← Chapters

စစ်ပွဲ

Vol. 53 Ch. 735

စစ်ပွဲ

Vol. 53 Ch. 735

ဤမန္တန်ဝင်္ကပါသည် သွေးမိစ္ဆာဂိုဏ်းသားအကုန်လုံး၏ ကျင့်ကြံခြင်းအခြေခံနှင့် ပေါင်းစည်းနိုင်သော မိစ္ဆာတမန်တော်ပုံစံတစ်မျိုးကို ထုတ်ဖော်ပေးနိုင်၏။ ၎င်းသည် သွေးမိစ္ဆာဂိုဏ်းကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိလေသည်။

မိစ္ဆာတမန်တော်၏အထဲတွင် သွေးမိစ္ဆာဂိုဏ်း၏ တောင်ထိပ်ငါးခုသည် ‌တလက်လက် တောက်ပလျက်ရှိပြီး လှိုင်းအလွှာငါးထပ်အသွင်ပြောင်းထား၏။ အလွှာတစ်လွှာစီသည် အရောင်တစ်ရောင်စီဖြစ်ပြီး ၎င်းတို့က ဖြာထွက်လာသည့်အခါ ငါးလွှာအကာအကွယ်ဖြစ်လာသည်။

အကာအကွယ်၏ တစ်လွှာစီတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များက နေရာယူထားပြီး တောင်ထိပ်တစ်ခုလုံး၏စွမ်းအားဖြင့် ပြည့်နေလေသည်။ အကာအကွယ်မှာ မယုံနိုင်လောက်အောင် ခိုင်ခံ့မာကြော၏။

ရုတ်တရက် သွေးမိစ္ဆာ‌ဂိုဏ်းချုပ်၏အသံက သွေးမိစ္ဆာဂိုဏ်း တစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။ "ပထမမန္တန်ဝင်္ကပါ ၊ မိစ္ဆာတမန်တော်အထဲမှာ မန်ဟို့ကို ဗဟိုချက်အနေနဲ့ ထားမယ်။ သူက ဂိုဏ်းသားတစ်သိန်းကို ဦးဆောင်ပြီး မန္တန်ဝင်္ကပါကို ထိန်းချုပ်မယ်"

မန်ဟိုသည် လောလောဆယ်တွင် သွေးမင်းသားလျှိုမြောင်ထဲ၌ ရပ်နေ၏။ ဂိုဏ်းချုပ်၏အသံကို ကြားသောအခါ သူက မော့ကြည့်လိုက်သည်။

သူ့ဘေးတွင် ရှုချင်ရှိသည်။ သူမက ဘာမှမပြော၊ သူ့ဝတ်ရုံကို သပ်သပ်ရပ်ရပ် လုပ်ပေးပြီးနောက် သူ့ကို သိုင်းဖက်လေသည်။ တခဏကြာသော် သူမသည် ဖက်နေရာမှ ခွာပြီး နောက်ဆုတ်လိုက်၏။ မန်ဟိုက သူမကို ကြည့်လိုက်သည်။

"စောင့်နေနော်၊ ဆက်ဆက် ပြန်လာခဲ့မယ်"

ရှုချင်က ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင်တော့ သူမမှာ အတိုင်းထက်အလွန် စိုးရိမ်နေသော်လည်း မန်ဟို နောက်ဆံတင်းနေမည်စိုး၍ ဖုံးကွယ်ထားခြင်းဖြစ်သည်။

မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် သွေးမင်းသားလျှိုမြောင်မှ လမ်းလျှောက်ထွက်လာ၏။ သူ ထွက်လာသောအခိုက်အတန့်တွင် သွေးမိစ္ဆာဂိုဏ်း၏ ‌စိတ်ဓာတ်ပြင်းပြမှုတို့ တောက်လောင်နေသော မျက်ဝန်းအားလုံး သူ့အပေါ် ကျရောက်လာလေသည်။

အဆိုပါမျက်ဝန်းများကို မြင်သောအခါ မန်ဟိုမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဤအရာအားလုံးမှာ အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို သူ ယူခဲ့ခြင်းကြောင့် ဖြစ်ပျက်နေခြင်းမဟုတ်ပါလော။ သူသာ မယူခဲ့လျှင် ဤကပ်ဘေးသည် သွေးမိစ္ဆာဂိုဏ်းအပေါ် သက်ရောက်လာမည်မဟုတ်။

ဤအခိုက်အတန့်တွင် ရုတ်တရက် သွေးမိစ္ဆာဂိုဏ်းချုပ်၏ တည်ငြိမ်အေးဆေးသော စကားသံကို သူ၏နားတွင် ကြားလိုက်ရသည်။ "ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့။ ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်း၊ လီမျိုးနွယ်စုတို့က အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကြောင့်လေးအတွက်နဲ့ စစ်တိုက်ချင်နေတာလို့ ထင်လား

"အစစ်အမှန်အင်မော်တယ်ဝိညာဉ်ဆိုတာ ‌လှုံ့ဆော်ပေးလိုက်တဲ့ အကြောင်းတစ်ခုသာသာပဲ။ သူတို့အပြုအမူတွေရဲ့ တကယ့်အကြောင်းရင်းက ..... ငါ့ကို ကြောက်လို့။ သူတို့အတွက် ငါက သီးခြားဖြစ်တည်နေတဲ့ ခြိမ်းခြောက်မှုလိုပဲ။ အဲဒါကြောင့် ငါ့ကို ဖယ်ရှားဖို့ အခွင့်အရေးရှာနေတာ

"အစစ်အမှန်အင်မော်တယ်ဝိညာဉ် ပေါ်မလာရင်တောင်မှ ဒီစစ်ပွဲက ဖြစ်ကို ဖြစ်ဦးမှာ။ တောင်ပိုင်းဒေသ တည်ငြိမ်အေးချမ်းနေတာလည်း ကြာခဲ့ပြီမဟုတ်လား"

မန်ဟိုက ခွန်းတုံ့မပြန်သော်လည်း သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားမှုနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် လင်းလက်နေသည်။ ဤစစ်ပွဲတွင် သေချာပေါက် လူသတ်မှ ဖြစ်မည်။

ရန်သူအရေအတွက် များနိုင်သမျှ များများ သတ်နိုင်ဖို့ အစွမ်းရှိသမျှ အကုန်လုပ်မည်။

သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ ပထမမန္တန်ဝင်္ကပါဆီသို့ ပျံတက်သွား၏။ သူ့အနောက်တွင် သွေးမိစ္ဆာဂိုဏ်းသားတစ်သိန်းလည်း လေကိုခွင်းလျက် လိုက်လာကြသည်။ သူတို့အားလုံးသည် မန္တန်ဝင်္ကပါထဲ ဝင်ရောက်ပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။

ရင်ဘတ်အပိုင်းတွင် အင်အား (၂၀၀၀၀) ဆန့်သည်။ နံရိုးလေးချောင်းအနက် တစ်ချောင်းလျှင် (၁၅၀၀၀) စီ - (၆၀၀၀၀) ။ ခေါင်းမှာတော့ (၂၀၀၀၀)။ စုစုပေါင်း ဂိုဏ်းသား (၁၀၀၀၀၀)။ မန်ဟို့နေရာကတော့ မိစ္ဆာတမန်တော်၏ နဖူး‌တွင် ဖြစ်သည်။

ဂိုဏ်းသားတစ်သိန်းက မန္တန်ဝင်္ကပါထဲ ဝင်ရောက်၍ တင်ပျဉ်ခွေထိုင်ပြီးသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံခြင်းအခြေခံများကို ထုတ်ဖော်လိုက်ကြသည်။ စွမ်းအားများက မိစ္ဆာတမန်တော်နှင့် တစ်သားတည်း ပေါင်းစည်းသွားရာ ထစ်ချုန်းသံများ သူတို့၏စိတ်ထဲတွင် ပြည့်နှက်သွားတော့သည်။ ဧရာမမိစ္ဆာတမန်တော်ကြီးသည် ရုတ်တရက် အသေကောင်သဖွယ် လှုပ်ရှားမှု ကင်းမဲ့နေသော အခြေအနေမှ အသက်ဝင်လာပုံပင်။ ပေါများသော အသက်စွမ်းအားတို့က ၎င်း၏ကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာလေပြီ။

မန်ဟိုက အသတ်အဖြတ်စိတ်ဆန္ဒတို့ မျက်လုံးထဲတွင် တဟုန်းဟုန်း တောက်လောင်နေလျက် နဖူးနေရာတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ ဤနေရာကို ကာကွယ်မည် ၊ သွေးမိစ္ဆာဂိုဏ်းအတွက်သာမက .... ရှုချင်အတွက်ပါ။

သူ အသက်ရှင်နေသရွေ့ မည်သူမှ ရှုချင်ခေါင်းပေါ်က ဆံမျှင်လေးတစ်မျှင်ကိုပင် ထိခွင့်ရမည်မဟုတ်။

သူသည် တင်ပျဉ်ခွေထိုင်‌နေသည့်အချိန်မှာပင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မှော်ပစ္စည်းများကို အဆက်မပြတ် ထုတ်၍ ခန္ဓာကိုယ်အတွင်း စုပ်ယူနေသည်။ နာကျင်မှုက သူ သည်းခံနိုင်သော အတိုင်းအတာကို ကျော်ဖြတ်လာတော့မည့်အချိန်ရောက်မှ သူသည် အံတင်းတင်းကြိတ်ပြီး ဖိနှိပ်လိုက်၏။ ရတနာတစ်ခု စုပ်ယူလိုက်သည်နှင့်အမျှ သူ၏အပြင်အားကိုယ်မှာလည်း နည်းနည်းချင်း သန်မာလာလေသည်။

အားလုံးအထဲ အသန်မာဆုံးမှာတော့ .... သူ၏ ညာလက်ပင်။ ယင်းက သူ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာများကို ပထမဆုံးစုပ်ယူသွင်းခဲ့သည့် နေရာဖြစ်သည်။ ရတနာတစ်ထောင်တိတိအား ညာလက်အတွင်း ဝင်ရောက်ပေါင်းစည်းစေပြီးနောက် သူသည် ထိုနေရာတွင် အဆင့်တက်သွားသည်ကို အာရုံရလိုက်၏။ ယခု ၎င်းကား တာအိုရှာဖွေခြင်းအဆင့်နှင့်တူညီသော လှိုင်းများကို ထုတ်လွှတ်နေလေပြီ။

"ရောက်တော့မယ်..." သူက တွေးသည်။ ထို့နောက် မှော်ပစ္စည်းများအား သူ၏ခန္ဓာကိုယ်ထဲသို့ ဆက်လက်ထည့်သွင်းလိုက်သည်။

အချိန်များ ကုန်လွန်သွားသည်။ ရက်အနည်းငယ်ကြာသော် သွေးမိစ္ဆာဂိုဏ်းမှာ သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။ လေထုအငွေ့အသက်မှာ စွမ်းအားအမြင့်ဆုံးအထိ စုစည်းပြီး ထုတ်ဖော်ပစ်ရန်အတွက်သာ စောင့်စားနေသည့်အလား မယုံကြည်နိုင်ဖွယ် ဖိအားအငွေ့အသက်မျိုးဖြစ်သည်။

ဂိုဏ်းအပြင်တွင် တပ်ဖွဲ့လေးဖွဲ့သည် သူတို့၏မန္တန်ဝင်္ကပါများကို နေရာချပြီးသွားလေပြီ။ သိန်းချီသော သင်းကွဲကျင့်ကြံသူများလည်း ရောက်ရှိလာခဲ့ပြီဖြစ်၏။

အဝေးမှကြည့်လျှင် သွေးမိစ္ဆာဂိုဏ်းကို ပတ်ပတ်လည်မှ ဝိုင်း၍ မိုးကုပ်စက်ဝန်းအထိ တပ်ဖြန့်ထားသော ကျင့်ကြံသူခုနစ်သိန်းကို မြင်ရနိုင်လေသည်။ ၎င်းသည် မယုံကြည်နိုင်ဖွယ် အင်အားကြီးဖြစ်ပြီး ကြည့်လိုက်ရုံလေးနှင့် လူတစ်ယောက်ကို ရင်တုန်သွားစေနိုင်၏။

"သွေးမိစ္ဆာဂိုဏ်း"

"သွေးမိစ္ဆာဂိုဏ်း အမြစ်ပြုတ်မှ ဒီစစ်ပွဲက အဆုံးသတ်မှာ"

"တိုက်ကြ"

နေ့လည်ခင်းဖြစ်သော်လည်း နေမင်းမှာ တိမ်မည်းတိမ်စိုင်များ၏ ဖုံးကွယ်ခြင်း ခံထားရသည်။ တပ်ဖွဲ့လေးဖွဲ့၏ တပ်သားများ ဟိန်းဟောက်‌ကြွေးကြော်လိုက်ကြသဖြင့် ကောင်းကင်တစ်ခွင် မိုးကြိုးများ တဂျိန်းဂျိန်း ထစ်ချုန်းသွားလေသည်။ အသံ‌ ခုနစ်သိန်းသည် အတူတကွ ပေါင်းစည်းရင်း တိမ်တိုက်များကို ပွင့်ထွက်သွားစေပြီး မိုးပေါက်တို့ တဖွဲဖွဲ ရွာကျလာစေသည်အထိ ကျယ်လောင်စွာ ဟိန်းထွက်သွား၏ ။

မိုး‌ရေတွေ .... မိုးကြိုးတွေ ... သတ်ဖြတ်ခြင်း.....

စစ်ပွဲ….

စစ်ပွဲကား စတင်နေလေပြီ။

ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်း၊ ချင်းလော်ဂိုဏ်းနှင့် လီမျိုးနွယ်စုတို့က ပထမဆုံး မလှုပ်ရှားကြပေ။ ပထမဆုံး တိုက်ခိုက်ကြသူများမှာ ဆုလာဘ်များရရန် မျှော်လင့်ရင်း ရောက်လာခဲ့ကြသော သင်းကွဲကျင့်ကြံသူများဖြစ်ကြ၏။

အရေအတွက်အားဖြင့် သိန်းချီသော သင်းကွဲကျင့်ကြံသူများသည် ကမ္ဘာတုန်ဟည်းစွမ်းအားကြီးဖြင့် ‌ချီတက်သွားကြ၏။ ကောင်းကင်သည် တုန်ခါလာပြီး မိုးပေါက်များမှာ မြေပေါ်ပင် မခနိုင်ဘဲ အရပ်လေးမျက်နှာသို့ လွင့်စင်ပြန့်ကြဲကုန်လေသည်။

သင်းကွဲကျင့်ကြံသူများအကြား၌ ကျင့်ကြံခြင်းအခြေခံမျိုးစုံကို မြင်ရနိုင်သည်။ အမြင့်ဆုံးသည် အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ဖြစ်၏။ သို့ရာတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဟူ၍ မရှိပေ။ သူတို့ တိုက်ခိုက်နေကြစဉ် သူတို့ပတ်ပတ်လည်ရှိ မန္တန်ဝင်္ကပါများသည် မျက်စိကျိန်းမတတ် တလက်လက် တောက်ပနေ၏။ အပေါ်ထက်မှ မိုးကြိုးတို့ကလည်း တဖွဲဖွဲ ရွာကျ၍ မန္တန်ဝင်္ကပါများအထဲ ဝင်ရောက်ပြီးနောက် လျှပ်စီးမြွေများအား ဖန်တီးပေးလိုက်ကြသည်။

စုစုပေါင်း လျှပ်စီးမြွေရှစ်ကောင်၊ တစ်ကောင်လျှင် မီတာသုံးရာလုံးပတ်နှင့် မီတာသုံးထောင်အလျားရှိ၏။ ၎င်းတို့က ပေါ်လာသည်နှင့်တစ်ပြိုင်နက် သင်းကွဲကျင့်ကြံသူများကို စုပ်ယူလိုက်ကြသည်။ အဝေးမှကြည့်လျှင် လျှပ်စီးမြွေများအတွင်း၌ သိန်းချီသော သင်းကွဲကျင့်ကြံသူများကို မြင်ရပေမည်။ မြွေများသည် သူတို့၏စွမ်းအားဖြင့် လျှပ်စီးများကို အားဖြည့်ရင်း သွေးမိစ္ဆာဂိုဏ်းကို လွှမ်းခြုံထားသော ဧရာမမိစ္ဆာတမန်တော်ကြီးဆီသို့ ဦးတည်သွားကြလေပြီ။

"သွေးမင်းသား၊ ကျုပ်တို့ တိုက်ခိုက်ရတော့မလား"

"သွေးမင်းသား အမိန့်ကို စောင့်နေပါတယ်"

သူတို့၏အသံများသည် မိစ္ဆာတမန်တော်၏အတွင်း၌ ပဲ့တင်ထပ်နေသော်လည်း အပြင်မှ မကြားရပေ။

"အချိန်မကျသေးဘူး" မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။ သူသည် ညာလက်က ဖြေးဖြေးချင်း မြှောက်လိုက်ရာ တုံ့ပြန်သည့်အနေဖြင့် တင်ပျဉ်ခွေထိုင်နေသော မိစ္ဆာတမန်တော်လည်း လက်မြှောက်လာသည်။ ထို့နောက် လက်ဝါးကြီးဖြင့် မြေကြီးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

ဒုန်း

သွေးရောင်အလင်းတန်းတစ်တန်းက မိစ္ဆာတမန်တော်၏ လက်ဝါးကြီးမှ တဟုန်ထိုးထွက်ကာ အရပ်မျက်နှာတစ်ခွင် ဖြာသွားသည်။

မိစ္ဆာတမန်တော်ဆီသို့ ချဉ်းကပ်လာနေသော ‌လျှပ်စီးမြွေများမှာ မီတာ (၃၀၀၀) အကွာတွင် သွေးရောင်အကာအကွယ်၏ ဟန့်တားခြင်းခံလိုက်ရတော့သည်။ အကာအကွယ်သည် ၎င်းကို အဆက်မပြတ် ထိုးနှက်ဝင်ဆောင့်နေသော တိုက်ကွက်များကြောင့် ပုံပျက်ရှုံ့‌တွနေသော်လည်း ပျက်စီးမသွားပေ။

မိစ္ဆာတမန်တော်အတွင်းရှိ သွေးမိစ္ဆာဂိုဏ်းသားတစ်သိန်း၏မျက်လုံးများတွင်တော့ အသတ်အဖြတ်စိတ်ဆန္ဒတို့က မီးသဖွယ် တဝင်းဝင်း တောက်နေလေသည်။ သူတို့ မိစ္ဆာတမန်တော်နှင့် တစ်သားတည်း ပေါင်းစည်းလျက် စောင့်ဆိုင်းနေကြစဉ် သူတို့၏ခန္ဓာကိုယ်များမှ သွေးရောင်အလင်းများ ထုတ်လွှတ်နေ၏။ မန်ဟိုကမူ နဖူးနေရာတွင် ထိုင်ကာ သူ့ညာလက်အသားထဲသို့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာများ မရပ်မနား ကျွေးနေလေသည်။

၁၄၅၁ ၊ ၁၄၅၂ .... ပစ္စည်းများ သူ၏လက်မောင်းထဲ ဆက်လက်ဝင်ရောက်နေသည်နှင့်အမျှ ၎င်းသည် ပိုပို၍သန်မာလာ၏။ တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါမှာ ပိုမိုထင်ရှားပေါ်လွင်လာပြီး .... သူ့အပြင်အားကိုယ်၏ ပထမဆုံးအပိုင်းဖြစ်သော ညာလက်မှာ တာအိုရှာဖွေခြင်းအဆင့် အမှန်တကယ် ရောက်ဖို့ အတန်ငယ်သာ လိုတော့ကြောင်း မန်ဟို သိလေသည်။

‌လျှပ်စီးမြွေရှစ်ကောင်က အဆက်မပြတ် တိုက်ခိုက်နေသော်လည်း သွေးရောင်အကာအကွယ်မှာ မျက်နှာပြင်ပေါ်တွင် ပုံပျက်နေသည့်တိုင် ကြံ့ကြံ့ခံထားဆဲဖြစ်၏။ ၎င်းက တန်ပြန်တိုက်ကွက်များပင် ပစ်လွှတ်နေသည့်အတွက် မြွေနှစ်ကောင်ဆိုလျှင် ပြိုကွဲတော့မည့် လက္ခဏာများ ပြနေလေပြီ။

"သောက်သုံးမကျချက်။ ငါတို့ လီမျိုးနွယ်စု မန္တန်ဝင်္ကပါရဲ့ အကူအညီနဲ့တောင် အဲဒီဆန်ကုန်မြေလေးတွေက သွေးမိစ္ဆာဂိုဏ်းရဲ့ ပထမမန္တန်ဝင်္ကပါကို မချိုးဖျက်နိုင်သေးဘူး" လီမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသုံးက အေးစက်စက် နှာမှုတ်လိုက်သည်။

"တာအိုရောင်ရင်း တာအိုခြောက်ပါး" ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီးက ချင်းလော်ဂိုဏ်း၏ ခေါင်းဆောင်ကြီးတာအိုခြောက်ပါးဆီ အကြည့်ပို့ရင်း ပြောသည်။ "ခင်ဗျား လှုပ်ရှားဖို့ အချိန်ကျပြီ"

ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးလည်း တာအိုခြောက်ပါးကို လှမ်းကြည့်လိုက်သည်။

တာအိုခြောက်ပါး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့အတွက် ငြင်းဆန်ရန် အခွင့်အရေးမရှိသည့်အတွက် သူသည် လက်မြှောက်၍ ရှေ့သို့ ညွှန်လိုက်၏။ သူ့အနောက်ရှိ ချင်းလော်ဂိုဏ်း လေလွင့်ဝိညာဉ်များနှင့် ကျင့်ကြံသူများက အံတင်းတင်းကြိတ်ပြီး ရှေ့တက်သွားကြလေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါ ထုတ်လွှတ်နေသော လေလွင့်ဝိညာဉ်တစ်ကောင်ပင် ရှိသည်။ ချင်းလော်ဂိုဏ်းသည် လျှပ်စီးမြွေရှစ်ကောင် ရင်ဆိုင်နေ‌ရသော သွေးရောင်အကာအကွယ်ထံသို့ ပိုင်းချပစ်လိုက်သော ဧရာမဓားကြီးတစ်လက်အလားပင်။‌

အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွားပြီး သွေးရောင်အကာအကွယ်မှာ တွန့်လိမ်ရှုံ့တွသွားရင်း သိသိသာသာ အားနည်းလာသည်။ လျှပ်စီးမြွေရှစ်ကောင်က စွမ်းအားအကုန်လုံးကို ပေါင်းစည်းလိုက်ကြ၏။ ယင်းက တစ်ဖန် ချင်းလော်ဂိုဏ်း၏ ကျင့်ကြံခြင်းအခြေခံများနှင့်အတူ တစ်သားတည်း စုပေါင်း၍ အကာအကွယ်၏ အားအနည်းဆုံးအပိုင်းများကို ပြေးဝင်တိုက်လိုက်လေသည်။

အက်ရာများ ပျံ့နှံ့လာသဖြင့် တထက်ထက် အက်သံများ ကြားရနိုင်သည်။ သို့သော် အက်‌ကြောင်းများသည် လျင်မြန်စွာ ပြန်ပိတ်သွားပြီး တန်ပြန်တိုက်ကွက်များပင် ပစ်လွှတ်လေ၏။ အားနည်းနေသော လျှပ်စီးမြွေကြီးနှစ်ကောင်မှာ ရုတ်တရက် ပေါက်ကွဲသွားလေသည်။

စူးစူးဝါးဝါး အော်သံတစ်သံမှ ထွက်မလာ။ ‌မြွေနှစ်ကောင် ပေါက်ကွဲသွားသည့်အခိုက်အတန့်မှာပင် အတွင်းရှိ သင်းကွဲကျင့်ကြံသူသိန်းချီမှာ စိတ်ဝိညာဉ်ရော၊ ခန္ဓာကိုယ်ပါ အလျှင်းဖယ်ရှားခံလိုက်ရ၏။

လျှပ်စီးမြွေခြောက်ကောင်အထဲ၌ ကျန်ရှိသော ကျင့်ကြံသူများမှာ အံ့အားသင့်သွားဟန်တူသည်။ သို့သော် သူတို့သည် ဤနေရာသို့ ကံကြမ္မာကောင်းရှာဖွေရန် ‌လာရောက်ခဲ့ကြခြင်းဖြစ်ပြီး တပ်ဖွဲ့လေးဖွဲ့ကလည်း သူတို့ရှာနိုင်သမျှမှာ သူတို့အပိုင်ဖြစ်ကြောင်း ကတိပေးထားလေသည်။ သူတို့အနေဖြင့် မည်သို့လက်လျှော့နိုင်မည်နည်း။

"မန်ဟို" စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် လေလွင့်ဝိညာဉ်က အော်လိုက်သည်။ "မင်း တစ်ချိန်လုံး သွေးမိစ္ဆာဂိုဏ်းထဲမှာ ပုန်းနေမှာလား။ ဇ ရှိရင် ထွက်လာပြီး တိုက်စမ်း" ထိုလေလွင့်ဝိညာဉ်မှာ မန်ဟိုသည် မိစ္ဆာတမန်တော်ထဲတွင် မဟုတ်ဘဲ သွေးမိစ္ဆာဂိုဏ်းအထဲ တစ်နေရာရာတွင် ရှိနေသည်ဟူ၍ ယူဆထားလေသည်။

သူ၏အသံသည် သွေးရောင်အကာအကွယ်ကို ဖြတ်၍ မိစ္ဆာတမန်တော်အထိ ‌ပဲ့တင်ထပ်ကာ မန်ဟို့နားထဲ ရောက်လာသည်။

မန်ဟို့မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်တို့ လင်းခနဲ လက်သွားသော်လည်း ဘာမှမလုပ်ပေ။ သူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာများအား သူ၏ညာလက်‌ဆီသို့ ဆက်ကျွေးနေ၏။

၁၄၇၉ ၊ ၁၄၈၀ ။

သူ၏ညာလက်မောင်းမှာ ယခုတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ ကျော်လွန်၍ တာအိုရှာဖွေခြင်းအဆင့်သို့ လုံးလုံးဝင်ရောက်သွားပြီဟု မန်ဟို ရှင်းရှင်းလင်းလင်း အာရုံရလိုက်လေသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် လေလွင့်ဝိညာဉ်၏ ဦးဆောင်မှုအောက်တွင် လျှပ်စီးမြွေခြောက်ကောင်က ချင်းလော်ဂိုဏ်းသားများနှင့်အတူ သွေးရောင်အကာအကွယ်ကို ဆက်လက်တိုက်ခိုက်နေသဖြင့် ‌တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံနေလေသည်။ အကာအကွယ်သည် ပုံ့ပျက်၍ရှုံ့တွလာပြီး တချို့‌နေရာများမှာ ကြေမွသွားပြီဖြစ်သည်။

"မန်ဟို" စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် လေလွင့်ဝိညာဉ်က ခေါ်လိုက်သည်။ "ငါက ရှုချင်ရဲ့ ဝိညာဉ်ကို ကိုယ်တိုင် ထုတ်ပစ်ခဲ့တဲ့ တစ်ယောက်ပဲ။ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ခွဲထုတ်တဲ့ ဖြစ်စဉ်က သူ့ကို အသည်းခိုက်မတတ် နာကျင်စေခဲ့တယ်။ သူ့မျက်နှာထားကိုလေ ... မနေ့တနေ့ကအတိုင်း ငါ မှတ်မိနေတုန်းပဲ" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အကာအကွယ်မှာ တုန်ခါသွားသည်။ သူကား မန်ဟို လာရောက်တိုက်ခိုက်အောင် တမင်စိတ်ဆွနေခြင်းဖြစ်သည်။

သူ့အသံ ဟိန်းထွက်လာသည့်အခိုက်အတန့်တွင် မန်ဟိုက ခေါင်းမော့လိုက်သည်။ ပြင်းထန်သော အကြင်နာမဲ့ရက်စက်မှုနှင့်အတူ ‌မီးကဲ့သို့ တောက်လောင်နေသော အသတ်အဖြတ်စိတ်ဆန္ဒအား သူ၏မျက်လုံးများတွင် မြင်ရနိုင်လေသည်။

အခု ၁၅၀၀ မြောက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာသည် သူ၏ညာလက်မောင်းနှင့် တစ်သားတည်းဖြစ်ကာ လက်မောင်းကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ တာအိုရှာဖွေခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

မပြည့်စုံသေးသော သဘာဝနိယာမတစ်စိတ်တစ်ပိုင်းသည် ဖြာထွက်လာသော်လည်း မန်ဟို့အပေါ် သက်ရောက်မှုမရှိပေ။ သူ၏ညာလက်မောင်းမှာတော့ ယခုတွင် သူ့အပြင်အားကိုယ်၏ အသန်မာဆုံးအပိုင်းဖြစ်သွားလေပြီ။

"သွေးမင်းသား၊ ကျုပ်တို့ တိုက်ခိုက်ကြရအောင်"

"သွေးမင်းသား၊ ကျွန်မတို့ တိုက်ခိုက်ချင်တယ်"

"ဟုတ်ပြီ" မန်ဟိုက ပြောသည်။ "တိုက်ကြ" စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် သူသည် ညာလက်ကို မြှောက်၍ ဖြစ်ညစ်လိုက်သော လက်ဟန် လုပ်လိုက်သည်။ အပြင်ရှိလူများ မြင်လိုက်ရသည်မှာ မိစ္ဆာတမန်တော် ၎င်း၏ဧရာမလက်ကြီးကို မြှောက်လိုက်ခြင်းကို ဖြစ်သည်။ ထို့နောက်တွင် လက်ကြီးသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လေလွင့်ဝိညာဉ်ကို လှမ်းဖမ်းလိုက်လေပြီ။

လက်ကြီးက ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လေလွင့်ဝိညာဉ်မှာ ဖောင်းခနဲ တစစီ ကြေမွသွားတော့၏။ ၎င်း၏အသံနက်ကြီးကား စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်လျက် ကျန်ခဲ့လေသည်။

မိစ္ဆာတမန်တော်က ရုတ်တရက် ထရပ်လိုက်သည်။ ၎င်းကား မီတာ သောင်းပေါင်းများစွာ မြင့်မားရာ အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေတော့သည်။

***

All Chapters