← Chapters

အကျပ်အတည်းကြားကအခွင့်အရေး

Vol. 45 Ch. 636

အကျပ်အတည်းကြားကအခွင့်အရေး

Vol. 45 Ch. 636

အခန်း (၆၃၆) အကျပ်အတည်းကြားကအခွင့်အရေး

အလုံးစုံတောက်ပ‌နေသော မီးတောက်မီးလျှံက ဗလာနယ်ကို ထိုးခွဲလိုက်ပြီး ပန်းပွင့်ငြိမ်းချမ်းနယ်မြေကို သီးခြားနယ်မြေတစ်ခုအဖြစ် ပြင်ပကမ္ဘာနှင့် ပိုင်းခြားလိုက်သည်။

ယိုးမင်ဂိုဏ်းဌာနခွဲတည်ရှိရာမှလည်း အနက်ရောင်ချီစွမ်းအားများ လေထဲသို့ လွင့်ပျံထွက်ပေါ်လာပြီး အဆုံးမရှိသောအမှောင်ထုက အလင်းတန်းမှန်သမျှကို ဝါးမျိုကာ ကောင်းကင်တစ်ခုလုံး ညကောင်းကင်အလား အမှောင်ကျသွားစေသည်။

ယိုးမင်ဂိုဏ်းဌာနခွဲတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး အလင်းမဲ့ခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲဖြစ်သော ‘ဝူကျိရှိုး’  ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။ သူက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်၏။

ရောက်ရှိလာသူက ကာကွယ်သူအရှင်သခင် ‘ကျန်း’ ဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် ထိုသူက စစ်သူကြီး’ယန်ကျောက်ကျန်း’အတွက် ရန်ကျောက်ကဲကို လက်စားချေရန် ရောက်ရှိလာခြင်းမဟုတ်ကြောင်း နားလည်ခဲ့သည်။

ပထမအချက်မှာ ယန်ကျောက်ကျန်းက ဇာမဏီနယ်မြေကို စောင့်ကြပ်သော သိုင်းသူတော်စင် ပထမအဆင့် စစ်သူကြီးတစ်ယောက်ဖြစ်သော်လည်း တာ့ရွှမ်တိုင်းပြည်၏ ထိပ်တန်းအဆင့် ကာကွယ်သူအရှင်သခင် (၅)ယောက်ထဲမှတစ်ယောက်က သူ့အတွက် လက်စားချေပေးရန် တာဝန်မရှိပေ။

ဒုတိယအချက်မှာ ယန်ကျောက်ကျန်း၏နောက်ခံဖြစ်သော အမတ်မင်း ဟိုင်ချန်က ကာကွယ်သူအရှင်သခင် ‘ကျန်း’နှင့် ရင်းနှီးခြင်းမရှိသည့်အပြင် နိုင်ငံရေးအရ ဆန့်ကျင်ဘက်များပင် ဖြစ်ကြ၏။ အမတ်မင်းဟိုင်ထန်က လက်ရှိ တာ့ရွှမ်ဧကရာဇ် ‘ရွှမ်မု’ ကို အခိုင်အမာထောက်ခံသော လူယုံတစ်ယောက်လည်း ဖြစ်သည်။

ထို့ကြောင့် အမတ်မင်းဟိုင်ချန်အနေဖြင့် အကူအညီရှာလိုလျှင် ကာကွယ်သူအရှင်သခင် ‘ကျန်း’ကို ရှာဖွေမည် မဟုတ်ပေ။

ကာကွယ်သူအရှင်သခင် ‘ကျန်း’ အနေဖြင့် ယနေ့ ယိုးမင်ဂိုဏ်းဌာနခွဲသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခြင်းမှာ ယိုးမင်ဂိုဏ်းကို တိုက်ခိုက်ရန်သာ ဖြစ်၏။

ထိုအချက်ကို သဘောပေါက်သည်နှင့် ဝူကျိရှိုး ၊ နျဲ့စန်းနှင့် ခြားသောယိုးမင်ဂိုဏ်းသားများ ရင်ထဲနင့်သွားကြသည်။  သူတို့ဂိုဏ်းက နေမရှိလရိပ်ပွဲတော်အတွက် ပြင်ဆင်နေသောသတင်း ပေါက်ကြားသွားခဲ့ပြီး ရန်သူများကိုပင် ဆွဲဆောင်ခဲ့သည် မဟုတ်လား။

ထို့ပြင် ရန်ကျောက်ကဲတို့အုပ်စုအပေါ်မှာပင် သက်ရောက်မှုရှိခဲ့ပြီး သူတို့သည်လည်း ပဋိပက္ခတွင်ကြားညပ်လျှက် ပန်းပွင့်ငြိမ်းချမ်းနယ်မြေတွင် ပိတ်မိနေခဲ့သည်။

ရန်ကျောက်ကဲ၏ဇာစ်မြစ်ကိုမသိနိုင်သဖြင့် ထိုလူငယ်ကို အဝေးပို့ရန် ကြံစည်ထားသည့်တိုင် ယခုတော့ တာ့ရွှမ်တိုင်းပြည်မှလူများက ပိတ်ဆို့ထားပြီဖြစ်ရာ ဘာမှမတတ်နိုင်တော့ပေ။ ဝူကျိရှိုးတစ်ယောက် ကူရာကယ်ရာမဲ့စွာပင် မချိပြုံးပြုံးမိ၏။

ယိုးမင်ဂိုဏ်းမှ ဤအကြီးအကဲသည် အလွန်အမင်း စိတ်မသက်မသာဖြစ်နေပြီး သူစီစဉ်ထားသည့်အတိုင်း မည်သည့်အရာမှဖြစ်မလာတော့ဟု ခံစားနေရသည်။

ဤသို့သောအခြေအနေတွင် ဝူကျိရှိုးသည် ကာကွယ်သူအရှင်သခင်’ကျန်း’ နှင့် စတင်တိုက်ခိုက်ခြင်းမပြုမီ ယိုးမင်ဂိုဏ်းဌာနခွဲ၏ ပင်မအစီအရင်ကြီးကို ဦးစွာအသက်သွင်းခဲ့သည်။

သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်ရှိသော ဝူကျိရှိုးသည် ကာကွယ်သူအရှင်သခင်’ကျန်း’ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည်။  သို့သော် နယ်မြေအားသာချက်နှင့် ပင်မအစီအရင်ကြီး၏ ပံ့ပိုးမှုဖြင့် သူ့တွင် တိုက်ခိုက်ရန်လုံလောက်သော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

မိုးမြေတစ်ခွင်တွင် အလွန်တရာကြီးမားသော စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့လျှက် ပကတိအမှောင်ထုကြီးက ယိုးမင်ဂိုဏ်း ဌာနခွဲတစ်ခုလုံးကို လွှမ်းခြုံထားသည်။

သို့သော် ရံဖန်ရံခါ ထွက်ပေါ်လာတတ်သောအလင်းရောင်ကြောင့် အမှောင်ထုက ရုတ်တရက် ပြိုပျက်သွားတတ်သည်။

မီးတောက်များပျောက်ကွယ်သွားသည်နှင့် မိုးမြေတစ်ခွင် အမှောင်ထုက ပြန်လည်ဖုံးလွှမ်းလာသည်။ သို့တိုင် မီးတာက်များက အခြားလမ်းကြောင်းတစ်ခုမှ နောက်တစ်ကြိမ် လျှင်မြန်စွာပင် ပြန်လည်လင်းလက်လာပေဦးမည်။

ယိုးမင်ဂိုဏ်း ဌာနခွဲသို့ ပြန်ရောက်လာသော ရန်ကျောက်ကဲသည် မိုးမြေတစ်ခွင် ပြင်းထန်သောတိုက်ပွဲကို လှမ်းကြည့်အကဲခတ်ရင်း နက်နက်နဲနဲ တွေးတောနေ၏။

အားဟူက ခါးသက်သောအမူအရာဖြင့်...

“သခင်လေး... ကျွန်တော်တို့လည်း သူတို့ပဋိပက္ခထဲ ဆွဲသွင်းခံရပြီ ၊ အခု ဘာလုပ်ကြမလဲ ၊ တကယ်လို့ ဒီ ယိုးမင်ဂိုဏ်းခွဲကျသွားတယ်ဆိုရင် တာ့ရွှမ်တိုင်းပြည်က ကျွန်တော်တို့ကိုလည်း အလွတ်ပေးမှာ မဟုတ်ဘူးနော်”

ရန်ကျောက်ကဲက ကောင်းကင်ထက် ခေါင်းမော့ကြည့်ရင်း...

“လောလောဆယ်တော့ ဘာပြဿနာမှ မရှိသေးပါဘူး ၊ အချိန်ကြာလာရင်တော့ ပြောရခက်တယ်”

လက်ရှိတွင် ယိုးမင်ဂိုဏ်းဌာနခွဲက ပွဲတော်တစ်ခုအတွက် ပြင်ဆင်နေသဖြင့် ဤနေရာကို အကာအကွယ်ပေးထားသော ပင်မအစီအရင်က ပုံမှန်အခြေအနေတွင် မရှိပေ။

အစီအရင်က လှည့်ပတ်နေသော်လည်း တာ့ရွှမ်တိုင်းပြည်မှ ကာကွယ်သူအရှင်သခင် ‘ကျန်း’ ကဲ့သို့လူမျိုးနှင့် အချိန်ကြာမြင့်စွာ ရင်ဆိုင်ရမည်ဆိုလျှင် တဖြည်းဖြည်း စွမ်းအားလျော့နည်းသွားမည် ဖြစ်သည်။

ဖန်းယွင်ရှန်းက...

“အခု တာ့ရွှမ်ဧကရာဇ်က ဘုရင့်နေပြည်တော်ကနေ ထွက်လာပြီး ကိုယ်တိုင်စစ်တပ်ကိုဦးဆောင်လာတယ်လို့ သတင်းရတယ် မဟုတ်လား ၊ အဲဒါက သူ့မှာ ကျောထောက်နောက်ခံတစ်ခုခုရှိရမယ်လို့ ကျွန်မတို့ သံသယဝင်ခဲ့ကြတယ်လေ”

“ယုတ္တိကျကျပြောရရင် ကာကွယ်သူအရှင်သခင်’ကျန်း’လို တန်ခိုးစွမ်းအားရှင်က ဧကရာဇ်’ရွှမ်မု’ နဲ့အတူ ရှိနေသင့်တယ် ၊ ဒါပေမဲ့ သူက ဘုရင့်တပ်တော်က ခွဲထွက်လာပြီး ဒီနေရာကို ရောက်လာခဲ့တယ် ၊ ကြည့်ရတာ... ကျွန်မတို့ သံသယဝင်တဲ့အတိုင်း တာ့ရွှမ်တိုင်းပြည်က ကျောထောက်နောက်ခံတစ်ခုခုကြောင့် ယုံကြည်မှုရှိနေတာကို သက်သေပြတာပဲ”

ရန်ကျောက်ကဲက စဉ်းစားနေရင်း...

“ဒါပေမဲ့ ကျူတောပင်လယ်ဒေသက တခြားစွမ်းအားစုတွေနဲ့ ပူးပေါင်းမယ်ဆိုရင်တောင် ယိုးမင်ဂိုဏ်းအနေနဲ့ ဒီအန္တရယ်ကို ဖြေရှင်းဖို့ လွယ်မှာမဟုတ်ဘူး”

ထိုစကားကြားတော့ အားဟူက...

“သခင်လေး... ဒါဆို ယိုးမင်ဂိုဏ်း အဓိကပလ္လင်လည်း မလုံခြုံဘူးလို့ ဆိုလိုတာလား”

ရန်ကျောက်ကဲက...

“ယိုးမင်ဂိုဏ်း အဓိကပလ္လင်တည်နေရာက အမြဲတမ်း လျှို့ဝှက်ဆန်းကျယ်ပြီး လူသိနည်းတယ် ၊ ဒါပေမဲ့ တာ့ရွှမ်တိုင်းပြည် အင်နဲ့အားနဲ့ရောက်လာတာကိုကြည့်ရရင် သူတို့ အောင်မြင်မှုရမယ်လို့ ယုံကြည်နေပုံပဲ”

“ငါထင်တာမမှားဘူးဆိုရင် ယိုးမင်ဂိုဏ်းကကျင်းပဖို့ပြင်ဆင်နေတဲ့ ရိုးရာထုံးတမ်းအခမ်းအနားက အတော်လေး အရေးပါပုံရတယ် ၊ အတိုင်းအတာလည်း အတော်ကြီးမားလိမ့်မယ် ၊ အဓိကပလ္လင်မှာကျင်းပမယ့်အခမ်းအနားရဲ့ အစိတ်အပိုင်းအဖြစ် ဌာနခွဲတွေက တည်ရှိနေလို့ ညှိနှိုင်းကျင်းပရမယ့် ပွဲတော်တစ်ခုလားလို့ သံသယဖြစ်မိတယ်”

“အဲဒီလိုမျိုး ဂိုဏ်းဌာနခွဲတွေနဲ့ အဓိကပလ္လင်အတူတူ ပွဲတော်ပြုလုပ်မယ်ဆိုရင်... တာ့ရွှမ်တိုင်းပြည်က ဒီအခွင့်အရေးကို အသုံးချပြီး အဓိကပလ္လင်တည်နေရာကိုသိရဖို့ ကြိုးစားမှာပဲ”

အားဟူက...

“တာ့ရွှမ်တိုင်းပြည်က ဘာလို့ ကွမ်းမင်ဂိုဏ်းကိုကျ ပြဿနာသွားမရှာရတာလဲ ၊ ကွမ်းမင်ဂိုဏ်း ဌာနချုပ်ဆိုရင် ရှာရလွယ်မှာ မဟုတ်ဘူးလား ၊ ဘာလို့ ယိုးမင်ဂိုဏ်းကိုမှ လာပြီးပြဿနာရှာနေရတာလဲ”

အားဟူ ရုတ်တရက်စကားကိုရပ်လိုက်ပြီး သဘောပေါက်သွားဟန်ဖြင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက အားဟူအတွေးမှန်ကန်ကြောင်း ပြုံးလျှက် ခေါင်းညိတ်ထောက်ခံ၏။

အားဟူရင်ထဲ နာကျင်သွားသည်။

သုံးယောက်သား အကြည့်ချင်းဖလှယ်ရင်း ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။

ထူးကဲယင်သရဖူနှင့် ထူးကဲယန်စည်းတံဆိပ်နောက်လိုက်နေသည့် ကွမ်းမင်ဂိုဏ်းက လွန်ခဲ့သောအချိန်အတွင်း အစွန်းရောက်ရှစ်ပါးကမ္ဘာကို အာရုံစိုက်ခဲ့ပြီး ဝါဒတောင်ကို တိုက်ခိုက်ခဲ့ကြသည်။ သို့ဖြစ်ရာ ကျူတောပင်လယ်ဒေသပုန်ကန်မှုတွင် အခြားသောအင်အားစုများက ယိုးမင်ဂိုဏ်းလောက် လှုပ်ရှားနိုင်ခြင်း မရှိခဲ့ကြပေ။

ယိုးမင်ဂိုဏ်းကတော့ မကြာသေးမီနှစ်များအတွင်း ပုန်ကန်တော်လှန်ခြင်းတွင် ထူးခြားတက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့ကြောင့် တာ့ရွှမ်တိုင်းပြည်၏ အဓိကပစ်မှတ်ဖြစ်လာသည်မှာ မဆန်းပေ။

ယိုးမင်ဂိုဏ်း အဓိကပလ္လင်သည် ကွမ်းမင်ဂိုဏ်းဌာနချုပ်ထက်ပိုမိုလျှို့ဝှက်သော်လည်း ယခုတစ်ကြိမ်တွင် ရှာဖွေနိုင်ခဲ့သဖြင့် ယိုးမင်ဂိုဏ်းတစ်ခုလုံးကို ချေမှုန်းပစ်ရန် ရှားပါးသောအခွင့်အရေး ရရှိခြင်းပင်။

ထို့ပြင် ယိုးမင်ဂိုဏ်းက ကျင်းပရန်စီစဉ်နေသော ရိုးရာထုံးတမ်းပွဲတော်က အတော်လေး ထူးခြားထင်ရှားသည်။ ပွဲတော်အောင်မြင်ခဲ့ပါက တာ့ရွှမ်မင်းဆက်အတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သဖြင့် ဤသို့ ယိုးမင်ဂိုဏ်းကို ပစ်မှတ်ထားရခြင်းလည်း ဖြစ်၏။

ရန်ကျောက်ကဲက မျက်လုံးများကို ကျဉ်းမြောင်းရင်း သူ့အရှေ့မှ ယိုးမင်ဂိုဏ်းဌာနခွဲကိုကြည့်လိုက်သည်။

“အကျပ်အတည်းအန္တရယ်... အကျပ်အတည်းအန္တရယ်တွေထဲမှာ အခွင့်အရေးတွေလည်း ရှိတတ်ပါတယ်”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“မင်းတို့တွေ အသင်္ချေနဂါးနန်းတော်ထဲ ဝင်နေကြ...”

ဖန်းယွင်ရှန်း ၊ အားဟူနှင့် ပန်ပန်တို့က ရန်ကျောက်ကဲ ပြောသည့်အတိုင်း အသင်္ချေနဂါးနန်းတော်အတွင်း ဝင်ရောက်သွားကြသည်။

လောလောဆယ်မှာတော့ ယိုးမင်ဂိုဏ်းဌာနခွဲတွင် ကြီးမားသောတိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်နေသည်။

မီးလျှံများဖြင့် ပြည့်နက်နေသော ကောင်းကင်ယံတွင် နက်မှောင်နေသည့် လှံရှည်တစ်စင်း ရုတ်တရက် ပေါ်လာသည်။ ထိုလှံရှည်က မိုးမြေတစ်ခုလုံးအား လွှမ်းခြုံထားပုံရပြီး အနှိုင်းမဲ့ စွမ်းအားကြီးမားလွန်းသည်။

ထိုလှံရှည် သက်ဆင်းလာသည်နှင့် ရတနာ (၇)ပါးနှင့်အတူ နတ်ဘုရားငှက်ကြီး (၇)ကောင်က လေထဲတွင် တောင်ပံခတ်လျှက် ကခုန်နေကြသည်။ ထို နတ်ဘုရားငှက်ကြီးများမှာ ဇာမဏီ ၊ အပြာရောင်ငှက် ၊ ဂဠုန်ငှက်ကြီး ၊ ‌ဒေါင်း ၊ ကြိုးကြာဖြူ ၊ ငန်းနှင့် ဇီးကွက် တို့ ဖြစ်ကြသည်။

သူတို့ ပျံသန်းလာသည်နှင့် လေထဲတွင် ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး ရှေးဟောင်းခေတ်က အမှန်တကယ်တည်ရှိခဲ့သော အစစ်အမှန် နတ်ဘုရားငှက်ကြီးများပမာ ခံစားရ၏။

ဗလာနယ်မီး ၊ ကျောက်သားမီး ၊ သစ်သားမီး ၊ သမာဓိမီးတာက် ၊ သေတတ်သောမီးတောက် - ဤ မီးတောက် (၅)မျိုးသည်လည်း ကြောက်မက်ဖွယ်ရာ လှံရှည်ဖြင့် ပေါင်းစပ်သွားပြီး ယိုးမင်ဂိုဏ်းခွဲဆီသို့ ထိုးစိုက်ဆင်းသက်လာသည်။

ဤသည်က မဟာဂဠုန်လှံသိုင်းနှင့် ကျောက်သားမီးတောက်ကိုသာ အသုံးပြုခဲ့သော ယန်ကျောက်ကျန်းနှင့် မတူညီပေ။

တာ့ရွှမ်တိုင်းပြည်၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော မီးငါးသွယ်သိုင်းပညာနဲ့ ရတနာခုနစ်သွယ်လှံသိုင်း၏ အမှန်တကယ်ပြီးပြည့်စုံသော သိုင်းပညာကို ထုတ်ဖော်အသုံးပြုခြင်းဖြစ်ပြီး အဆုံးစွန်သောစွမ်းအား ပေးစွမ်းသလို အလွန်တရာလည်း အံ့သြဖွယ်ကောင်းသည်။

ထိုလှံရှည်အောက်မှ ဗလာနယ်သည်ပင် လောင်ကျွမ်းပျက်ဆီးသွားသည့်အလား ထင်မှတ်ရ၏။

ဝူကျိရှိုးက လက်ဖဝါးနှစ်ဖက် တစ်ပြိုင်တည်းရိုက်ထုတ်ပြီး လှံရှည်ကိုရင်ဆိုင်လိုက်ပြီး သူ့မျက်နှာအမူအရာက အလွန် လေးနက်နေသည်။

အကန့်အသတ်မရှိသောအမှောင်ထုက ဧရာမလှိုင်းလုံးကြီးများပမာ ဆင်းသက်လာသောလှံရှည်ကို တားဆီးလိုက်သည်။ အမှောင်ထုစွမ်းအားတွင် အဖျက်စွမ်းအားများပြည့်နက်နေပြီး အလင်းရောင်မှန်သမျှ စုပ်ယူသော တွင်းနက်တစ်ခုအလား ဖြစ်သည်။

နျဲ့စန်းနှင့် ယိုးမင်ဂိုဏ်းမှ အခြားသော တန်ခိုးစွမ်းအားရှင်များကလည်း ကာကွယ်သူအရှင်သခင်’ကျန်း’ နှင့် အတူ လိုက်ပါလာသော တာ့ရွှမ်တိုင်းပြည်မှလူများကို ပြင်းထန်စွာ တိုက်ခိုက်နေသည်။

တိုက်ခိုက်နေသူများထဲတွင် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များပါဝင်ပြီး မိုးမြေတစ်ခွင်ပြေင်းပြန်လှန်ပစ်တော့မည့်အလား ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများကို ပြသကြ၏။

ဤမျှပြင်းထန်သောတိုက်ပွဲကြီး၏ဘေးအန္တရယ်ကို ခံနိုင်ရည်ရှိခြင်းမှာ အထက်ဘုံကမ္ဘာ၏ ဝိညာဉ်စွမ်းအားကြွယ်ဝမှုနယ့် စကြာဝဠာနယ်နိမိတ်များ တည်ငြိမ်မှုကြောင့် ဖြစ်သည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာဆိုလျှင် တိုက်ပွဲစတင်တိုက်ခိုက်ရုံဖြင့် ကမ္ဘာများပါ ပြိုကျသွားပေမည်။

ရန်ကျောက်ကဲ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူ၏ခန္ဓာကိုယ်ထက်တွင် ရေခဲချပ်ဝတ်ပေါ်လာပြီး ချပ်ဝတ်မျက်နှာပြင်တွင် ရေခဲနဂါးများစွာ လှည့်ပတ်လျှက် ရှိသည်။

ထို့နောက် သူက ယိုးမင်ဂိုဏ်းဌာနခွဲတည်ရှိရာ အမြင့်ဆုံးဒေသသို့ ဦးတည်ပျံသန်း ထွက်ခွာသွားလေသည်။

All Chapters