← Chapters

သစ်ရွက်တစ်ရွက်

Vol. 53 Ch. 737

သစ်ရွက်တစ်ရွက်

Vol. 53 Ch. 737

အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ရိုက်ညောင်းဖြာထွက်သွားသည်။ ‌သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် သူ၏ပြိုင်ဘက်များပင်လျှင် မိစ္ဆာတမန်တော်ကြီး၏ ပေါက်ကွဲမှုကို သတိမထားမိဘဲ မနေပေ။

ပေါက်ကွဲအားက သွေးမိစ္ဆာဂိုဏ်းသားသုံးသောင်းအား နောက်ဆုတ်နိုင်အောင် ကူညီပေးလိုက်သည်။ သို့သော် ပေါက်ကွဲမှုနယ်ပယ်အတွင်းရှိ အခြားသူများအတွက်တော့ ၎င်းမှာ ဖွတ်ဖွတ်ညက်ညက် ကြေသွားစေသော တိုက်ကွက်ကြီးတစ်ကွက်အလားပင်။

ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့် ပညာရှင်က ထိတ်ခနဲ ဖြစ်သွားရင်း ပေါက်ကွဲမှုအားလှိုင်းတို့ကို ကာဆီးရန် ဆုံးဖြတ်၍ ရှေ့တက်သွားသည်။ ကျင်းဟန်ဂိုဏ်းမှ ရုပ်သေးရုပ်ကြီးနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးပင် ထိုအတိုင်း လုပ်လိုက်ကြသည်။

မဟုတ်လျှင် သူတို့ဂိုဏ်းနှင့်မျိုးနွယ်စုများ၏ ဆုံးရှုံးမှုမှာ အလွန်ဆိုးရွားလွန်းလိမ့်မည်။

သို့ထိတိုင် ‌အားလှိုင်း၏ဆောင့်တိုက်မှုကို မရှောင်နိုင်သော ကျင့်ကြံသူများစွာ ရှိနေသေးပြီး အကုန်လုံး မီးလောင်ပြာကျကုန်သည်။

မျက်စိတစ်မှိတ်လေးနှင့် ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်းနှင့် လီမျိုးနွယ်စုအပြင် သင်းကွဲကျင့်ကြံသူများအားလုံး အကျအဆုံးများသွားကြသည်။ ယီးကျန့်ဂိုဏ်း၏ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ပညာရှင် ၊ ကျင်းဟန်ဂိုဏ်း၏ ရုပ်သေးရုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးတို့၏ ကျေးဇူးကြောင့်သာ အကျအဆုံးမှာ တစ်ဝက်ခန့် လျော့သွားခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် သည့်ထက်ပို၍ပင် သေဆုံးရလိမ့်မည်။

အနီးနားရှိ သင်းကွဲကျင့်ကြံသူများမှာတော့ ကံမကောင်းစွာနှင့် သူတို့ကို ကူညီပေးမည့်လူ မရှိပေ။ ပေါက်ကွဲအားလှိုင်းများက ကျန်ရှိသော ‌လျှပ်စီးမြွေများနှင့်အတူ သူတို့ကို အရှင်းသုတ်သင်ပစ်လိုက်၏။ ထို့နောက်တွင် သင်းကွဲကျင့်ကြံသူတစ်ယောက်တလေမှ မမြင်ရတော့ပေ။

ပြောရလျှင် ဤစစ်ပွဲသည် သင်းကွဲကျင့်ကြံသူများအတွက် ပါဝင်ရန် အရည်အချင်းမမှီသော စစ်ပွဲဖြစ်၏။ သူတို့က ‌တပ်ဖွဲ့လေးဖွဲ့၏ အကူအညီဖြင့် သွေးမိစ္ဆာဂိုဏ်းကို သုတ်သင်ရခြင်းမှာ လွယ်ကူသော အလုပ်လေးတစ်လုပ်ဟုသာ ဖြစ်သည်ဟု ယုံကြည်ခဲ့လေသည်။ သွေးမိစ္ဆာဂိုဏ်းက ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

ထို့ပြင် မိစ္ဆာတမန်တော်ကြီးမှာလည်း ... ပထမမန္တန်ဝင်္ကပါသာ ဖြစ်သေးသည်။

မိစ္ဆာတမန်တော်ကြီး ပျက်စီးသွားသောအခါ လေထုသည် ပုံပျက်ရှုံ့တွသွားပြီး သွေးမိစ္ဆာဂိုဏ်း၏တောင်ထိပ်ငါးခုအား ရုတ်တရက် မြင်လာရသည်။

တောင်ထိပ်ငါးခုသည် အမှန်တွင် မြေကြီးထဲ ခွက်ဝင်နေသော ဧရာမချိုင့်ဝှမ်းကြီးထဲတွင် တည်ရှိနေခြင်းဖြစ်၏။ ၎င်းတို့ကို မျက်စိကျိန်းမတတ် တောက်ပနေသော ငါးလွှာအကာအကွယ်တစ်ခုက ဝန်းရံထားသည်။ ၎င်းသည် ဖြတ်လမ်းနည်းဖြင့် ဝင်ရောက်မလာနိုင်အောင် ပြုလုပ်ထားသော အရာဖြစ်သည်။ ဝင်ရောက်နိုင်ဖို့အတွက် အနည်းဆုံး တစ်ကြိမ်လျှင် တစ်လွှာတော့ ဖျက်စီးရပေမည်။

ယင်းက သွေးမိစ္ဆာဂိုဏ်း လိုချင်သောအရာနှင့် ကွက်တိပင်။ တပ်ဖွဲ့လေးဖွဲ့အနေဖြင့် အကာအကွယ်များကို တိုက်ခိုက်၍ တန်ပြန်တိုက်ကွက်များကို တောင့်ခံရမည်ဖြစ်သည်။ ထို့ကြောင့် အကာအကွယ်ကို ဖျက်စီးဖို့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမည်ဟု ဆိုလိုသည်။

မိစ္ဆာတမန်တော်ကြီးထံမှ အဟုန်ကို ငှားရင်း မန်ဟိုသည် သွေးမိစ္ဆာဂိုဏ်းသားသုံးသောင်းကို ဂိုဏ်းထဲသို့ ပြန်‌ခေါ်လာ၏။ သူတို့ ဒုတိယအလွှာကို ကျော်လာသည်နှင့်တစ်ပြိုင်နက် ကျန်သွေးမိစ္ဆာဂိုဏ်းသားများက သူတို့ကို လာရောက် တွဲကူပေးကြပြီး ဆေးလုံးများ သောက်သုံး‌စေသည်။

မန်ဟိုမှာမူ မျက်နှာဖြူဆုပ်နေသည်။ သူသည် စစ်ပွဲတစ်လျှောက်လုံး သူ့ကိုယ်သူ များစွာ အားနည်းစေခဲ့သော်လည်း ယခုတွင် အနားယူဖို့ အချိန်မရှိပေ။ သူက မန္တန်ဝင်္ကပါအကာအကွယ်၏အပြင်ရှိ အခြေအနေကို နှိုင်းချင့်သုံးသပ်ရင်း ရပ်နေ၏။

သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးက ဂိုဏ်းသားနှစ်သောင်းဖြင့် ခြံရံလျက် ဘေးတွင် တင်ပျဥ်ခွေထိုင်နေကြသည်။ သံမဏိသွေးတပ်ဖွဲ့များက ဒုတိယမန္တန်ဝင်္ကပါမှ ဖန်ဆင်းထားသော ပထမအလွှာကို စောင့်ရှောက်ဖို့ တာဝန်ရှိလေသည်။

မန်ဟို့အနောက်တွင် တောင်ထိပ်အသီးသီးမှ ကျင့်ကြံသူအားလုံးသည် ဒုတိယမန္တန်ဝင်္ကပါ၏ ကျန်အလွှာလေးလွှာကို ထိန်းသိမ်းနေကြ၏။

အကာအကွယ်၏အပြင်တွင်တော့ ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်းနှင့် လီမျိုးနွယ်စုတို့အားလုံးမှာ စောစောက အဖြစ်အပျက်များကြောင့် အံ့ဩထိတ်လန့်သွားကြ၏။ သို့သော် သွေးမိစ္ဆာဂိုဏ်း၏ တောင်ထိပ်ငါးခုကို မြင်သောအခါ သူတို့၏သတ်ဖြတ်လိုစိတ်မှာ ထိုးတက်သွားတော့သည်။

"သတ်ကြ တစ်ယောက်မှ အရှင်မထားနဲ့"

"သွေးမိစ္ဆာဂိုဏ်းကို အမြစ်ဖြုတ်ပစ်ဖို့ အချိန်ကျလာပြီ"

"အခုကစပြီး တောင်ပိုင်းဒေသမှာ သွေးမိစ္ဆာဂိုဏ်းဆိုတာ မရှိစေရဘူး"

အသံများ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် ‌ကျန်ရှိသောကျင့်ကြံသူသိန်းချီသည် သွေးမိစ္ဆာဂိုဏ်းသို့ ချီတက်သွားကြ၏။

ရန်သူကျင့်ကြံသူများမှာ မြောက်မြားလွန်း၍ အဆုံးပင် မမြင်ရ‌သလောက်ပင်။ စောစောက မန်ဟိုသည် ‌ဧရာမမိစ္ဆာတမန်တော်ကြီးနှင့် တစ်သားတည်းဖြစ်နေခဲ့၍ သူတို့တပ်ဖွဲ့အင်အားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ယခုတော့ မိစ္ဆာတမန်တော်ကြီးမှာ ဖျက်စီးခံလိုက်ရပြီး သူလည်း ဤနေရာသို့ ပြန်လည်ဆုတ်ခွာလာခဲ့ရာ သူ မြင်မြင်သမျှကား အရပ်မျက်နှာတစ်ခွင်၌ မျက်စိတဆုံး ပြွတ်သိပ်နေသော ရန်သူကျင့်ကြံသူများဖြစ်၏။

ဤမြောက်မြားသော ပမာဏက သူ့ကို ခေါင်းနပန်းကြီးသွားစေသည်။

ရန်သူကျင့်ကြံသူများသည် သွေးမိစ္ဆာဂိုဏ်း၏ ဒုတိယမန္တန်ဝင်္ကပါမှ ဖော်ဆောင်ထားသော ဧရာမငါးလွှာအကာအကွယ်ကြီးဆီသို့ လေကိုခွင်းလျက် တရွှီးရွှီးလာနေကြ၏။

အကာအကွယ်ရှိနေသည့်တိုင် သွေးမိစ္ဆာဂိုဏ်းသားတို့၏ တိုက်ခိုက်လိုသည့် စိတ်အဟုန်ကား တစ်ပြားသားမျှ လျော့ကျမသွားခဲ့သည့်အပြင် ရန်သူတပ်ဖွဲ့များ အကာအကွယ်ကို ဝင်တိုက်သွားရန်သာ စောင့်စားနေကြသည်။

သို့သော် ဤအခိုက်အတန့်တွင် တောက်ပနေသော အလင်းတန်းတစ်တန်းက အထက်ကောင်းကင်ယံမှ စစ်မြေပြင်ဆီသို့ ‌ပြေးဝင်လာနေသည်။ ၎င်းသည် လေကို ထက်ပိုင်းခြမ်း၍ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာနေ၏။ မိုးကောင်းကင်ပင်လျှင် ၎င်းကြောင့် ကွဲအက်နေသည့်အလားပင်။

ယခုတွင် မြင်လိုက်ရသည်ကား သစ်ရွက်တစ်ရွက်။

၎င်း၏ ပစ်မှတ်က မည်သူ့ကိုမှမဟုတ်၊ သွေးမိစ္ဆာဂိုဏ်း၏ ဒုတိယမန္တန်ဝင်္ကပါကိုပင်။

"ရာရာစစ" ‌အခြားခေါင်းဆောင်ကြီးများနှင့် တိုက်ခိုက်နေဆဲဖြစ်သည့် သွေးမိစ္ဆာဂိုဏ်းချုပ်က ‌ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်ပြီး ‌သွေးအလင်းတန်းတစ်တန်းက လာနေသောသစ်ရွက်ဆီသို့ ပြေးဝင်သွား၏။

ဂျိန်း

သစ်ရွက်သည် တစ်ဝက်ကျော် ပျက်စီးသွား၏။ သို့သော် ၎င်းကို ဖွဲ့စည်းထားသော အစိမ်းရောင်တန်းတစ်တန်းက သွေးအလင်းရောင်ကို ‌ဖြတ်ကျော်သွားလိုက်နိုင်သေးသည်။ အစိမ်းရောင်အတန်းသည် ဒုတိယမန္တန်ဝင်္ကပါကို ပြေးဆောင့်၍ အလွှာ (၅) ၊ အလွှာ (၄) ၊ အလွှာ (၃) အထိ ဖောက်ဝင်သွားပြီး နောက်ဆုံး အလွှာ (၂) မှ ရပ်သွား၏။

အလွှာ (၅) ၊ (၄) နှင့် (၃) တို့အားလုံး တုန်ခါလှုပ်ရမ်းသွားသည်။ ၎င်းတို့မှာ ပြိုကျမသွားသော်လည်း ယခုတွင် အပေါက်ကြီးများ ရှိနေလေပြီ။

သွေးမိစ္ဆာဂိုဏ်းချုပ်က ‌ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း ကျန်ခေါင်းဆောင်ကြီးများက သူ့ကို ဘာမှမလုပ်နိုင်အောင် အစွမ်းကုန်ဟန့်တားနေကြသည်။

အကာအကွယ်တွင် အပေါက်ကြီးများ ပေါ်လာသောအခါ သွေးမိစ္ဆာဂိုဏ်းသားများ မျက်နှာပျက်သွားကြ၏။

တစ်ချိန်တည်းမှာပင် အပြင်ရှိ သိန်းချီသောကျင့်ကြံသူများ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့အား မြင်ရနိုင်လေသည်။ သူတို့သည် ချက်ချင်း ဦးတည်ရာပြောင်း၍ ပွင့်ထွက်သွားခဲ့သော အပေါက်ကြီးများဆီသို့ ပျံသန်းလာကြလေပြီ။

အပေါက်ကြီးများက သိပ်‌မကြီးသော်လည်း ဒုတိယမန္တန်ဝင်္ကပါအနေဖြင့် ပြန်ပိတ်နိုင်စွမ်းမရှိသော အပေါက်များဖြစ်၏။

ထိုကဲ့သို့ အခြေအနေတစ်ရပ်နှင့် ထိုကဲ့သို့ ရန်သူများကို ရင်ဆိုင်နေရခြင်းက သွေးမိစ္ဆာဂိုဏ်းသားများ၏မျက်နှာအပေါ်တွင် ကူကယ်ရာမဲ့မှုတို့ ပေါ်ပေါက်လာစေသည်။

"‌ဒုက္ခပဲ ... အခု ဘယ်လို ပြန်တိုက်ခိုက်ရတော့မလဲ"

"သူတို့က အလွှာတွေမှာ အပေါက်ဖြစ်အောက် လုပ်လိုက်ပြီလေ။ အဲ့ဒီနေရာတွေက အခု အားအနည်းဆုံးနေရာဖြစ်သွားပြီ။ ဘယ်လိုပြန်တိုက်ကြတော့မလဲ"

"‌ငါတို့သွေးမင်းသားက ရန်သူတွေကို အများကြီး သတ်ပေးခဲ့‌တာတောင် မျက်စိတဆုံး မြင်ရတဲ့အထိ ကျန်နေသေးတယ်.... ငါတို့မှာ မျှော်လင့်ချက်ရော ရှိသေးရဲ့လား" သဲသဲမဲမဲ တိုက်ခိုက်နေသော ရန်သူများနှင့် ‌ဟောင်းလောင်းပွင့်နေသော အပေါက်များကြောင့် သွေးမိစ္ဆာဂိုဏ်းသားများမှာ စိတ်ပျက်လက်မှိုင်ကျနေကြသည်။

ရှုချင်သည် အချိန်အတော်ကြာကြာကတည်းက သွေးမင်းသားလျှိုမြောင်မှ ထွက်လာခဲ့ကာ မန်ဟို့ကို စိုးရိမ်ပူပန်စွာ ကြည့်ရင်း တစ်ချိန်လုံး ရပ်နေခဲ့လေသည်။ သူ ‌ဘေးမသီရန်မခဘဲ ပြန်ရောက်လာ၍ သူမမှာ စိတ်သက်သာနေရာရနေဆဲရှိစဉ် ယခုလိုပြောင်းလဲသွားမှုက သူမမျက်နှာလေးကို သွေးဆုပ်ဖြူလျော်သွားစေတော့သည်။

မန်ဟိုက ကောင်းကင်ကို မော့ကြည့်၍ ပျာယာခတ်သွားပြီး တခဏကြာမှ သူ့စိတ်သူ ထိန်းလိုက်နိုင်သည်။ သူသည် စိတ်ပျက်လက်မှိုင်ကျနေသော သွေးမိစ္ဆာဂိုဏ်းသားများကို ကြည့်ပြီး စိတ်အားတက်ကြွသွားအောင် လုပ်ဖို့ မကြိုးစားပေ။ လုပ်ချင်စိတ်လည်း မရှိ။ သူ့မှာ စစ်ပွဲကြောင့် အပြစ်ရှိသလို ခံစားနေရပြီးဖြစ်ရာ သူတို့ကို အသက်စွန့်ဖို့ မည်သို့တောင်းဆိုရမည်နည်း။

သူ မတောင်းဆိုနိုင်သလို၊ မတောင်းဆိုရက်ပေ။

ရုတ်တရက် သက်ပြင်းချသံတစ်သံအား လူအုပ်ကြားမှ ကြားလိုက်ရသည်။ ပဉ္စမတောင်ထိပ်၏ ‌ခါးကုန်းအဘိုးကြီးက တရွေ့ရွေ့ လမ်းလျှောက်ထွက်လာ၏။ သူကား အလွှာ (၅) ရှိ အပေါက်ကြီးဆီ သွားဖို့ ကြံစည်နေကြောင်း သိသာသည်။

သူ့အနောက်ရှိ လှပ‌သော တပည့်မလေးက လှမ်းခေါ်လိုက်သည်။ "ဆရာ.... " သူမမျက်ဝန်းလေးတွင် ပူပန်သောကတို့ ပြည့်နှက်နေ၏။ သူမလည်း ဆရာဖြစ်သူ၏အကြံအစည်ကို ရိပ်စားမိလေသည်။

"ငါ အကြာကြီး နေထိုင်ခဲ့ဖူးသလို ၊ အများကြီးလည်း မြင်ခဲ့ပြီးပြီ" သူက အပြုံး‌လေးတစဖြင့် ပြောသည်။ "စိတ်မပူပါနဲ့ ငါ အဆင်ပြေမှာပါ" သူ ထွက်သွားတော့မည့်အချိန်မှာပင် မန်ဟိုက ရှေ့တက်လာ၏။

သူ့အနေဖြင့် သွေးမိစ္ဆာဂိုဏ်းကို မတိုက်ခိုင်းရက်သော်လည်း သူ လုပ်နိုင်သည့်အရာတစ်ခုတော့ ရှိသည်။ သူသည် လမ်းလျှောက်ထွက်လာပြီး ရှုချင်ကို လှည့်ကြည့်ကာ ခပ်ရေးရေးလေး ပြုံးပြလိုက်၏။ ထို့နောက် သွေးအေးမှုက သူ၏မျက်လုံးများတွင် ပြည့်နှက်သွားသည်။

ထို့နောက် သူသည် အကာအကွယ်၏အပြင်၊ အားနည်းနေသော တစ်ခုတည်းသော နေရာဖြစ်သည့် ထိုအပေါက်ကြီး၏အရှေ့တည့်တည့်တွင် ပေါ်လာ၏။

"သွေးမင်းသား" ခါးကုန်းအဘိုးကြီးက အထိတ်တလန့် လှမ်းအော်သည်။

"ငါ ဒီအပေါက်ကို ထိန်းထားပေးမယ်" မန်ဟိုက အေးတိအေးစက်‌ ပြောသည်။ သူကား သိသာစွာပင် မည်သည့်အရာမှ ဝင်မသွားနိုင်အောင် သူ့ကိုယ်သူ အဆို့အဖြစ် သုံးရန် ကြုံစည်နေ၏။

"ငါ့ ညာလက်မောင်းမှာ တာအိုရှာဖွေခြင်းအဆင့်စွမ်းအား ရှိထားပြီးပြီ" သူက‌ တွေးသည်။ "သွေးမိစ္ဆာမဟာမှော်သိုင်းကလည်း အုပ်စုအဖွဲ့‌တွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ အသုံးဝင်တယ်။ ငါ ဆယ်ရယ်လောက် ထပ်တောင့်ခံနိုင်ရင် ငါ့ ဒုတိယကိုယ်အစစ် နိုးထလာလိမ့်မယ်။ အဲဒီအချိန်က တိုက်ခိုက်ရမယ့် အချိန်ပဲ"

မန်ဟို အကာအကွယ်၏အပြင်တွင် ပေါ်လာသောအခါ သူ့အနောက်မှာ သွေးမိစ္ဆာဂိုဏ်းသားများက အံ့အားသင့်သွားကြသည်။

"သွေးမင်းသားးးးးး"

"သွေးမင်းသားးးးး"

မန်ဟိုက လှည့်မကြည့်ပေ။ သူသည် အသက်ပြင်းပြင်းရှူသွင်း၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။ သူ့မှာ ပင်ပန်းနေသော်လည်း ပင်ပန်းမှုကို လျစ်လျူရှု၍ သူ၏စွမ်းအားကို အမြင့်ဆုံးရောက်အောင် တွန်းပို့လိုက်သည်။

သူ၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အရှိန်အဝါ ပေါက်ကွဲထွက်လာပြီး သူ၏ညာလက်မောင်းမှ တာအိုရှာဖွေခြင်းအဆင့်ဖိအားကို တစတစ ထုတ်လွှတ်စပြုလာသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ နဝမတောင်နှင့်အတူ ပုလဲနက်ပုလဲဖြူက သူ့ကို လှည့်ပတ်လျက် မှော်ဆန်‌ဆန် ပေါ်လာသည်။

ထို့နောက် သူက သိုလှောင်အိတ်ထဲမှ သွေးမျက်နှာဖုံးကို ထုတ်၍ မျက်နှာအပေါ် တင်လိုက်သည်။

ကျင့်ကြံသူသိန်းချီကား သူ့ထံ ချဉ်းကပ်လာကြလေပြီ။

ဤအခိုက်အတန့်တွင် ‌မျက်နှာဖုံးအတွင်းမှ ဟောင်သံတစ်သံ ရုတ်တရက် ထွက်လာသည်။ သွေးနီတန်းတစ်တန်းက မန်ဟို့ဘေးသို့ ရောက်လာ၏။ ၎င်းကား .... ‌နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့သော သွေးခွေးကြီးမှတစ်ပါး အခြားမဟုတ်ပေ။

၎င်းသည် ယခင်က သေဆုံးခဲ့ရသော်လည်း ယခုပြန်ပေါ်လာရာတွင် ပို၍ပင် ကြောက်စရာကောင်းနေလေပြီ။ ၎င်း၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါက တလိပ်လိပ် ဖြာထွက်လာပြီး ၎င်း၏စွမ်းအင်မှာလည်း တရိပ်ရိပ် လှုပ်ရှားနေ၏။

မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ပြန်ရာ အချိန်ဓားထိပ်များ ပေါ်လာသည်။ ၎င်းတို့သည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် စွမ်းအားများနှင့်ယှဉ်လျှင် အသုံးမတည့်ပေ။ သို့သော် အဆုံးစွန်အထိ တိကျပြတ်သား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် အချိန်ဓားထိပ်ဆယ်ခု ပျံထွက်လာခဲ့သည်။

မန်ဟိုသည် ကြေးမုံကို အသုံးပြုရင်း ၎င်းတို့ကို ဤစစ်ပွဲအတွက် အထူးသဖြင့် ပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။

အချိန်ဓားထိပ်ဆယ်ခုသည် ပျံဝဲရင်း ဓားဝင်္ကပါတစ်ခုကို ဖော်ဆောင်လိုက်ကြသည်။ ဓားဝင်္ကဝါလည်နေစဉ် မန်ဟို၏မျက်လုံးများက သွေးရောင်တောက်လာလေသည်။

"ငါ့ထာဝရအလွှာက ငါ့သက်လုံအားကို ... အကန့်အသတ်မဲ့စေတယ်

"ငါ့ရဲ့ စိတ်ဝိညာဥ်ခွဲထွက်ခြင်းရတနာ ၊ ငါ့ရှင်သန်ခြင်းနှင်းပန်းလည်း အိပ်နေရတာ ကြာပြီဆိုတော့... ထွက်လာဖို့ အချိန်ကျပြီ" မန်ဟို၏အသက်စွမ်းအားတို့ ထိုးတက်သွားပြီး တစ်ချိန်တည်းမှာပင် အံ့ဩမှင်သက်ဖွယ်ကောင်းသော ပုံရိပ်ယောင်နှင်းပန်းက လျှပ်တပြက် ပေါ်လာ၏။

၎င်းတွင် အရောင်ငါးရောင်ရှိသော်လည်း အံ့ဩဖွယ်ကောင်းစွာနှင့် ခြောက်ရောင်အား ပွင့်ချပ်တစ်ချပ်အပေါ်တွင် မြင်သည်ဆိုရုံကလေး မြင်နေရလေသည်။

ခြောက်ရောင်မြောက်က ပေါ်လာ၊ ပျောက်လိုက်ဖြစ်နေ၏။ ၎င်း အပြည့်အစုံပေါ်လာဖို့ သိပ်မလိုတော့ကြောင်း မန်ဟို ယုံကြည်လေသည်။ ထိုခြောက်ရောင်မြောက် တည်ငြိမ်လာလျှင် အင်မော်တယ်အဆင့် တက်လှမ်းဖို့ နောက်တစ်ရောင်ဖြင့် ပွင့်လန်းဖို့သာ လိုတော့ပေမည်။

ရက်စက်ကြမ်းကြုတ်သော ရှင်သန်ခြင်းနှင်းပန်း၏ပုံသဏ္ဌာန်က လာနေသော ကျင့်ကြံသူများ၏မျက်နှာများကို ရိပ်ခနဲ ဖြစ်သွားစေသည်။

သို့သော် သူတို့က လာနေခြင်းအား မရပ်ပေ။ အကာအကွယ်အတွင်းမှ ကြည့်လျှင် မန်ဟိုက ရန်သူထောင်ပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်နေရလေသည်။ ၎င်းသည် သွေးမိစ္ဆာဂိုဏ်းသားတစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်သန္တန်တွင် ဖျောက်ဖျက်မရအောင် စွဲထင်ကျန်ရစ်သွားမည့်ပုံရိပ်၊ ထာဝရတစ်လျှောက်လုံး တည်မြဲသွားမည့် မှတ်ဉာဏ်ဖြစ်သည်။

"သေကြစမ်း" မန်ဟိုက ကြုံးဝါးလိုက်သည်။ သူသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်လောင်နေသော မျက်ဝန်းများဖြင့် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ အရှေ့သို့ ညွှန်လိုက်သည်။ သွေးခွေးကြီးက ဝုန်းဒိုင်းကြဲ ပြေးထွက်သွားပြီး အချိန်ဓားဝင်္ကပါလည်း လိုက်ပါသွား၏။ သူ့အနောက်ရှိ ရှင်သန်ခြင်းနှင်းပန်းက လာနေသော ရန်သူတပ်ဖွဲ့များဆီသို့ ကြာပွတ်သဖွယ် လက်တံကြီးများ ထုတ်လွှတ်ရင်း လူးလွန့်နေသည်။

သတ်ပွဲကြီးကား ... စတင်ခဲ့လေပြီ။

မန်ဟို့ညာလက်မောင်း၏ ခွန်အားမှာ အံ့မခန်းလိလိပင်။ လက်သီးလေးတစ်ချက်က ‌ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့် တုန်ခါသွားစေနိုင်၏။

‌သွေးအလင်းရောင်က သွေးမျက်နှာဖုံးမှ ဖြာထွက်လာသည်။ ဤသည်မှာ သွေးအင်မော်တယ် နတ်ဘုရားစွမ်းရည်ဖြစ်သည်။

မျက်နှာမဲ့ ၊ စကားတစ်ခွန်း ၊ စစ်ပွဲမီးတောက် ပေါင်းစည်းလေ

သွေးမိစ္ဆာမဟာမှော်သိုင်း ပေါ်လာသဖြင့် အတောမသပ်နိုင်သော ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားသည်။

သို့ထိတိုင် သူ ရင်ဆိုင်နေရသည်ကား သိန်းချီသော ကျင့်ကြံသူများမဟုတ်ပါလော။ ၎င်းက နှံကောင်တစ်ကောင် စစ်တပ်တစ်တပ်နှင့် အံတုဖက်ပြိုင်နေသည်နှင့်တူသည်။ အပြင်းအထန် တိုက်ခိုက်မှုက သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေပြီး သူ၏အပြင်အားကိုယ်မှာ ချက်ချင်း ကွဲပြဲလာသည်။

သို့သော် ပျက်စီးတော့မည့်လက္ခဏာများ ပြလာသည့်အချိန်မှာပင် သူ၏အပြင်အားကိုယ်က ထာဝရအလွှာ၏စွမ်းအားဖြင့် ပြန်ဆက်ပေးလိုက်သည်။ မန်ဟိုအား သတ်ဖြတ်၍မရနိုင်သူဟူ၍ သတ်မှတ်နိုင်လေသည်။ သူသည် ယခင်အတိုင်း အသေအကြေ သတ်ဖြတ်ရင်း အပေါက်ကြီး၏အရှေ့တွင် ရှိမြဲရှိနေ၏။

***

All Chapters