← Chapters

သူကငါ့ထက်သာတယ်

Vol. 45 Ch. 635

သူကငါ့ထက်သာတယ်

Vol. 45 Ch. 635

အခန်း (၆၃၅) သူကငါ့ထက်သာတယ်

နျဲ့စန်းက ဝူကျိရှိုးကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

ဝူကျိရှိုးက သက်ပြင်းချရင်း...

"သူက ဆေးလုံးဖော်ဆပ်နည်းကို ပုံဖော်တဲ့အခါ မတူညီတဲ့ရှုထောင့်အများကြီးကို အသုံးပြုခဲ့တယ် ၊ ဒီအဘိုးကြီးတောင် အဲဒီလောက် နားလည်နိုင်စွမ်း မမြင့်မားဘူး ၊ သူက ဆေးလုံးဖော်ဆပ်နည်းကို မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်တဲ့အခါ အဆင့်အများကြီး မဖြတ်ကျော်ခဲ့ဘူး ၊ ကြည့်ရတာ ငါတို့ သူ့ကို ပညာစမ်းတာကို သိသွားလို့ တမင်သက်သက် ဒီလိုလုပ်တာ ဖြစ်ရမယ်”

“သူက အဂ္ဂိရတ်ပညာအခြေခံတွေအားလုံးကို နားလည်သဘောပေါက်ထားတော့ ဒီအဘိုးကြီး သူ့ဇာစ်မြစ်ကိုမသိနိုင်အောင် တားဆီးလိုက်တဲ့သဘောပဲ ၊ အဂ္ဂိရတ်ပညာမှာ ဒီကောင်လေးရဲ့အောင်မြင်မှုက ငါ့ထက်သာလွန်တယ်လို့ ပြောလို့ရတယ်”

ဝူကျိရှိုးက ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းရင်း...

“သူက ငါတို့လုပ်ရပ်ကို မကျေနပ်လို့ ဒီလိုလုပ်လိုက်တာနေမယ်...”

နျဲ့စန်းမှာ ဝူကျိရှိုးကိုကြည့်ရင်း အတန်ကြာအောင် အံ့အားသင့်နေပြီးမှ...

“ဒါဆို သူက သူ့ဇာစ်မြစ်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာပေါ့ ၊ ဒါဆို သူ့မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိကိုရှိရမယ်”

ဝူကျိရှိုးက...

“လျှို့ဝှက်ချက်မရှိတဲ့ စွမ်းအားစုရယ်လို့ ရှိလို့လား ၊ ဒီတစ်ခါတာ့ တစ်ဖက်လူက ငါ့ထက်ပိုပြီးတော်နေတာ စိတ်မကောင်းစရာပဲ”

နျဲ့စန်းက ခဏမျှ တိတ်ဆိတ်နေပြီးမှ...

“ဒါဖြင့် ကျွန်တော်တို့ ကျူတောပင်လယ်ဒေသက လူတစ်ယောက်ကို အရှေ့တောင်ပိုင်း ထိပ်တန်းမျိုးနွယ်တွေဆီ စေလွှတ်ပြီး အကြောင်းရင်း စုံစမ်းခိုင်းရင်ရော ၊ ဒီကောင်လေးက ဒီကိစ္စကို ကြိုတင်အကြောင်းကြားလိုက်လို့ တစ်ခုခုဖြစ်လာတာထက်တော့ ပိုကောင်းတယ်မဟုတ်လား”

ဝူကျိရှိုးက...

“သူသာ အရှေ့တောင်ပိုင်း ထိပ်တန်းမျိုးနွယ်တွေနဲ့ ဆက်နွယ်နေတယ်ဆိုရင် အဲဒီလှုပ်ရှားမှုက မလွှဲမရှောင်သာ ဖြစ်လာမှာပဲ”

နျဲ့စန်းက သတိပေးလိုက်သည်။

“ပွဲတော်က မကြာခင်စတော့မှာနော်...”

ဝူကျိရှိုးက မချိပြုံးပြုံးရင်း...

"ဒီအဘိုးကြီး သိပါတယ်"

နျဲ့စန်းက ခေါင်းခါယမ်းရင်း...

“ဝမ်ဝမ်းမင်ကတော့ အကြီးအကျယ် ဒုက္ခပေးတာပဲ ၊ သာမန်အချိန်ဆိုရင် ပြဿနာမရှိပေမယ့် အခုက အတော်လေး ခေါင်းကိုက်စရာဖြစ်လာတယ်”

ဝူကျိရှိုးက...

“ယိုးမင်ဂိုဏ်းရဲ့ အဓိကပလ္လင်နဲ့ ဂိုဏ်းဌာနခွဲတွေက ‘နေမရှိလရိပ်ပွဲတော်’ ကျင်းပဖို့အတွက် အတူတကွပြင်ဆင်နေကြတယ်ဆိုတာ သူ မသိဘူးလေ ၊ သာမန်အခြေအနေဆိုရင် ငါတို့က ဒီကိစ္စကို အမှားအယွင်းမရှိ သင့်တော်အောင်ကိုင်တွယ်နိုင်ပါတယ်”

နျဲ့စန်းက...

“တကယ်ပါပဲ ၊ မသိနားမလည်တဲ့သူကို အပြစ်တင်နေလို့ မရဘူး ၊ အင်းလေ... ဒီကိစ္စကလည်း သူတို့ လွယ်လွယ်နဲ့ သိနိုင်မယ့်အရာမှ မဟုတ်တာ”

ဝူကျိရှိုးက ဖြည်းညင်းစွာခေါင်းညိတ်ရင်း...

“ပွဲတော်ကတော့ အဓိကဦးစားပေးကိစ္စပါပဲ ၊ ဒီတော့ သူတို့အုပ်စုကို အရင်ဆံး အဝေးပို့လိုက်တာ အကောင်းဆုံးပဲ ၊ အခုချိန် ဒီနေရာက ထွက်သွားခိုင်းလိုက်ရင် ပွဲတော်ပြီးဆုံးတဲ့အခါ သူတို့လည်း အဓိကပလ္လင်ကို ရောက်နေလောက်ပြီ ၊ ကျန်တာကိုတော့ ဂိုဏ်းချုပ်က ဆုံးဖြတ်ချက်ချပါလိမ့်မယ်”

“သူတို့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံပြီး မပြောသင့်တာမပြောမိစေဖို့ သတိထားပါ ၊ အင်း... အဂ္ဂိရတ်ပညာ ဒီလောက်တော်တာနဲ့တင် ငါတို့ဂိုဏ်းက သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ရကျိုးနပ်ပါတယ်လေ”

နျဲ့စန်းကလည်း သူ့စကားကို ထောက်ခံလိုက်၏။

“အမှန်ပါပဲ...”

နျဲ့စန်းနှင့် ချန်ခဲ့ထွက်ခွာသွားပြီးနောက် အခန်းထဲတွင် ဝူကျိရှိုးတစ်ယောက်တည်းကျန်ရစ်ခဲ့သည်။

သူက သက်ပြင်းတစ်ချက်ချရင်း...

“အင်း... ဒီလောက်အသက်ငယ်ငယ်နဲ့ ကျင့်ကြံခြင်းအဆင့်ကလည်းမြင့်မားပြီး အဂ္ဂိရတ်ပညာလည်း တော်လိုက်တဲ့ဖြစ်ခြင်း ၊ အချိန်နဲ့စွမ်းအား ဘယ်လောက်တောင် အသုံးပြုပြီး ကျင့်ကြံထားခဲ့တာလဲ”

ဝူကျိရှိုး မချိပြုံး ပြုံးလိုက်သည်။

နှစ်ပေါင်းများစွာအတွင်း သူ့ကိုယ်သူအသက်ကြီးလာပြီဟု ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။

***

ရန်ကျောက်ကဲနှင့် အားဟူတို့ သူတို့ တည်းခိုရာနေရာသို့ ပြန်ရောက်လာကြသည်။

အားဟူ စူးစမ်းလိုစိတ်ဖြင့်...

“သခင်လေး... အခု ဘာလုပ်ကြမလဲ”

ရန်ကျောက်ကဲက...

“ငါ ခန့်မှန်းတဲ့အတိုင်းမှန်တယ်ဆိုရင်တော့ ဒီ ယိုးမင်ဂိုဏ်းခွဲမှာ ကြီးကြီးမားမား ကိစ္စတစ်ခုလုပ်ဖို့ ပြင်ဆင်နေပုံရတယ်”

သူက ခဏမျှ စဉ်းစားလိုက်ပြီး...

“အဲဒါ ထုံးတမ်းစဉ်လာ ပွဲတော်တစ်ခု ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ သတင်းအချက်အလက်အားလုံး လျှို့ဝှက်ထားတော့ အခြေအနေကို တိတိကျကျ မဆုံးဖြတ်နိုင်ဘူး”

ရန်ကျောက်ကဲက ထိုင်ချလိုက်ရင်း...

“ဒီလိုအခြေအနေမျိုးမှာ ငါတို့လိုအပြင်လူတွေ ဒီနေရာမှာရှိဖို့ မသင့်တော်ဘူးဆိုတာ ထင်ရှားတယ် ၊ အင်း... သူတို့ဘက်က ငါတို့အပေါ် မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုရင်တော့ မကြာခင် ရှင်းပစ်ဖို့ ကြိုးစားမှာပဲ ၊ မဟုတ်ရင်တော့ အကြောင်းပြချက်တစ်ခုခုရှာပြီး ဒီနေရာကနေ ပ ထုတ်လိမ့်မယ်”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“ဒါဆို သူတို့က ကျွန်တော်တို့ကို ယိုးမင်ဂိုဏ်း အဓိကပလ္လင်နေရာကို ပို့ပေးမလား မသိဘူး”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ဖြစ်လည်းဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်နိုင်ဘူး ၊ ဘာမှ သေသေချာချာ မပြောနိုင်ဘူး”

စောစောက အဂ္ဂိရတ်ယှဉ်ပြိုင်ပွဲခန်းမထဲတွင် ဤကိစ္စကို ရန်ကျောက်ကဲ မတွေးခဲ့မိပေ။

သို့သော် ချန်ခဲ့က ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်နှင့်ပတ်သက်ပြီး သူ့ထံမှ အတွေးအမြင်နှင့် ကောက်နုတ်ချက်ကို ဖမ်းဆုပ်ရန် ကြိုးစားသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရန်ကျောက်ကဲ ရိပ်မိသွားသည်။

သူ့တွင် မူရင်းဆေးလုံးဖော်ဆပ်နည်းရှိနေသည်ဟု တစ်ဖက်လူက သံသယဝင်ခြင်း မရှိပေ။ ထိုအစကား သူ၏ အဂ္ဂိရတ်နည်းလမ်းကို စူးစမ်းလိုပုံရသည်။

တစ်ဖက်လူက ဘာကိုအတည်ပြုချင်သလဲ ရန်ကျောက်ကဲ မသိရှိပေ။ သူက စကားများကို သတိထားပြီး လမ်းကြောင်းပေါင်းစုံအသုံးပြုကာ ထောက်ပြပြောဆိုခဲ့သောကြောင့် ယိုးမင်ဂိုဏ်း၏ရည်ရွယ်ချက် မအောင်မြင်ခဲ့သည်ကတော့ အမှန်ပင်။

နှစ်ယောက်သား စကားစမြည်ပြောဆိုနေစဉ် ယိုးမင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက် ရောက်လာသည်။ ယခင်က သူတို့နှင့် သိရှိခဲ့ဖူးသော နျဲ့စန်းပင် ဖြစ်၏။

နျဲ့စန်းက ရန်ကျောက်ကဲနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုရင် သူရောက်လာရသည့်အကြောင်းရင်းကိုလည်း ပြောပြသည်။ ရန်ကျောက်ကဲတို့အုပ်စုအား ယိုးမင်ဂိုဏ်း အဓိကပလ္လင်ရှိရာသို့ ပို့ဆောင်ပေးရန် ပြင်ဆင်နေကြောင်း သူက ထုတ်ဖော်ပြောကြားလာ၏။

ရန်ကျောက်ကဲ နျဲ့စန်းကို တစ်ချက်အကဲခတ်လိုက်သည်။

အဓိကပလ္လင်ဆီသို့ ပို့ဆောင်မည်ဆိုသော်လည်း မည်သည့်အချိန်တွင်ထွက်ခွာမည် ၊ မည်သည့်အချိန်တွင်ရောက်ရှိမည်ကို ပြောရခက်နေသေးသည်။

ပြီးတော့ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ယိုးမင်ဂိုဏ်းဌာနခွဲမှ ဝူကျိရှိုးနှင့် နျဲ့စန်းတို့က သူတို့ကို ပန်းပွင့်ငြိမ်းချမ်းနယ်မြေတွင် ဆက်မရှိစေလိုသည်မှာ ထင်ရှားသည်။

နှစ်ဦးနှစ်ဖက် ယခုချိန်ထိ အခြေအနေကောင်းမွန်နေဆဲဖြစ်သောကြောင့် ရန်ကျောက်ကဲက ယိုးမင်ဂိုဏ်း ဌာနခွဲတွင် မည်သို့သော ရိုးရာထုံးတမ်းပွဲတောင်မျိုးကျင်းပမည်ကို စူးစမ်းလိုစိတ်ရှိသည့်တိုင် အရမ်းကာရော မစုံစမ်းခဲ့ပေ။

“ဒီ ‘ရန်’ က ယိုးမင်ဂိုဏ်းချုပ်နဲ့တွေ့ရမှာကို ဝမ်းသာနေတာပါ”

ရန်ကျောက်ကဲက ဆိုသည်။

“ဧည့်သည်ဆိုတာ အိမ်ရှင်စီမံတဲ့အတိုင်း လိုက်နာရမှာသဘာဝပဲဆိုတော့... အကြီးအကဲတို့အစီအစဉ်အတိုင်းပဲ လိုက်နာပါ့မယ်”

နျဲ့စန်းက ပြုံးကာ ခေါင်းညိတ်ရင်း...

“ဒါဖြင့် ‘ရန်’ သခင်လေးတို့ အသင့်ဖြစ်ပြီဆိုရင် ခရီးထွက်ဖို့ လမ်းပြတစ်ယောက် စေလွှတ်ပေးပါ့မယ်”

မကြာမီပင် ရန်ကျောက်ကဲတို့အားလမ်းပြပေးမည့် ယိုးမင်ဂိုဏ်းမှသိုင်းသမား ရောက်ရှိလာသည်။ စောစောကပင် ဆုံခဲ့သော အကြီးအကဲ’ချန်ခဲ့’ ဖြစ်၏။

စကားအနည်းငယ်ပြောဆိုကြည့်သည့်အခါ ချန်ခဲ့ကိုယ်တိုင်က ရန်ကျောက်ကဲတို့အုပ်စုကို လိုက်ပို့ရန် ဝူကျိရှိုးနှင့် နျဲ့စန်းတို့ထံ ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း သိရသည်။

ယိုးမင်ဂိုဏ်း အလင်းမဲ့ခန်းမမှ အကြီးအကဲတစ်ယောက်ဖြစ်သော ဤ ပထမအဆင့် သိုင်းသူတော်စင်သည် အဂ္ဂိရတ်ပညာအပေါ် အတော်လေး အစွဲအလန်းကြီးသည်။ သူက ဤခရီးစဉ်ကို အသုံးချပြီး ရန်ကျောက်ကဲထံမှ ညွှန်ပြချက်များ ရယူလိုသည်မှာ ထင်ရှား၏။

ရန်ကျောက်ကဲကလည်း သူ့အား ထိုသို့ပြုလုပ်ခြင်းမှ တားဆီးမည် မဟုတ်ပေ။

သို့သော် သူတို့ ယိုးမင်ဂိုဏ်းဌာနခွဲမှထွက်ခွာလာပြီး ခပ်ဝေးဝေးသို့ပင် မရောက်ခင်မှာပင် အဝေးတစ်နေရာမှ ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်သော ‘ရန်ကျောက်ကဲ’ သည်ပင် ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ လောင်ကျွမ်းသွားသည့်အလား ခံစားရပြီး တစ်ကိုယ်လုံးထုံကျင်ကာ အသက်ရှူမဝ ဖြစ်လာသည်။

“ဟင်...”

ရန်ကျောက်ကဲမျက်ဝန်းများ အနည်းငယ် အာရုံစူးစိုက်သွားပြီး...

“တာ့ရွှမ်တိုင်းပြည်က အမတ်မင်းဟိုင်ချန် ရောက်လာတာလား”

“မဟုတ်သေးဘူး ၊ ယိုးမင်ဂိုဏ်းစကားအရဆိုရင် အမတ်မမင်းဟိုင်ချန်က သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်ပဲ ရှိသေးတယ် ၊ သူက အရမ်းအစွမ်းထက်တယ်ဆိုပေမယ့် အခုတွေ့နေရတဲ့ရောင်ဝါက သူ့ထက်ပိုပြီးအားကောင်းနေတယ်”

ချန်ခဲ့ကို လှည့်ကြည့်လိုက်တော့ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။

ခဏမျှတုံ့ဆိုင်းသွားပြီးနောက် သူက မျက်စိပျက်မျက်နှာပျက်နှင့်ပင် ရန်ကျောက်ကဲတို့အားလုံးကို ယိုးမင်ဂိုဏ်းဌာနခွဲသို့ ပြန်ခေါ်လာခဲ့သည်။

အလုံးစုံလွှမ်းခြုံထားသော မီးတောက်မီးလျှံများက တစ်ခဏအတွင်း ကောင်းကင်တစ်ခုလုံး လင်းထိန်သွားစေပြီး ပန်းပွင့်ငြိမ်းချမ်းနယ်မြေတစ်ခုလုံးသာမက အနီးပတ်ဝန်းကျင်နယ်မြေများသည်ပင် အစစ်အမှန်ကောင်းကင်ပြင်ကို မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း...

“ကြည့်ရတာတော့ နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တွေရဲ့ စွမ်းအားရောင်ဝါမျိုးပဲ ၊ ထူးကဲယန်စည်းတံဆိပ်က အလယ်ဆင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းစွမ်းအားကို ပိုင်ဆိုင်ထားတယ် ၊ ဒါပေမဲ့ အဲဒါကို အခု အသုံးပြုမယ်ဆိုရင်တောင် ဒီပုဂ္ဂိုလ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

ဖန်းယွင်ရှန်းနှင့် အားဟူတို့လည်း ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်ကြသည်။ ယိုးမင်ဂိုဏ်းဌာနခွဲကို ပင်မအစီအရင်ကြီးက အကာအကွယ်ပေးထားသည့်တိုင် သူတို့ခန္ဓာကိုယ်များတွင် ပူလောင်မှုဝေဒနာကို ခံစားနေကြရဆဲပင်။

ချန်ခဲ့က အလေးအနက်ဆိုသည်။

“အဲဒါ တာ့ရွှမ်တိုင်းပြည် ကာကွယ်သူအရှင်သခင် (၄)ယောက်ထဲက တစ်ယောက်ဖြစ်လိမ့်မယ်”

ရန်ကျောက်ကဲ နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။

အရင်က ကျူတောပင်လယ်ဒေသတွင် လောကပထမဖြစ်ခဲ့သော တာ့ရွှမ်တိုင်းပြည် တည်ထောင်သူဧကရာဇ် ‘ရွှမ်ဝမ်’ နှင့် သားတော် ‘ရွှမ်ချန်’ ဧကရာဇ်တို့ မရှိတော့သလို ယခု တော်လှန်ပုန်ကန်မှုများကြောင့် တာ့ရွှမ်တိုင်းပြည် အတော်လေး အင်အားနည်းပါးသွားခဲ့သည်။

ကျူတောပင်လယ်ဒေသတစ်လျှောက်တွင် ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနှင့် အခြားသော အဓိကအင်အားစုများက နံပါတ် (၁) စွမ်းအားစုဖြစ်သော တာ့ရွှမ်တိုင်းပြည်အား ရှင်းထုတ်ပစ်ရန် စုစည်းခဲ့ကြသည်။ သူတို့၏ စုပေါင်းစွမ်းအားက သာမန်မဟုတ်ပေ။

တာ့ရွှမ်တိုင်းပြည်၏ ကာကွယ်သူအရှင်သခင် (၄)ယောက်လုံးက ရွှမ်ဝမ်ဧကရာဇ်၏သားတော် ၊ ရွှမ်ချန်ဧကရာဇ်၏ ညီတော်များဖြစ်ကြသည်။ သူတို့က ကျူတောပင်လယ်ဒေသတွင် ကိုယ်ပိုင်နယ်မြေများ အပိုင်စားရထားပြီး စိုးစံနေကြသူများဖြစ်ကာ တန်ခိုးစွမ်းအားများလည်း မြင့်မားကြသဖြင့် လုပ်ချင်ရာလုပ် ရမ်းကားကြသူများပင်။

ထို့ကြောင့် ဤ ကာကွယ်သူအရှင်သခင်’ကျန်း’ သည် ရန်ကျောက်ကဲ အတွက် ရောက်လာခြင်း မဟုတ်ပေ။ သူက ယိုးမင်ဂိုဏ်း ပြင်ဆင်ထားသော ပွဲတော်အတွက်ရောက်ရှိလာရန် ဖြစ်နိုင်ခြေများသည်။

“ဒီတစ်ခေါက်အတိုင်းအတာက အတော်လေးကြီးမားတာပဲ”

ရန်ကျောက်ကဲရေရွတ်လိုက်ပြီးနောက် တောက်ပသောမျက်လုံးများဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်လေသည်။

All Chapters