ မရေမတွက်နိုင်သော ဂိုဏ်းသားများအား ပြန်ခေါ်ခဲ့ကြပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ယခုတွင် ဓားအိမ်မှ မထုတ်သေးရသော ဓားပမာ စစ်ပွဲအတွက် အသင့်ဖြစ်နေ၏။

သူတို့သည် ကံကြမ္မာကို ခြယ်လှယ်နိုင်သော အဖိုးထိုက်ရတနာများပင် ထုတ်ခဲ့ကြသည်။ အဆိုပါရတနာများအား သန့်စင်ပြီးနောက် ၎င်းတို့သည် ဂိုဏ်း၏အပေါ်တွင် ပျံဝဲလျက် တောက်ပခံ့ညားသော ရောင်စဉ်များနှင့် အံ့ဖွယ်ထူးကဲသော စွမ်းအင်များကို ဖြန့်ကျက်ထားကြ၏။

ယီးကျန့်ဂိုဏ်း စစ်ချီတက်တော့မည်ဖြစ်ကြောင်း …. မည်သူမဆို ပြောနိုင်သည်။

ယီးကျန့်ဂိုဏ်းအပြင် ကျင်းဟန်ဂိုဏ်းလည်း စစ်ပွဲအတွက် ပြင်ဆင်နေသည်။ သူတို့၏ မဟာမန္တန်ဝင်္ကပါကြီး (၁၈) ခုလုံး အသက်ဝင်နေကြလေပြီ။ သူတို့သည် စစ်တိုက်ရန် ပြင်ဆင်နေစဉ်အတွင်း ဂိုဏ်းကို ကာကွယ်ရန်အလို့ငှာ မန္တန်ဝင်္ကပါများအား အားဖြည့်နေခြင်းဖြစ်ကြောင်း ထင်ရှားပေါ်လွင်၏။

ကျင်းဟန်ဂိုဏ်းသားများမှာ စိုးရိမ်ပူပန်နေကြလေသည်။ သူတို့သည် သတင်းသဲ့သဲ့ ကြားထားကြပြီးနောက် ထိုသတင်းများက စုပေါင်းကာ လတ်တလောအဖြစ်အပျက်များအား အသေးစိတ် ရုပ်လုံးပေါ်လာစေသည်။ ဖက်တီးမှာ အတော်လေး စိတ်မသက်မသာ ဖြစ်နေသော်လည်း ကောင်းစွာ ဖုံးကွယ်ထားလေသည်။ ကံဆိုးစွာနှင့် သူ့အနေဖြင့် ဖြစ်ပျက်နေသောအရာကို တားနိုင်သည့် အစွမ်းအစမရှိပေ။

မဟာမျိုးနွယ်စုကြီးများအနက် ဝမ်မျိုးနွယ်စုကတော့ မရှိတော့လေပြီ။ ယခုတော့ လီမျိုးနွယ်စုက အရေးသာသော နေရာတွင် ဖြစ်၏။ လီမျိုးနွယ်များကား စစ်ပွဲအတွက် ပြင်ဆင်ရင်း သတ်ဖြတ်လိုစိတ်တို့ တရိပ်ရိပ် မြင့်တက်လာလေသည်။

ချင်းလော်ဂိုဏ်းတွင်တော့ တာအိုခြောက်ပါးခေါင်းဆောင်ကြီးသည် ဖိတ်ခေါ်ကမ်းလှမ်းမှု ရရှိပြီးနောက် မူပင် မမူပေ။ သူက ချက်ချင်းပင် သဘောတူကြောင်း တုံ့ပြန်လိုက်၏။

ဤရက်ပိုင်းအတွင်း ချင်းလော်တပ်သည် လေလွင့်ဝိညာဉ်များကို စုဆောင်းခြင်းနှင့် တာအိုအရင်းအမြစ်၏ စွမ်းအားအပေါ် အာရုံစိုက်နေကြ၏။ စစ်ပွဲတွင် သုံးဖို့ ခေါင်းတလား (၁၉၃) လုံး သယ်ဆောင်လာကြလေသည်။

တစ်ချိန်တည်းမှာပင် စစ်ပွဲအတွက် လိုအပ်မည့် ဆေးလုံးများ၊ မန္တန်ဝင်္ကပါများနှင့် မှော်ပစ္စည်းများမှာလည်း တပ်ဖွဲ့ကြီးလေးဖွဲ့၏ ဝယ်ယူစုဆောင်းခြင်းခံရလေသည်။ ဤအရာအားလုံးက တောင်ပိုင်းဒေသတစ်ခွင် ကောလဟာလများ ပြဲပြဲစင်သွားစေ၏။

“စစ်ဖြစ်တော့မယ်”

“ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေ ဒီလို စစ်အင်အား မစုစည်းတာ နှစ်နဲ့ချီကြာပြီ။ ဘယ်သူ့ကို သွားတိုက်ကြမှာလဲ မသိဘူး”

“သွေးမိစ္ဆာဂိုဏ်းပဲ ဖြစ်မှာပေါ့ဟ သေချာတယ်”

တောင်ပိုင်းဒေသ၏ ကျင့်ကြံသူများမှာ ဤရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် မျက်စိဖွင့်နားစွင့်ထားကြလေသည်။ သို့သော် အခွင့်အ‌ရေးဟု မြင်သော သင်းကွဲကျင့်ကြံသူတချို့လည်း ရှိသည်။ တပ်ဖွဲ့လေးဖွဲ့မှ သင်းကွဲကျင့်ကြံသူများကို စုဆောင်းသောအခါ အတော်များများက အကျိုးအမြတ်များအတွက် ဝင်ရောက်ကြလေသည်။

ဤကိစ္စတွင် ဇီယွင်ဂိုဏ်းသည် ဆိတ်ဆိတ်သာ နေ၏။ မန်ဟိုနှင့် သူတို့၏ ပတ်သက်မှုကြောင့် သူတို့အနေဖြင့် တပ်ဖွဲ့လေးဖွဲ့နှင့် ပူးပေါင်းမည်မဟုတ်ပေ။ မှန်သည်၊ တပ်ဖွဲ့လေးဖွဲ့လည်း ဤအခြင်းအရာကို နားလည်၍ ဇီယွင်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် စိတ်ကူးမရှိပေ။

သို့သော် ဇီယွင်ဂိုဏ်း သွေးမိစ္ဆာဂိုဏ်းကို လာရောက်ကူညီမည်ကိုတော့ တားမြစ်ချင်ကြသည်။

စုန့်မျိုးနွယ်စုလည်း တိတ်ဆိတ်နေပြီး မဟာမိတ်ဖွဲ့မည်မဟုတ်ကြောင်း တွေ့လိုက်ရသဖြင့် တပ်ဖွဲ့လေးဖွဲ့မှာ အံ့အားသင့်သွားကြ၏။

ဒေသတစ်ခုလုံး စစ်ဖြစ်လျှင် တိုးတိုးတိတ်တိတ် လုပ်မရပေ။ စစ်ပွဲတစ်ပွဲဆိုသည်မှာ လျင်မြန်စွာ မပြီးမြောက်နိုင်သော ပြင်ဆင်မှုမြောက်မြားစွာ လိုအပ်သည်။ စစ်ပွဲအတွက် ပြင်ဆင်မှုများက လူတိုင်းအပေါ် သက်ရောက်နေသော ဖိအားသဖွယ် ဖြစ်လာပြီး တကယ့်စစ်ပွဲထက်ပင် ပြင်းထန်သေး၏။

ရလဒ်အနေဖြင့် သွေးမိစ္ဆာဂိုဏ်းတွင်လည်း ပိုပို၍ တိတ်ဆိတ်လာသည်။

အပြင်လောကတွင် ဖြစ်ပျက်နေသည်အပေါ် အခြေခံလျှင် ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်း၊ ချင်းလော်ဂိုဏ်းနှင့် သင်းကွဲကျင့်ကြံသူအမြောက်အမြားသည် သွေးမိစ္ဆာဂိုဏ်းကို စစ်ဆင်ဖို့ ပြင်နေကြောင်း သိသာ၏။

သိန်းချီသော ကျင့်ကြံသူများကား သူတို့ကို အမြစ်ဖြုတ်ပစ်ရန် လာနေကြလေပြီ။

ထိုကဲ့သို့အပြင်မှဖိအားမျိုးသည် သွေးမိစ္ဆာဂိုဏ်းသားများအပေါ်သို့ သက်ရောက်ကာ သူတို့အား ပို၍ပင် သုန်မှုန်လာစေမည်သာ ဖြစ်၏။ အသတ်အဖြတ်စိတ်ဆန္ဒတို့သည် သူတို့၏ရိုးတွင်းခြင်ဆီမှပင် ထွက်လာသည်။

သူတို့သည် သွေးမိစ္ဆာဂိုဏ်းသားများဖြစ်၍ မိစ္ဆာများသဖွယ် ပြုမူကြ၏။ ထိုမျှသာမက သူတို့ဂိုဏ်းတွင် 'သွေး' ဆိုသော စာလုံးပါရှိသည် မဟုတ်လော။ ထိုအရာမျိုးက ကြောက်စရာမကောင်းဘဲ မည်သို့နေမည်နည်း။

မှန်၏။ သူတို့လည်း လာမည့်စစ်ပွဲအတွက် အဆင်သင့်ပြင်နေကြပြီး ပဉ္စမတောင်ထိပ်မှ ခါးကုန်းအဘိုးကြီးသည် အဆိုပါပြင်ဆင်မှုများအတွက် တာဝန်ယူရ၏။

သွေးမင်းသားလျှိုမြောင်တွင် မန်ဟိုလည်း ဖိအားကို ခံစားနေရသည်။ ဤအခြင်းအရာအားလုံးက အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကြောင့် ဖြစ်ကြောင်း သူ သိသည်။ အမှန်တွင် သူသည် ဝိညာဉ်ကို ပေးလိုက်ဖို့ ကြိုးစားခဲ့သော်လည်း သွေးမိစ္ဆာဂိုဏ်းချုပ်က ထပ်မံလက်မခံခဲ့ပေ။

"မင်းအပိုင်က မင်းဟာပဲ။ မင်းကို သွေးမင်းသားအဖြစ် သွေးမိစ္ဆာဂိုဏ်းထဲ ခေါ်လာတာ ငါ,မလို့ မင်းအတွက် ငါ တာဝန်ရှိတယ်

"မင်းအပိုင်ဖြစ်တဲ့ ပစ္စည်းကို အပြင်လူတစ်ယောက်ယောက် လုယူမှာ ခွင့်ပြုပေးလိုက်ရင် ကျန်တဲ့ဂိုဏ်းသားတွေဆီက သူတို့လုမယူအောင် ဘယ်လိုကာကွယ်ရ‌တော့မလဲ။ သွေးမိစ္ဆာဂိုဏ်းအနေနဲ့ ဒီလိုအရှက်ခွဲမှုမျိုးကို သည်းခံပေးရမှာလား

"ငါ အိုကောင်း အိုနေပြီ။ ဒါပေမဲ့ သိက္ခာတော့ ရှိဖို့ လိုသေးတယ်ကွ။ စစ်ဖြစ်ချင်သပဆိုရင် စစ်ဖြစ်ပေးလိုက်တာပေါ့"

မန်ဟိုသည် ဤစကားကို ကြားသောအခါ သူ၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလာကာ ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်လာတော့၏။ ဤအခိုက်အတန့်တွင် သူကား သွေးမိစ္ဆာဂိုဏ်းသို့ မည်သို့ ရောက်လာခဲ့သလဲ ဂရုမစိုက်တော့ပေ။ သူ ဂရုစိုက်သည်မှာ သူ့နှလုံးသားတွင် ကိန်းအောင်းနေသော အယူအဆ .... အခြားသူများအား လိပ်ပြာလုံလုံဖြင့် ရင်ဆိုင်ရန်ပင်။

သွေးမိစ္ဆာဂိုဏ်း သူ့ကို ယခုလို ‌ဆက်ဆံခြင်းက သူလည်း ထိုအတိုင်း ပြန်ဆက်ဆံဖို့ လိုအပ်သည်ဟု ဆိုလို၏။

မန်ဟိုက တရားပိတ်ကျင့်ကြံရန် ရွေးချယ်လိုက်သည်။ သူသည် သတ္တမမိစ္ဆာချုပ်နှောင်မန္တန်ကို လေ့လာနေခြင်းအား ခဏတဖြုတ် ရပ်ပြီး‌ ခြောက်သွေ့မီးတောက်မိစ္ဆာအစစ်အမှန်ကိုယ်တာအိုမှ 'ကိုယ်' ဆိုသော စာလုံးအပေါ်တွင် အချိန်အများစု ကုန်ဆုံးလိုက်သည်။

သူသည် 'ကိုယ်' ကဏ္ဍနှင့် ပတ်သက်ပြီး အများစု ဉာဏ်အလင်းရထားပြီးဖြစ်၏။ ယခု လုပ်ဖို့ လိုအပ်သည်မှာတော့ ဒုတိယအစစ်အမှန်ကိုယ် ဖန်တီးရန်သာ။

ဒုတိယအစစ်အမှန်ကိုယ် မည်မျှ အစွမ်းထက်မလဲ ဆိုရာတွင်တော့ သူကိုယ်တိုင်ပင် မသိ။ ၎င်းအား သူ၏အသွေးအသားမှ ပြုလုပ်ရပြီး အတွင်း၌ ဝိညာဉ်ထည့်သွင်းနိုင်သော ဓားအိမ်သဖွယ်ဖြစ်ကြောင်းကိုတော့ သူ အတပ်သိသည်။ အသုံးပြုမည့်ဝိညာဉ်ကတော့ .... အစစ်အမှန်အင်မော်တယ်၏ ဝိညာဉ်။

သို့သော် အကယ်၍ ၎င်းကို အသုံးပြုလိုက်လျှင် နောင်တစ်ချိန် သူ့ဆရာအတွက် အကျိုးမဖြစ်တော့မည်ကိုလည်း သူ စိတ်ပူသည်။ ထို့ကြောင့် သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် သွားရောက်ဆွေးနွေးကြည့်၏။ သူ့အစီအစဉ်အတိုင်း ဆက်သွားလျှင် အဆင်ပြေကြောင်း သွေးမိစ္ဆာဂိုဏ်းချုပ်မှ အတည်ပြုပေးပြီးနောက်တွင်တော့ သူက စိတ်ပိုင်းဖြတ်လိုက်တော့သည်။

မန်ဟိုသည် အစစ်အမှန်အင်မော်တယ်၏ဝိညာဉ်ကို သူ၏ဒုတိယအစစ်အမှန်ကိုယ်ထဲ ထည့်လိုက်လျှင် မည်သို့သောစွမ်းအားမျိုး ထုတ်ဖော်နိုင်မည်လဲ စိတ်ကူးကြည့်နေ၏။

"တချို့လူတွေက ကိုယ်ပွားကို ဖန်တီးပေမယ့် ဒီပညာရပ်က ဒုတိယကိုယ်အစစ်ကို ထုတ်လုပ်ပေးတယ်" သူသည် သစ်လုံးအိမ်ထဲတွင် တင်ပျဉ်ခွေထိုင်လျက် တွေးနေ၏။

"ကိုယ်ပွားဖန်တီးတဲ့အခါမှာ ဝိညာဉ်ကနေ အစိတ်အပိုင်း‌လေးတစ်ခု ခွဲထုတ်ပြီး အဆီအနှစ်အဖြစ် အသုံးပြုဖို့ပဲ လိုအပ်တာ။ အသင့်ပုံသွန်းထားတဲ့ ခန္ဓာကိုယ်ထဲ ဝိညာဉ်အစိတ်အပိုင်းကို ထည့်လိုက်တာပဲ။ အဲဒါကို တာအိုကိုယ်ပွားခြင်းလို့ ခေါ်တယ်

"အစစ်အမှန်ကိုယ်ကို ဖော်ဆောင်ဖို့ကတော့ အသွေးအသားကို အသုံးပြုရတယ်။ အ‌သွေးအသားကို အားဖြည့်ပြီးတဲ့နောက်မှာ အဲဒီအသွေးအသားဟာ အတွင်းမှာ ပြိုင်ဘက်ကင်းဓားတစ်လက် ဝှက်ထားတဲ့ အနှိုင်းမဲ့ဓားအိမ်လို ဖြစ်လာမယ်

"ဝိညာဉ်အစိတ်အပိုင်းကို သုံးတာက အသွေးအသားကို သုံးတာနဲ့ အင်မတန် ကွဲပြားတယ်။ ဆင်တူသယောင် ထင်ရပေမယ့် တကယ်တော့ တခြားစီပဲ" 'ကိုယ်'စာလုံးကို ဉာဏ်အလင်းရပြီးနောက် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။

မျက်လုံးများပွင့်လာခြင်းနှင့်အတူ သူသည် ညာလက်ချောင်းများကို ဖြန့်ကားလိုက်ရာ သွေးစက်ငါးစက် ပျံထွက်လာသည်။ ထို့နောက် ဘယ်လက်ကိုလည်း ထိုနည်းလည်းကောင်း လုပ်လိုက်သည်။ သွေးဆက်ငါးဆက်စီ လက်နှစ်ဖက်မှ ထွက်လာ၏။

ထို့နောက် ခြေထောက်တစ်ဖက်စီမှ သွေးစက်ငါးစက်စီ။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်း တုန်ရီသွားပြီး သွေးစက်ဆယ်စက် ထွက်လာသည်။

စုစုပေါင်း သွေးအစက် (၄၀) သည် ‌တောက်ပသောအရောင်အဝါကို ထုတ်လွှတ်ရင်း သူ၏အရှေ့တွင် မျောလွင့်နေ၏။ ထို့နောက် ၎င်းတို့က တစ်စက်နှင့်တစ်စက် ပေါင်းစပြုလာသည်။ ၎င်းတို့ပေါင်းစည်းနေစဉ် မန်ဟို့နဖူးမှ အသားကွဲအက်သွားပြီး‌ နောက်ထပ်သွေးစက်တစ်စက်က ၎င်းတို့ထဲ ရောနှောသွားသည်။ နောက်ဆုံးတွင် သူသည် လျှာဖျားကို ဖိကိုက်၍ ချီနှင့်သွေးတချို့ ထွေးထုတ်လိုက်၏။

သွေးစက် (၄၂) စက်သည် တောက်ပသော အရောင်အဝါကို ထုတ်လွှတ်၍ တစ်စက်နှင့်တစ်စက် ပေါင်းကာ တဖြည်းဖြည်း လူတစ်ယောက်ပုံစံဖြစ်လာသည်။

မန်ဟို့မျက်နှာမှာ ဖြူဖပ်နေပြီး အားနည်းမှု‌ကြောင့် တစ်ကိုယ်လုံး ပျော့ခွကျသွားသည်။ သို့သော် သူ၏မျက်လုံးများကား ခိုင်မာပြတ်သားနေမြဲသာ။

"ဒါကို ကိုယ်အစစ်ဖြစ်အောင် ဘယ်အရာက လုပ်ပေး‌လေသလဲ" မန်ဟိုက ကဗျာရွတ်နေသောအသံ‌နေအသံထားမျိုးဖြင့် ပြောသည်။

ခက်ထန်ကြမ်းကြုတ်မှုက သူ၏မျက်လုံးများတွင် စိုးမိုးနေသည်။ သူက လက်ကို မြှောက်၍ ဝမ်းဗိုက်အပေါ် ထိုးချလိုက်၏။

ဂျွတ်

နံရံတစ်ချောင်းကျိုးသွားသဖြင့် ထိုးကျင့်လာသော နာကျင်မှုကို သူ သည်းခံလိုက်သည်။ ထို့နောက် ၎င်းနံရိုးကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ကာ အမှုန့်ခြေလိုက်သည်။ ထွက်လာသော အမှုန့်ကို သူ့အ‌ရှေ့ရှိ လူပုံစံသွေးထုထံသို့ မှုတ်လိုက်၏။

အရိုးမှုန့်များ သူ့အရှေ့ရှိ သွေးခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် အထဲမှ အရိုးစုဖြစ်တည်လာနေသကဲ့သို့ တဂျွတ်ဂျွတ်မြည်သံများ ကြားလိုက်ရသည်။

ထာဝရအလွှာက သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ကုသပေးလိုက်သည့်အခါ မန်ဟို တုန်ရီသွားလေ၏။ နံရိုးနှင့် သွေးစက်တို့ကိုတော့ ထာဝရဆုံးရှုံးလိုက်ရလေပြီ။

"ဒုတိယကိုယ်အစစ်ဆိုတာ ငါ့ခန္ဓာကိုယ်ထဲက 'ကိုယ်'စာလုံး ထာဝရထုတ်ယူပစ်လိုက်တဲ့အရာကနေ ဖန်တီးရတာပဲ... ဒီနတ်ဘုရားစွမ်းရည်က လူအသစ်တစ်ယောက် ဖန်ဆင်းပေးတာ။ ဘယ်လောက်အံ့ဖွယ်ထူးကဲလိုက်သလဲ" မန်ဟိုသည် ခန္ဓာကိုယ်ထဲရှိ မလိုအပ်သော သွေး‌ကြော တချို့ကို ဖြတ်ထုတ်ပြီး တစ်ဖက်ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်၏။

ချက်ချင်းပင် ၎င်းကိုယ်ထဲ၌ သွေးကြောများ ပေါ်ပေါက်လာသည်။

ထို့နောက် ကိုယ်တွင်းအင်္ဂါများနှင့် အခြားအစိတ်အပိုင်းများ။ ယခု လိုအပ်နေသည့် တစ်ခုတည်းသော အရာမှာတော့ ... ဝိညာဉ်။

အချိန်ကြာသွားသော်လည်း မည်မျှကြာပြီလဲ မန်ဟို မသိပေ။ သူ၏ခန္ဓာကိုယ်သည် အားနည်းနေသော်လည်း ယခု သူ့အရှေ့၌ ထိုင်နေသော ပုဂ္ဂိုလ်မှာ သူနှင့် ခွဲမရ‌အောင် တူနေလေပြီ။

ထိုပုဂ္ဂိုလ်သည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသဖွယ် ဖြူသော အသားအရည်ရှိကာ တင်ပျဉ်ခွေထိုင်နေ၏။ ‌သူကား ချောမောခံ့ညားပြီး စာပေသမားတစ်ယောက်၏အရှိန်အဝါ ရှိလေသည်။ သူသည် မန်ဟို (၁၅) နှစ် ၊ (၁၆)နှစ် အရွယ်တုန်းက ပုံစံနှင့် တစ်ထေရာတည်းပင်။

သူ့ကို ကြည့်ရင်း မန်ဟိုသည် သူ့ခန္ဓာကိုယ်ကိုသူ ပြန်ကြည့်နေရသလို ခံစားလိုက်ရ၏။ ဤသည်မှာ သူ၏ဒုတိယအစစ်အမှန်ကိုယ်ဖြစ်ကြောင်း မေ့ခါနီးနီး ဖြစ်သွားလေသည်။ ၎င်းမှာ .... လူပုံသဏ္ဌာန် အဖိုးထိုက်ရတနာတစ်ပါးနှင့် တူသည်။

"ကဲ အခု အစစ်အမှန်အင်မော်တယ်ရဲ့ ဝိညာဉ်ကို ထည့်ဖို့ အချိန်ကျပြီ" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် သိုလှောင်အိတ်ကို ပုတ်လိုက်၏။ အစစ်အမှန်အင်မော်တယ်၏ဝိညာဉ်သည် နူးညံသောအလင်းရောင်နှင့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်ရင်း ပေါ်လာလေသည်။

ဝိညာဉ် ပေါ်လာလျှင်ချင်း သွေးမင်းသားလျှိုမြောင်တစ်ခုလုံး အင်မော်တယ်ချီဖြင့် ပြည့်နှက်သွား၏။ အမှန်တွင် သွေးမိစ္ဆာတစ်ဂိုဏ်းလုံးမှာ အင်မော်တယ်တို့၏ ဘုံဗိမာန်သဖွယ် ဖြစ်လာလေသည်။

***

All Chapters