ဒုတိယအစစ်အမှန်ကိုယ်
Vol. 53 Ch. 734
မှီခိုရာဂိုဏ်းချုပ်က မျက်လုံးများဖွင့်၍ သွေးမင်းသားလျှိုမြောင်သို့ လှမ်းကြည့်သည်။
သွေးမိစ္ဆာဂိုဏ်းအပြင်တွင် လူတိုင်း အံ့အားသင့်နေကြ၏။
"အဲဒါ ဘာအရှိန်အဝါလဲ"
"ဘယ်လောက်လန်းဆန်းလိုက်သလဲ ၊ အားတွေတိုးလာသလို ခံစားရတယ်"
"ငါ့ကျင့်ကြံအဆင့် နည်းနည်းလေး တက်သွားသလိုပဲ...."
သွေးမင်းသားလျှိုမြောင်တွင် မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည် 'ကိုယ်'စာလုံးမှ ဖော်ပြထားသော နည်းလမ်းအတိုင်း အစစ်အမှန်အင်မော်တယ်ဝိညာဉ်အပေါ်တွင် ချုပ်နှောင်အင်းကွက်များ စီရင်လိုက်၏။ ၎င်းမှာ အတင်းအကြပ်မဟုတ်ဘဲ အလွန် နူးညံ့ညင်သာစွာ လုပ်ဆောင်ခြင်းဖြစ်လေသည်။ ဤသည်ကား ဝိညာဉ်နှင့်ခန္ဓာကိုယ် ပေါင်းစည်းခြင်းမဟုတ်။ ဝိညာဉ်ကို ရုန်းကန်ခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်း မပြုစေဘဲ အထဲတွင် ထားရှိဖို့ လိုအပ်လေသည်။
မန်ဟိုသည် ဝိညာဉ်အပေါ်တွင် ချုပ်နှောင်အင်းကွက်များ ဂရုတစိုက် စီရင်ပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် ဝိညာဉ်ကို ဒုတိယအစစ်အမှန်ကိုယ်ထဲသို့ အသာအယာ ထည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ဒုတိယအစစ်အမှန်ကိုယ် တစ်ကိုယ်လုံးတုန်ရီသွားပြီးနောက် တည်ငြိမ်သော မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။
"၈၁ ရက်အတွင်း ငါ့ဒုတိယအစစ်အမှန်ကိုယ် နိုးထလာလိမ့်မယ်
"ငါ့ဒုတိယအစစ်အမှန်ကိုယ်ကို ပြောင်းလဲတိုးတက်လာစေဖို့ အပိုင်းအခြားသုံးခုရှိတယ်။ ပထမဆုံးအပိုင်းအခြားက (၈၁) ရက်၊ ဒုတိယအပိုင်းအခြားက (၈၁) လ ၊ တတိယအပိုင်းအခြားက (၈၁) နှစ်
"ဒီအပိုင်းအခြားတစ်ခုစီပြီးတာနဲ့ ဒုတိယအစစ်အမှန်ကိုယ်ဟာ ပိုပြီး ပြည့်စုံလာလိမ့်မယ်" မန်ဟိုက အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤသည်မှာ သူ့အတွက် ယခုလို ထူးခြားဆန်းပြားသော မှော်ပညာရပ်မျိုးဖြင့် ပထမဆုံး အလုပ်လုပ်ဖူးခြင်းဖြစ်လေသည်။ နောက်ဆုံးတော့ သူသည် မျက်လုံးများ ပိတ်၍ စိတ်ကို တည်ငြိမ်စေပြီးနောက် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။
ရက်အနည်းငယ်ကြာသော် သူက မျက်လုံးများ ထပ်မံဖွင့်လိုက်သည်။ သူကား အားမနည်းတော့ပေ။ အစားထိုးမရနိုင်သော ဆုံးရှုံးမှုများအား ခံစားခဲ့ရသော်လည်း အကုန်လုံးခြုံလိုက်လျှင်တော့ သူ့အပေါ် သက်ရောက်မှုကြီးကြီးမားမား မရှိပေ။
အကျိုးအမြတ်များနှင့် ယှဉ်လျှင် ထိုကဲ့သို့ ဆုံးရှုံးမျိုးမှာ လုံးဝထိုက်တန်၏။
"သုံးလ
"သုံးလအတွင်းမှာ ငါ့ဒုတိယအစစ်အမှန်ကိုယ်ရဲ့ ပထမအသွင် ပေါ်လာလိမ့်မယ်....
ဘယ်လောက်အစွမ်းထက်နေမလဲ မသိဘူး" သူ၏မျက်လုံးများသည် မဆုတ်မနစ်သော ဇွဲလုံ့လနှင့် မျှော်လင့်ချက်တို့ဖြင့် တောက်ပလာ၏။ သူသည် အစစ်အမှန်အင်မော်တယ်ဝိညာဉ်နှင့် ဒုတိယအစစ်အမှန်ကိုယ်၏ ယခုလိုပေါင်းစည်းမှုမျိုးက မည်သို့ဖြစ်လာမည်လဲ .... လွန်စွာသိချင်နေလေသည်။
"ပြီးတော့ အခု ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်အတွက် အချိန်ကျပြီ" သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်၏။ ရှေးဟောင်းတာအိုရေကန်များအောက်ရှိ ကမ္ဘာမှာတုန်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မှော်ပစ္စည်းများကို သူ ရရှိခဲ့သည်မဟုတ်ပါလော။ တစ်သောင်းတော့မပြည့်သော်လည်း ကောင်းကင်ဘုံကိုးဆင့်ခန္ဓာတံဆိပ်တော်ကို ကျင့်ကြံဖို့ လုံလောက်သေးလေသည်။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပစ္စည်းတွေက ငါ့ရဲ့ အပြင်အားကိုယ်ကို မယုံနိုင်လောက်အောင် မာကြောစေပြီးတော့ ငါ့ကျင့်ကြံအဆင့်ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကနေ တာအိုရှာဖွေခြင်းအဆင့် တက်စေလိမ့်မယ်" သူသည် ထိုသို့ပြောပြီး သိုလှောင်အိတ်ကို ပုတ်ကာ ဓားတစ်လက် ထုတ်လိုက်၏။ ထို့နောက် ၎င်းကို သူ၏လက်မောင်းအပေါ်တင်လိုက်ရာ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်က သူ့စိတ်ထဲ၌ ပေါ်လာတော့သည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသော် မီးတောက်သဖွယ် အရာများက သူ၏မျက်လုံးများတွင် ဖြစ်ပေါ်လာ၏။
မီးတောက်များတွင် အလွှာကိုးလွှာရှိပြီး တစ်လွှာနှင့်တစ်လွှာ ပေါင်းကာ သူ၏မျက်လုံးအိမ်မှ ပျံထွက်လာကြသည်။ ၎င်းတို့အား မမြင်ရသော်လည်း ၎င်းတို့ သူ့လက်မောင်းအပေါ်ရှိ ဓားကို ထိလိုက်သည်နှင့် ဓားမှာ အရည်ပျော်ကျသွားပြီးနောက် မျက်စိတစ်မှိတ်လေးအတွင်း သူ၏ခန္ဓာကိုယ်အထဲသို့ ဝင်ရောက်သွားတော့သည်။
ဓား သူနှင့် တစ်သားတည်းဖြစ်သွားသောအခါ မန်ဟိုသည် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။ သူ့မှာ အကောင်းဆုံး ထိန်းချုပ်နေသော်လည်း တုန်ရီစပြုလာသည်။ ဓားအား အလျှင်း စုပ်ယူပြီးသည့်နောက်တွင်တော့ သူ၏ခန္ဓာကိုယ်မှာ ချွေးတို့ ရွှဲနေလေပြီ။
နာကျင်မှုက တာအိုအခြေ ဆွဲထုတ်ခံခဲ့ရတုန်းက နာကျင်မှုကို သတိရသွားစေသည်။
သူသည် အသက်ပြင်းပြင်း ရှူပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ တဖောက်ဖောက် မြည်သံများ ထွက်လာပြီး သူ့လက်သီးပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာလေသည်။
"ငါ နည်းနည်းတော့ အစွမ်းထက်လာပြီ..." သူက တွေးလိုက်သည်။ စိတ်လှုပ်ရှားမှုတို့က သူ၏မျက်လုံးများတွင် တောက်ပနေ၏။ နာကျင်ရသော်လည်း ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်က သူ၏အပြင်အားကိုယ်ကို ပို၍ပင် သန်မာလာစေခဲ့သည်။ ယင်းက သူ လိုအပ်သမျှ အကုန်ပင်။
"နောက်တစ်ကြိမ်" သူက ခိုင်မာပြတ်သားသော ဟန်ပန်ဖြင့် တွေးလိုက်သည်။ စစ်ပွဲကား နီးကပ်လာနေပြီဖြစ်၍ ရှိသမျှ နည်းလမ်းပေါင်းစုံ အသုံးပြုရင်း အစွမ်းထက်လာအောင် လုပ်ဖို့ လိုအပ်လေသည်။
အချိန်များ ထပ်မံကုန်ဆုံးသွားသည်။ နှစ်လကြာသော် တပ်ဖွဲ့လေးဖွဲ့သည် စစ်ပွဲအတွက် လုံးလုံးလျားလျား အသင့်ဖြစ်နေကြ၏။ ယီးကျန့်ဂိုဏ်းမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ဆယ်ဦးနှင့် တာအိုရှာဖွေခြင်းအဆင့်ပညာရှင်နှစ်ဦးအပါအဝင် ကျင့်ကြံသူတစ်သိန်းခွဲ ပျံထွက်လာသည်။
တာအိုရှာဖွေခြင်းအဆင့်ပညာရှင်နှစ်ယောက်အနက်မှ တစ်ယောက်ကား တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ဝတ်ရုံနက်အဘိုးကြီးမှတစ်ပါး အခြားမဟုတ်ပေ။ ထိုအဘိုးကြီး နှစ်ပေါင်းမည်မျှနေထိုင်ခဲ့သလဲ ပြောရခက်သည်။
ကျန်တစ်ယောက်တော့ သာမန်တာအိုရှာဖွေခြင်းအဆင့်ပညာရှင်တစ်ဦးပင်။ သူသည် တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်သာ ဖြစ်သော်လည်း ယီးကျန့်ဂိုဏ်း ၏ ခေါင်းဆောင်ကြီးတစ်ဦးလည်း ဖြစ်နေသေးသည်။
သူတို့ ပျံထွက်လာစဉ် ဓားပေါင်းများစွာလည်း ပေါ်လာသည်။ ထိုဓားများအနက် ဆယ်လက်သည် အလျား မီတာ (၃၀၀၀) ကျော် ရှိလေ၏။ အားလုံးအထဲ အံ့ဩစရာအကောင်းဆုံးမှာတော့ မီတာ (၃၀၀၀၀) ကြေးဓားတစ်လက်ပင်။
ထို့အပြင် ဓားများကို လှည့်ပတ်နေသော အဖိုးထိုက်ရတနာသောင်းပြောင်းအထွေထွေလည်း ရှိသေးသည်။ ကျင့်ကြံသူများ လေကို ခွင်းလျက် ပျံသန်းသွားကြစဉ် ၎င်းတို့၏ အလင်းရောင်မှာ အသျှံတညီးညီး ထိန်ထိန်လင်းနေတော့၏။
"ဓား လာခဲ့" ဝတ်ရုံနက်နှင့် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်က ဆင့်ခေါ်လိုက်သည်။ သူသည် ယီးကျန့်ဂိုဏ်းအပေါ် ကောင်းကင်ထက်သို့ ဆန့်တန်းနေသော ဧရာမကျောက်ဓားကြီးဆီသို့ လက်လှမ်းလိုက်၏။ ၎င်းသည် တဝီဝီ မြည်လာပြီးနောက် ကျောက်သားစိုင်များ အက်ကွဲပြိုကျကာ ဝါးဖြင့် ပြုလုပ်ထားသော အစိမ်းရောင်ဓားတစ်လက်ကို ဖော်ပြလိုက်သည်။
၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်တွင် အရိုင်းဆန်သောအရောင်များက ပြိုးပြိုးပြက်ပြက် လင်းဖြာသွားပြီး လေများ ဝေါဝေါမြည်လာကာ အံ့ဖွယ်ဓားချီတစ်ခုအား အာရုံခံ၍ရပေသည်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် ဓားကို ဖမ်းဆုပ်လိုက်သောအခါ ၎င်းမှာ ဝီဝီအော်ရင်း တုန်ခါနေဆဲဖြစ်၏။
"ဘိုးဘေးကြီးက ဒီရတနာကို ရှေးဟောင်းတာအိုရေကန်တွေမှာ ရရှိခဲ့တာ" အဘိုးကြီးက အေးစက်စက် ပြောသည်။ "အခု ဒါကို ရှေးဟောင်းတာအိုရေကန်တွေကပဲ လာတဲ့ အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို ရယူဖို့ အသုံးပြုမယ်။ ဒါဟာ ကံတရားပဲ။ အစစ်အမှန်အင်မော်တယ်ရဲ့ ဝိညာဉ်က ယီးကျန့်ဂိုဏ်းအတွက်ဆိုတာ အသိသာကြီး" ထို့နောက် သူသည် အင်္ကျီလက်စကို ခါလိုက်ပြီး ယီးကျန့်ဂိုဏ်းသားတစ်သိန်းခွဲသည် သွေးမိစ္ဆာဂိုဏ်းသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြတော့၏။
တစ်ပြိုင်တည်းဆိုသလို ကျင်းဟန်ဂိုဏ်းမှ မရေမတွက်နိုင်သော ချပ်ဝတ်နှင့်ပုံရိပ်များ လေပေါ် ပျံတက်လာသည်။ ဤသည်မှာ အဖိုးထိုက်ရတနာများစွာ ဝိုင်းပတ်ခြံရံလျက်ရှိသည့် လွန်းပျံများကို စီးနင်းနေကြသော ဂိုဏ်းသားတစ်သိန်းတပ်ဖွဲ့ ဖြစ်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် တပ်ဖွဲ့သည် မန္တန်ဝင်္ကပါတစ်ခုပုံစံအတိုင်း နေရာယူလိုက်ကြကာ မီတာသောင်းချီမြင့်မားသော ဧရာမရုပ်သေးရုပ်ကြီးတစ်ရုပ်အသွင်ပြောင်းသွား၏။
ရုပ်သေးရုပ်ကြီးမှာ ပုံပန်းသွင်ပြင်အားဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းပြီး ပြောမပြတတ်လောက်အောင် ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ကျင်းဟန်ဂိုဏ်း၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင် ဆံနီအဘိုးကြီးက ရုပ်သေးရုပ်၏ခေါင်းအပေါ်တွင် ပေါ်လာ၏။ သူက ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် တင်ပျဉ်ခွေထိုင်နေလေသည်။
ဤဆံနီအဘိုးကြီးသည် ကျင်းဟန်ဂိုဏ်း၏ တစ်ဦးတည်းသော တာအိုရှာဖွေခြင်းအဆင့်ပညာရှင်ဖြစ်၏။ သူတို့မှာ ယီးကျန့်ဂိုဏ်းနှင့် မယှဉ်နိုင်ပေ။ ယီးကျန့်ဂိုဏ်းဆိုသည်မှာလည်း တောင်ပိုင်းဒေသတွင် နံပါတ်တစ်ဂိုဏ်းအဖြစ် သတ်မှတ်ခံထားရသည် မဟုတ်ပါလော။
သို့သော် ကျင်းဟန်ဂိုဏ်းကိုလည်း အင်အားနည်းဟု မဆိုနိုင်ရာ။ သူတို့၏ တိုက်ကွက်များ၊ ကျင့်ကြံသူအဖွဲ့များ၏ စွမ်းအင်ကို ပေါင်းစည်းပေးသော ရုပ်သေးရုပ်များကား ကြီးမားသောစွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။
သူတို့၏ရုပ်သေးရုပ်ကြီးက သွေးမိစ္ဆာဂိုဏ်းဆီသို့ ဦးတည်လာစဉ် ဟိန်းဟောက်ကြုံးဝါးသံကြီး ပြုလိုက်သည်။ အဆိုပါဟိန်းဟောက်ကြုံးဝါးသံကား တကယ်တမ်း ကျင့်ကြံသူတစ်သိန်း၏ စုပေါင်းကြုံးဝါးသံကြီး ဖြစ်၏။
ချန်ဖန်းက တိုက်ပွဲတွင် ဝင်ပါရန် ငြင်းဆိုသည်။ ဖက်တီးလီဖူကွေ့လည်း ထိုနည်းတူပင်။ ဖက်တီးသည် အထူးအဆင့်အတန်းနှင့်သူ ဖြစ်၍ ဝင်မပါခွင့်ရှိသည်။ သို့ရာတွင် ချန်ဖန်းကတော့ မတူ။ ငြင်းဆိုမှုကြောင့် သူ့မှာ ဂိုဏ်း၏မြေအောက်အကျဉ်းခန်းတွင် နှစ်သုံးဆယ်တိုင် အပြစ်ခံယူရင်း ချုပ်နှောင်ခံထားရမည်ဖြစ်သည်။
ယီးကျန့်ဂိုဏ်းနှင့် ကျင်းဟန်ဂိုဏ်းတို့ စစ်ချီတက်လာသည့်အချိန်မှာပင် ချင်းလော်ဂိုဏ်းလည်း အင်အားအပြည့်ဖြင့် ထွက်လာသည်။ တာအိုခြောက်ပါးခေါင်းဆောင်ကြီးအနေဖြင့် ယနေ့ကို စောင့်စားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အသိပေးစာကို လက်ခံရရှိလျှင်ချင်း လေလွင့်ဝိညာဉ်များအပြင် ချင်းလော်ဂိုဏ်းသားအကုန်လုံး ပျံထွက်လာကြသည်။
သို့ရာတွင် ဟန်ပေ့ကို မည်သည့်နေရာတွင်မှ မမြင်ရပေ။ သူမသည် မန်ဟို ချင်းလော်ဂိုဏ်းကို သုတ်သင်ရန် ပထမဆုံးအကြိမ် ရောက်လာတုန်းကလည်း မရှိခဲ့။ ကြည့်ရသရွေ့ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ပြန်လာပြီးနောက် ပျောက်နေခြင်းဖြစ်တန်ရာသည်။
လီမျိုးနွယ်စုလည်း တပ်ဖွဲ့များဖြင့် ပျံထွက်လာသည်။ သူတို့၏အရှေ့တွင် ဧရာမကြေးခေါင်းလောင်းကြီးတစ်လုံး ရှိ၏။ ၎င်းက တဒေါင်ဒေါင် မြည်လျက် ရွှေအလင်းရောင်စဉ်တို့ကို လီမျိုးနွယ်များအပေါ် ဖြန့်ကျက်ကာ သူတို့အား သယ်ဆောင်သွားကြတော့သည်။
တပ်ဖွဲ့လေးဖွဲ့သည် သွေးမိစ္ဆာဂိုဏ်းဆီသို့ တစ်ပြိုင်တည်း ချီတက်သွားကြလေပြီ။
အစောပိုင်းက တပ်ဖွဲ့လေးဖွဲ့သည် စစ်ကြေညာစာတမ်းများအား တောင်ပိုင်းဒေသတစ်ခွင် ဖြန့်ဝေခဲ့ပြီး သူတို့နှင့်အတူ ပူးပေါင်း၍ သွေးမိစ္ဆာဂိုဏ်းအား အပြစ်ပေးရန် သင်းကွဲကျင့်ကြံသူများကို ဆင့်ခေါ်ခဲ့ကြ၏။ ဆုလာဘ်များအဖြစ် ကမ်းလှမ်းသော မှော်ပစ္စည်းများ၊ မှော်ဆေးလုံးများပမာဏမှာ နည်းနည်းနောနော မဟုတ်ပေ။
စစ်ကြေညာစာတမ်းများတွင် သွေးမိစ္ဆာဂိုဏ်း ကျူးလွန်ထားသော သိက္ခာမဲ့အပြုအမူတစ်ထောင်နီးပါးကို စာရင်းထုတ်ထားသည်။ စာရင်းကို ဖတ်ရှုလိုက်သော ကျင့်ကြံသူများမှာ ချက်ချင်း ဒေါပွထွက်သွားကြပြီး ဒေါသကြောင့် အမွှေးများ ထောင်လာသည်ကိုပင် ခံစားလိုက်ကြရ၏။
သို့သော် အမှန်တော့ စာရင်းထဲမှ အများစုမှာ လုပ်ဇာတ်သာ ဖြစ်ကြောင်းကိုလည်း လူတိုင်း သိကြလေသည်။ သို့ပင်ငြား မည်သူမျှ သိပ်မေးခွန်းထုတ်မနေ။
သူတို့သည် မိုးကောင်းကင်၏အလိုတော်အတိုင်း အမှားကို အမှန်ပြင်ပေးရမည်ဖြစ်၍ တောင်ပိုင်းဒေသသန့်ရှင်းသွားစေရန် သွေးမိစ္ဆာဂိုဏ်းအား အမြစ်ဖြုတ်ဖယ်ရှားပစ်ရမည်ဟု ဆင်ခြေပေးနေကြခြင်းသာမဟုတ်ပါလော။
သွေးမိစ္ဆာဂိုဏ်း ဤကပ်ဘေးကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်သူ မရှိသလောက်ပင်။ မုချဧကန် ပျက်စီးခြင်းဆိုက်ရောက်လိမ့်မည်ဟု လူတိုင်း ခံစားကြရလေသည်။ သွေးမိစ္ဆာဂိုဏ်းသားတစ်ယောက်မကျန် သုတ်သင်ခံရမည်ဖြစ်ပြီး တစ်နည်းနည်းဖြင့် လွတ်မြောက်သွားခဲ့လျှင် မိုးမြေတဆုံး လိုက်သတ်ခြင်း ခံရလိမ့်မည်။ မကြာမီ တောင်ပိုင်းဒေသတွင် သွေးမိစ္ဆာဂိုဏ်းဟူ၍ ရှိလာတော့မည်မဟုတ်ပေ။
သို့ဖြစ်၍ သင်းကွဲကျင့်ကြံသူထောင်ပေါင်းများစွာသည် လှုပ်ရှားလာကြ၏။ သူတို့၏စိတ်ထဲတွင် ဤစစ်ပွဲ၏ ရလဒ်မှာ သေချာသည့်အတွက် ကျင့်ကြံခြင်းအရင်းအမြစ်ရရှိရန် သွေးမိစ္ဆာဂိုဏ်းသားများ၏ သေကြေပျက်စီးမှုကို အသုံးချနိုင်လေသည်။
တပ်ဖွဲ့လေးဖွဲ့နှင့် သင်းကွဲကျင့်ကြံသူများ ပူးပေါင်းထားသော တပ်သား ၆ သိန်း - ၇သိန်းဖြင့် ဤစစ်ပွဲသည် လေမုန်တိုင်းကြီးအလား တောင်ပိုင်းဒေသတစ်ခွင် တိုက်ခတ်သွားသည်။
တိမ်တိုက်များ မည်းမှောင်လာပြီး မြေပြင်များ မှောင်မိုက်လာသည်။ စစ်ပွဲကြီးကား .... အချိန်မရွေး ဖြစ်ပွားပေတော့မည်။
သွေးမိစ္ဆာဂိုဏ်းတွင် ဂိုဏ်းသားအားလုံးသည် မိုးထိလုမတတ် မြင့်မားနေသော အသတ်အဖြတ်စိတ်ဆန္ဒတို့ကို ထုတ်ဖော်လျက် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်စားနေကြ၏။ သူတို့သည် သွေးမိစ္ဆာဂိုဏ်းသားဖြစ်ရသည်ကို ဂုဏ်ယူပြီး ပျက်စီးခြင်းကပ်ဘေးကို ရင်ဆိုင်နေရလျှင်တောင်မှ ဂိုဏ်းအပေါ် သူတို့၏ယုံကြည်မှုမှာ နည်းနည်းလေးမှ လျော့နည်းသွားမည်မဟုတ်ပေ။ သူတို့ ... တိုက်ခိုက်ပေမည်။
"တိုက်ကြစို့"
"ဂိုဏ်းနဲ့အတူ ရှင်မယ် ၊ ဂိုဏ်းနဲ့အတူ သေမယ်"
"ဂိုဏ်းချုပ်က တောင်ပိုင်းဒေသမှာ အစွမ်းထက်ဆုံးပညာရှင်။ သွေးမင်းသားက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှာ နံပါတ်တစ်ပုဂ္ဂိုလ်။ အဲဒီတော့ တောင်ပိုင်းဒေသမှာရှိတဲ့ ဂိုဏ်းတွေအကုန်လုံးနဲ့ တိုက်ခိုက်ရလည်း ဘာအရေးလဲ"
"ငါတို့ရှုံးရင် ထား။ မရှုံးရင်တော့ တပ်ဖွဲ့လေးဖွဲ့လုံးကို အမြစ်ဖြုတ်ပစ်ပြီး သွေးမိစ္ဆာဂိုဏ်းပဲ တောင်ပိုင်းဒေသရဲ့ တစ်ဂိုဏ်းတည်းသောဂိုဏ်းဖြစ်အောင် လုပ်မယ်"
ဟိန်းဟောက်ကြုံးဝါးသံများ၊ အော်ဟစ်ကြွေးကြော်သံများသည် သွေးမိစ္ဆာဂိုဏ်း၏ လေထဲတွင် ပျံ့လွင့်နေ၏။ သူတို့သည် သွေးမိစ္ဆာဂိုဏ်းအတွက် စိတ်ရောကိုယ်ပါ ပေးဆပ်ထား၍မဟုတ်ဘဲ ဤစစ်ပွဲမှာ ... ရှောင်လွှဲမရသောကြောင့်ပင်။ သူတို့တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။
တိုက်မလား ၊ သေမလား။
ဂိုဏ်း၏ပျက်စီးခြင်း ဆိုက်ရောက်လျှင်တောင်မှ ဂိုဏ်းသားတစ်ယောက်မှ ဂိုဏ်းအပေါ် သစ္စာဖောက်မည်မဟုတ်ပေ။ သစ္စာဖောက်မှု၏ ကြောက်စရာအကျိုးဆက်များမှာ ဂိုဏ်းသားများ၏နှလုံးသားထဲတွင် အချိန်အတော်ကြာကတည်းက စွဲထင်ကျန်ရစ်နေခဲ့ပြီးဖြစ်သည်။
ရက်အနည်းငယ်ကြာသော် ယီးကျန့်ဂိုဏ်း ၊ ကျင်းဟန်ဂိုဏ်း၊ ချင်းလော်ဂိုဏ်းနှင့် လီမျိုးနွယ်စုတို့ကား သွေးမိစ္ဆာဂိုဏ်းကို ဘက်ပေါင်းစုံမှ ဝိုင်းလျက် ပေါ်လာကြသည်။
ဤတပ်ဖွဲ့လေးဖွဲ့ကား အရပ်လေးမျက်နှာမှ ချီတက်လာကြခြင်းဖြစ်၏။ ယီးကျန့်ဂိုဏ်း၏ဓားချီက တရိပ်ရိပ် လှုပ်ရှားနေသည်။ ကျင်းဟန်ဂိုဏ်း၏ ရုပ်သေးရုပ်ကြီးမှာ ရင်သပ်ရှုမောဖွယ်ရာပင်။ ချင်းလော်ဂိုဏ်းသည် အဆုံးအစွန်ထိ နာနာဘာဝဆန်နေ၏။ လီမျိုးနွယ်စုကိုတော့ ရွှေအလင်းရောင်မှ လွှမ်းခြုံထားသည်။
တကယ်တမ်း သူတို့အနေဖြင့် သည့်ထက် ဆောလျင်စွာ ရောက်လာနိုင်သည်။ သို့သော် တပ်ဖွဲ့လေးဖွဲ့လုံး တစ်ပြိုင်တည်း ရောက်ရှိသွားအောင် လမ်းတွင် တစ်ထောက်နားခဲ့ကြ၏။ သို့မှ အောင်မြင်မှုကို တစ်ချီတည်း ဆွတ်ခူးနိုင်မည်မဟုတ်ပါလော။
သူတို့က ချက်ချင်း မတိုက်ခိုက်ဘဲ သွေးမိစ္ဆာဂိုဏ်း၏ပတ်ပတ်လည်တွင် မန္တန်ဝင်္ကပါများခင်းကာ ပိတ်ဆို့လိုက်သည်။
သူတို့က တောင်ပိုင်းဒေသအနှံ့အပြားမှ သင်းကွဲကျင့်ကြံသူများ နေရာရွှေ့ပြောင်းလာ၍ရအောင် သွေးမိစ္ဆာဂိုဏ်းအနားတွင် နေရာရွှေ့ပြောင်းမုခ်ဝများကိုလည်း စီရင်ကြသေးသည်။
ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း မန္တန်ဝင်္ကပါများက သွေးမိစ္ဆာဂိုဏ်းကို လှုပ်မရအောင် ချုပ်ပစ်လိုက်လေသည်။ ဘယ်သူမှ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်တော့။
တောင်ပိုင်းဒေသ၏အထက်ကောင်းကင်တွင် တိမ်မည်းများပြည့်နှက်နေသလို ၊ သွေးမိစ္ဆာဂိုဏ်းသားများ၏ရင်ထဲတွင်လည်း ထိုနည်းတူစွာပင်။
သူတို့၏မန္တန်ဝင်္ကပါအကုန်လုံးမှာ အချိန်အတော်ကြာကတည်းက အသက်ဝင်နေပြီးဖြစ်သည်။ သွေးအလင်းရောင်က ဂိုဏ်းကို ဝန်းရံထား၏။ အဝေးမှ ကြည့်လျှင် ၎င်းသည် ဧရာမမိစ္ဆာကြီးတစ်ကောင်နှင့်တူသည်။
မိစ္ဆာတမန်တော်ကား ပုံရိပ်ယောင်ဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်သည် မီတာထောင်ပေါင်းများစွာ မြင့်မား၏။ ၎င်းကား တောင်တစ်လုံးထက်ပင် ကြီးသေးလေသည်။ ၎င်းသည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လျက် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်၏။ ၎င်း၏အစိမ်းရောင်ဆံပင်များက လေတွင် လွင့်မျောနေပြီး ရွှေမျက်နှာဖုံးတစ်ခုက ၎င်း၏မျက်နှာကို ဖုံးကွယ်ထားသည်။
မျက်နှာဖုံးမှာ အစိတ်အပိုင်းများစွာဖြင့် ပေါင်းစည်းထားသည့်အလား မပြည့်စုံပေ။ မိစ္ဆာတမန်တော်၏ ခေါင်းပေါ်တွင် လျှပ်စီးများ ဖြိုးဖြိုးဖြပ်ဖြပ် လက်လျက် ဝန်းရံနေသော ချိုကွေးအရှည်ကြီးရှိသည်။
ချပ်ဝတ်တန်ဆာမှ မဖုံးကွယ်ပေးထားသော မိစ္ဆာတမန်တော်၏အသားအရေမှာ အနီရောင်သဖွယ် နီကြင့်နေ၏။ ၎င်းအပေါ် အကြည့်ရောက်သွားသည့် မည်သူမဆို အံ့ဩထိတ်လန့်ခြင်းဖြစ်ရပေမည်။
ဤသည်ကား သွေးမိစ္ဆာဂိုဏ်း၏အစွမ်းထက်ဆုံး မန္တန်ဝင်္ကပါ ၊ သွေးမိစ္ဆာမဟာမန္တန်ဝင်္ကပါပင်။
***