← Chapters

ဖွတ်ဖွတ်ညက်ညက် ကြေခြင်း

Vol. 53 Ch. 736

ဖွတ်ဖွတ်ညက်ညက် ကြေခြင်း

Vol. 53 Ch. 736

မန်ဟိုသည် မိစ္ဆာတမန်တော်၏နဖူးနေရာတွင် တင်ပျဉ်ခွေထိုင်နေ၏။ ကျင့်ကြံသူတစ်သိန်း၏ အသက်စွမ်းအားများနှင့် ကျင့်ကြံခြင်းအခြေခံများသည် မိစ္ဆာတမန်တော်ထဲသို့ စီးဆင်းလျက်ရှိပြီး ၎င်းတို့အားလုံးကို မန်ဟို အာရုံရနေလေသည်။

“တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်” မန်ဟိုသည် မိစ္ဆာတမန်တော်၏ စွမ်းအားကို အာရုံခံရင်း ပြောလိုက်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ တုံ့ပြန်သည့်အနေဖြင့် ကျုံ့လာနေသော သွေးရောင်အကာအကွယ်သည် မိစ္ဆာတမန်တော်တစ်ကိုယ်လုံးကို လွှမ်းခြုံရန် ပြန်ရောက်လာသည်။ လမ်းပိတ်ထား‌သော သွေးရောင်အကာအကွယ်မရှိတော့သဖြင့် လျှပ်စီးမြွေ‌ခြောက်ကောင်က မန်ဟို့ဆီ ချက်ချင်း ပြေးဝင်လာလေပြီ။ မျက်နှာဖြူဆုပ်နေကြသော ချင်းလော်ဂိုဏ်းလေလွင့်ဝိညာဉ်များနှင့် ကျင့်ကြံသူများလည်း ထိုနည်းတူပင်။

"သွေးမိစ္ဆာဂိုဏ်းကို အာခံတယ်ပေါ့လေ။ မင်းတို့တွေ သေရမယ်" မိစ္ဆာတမန်တော်ထဲမှ ကျင့်ကြံသူတစ်သိန်း၏ စုပေါင်းထား‌သော အသံများ ဟိန်းထွက်လာပြီး မန်ဟိုက လက်သီးဆုပ်လိုက်လေသည်။

လက်သီးသည် လျှပ်စီးမြွေတစ်ကောင်ကို ဝင်တိုက်ပြီး ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေ၏။ မျက်စိတစ်မှိတ်အတွင်း မြွေတစ်ကောင်လုံးမှာ ဖောင်းခနဲ ပေါက်ကွဲသွားခဲ့လေပြီ။

မန်ဟိုက မိစ္ဆာတမန်တော်ကို ရှေ့သို့ စေစားလိုက်သည်။ ၎င်းက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး အရှေ့သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် လေထုသည် ပွင့်ထွက်ကာ အကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာသည်။ ၎င်းက‌ လျှပ်စီးမြွေနောက်တစ်ကောင်ကို ပိုင်းဖြတ်ပစ်လိုက်ရာ ထိုမြွေမှာလည်း ပေါက်ကွဲသွားရတော့သည်။

ဤအရာအားလုံးမှာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ဖြစ်ပျက်နေလေသည်။ ထို့နောက် မန်ဟိုက မိစ္ဆာတမန်တော်၏ခန္ဓာကိုယ်ကို လှည့်၍ ချင်းလော်ဂိုဏ်းလေလွင့်ဝိညာဉ်များနှင့် ကျင့်ကြံသူများမှ ဖော်ဆောင်ထားသော ဧရာမဓားကြီးဆီသို့ စေစားလိုက်သည်။

"သေစမ်း" မန်ဟို၏အသံသည် ကျင့်ကြံသူတစ်သိန်း၏ အသံများနှင့် ပေါင်းစည်းကာ ကြောက်ခမန်းလိလိ ကြုံးဝါးသံကြီးတစ်သံ ဖြစ်သွား၏။ သူတို့၏ကျင့်ကြံခြင်းအခြေခံများက တရိပ်ရိပ် ထိုးတက်သွားပြီး တာအိုရှာဖွေခြင်း စဦးအပိုင်းအဆင့်စွမ်းအားက အသံကြီးကို အားဖြည့်ပေးလိုက်သည့်အတွက် စိတ်နှလုံးတုန်လှုပ်ဖွယ် အသံလှိုင်းတစ်လှိုင်း အသွင်ပြောင်းသွား၏။

အသံလှိုင်းသည် ချင်းလော်ဂိုဏ်းလေလွင့်ဝိညာဉ်များနှင့် ကျင့်ကြံသူများအား ဝင်လိုက်သော အသံဂယက်များ ဖြစ်လာသည်။ လေလွင့်ဝိညာဉ် တစ်ကောင်ပြီးတစ်ကောင်မှာ ဖယ်ရှားခံနေရသည့်အလား ပျောက်ကွယ်သွားကြသည်။ အသွေးအသားကိုယ်ဖြင့် ကျင့်ကြံသူများမှာမူ ဖြတ်သွားသော ဂယက်များ၏ တစစီ စုတ်ဖြဲခြင်းခံရလေသည်။ ချင်းလော်ဂိုဏ်းသားသိန်းချီကား .... ခန္ဓာကိုယ်နှင့်တကွ ဝိညာဉ်ပါ သေဆုံးခြင်းသို့ ရောက်ရှိကုန်၏။

"မင်းတို့ ‌သွေးမိစ္ဆာ မိစ္ဆာတမန်တော်က ‌ဘယ်ဆိုးလို့တုန်း" ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးက အေးတိအေးစက် ပြောသည်။ သူသည် ရှေ့တက်လာပြီး မကြာခင် မန်ဟို၏အရှေ့တည့်တည့်သို့ ရောက်လာလေပြီ။ သူ့လက်မှာ ဗလာကျင်းနေသော်လည်း အံ့ဖွယ်ဓားချီက ရုတ်တရက် ပုံ‌ဆောင်ဖြစ်တည်လာကာ မန်ဟို့ကို ခုတ်ပိုင်းချလိုက်သည်။

သို့သော် ဓားချီ ‌အပြည့်အဝ ဆင်းသက်မလာခင် သွေးမိစ္ဆာဂိုဏ်းအတွင်းမှ အေးစက်စက် နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာ၏။ သွေးရောင်ပုံရိပ်တစ်ခုက မန်ဟို့အရှေ့သို့ ရိပ်ခနဲ ရောက်လာခဲ့သည်။ ၎င်းကား သွေးမိစ္ဆာဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်။

"ဂျူနီယာမျိုးဆက်ကို အနိုင်ကျင့်တာ ဘယ်လောက်အရှက်သိက္ခာမဲ့လိုက်သလဲ" သူက ပြောသည်။ "တိုက်ခိုက်ချင်တယ်လား၊ တိုက်ခိုက်ကြတာပေါ့"

ဝုန်းးးးးးး

‌သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးသည် ချက်ချင်း လေပေါ် ပျံတက်ကာ စတင်တိုက်ခိုက်ကြတော့၏။ တစ်ချိန်တည်းမှာပင် ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီး၊ လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးနှင့် တာအိုခြောက်ပါးခေါင်းဆောင်ကြီးတို့လည်း ပျံတက်လာကြသည်။ တာအိုခြောက်ပါးက မန်ဟို၏ထိန်းချုပ်မှုအောက်ရှိ မိစ္ဆာတမန်တော်ကို အမဲဖြတ်တော့မတတ် စိန်းစိန်းဝါးဝါး ကြည့်ပြီး အေးစက်စက် နှာတစ်ချက်မှုတ်၍ ၎င်းကို လျစ်လျူရှုရင်း သွေးမိစ္ဆာဂိုဏ်းချုပ်ဆီ ပျံသန်းသွားသည်။

သို့သော် ဤအခိုက်အတန့်တွင် သွေးမိစ္ဆာဂိုဏ်းမှ သွေးရောင်ပုံရိပ်သုံးခု ထပ်မံထွက်လာကြသည်။ တစ်ခုချင်းစီသည် သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် ချွတ်စွပ်တူပြီး ယခုလေးတင် ပျံတက်သွားသော လူသုံးယောက်ထံသို့ အသီးသီး ဦးတည်သွားကြသည်။

ယခုတွင် သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကိုယ်ပွားလေးခု ရောက်ရှိလာခဲ့လေပြီ။ အံ့ဖွယ်ကိုယ်ပွားလေးခုက တောင်ပိုင်းဒေသ၏ အစွမ်းထက်ဆုံး ခေါင်းဆောင်ကြီးများအနက်မှ လေးဦးနှင့် တိုက်ခိုက်နေ၏။

ပေါက်ကွဲသံများ ဆူညံပွက်လောရိုက်နေပြီး ခေါင်းအထက်ရှိ တိုက်ပွဲက လေထုကို တွန့်လိမ်ရှုံ့‌တွနေစေသည်။ မည်သူမဆိုအတွက် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မိုးပင် ပြိုကျတော့မည့်အလား ဖြစ်နေကြောင်း ပြောနိုင်လေသည်။ ဖြစ်ပွားနေသော တိုက်ပွဲ၏ပြင်းထန်မှုက ကောင်းကင်ဘုံကိုပင် တုန်လှုပ်သွားစေနိုင်၏။

"သတ်ပစ်" အပေါ်တွင် ခေါင်းဆောင်ကြီးများ သူသေကိုယ်သေ တိုက်ခိုက်ခြင်း စတင်လိုက်သည့်အချိန်မှာပင် တပ်ဖွဲ့လေးဖွဲ့မှ ကျန်ရှိသော ကျင့်ကြံသူများက တိုက်ခိုက်ရန် ချီတက်လာကြလေပြီ။ သိန်းချီသော ကျင့်ကြံသူများက မန်ဟို ထိန်းချုပ်နေသော မိစ္ဆာတမန်တော်ထံသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။

သူတို့အကြားတွင် ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့် ပညာရှင်၊ ကျင်းဟန်ဂိုဏ်း၏ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများမှ ဖော်ဆောင်ထားသော တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါ ထုတ်လွှတ်နေသည့် ရုပ်သေးရုပ်တစ်ရုပ်လည်း ပါသည်။ လီမျိုးနွယ်စုမှာမူ သူတို့၏ပတ်ပတ်လည်တွင် လည်နေသော မန္တန်ဝင်္ကပါများ ရှိကြလေသည်။ ကံဆိုးစွာနှင့် ချင်းလော်ဂိုဏ်းမှာတော့ ဆိုးဆိုးရွားရွား ထိခိုက်ထား၏။

မန်ဟို့မျက်လုံးထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ လင်းလက်သွားပြီး သူက တပ်ဖွဲ့လေးဖွဲ့နှင့် ထိပ်တိုက် တိုက်ခိုက်ရန် မိစ္ဆာတမန်တော်ကို ရှေ့သို့ စေစားလိုက်သည်။

မိစ္ဆာတမန်တော်အထဲရှိ သွေးမိစ္ဆာဂိုဏ်းသားတစ်သိန်း၏ မျက်လုံးများမှာ နီရဲတောက်နေသည်။ သူတို့သည် အလွယ်တကူ ဖျက်စီး၍မရသော သွေးမိစ္ဆာဂိုဏ်း၏ ပထမ,မန္တန်ဝင်္ကပါကို ဖော်ဆောင်ထားခြင်းဖြစ်၏။ ၎င်း ပျက်စီးသွားခဲ့လျှင် သွေးမိစ္ဆာဂိုဏ်းသည် အပြင်လောကအား ခုခံနိုင်စွမ်းလျော့နည်းသွားလိမ့်မည်။

"သေတဲ့အထိ"

မိစ္ဆာတမန်တော်သည် တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့် အရှိန်အဝါကို ထုတ်လွှတ်လျက် ဟိန်းဟောက်ကြုံးဝါးရင်း ၎င်းကို ပတ်ပတ်လည်မှ ဝိုင်းထားသော ကျင့်ကြံသူသိန်းချီအား ရင်ဆိုင်နေ၏။

လျှပ်စီးမြွေများအနက် ခြောက်ကောင်သာ ကျန်တော့ရာ သင်းကွဲကျင့်ကြံသူများ၏ မျက်လုံးများမှာ နီရဲနေတော့သည်။ သူတို့သည် တစ်ချက်တစ်ချက် တိုက်ခိုက်ရင်း ပျံဝဲနေကြ၏။ ချင်းလော်ဂိုဏ်းမှာမူ ဖရိုဖရဲဖြစ်နေပြီး တိုက်ခိုက်ရန် လုံလောက်သော အင်အားမရှိတော့ပေ။

သို့သော် ယီးကျန့်ဂိုဏ်းတွင် ထိုသို့မဟုတ်။ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်၏ ဦးဆောင်မှုအောက်တွင် ဓားပျံတစ်သိန်းသည် မန်ဟို့ကို သည်းသည်းမဲမဲ ထိုးနှက်နေသော ကြောက်ခမန်းမလိလိ စွမ်းအားတစ်ရပ် ဖြစ်လာ၏။

တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင်မှာ အမှန်တွင် မန်ဟိုနှင့် မိစ္ဆာတမန်တော်ကို ထိပ်တိုက် ချနိုင်လေသည်။ သူသည် တိုက်ပွဲ၌ ယီးကျန့်ဂိုဏ်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူဆယ်ယောက်၏အင်အားဖြင့် အားဖြည့်ပေးထားသော အခရာဖြစ်လာသည်။

ကျင်းဟန်ဂိုဏ်း၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များ ဖော်ဆောင်ထားသော ရုပ်သေးရုပ်သည်လည်း တိုက်ခိုက်လိုက်တိုင်း တိမ်တိုက်များကို ဖွေးဖွေးလှုပ်သွားစေသော တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါကို ထုတ်လွှတ်လျက်ရှိသည်။ သူတို့သည် ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ကျင့်ကြံသူနှင့် ပူးပေါင်း၍ မန်ဟိုနှင့် မိစ္ဆာတမန်တော်ကို အောင်မြင်စွာ ဖိနှိပ်ထား၏။

လီမျိုးနွယ်စုမှာမူ မန်ဟို ဒဏ်ရာရအောင် အလစ်တိုက်ဖို့ ကြိုးစားနေသည်။ သူတို့က မရေမတွက်နိုင်သော မန္တန်ဝင်္ကပါများဖြင့် ဘေးပတ်ပတ်လည်ကို ဝိုင်းလျက် ပျံသန်းနေကြသည်။ ဝင်္ကပါတချို့က မိစ္ဆာတမန်တော်ကို ချုပ်နှောင်ကြပြီး တချို့က ပေါက်ကွဲသွားကြသည်။ မယုံကြည်နိုင်ဖွယ် ဖိအားကြီးက မန်ဟို့အပေါ် သက်ရောက်နေလေသည်။

မန်ဟို တိုက်ခိုက်လိုက်တိုင်း နှစ်ဖက်သည် ထိပ်တိုက်တွေ့ပြီး မိစ္ဆာတမန်တော်ကြီးအတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ သွေးအန်လိုက်ကြရသည်။ တစ်ခါတွင် ယီးကျန့်ဂိုဏ်း၏ တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံသူနှင့် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီးက တိုက်ကွက်များကို ပေါင်းစည်း၍ ကမ္ဘာတုန်ဟည်းအားကြီးဖြင့် မိစ္ဆာတမန်တော်ကြီးကို ရိုက်နှက်ခဲ့လေသည်။ အတွင်းရှိ ကျင့်ကြံသူများအနက် နှစ်သောင်းမှာ အားကို ခံနိုင်ရည်မရှိ၍ ချက်ချင်း ပေါက်ကွဲသွားကြ၏။

မိစ္ဆာတမန်တော်ကြီး၏ ပါးစပ်မှ သွေးများစီးကျလာရာ အောက်ရှိ မြေပြင်အပေါ်သို့ သွေးမိုးသဖွယ် ရွာကျလာလေသည်။

သို့သော် တပ်ဖွဲ့လေးဖွဲ့လည်း ကြီးမားသောတန်ကြေးကို ပေးဆပ်နေကြရသည်။

သုံးရက်ကြာသော် ကျင်းဟန်ဂိုဏ်းကျင့်ကြံသူ သုံးပုံတစ်ပုံ သေဆုံးသွားခဲ့လေပြီ။ ယီးကျန့်ဂိုဏ်း၏ နှစ်ဆယ်ရာခိုင်နှုန်းလည်း အသက်မရှိတော့ပေ။ ချင်းလော်ဂိုဏ်းမှာ ရစရာမရှိအောင် စုတ်ပြတ်သပ်နေပြီး လီမျိုးနွယ်စုကတော့ နှစ်ဆယ်ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရသည်။

သင်းကွဲကျင့်ကြံသူများအတွက်မူ မန်ဟိုမှာ သူတို့ကို အဖက်လုပ်ရန်ပင် အချိန်မရှိပေ။ သို့ထိတိုင် ‌ကျန်ရှိသော လျှပ်စီးမြေလေးကောင်အနက် နောက်တစ်‌ကောင် ဖျက်စီးခံလိုက်ရပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် တပ်ဖွဲ့လေးဖွဲ့မှာ အကျအဆုံး နှစ်သိန်းကျော်ခဲ့လေပြီ။

မန်ဟိုသည် အံတင်းတင်းကြိတ်ထားရ၏။ ညာလက်မောင်း၌ တာအိုရှာဖွေခြင်းအဆင့်ခွန်အားသာ မရှိလျှင် သူ့အနေဖြင့် ဤမျှကြာကြာ တောင့်ခံနိုင်မည်မဟုတ်ပေ။ သူက ညာလက်ကို မြှောက်၍ ထိုးချလိုက်ရာ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီးကို ထိသွားသည်။ ၎င်းမှာ ပျက်စီးတော့မည့်အလား လိမ့်ထွက်သွား၏။ သို့သော် ယီးကျန့်ဂိုဏ်း တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ပညာရှင်က ဖျတ်ခနဲ ပေါ်လာပြီး အင်္ကျီလက်စခါ၍ မန်ဟို့ကို ဟန့်တားလိုက်သည်။

သူ၏ပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော မန္တန်ဝင်္ကပါများက အလိုအလျောက် ဖောက်ခွဲလိုက်ကြပြီး ‌တဖောင်းဖောင်း ပေါက်ကွဲသံများအကြားတွင် ဓားတစ်သိန်းက မန်ဟို၏ မိစ္ဆာတမန်တော်ကို ထိုးချလိုက်၏။

"ထွက်သွားစမ်း" မန်ဟိုက အသံအက်အက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ မိစ္ဆာတမန်တော်သည် ကျင်းဟန်ဂိုဏ်းနှင့် ဝင်တိုက်သွား၏။ သူ ဖြတ်သွားသည့် လမ်းတစ်လျှောက်တွင် ကျင်းဟန်ဂိုဏ်းကျင့်ကြံသူများမှ ဖော်ဆောင်ထားသော ရုပ်သေးရုပ်များ၏ ကြေမွနေသောအစအနများကို ချန်ရစ်ခဲ့လေသည်။

"ယီးကျန့်ဝင်္ကပါ" ယီးကျန့်ဂိုဏ်းသားများ၏ မျက်လုံးများ စူးရှတောက်ပသွားသည်။ သူတို့အားလုံး မုဒြာလက်ကွက်များ ဖော်ပြီးနောက် ဓားများကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူတို့၏ခန္ဓာကိုယ်များက တောက်ပလာကာ အလင်းဖြာနေသော ဓားများဖြစ်လာသည့်အလားပင်။ တစ်‌ဦးတစ်ယောက်ချင်းစီသည် ဓားအသွင်ပြောင်း၍ လေပေါ် ထိုးတက်သွားကြ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် အဆိုပါဓားများက ဧရာမဓားဝင်္ကပါကြီးပုံစံ နေရာယူလာကြလေသည်။

ဓားဝင်္ကပါက တဝီးဝီးလည်ရင်း မန်ဟို့ကို ပိုင်းချလိုက်သော ဧရာမဓားတစ်လက်ပုံသဏ္ဌာန် ဖြစ်လာ၏။

"ပုလဲဖြူပုလဲနက် ၊ နဝမတောင်" မန်ဟိုက ဘယ်လက်ကို ရမ်းလိုက်သည့်အခါ နဝမတောင်သည် ဧရာမဓားကို ပြေးဝင်ဆောင့်သွား၏။ တောင်ကြီးမှာ တုန်ခါပြီး ပြိုကွဲသွားသလို၊ ယီးကျန့်ဓားဝင်္ကပါလည်း ထိုနည်းတူပင်။

မန်ဟိုက မိစ္ဆာတမန်တော်ကို နောက်ဆုတ်စေလိုက်သည်။ အတွင်းထဲ၌ ကျန်ရစ်သော ကျင့်ကြံသူရှစ်သောင်းအနက် တစ်သောင်းမှာ ထိုးနှက်အားကို မခံနိုင်သဖြင့် ပေါက်ကွဲသွားကြရပြန်သည်။ တစ်ချိန်တည်းမှာပင် ယီးကျန့်ဂိုဏ်း၏ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင်က ရုတ်တရက် ပေါ်လာသည်။ သူ့လက်သည် မုဒြာလက်ကွက်တစ်ကွက်အား လျှပ်တပြက် ဖော်လိုက်ရာ အတွင်းထဲ၌ အဆိပ်ဆူးချွန်တစ်ချောင်းဖြင့် ပုံသဏ္ဌာန်မဲ့အစိမ်းရောင်မြူခိုးများ ထွက်လာ၏။ သူက လက်ညှိုးထိုးလိုက်သည်တွင် အစိမ်းရောင်မြူခိုးများကား မိစ္ဆာတမန်တော်ကို လွှမ်းခြုံပစ်လိုက်လေပြီ။

တစ်ဆက်တည်းမှာပင် အဆိပ်ဆူးချွန်က မိစ္ဆာတမန်တော်ကြီးကိုယ်ထဲ ထိုးစိုက်သွားသည်။ ၎င်း ထုတ်ချင်းဖောက်ထွက်သွားစဉ် စိတ်မချမ်းမြေ့ဖွယ်အော်သံများက မန်ဟို၏နားထဲတွင် ပဲ့တင်ထပ်သွား၏။

မန်ဟိုက ညာလက်သီးကို ကျစ်ကျစ်ဆုပ်၍ ချက်ချင်း ထိုးချလိုက်သည်။ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင် မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် နှာတစ်ချက်မှုတ်ကာ နောက်ထပ်လက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ဂျိန်းခနဲ ပျောက်ကွယ်သွားကာ မီတာ (၃၀၀၀) အကွာတွင် ပြန်ပေါ်လာ၏။ သူ့မျက်နှာမှာ အတန်ငယ် ဖြူဆုပ်နေလေသည်။ သူသည် လက်သီးကို ရှောင်နိုင်ခဲ့သည့်တိုင် ဒဏ်ရာသွားသေးကြောင်း သိသာ၏။

"အားလုံး တိုက်ကြ" သူက ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။ "ဝါးဓားးးးးး"

သူ့လက်ညှိုးမှ အစိမ်းရောင်အလင်းတန်းတစ်တန်း ထွက်သွားပြီး ဝါးမျှင်လေးတစ်မျှင်အသွင် ပြောင်းသွားသည်။ ဝါးမျှင်သည် ကြီးသထက်ကြီးလာကာ ဝါးချောင်းတစ်ချောင်း‌ဖြစ်လာ၏။ ထို့နောက် ဝါးချောင်းမှ ဝါးရွက်များ ကွာကျပြီး ဝါးဓားတစ်လက် ဖြစ်လာလေပြီ။

ပတ်ဝန်းကျင်၌ တိုက်ခိုက်နေကြသော တပ်ဖွဲ့များမှ အတွေ့အကြုံရှိကျင့်ကြံသူတချို့က တအံ့တဩ အော်လိုက်ကြသည်။

"ယီးကျန့်ဂိုဏ်းရဲ့ အဖိုးထိုက်ရတနာ"

"ဒီအဖိုးထိုက်ရတနာအကြောင်း ငါ ကြားဖူးတယ်"

ကျင်းဟန်ဂိုဏ်း၏ အစွမ်းထက်ဆုံး ရုပ်သေးရုပ်ကြီးက အေးစက်စက် နှာမှုတ်ပြီးနောက် ညာလက်ဖြင့် မုဒြာလက်ဟန် ဖော်လိုက်သည်။ ထို့နောက် ညာလက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်လိုက်သောပုံစံ လုပ်လိုက်ရာတွင် လက်ဝါးအရွယ် ကျောက်ခဲတစ်ခဲ ပျံထွက်လာသည်။ ၎င်းက လျင်မြန်စွာ ကြီးလာရင်း မီတာ (၃၀၀၀) အမြင့် တောင်တစ်လုံးပုံစံ ပြောင်းသွား၏။

တောင်သည် ပိတ်ပိန်းအောင် မည်းမှောင်နေ‌သော်လည်း ဘေးဘက်တွင် ရွှေရောင်စာလုံးတစ်လုံးရှိသည်။

အဆုံးသတ်

အဆုံးသတ်တောင်

ဤသည်မှာ ယီးကျန့်ဂိုဏ်း၏ ဝါးဓားနည်းတူ နာမည်ကျော်ကြားသော ကျင်းဟန်ဂိုဏ်း၏ အဖိုးထိုက်ရတနာဖြစ်သည်။

တတိယခွဲထွက်ခြင်း မဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိ‌သော လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးက မန္တန်ဝင်္ကပါများကို အသက်သွင်းရင်း လူးလာပျံသန်းနေခဲ့၏။ ‌ယခု အဖြစ်အပျက်များကို မြင်သောအခါ သူသည် ပန်းရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ထုတ်ပြီးနောက် ၎င်း၏မျက်နှာပြင်အပေါ် ဖိချလိုက်သည်။

ချက်ချင်းပင် မြေကြီးသည် တုန်ခါလာပြီး မရေမတွက်နိုင်သော ပန်းရောင်အလင်းတန်းများ ထိုးတက်လာ၏။

"သေစမ်း"

ယီးကျန့်ဂိုဏ်း၏ ကောင်းကင်ကိုပင် ထက်ခြမ်းခြမ်းပစ်နိုင်ပုံရသော ဝါးဓားက အစိမ်းရောင်အလင်းတန်းတစ်တန်းအသွင်ဖြင့် မန်ဟို့ဆီ ပြေးဝင်လာသည်။ ကျင်းဟန်ဂိုဏ်း၏ အဆုံးသတ်တောင်က ချေမှုန်းခြင်းဖိအားကို ထုတ်လွှတ်ရင်း စတင်လည်လာကာ မန်ဟို့ကို တိုက်ခိုက်ရန် အစိမ်းရောင်အလင်းတန်းနှင့် ပူးပေါင်းလိုက်၏။

မန်ဟို မျက်နှာပျက်သွားပြီး ပုလဲဖြူပုလဲနက်နှင့် နဝမတောင် ပေါ်လာပြန်သည်။ သူသည် ညာလက်ကို ဝှေ့ယမ်း၍ ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားအလုံးစုံကို ဆင့်ခေါ်စုစည်းကာ သူ၏အစွမ်းထက်ဆုံးလက်သီးကို ပစ်သွင်းလိုက်သည်။

ဝုန်းးးးး

မိစ္ဆာတမန်တော်ကြီးမှာ နောက်သို့ယိမ်းယိုင်သွား၏။ အစိမ်းရောင်အလင်း ဖြတ်ခနဲ လက်သွားကာ မိစ္ဆာတမန်တော်ကြီး၏ ညာလက်မောင်း ပြတ်ကျသွားသည်။ ၎င်းသည် ကျင့်ကြံသူတစ်သောင်းအဖြစ် ပြောင်းလဲသွားပြီး သူတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြီးမားသောစွမ်းအားကြီးက သူ့ကို လွှမ်းခြုံကာ တစစီ စုတ်ဖြဲပစ်လိုက်၏။

ဒုန်း

အဆုံးသတ်တောင်က ကျရောက်လာရာ မန်ဟို သွေးအန်လိုက်ရသည်။ မိစ္ဆာတမန်တော်ကြီး၏အပေါ်တွင် အက်ရာများ ပေါ်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွား၏။ မကြာမီ အထဲ၌ မျှော်လင့်ချက်မဲ့နေသော မျက်နှာအမူအရာများဖြင့် တင်ပျဉ်ခွေထိုင်နေသော သွေးမိစ္ဆာဂိုဏ်းသားများအား မြင်လာရသည်။

ဝုန်း

နောက်ဆုံးထိုးနှက်ချက်မှာ ပန်းရောင်အလင်းတန်းများမှ ဖန်တီးလိုက်သော မန္တန်ဝင်္ကပါမှ လာသည်။ အလင်းက တစ်ကမ္ဘာလုံးကို ပန်းရောင်ကမ္ဘာဖြစ်သွားစေစဉ် အရာအားလုံး တုန်ခါနေ၏။ အလင်းတန်းများက မန်ဟို၏မိစ္ဆာတမန်တော်ကြီးကို ပိုင်းချလိုက်သော ဧရာမပန်းရောင်လက်သည်းကြီးပုံစံ ချုံ့ပစ်လိုက်သည်။

မိစ္ဆာတမန်တော်ကြီးမှာ သည့်ထက်ပို၍ မတောင့်ခံနိုင်တော့ပေ။ ၎င်းမှာ ပြိုလဲတော့မည့်အလား ဖြစ်နေပြီး အတွင်းထဲရှိ ကျင့်ကြံသူအမြောက်အမြားလည်း သေဆုံးသွားခဲ့လေပြီ။ လောလောဆယ်တွင် သုံးသောင်းသာ အသက်ရှင်လျက် ကျန်ခဲ့၏။

"ဆုတ်ကြ" မန်ဟိုက အော်သည်။ "ဂိုဏ်းကို ပြန်ဆုတ်ကြ" ကျင့်ကြံသူသုံးသောင်းမှာ ၎င်း၏ ကျောမှ နှင်ထုတ်ခံလိုက်ရသဖြင့် မိစ္ဆာတမန်တော်ကြီးတစ်ကိုယ်လုံး တုန်ရီသွားသည်။

မန်ဟိုက နောက်ဆုံးမှ ဆုတ်လာသူဖြစ်၏။ သူသည် ထွက်ခွာလိုက်သည်နှင့်တစ်ပြိုင်နက် ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ ပျက်စီးခါနီးဆဲဆဲ မိစ္ဆာတမန်တော်ကြီးကို လက်ညှိုးထိုးလိုက်သည်။

"ပေါက်ကွဲစမ်း"

***

All Chapters