တောင်ကြီးတစ်လုံးသဖွယ် အရိပ်
Vol. 53 Ch. 738
သွေးမိစ္ဆာမဟာမှော်သိုင်း ထွက်လာသောအခါ ရွှေရောင်ဝဲကြီးက စိတ်ဝိညာဉ်အကြောများ၊ ကျင့်ကြံခြင်းအခြေခံများနှင့်အတူ အဆုံးမဲ့သော ချီနှင့်သွေးတို့ကို မန်ဟို့ကိုယ်ထဲသို့ ပို့လွှတ်ပေးလိုက်သည်။
ဝုန်းးးးးး
ကနဦး တိုက်ခိုက်မှုစပြီး အသက်ဆယ်ရှိုက်ကြာသော် မန်ဟို၏ခန္ဓာကိုယ်သည် သုံးကြိမ်တိုင် ပေါက်ကွဲသွားခဲ့ရ၏။ တတိယမြောက်အကြိမ်မှာ ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့် ပညာရှင်၊ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီးနှင့် ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။
သို့သော် သူကား တုပ်တုပ်မှ မလှုပ်သလို မည်သူ့ကိုမှလည်း အပေါက်ထဲသို့ ဝင်ခွင့်မပေးပေ။
အကာအကွယ်၏နောက်ရှိ သွေးမိစ္ဆာဂိုဏ်းသားများမှာ စုတ်ပြတ်သပ်နေသော သူ၏ခန္ဓာကိုယ်၊ အသားတို့လန်၍ သွေးတို့ ညစ်ထေးနေသော သူ၏အဝတ်အစားများကို မြင်သောအခါ မျက်လုံးများ နီရဲသွားကြသည်။ ပထမမန္တန်ဝင်္ကပါမှ အသက်ရှင်ကျန်ရစ်ခဲ့သူသုံးသောင်းက တချို့ဆိုလျှင် ပျံတက်လာကြပြီး စစ်မြေပြင်ဆီသို့ ချီတက်လာကြ၏။
"သွေးမင်းသားးးး"
"သွေးမင်းသား ကျုပ်တို့လည်း အတူတူ တိုက်ခိုက်ပေးမယ်"
သို့သော် သူတို့ ထွက်လာကြသည်နှင့် မန်ဟိုက အင်္ကျီလက်စကို နောက်သို့ ခါရမ်းလိုက်ရာ လေပြင်းတစ်ချက်က သူတို့ကို အန္တရာယ်ကင်းသော အကာအကွယ်၏နောက်သို့ သယ်ဆောင်သွားသည်။
"အကုန်လုံး နောက်မှပဲ နေကြ"
မန်ဟိုက ပြန်ကြည့်လိုက်ပြီး ခိုင်မာပြတ်သားမှုအား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။ ထိုမျက်လုံးများက ဤသို့ပြောနေ၏။ 'ဒါက ငါတိုက်ရမယ့် ပွဲ' ။ မန်ဟို့အတွက်တော့ ဤသည်မှာ သူ့ကို လိပ်ပြာလုံစေနိုင်မည့် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်မှာ ဖျက်စီးရခက်၏။
ဖောင်းးးးးးး
မန်ဟိုက ရုန့်ရင်းကြမ်းတမ်းသော မျက်နှာအမူအရာဖြင့် နောက်ဆုတ်လိုက်သည်။ ယခုတွင် ပတ်ဝန်းကျင်၌ သွေးမိစ္ဆာမဟာမှော်ဝဲ စုစုပေါင်း ကိုးခု ပေါ်လာခဲ့လေပြီ။ ဝဲတစ်ခုစီသည် ရွှေရောင်ဖြစ်ပြီး အကန့်အသတ်မဲ့သော ဆွဲအားကို ထုတ်လွှတ်နေ၏။
ဝဲများအတွင်း ပိတ်မိသွားသော ကျင့်ကြံသူများမှာ သူတို့၏ခန္ဓာကိုယ်များ လျင်မြန်စွာ ခြောက်ကပ်လာပြီး ကျင့်ကြံခြင်းအခြေခံများ ထုတ်ယူခံနေရသည်ကို အထိတ်တလန့်သာ ကြည့်နေနိုင်ကြလေသည်။
မြောက်မြားစွာသော ချီနှင့်သွေးတို့သည် မန်ဟိုထံသို့ စီးဝင်လာပြီး သူက ၎င်းတို့ကို စုပ်ယူရင်း သူ၏အပြင်အားကိုယ်ကို မယုံကြည်နိုင်ဖွယ် အတိုင်းအတာအထိ သန်မာလာစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံလည်း မြင့်တက်လာရာ .... သူအား ဖျက်စီးရန် ပိုခက်ခဲနေစေတော့သည်။
ထူးဆန်းသောအလင်းရောင်က သူ၏မျက်လုံးများတွင် တောက်ပနေ၏။ သူသည် မည်သူ့ကိုမှ သူ့အနောက်ရှိ အပေါက်မှ ဖြတ်သွားခွင့်ပြုမည်မဟုတ်ပေ .... သူ၏အလောင်းအပေါ်မှပင် ဖြတ်သွားခွင့်ပေးမည်မဟုတ်။
ဘုန်း
အလွန်များပြားသော ချီသွေးပမာဏနှင့် သူ့ကို အားဖြည့်ပေးနေသော ကျင့်ကြံခြင်းအခြေခံစွမ်းအားများဖြင့်ပင်လျှင် သူ့မှာ ရန်သူသိန်းချီထံမှ သဲကြီးမဲကြီး တိုက်ခိုက်မှုများကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထိုရန်သူများအကြား၌ အစွမ်းထက်ပညာရှင်အမြောက်အမြားလည်း ရှိသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ နောက်တစ်ဖန် သွေးသားမြူတိမ်အဖြစ် ပေါက်ကွဲသွားပြန်သည်။
သို့သော် အချိန်နောက်ပြန်ရောက်သွားသည့်အလား မျက်စိတစ်မှိတ်လေးအတွင်း ၎င်းတို့က မန်ဟို့ပုံစံ ပြန်ဖြစ်သွားလေသည်။ မန်ဟိုသည် ရဲရဲတောက်နေသော မျက်ဝန်းများဖြင့် မာန်သွင်းဟိန်းဟောက်ပြီးနောက် သွေးမိစ္ဆာမဟာမှော်သိုင်းကို နောက်တစ်ဖန် ထုတ်လွှတ်လိုက်ပြန်၏။
နဝမတောင်သည် အရှေ့တွင် ပေါ်လာပြီး တဝုန်းဝုန်း မြည်လျက် ကျရောက်သွားသည်။ ၎င်းက အချိန်ဓားဝင်္ကပါနှင့်အတူ စစ်မြေပြင်တစ်လျှောက် ဝုန်းဒိုင်းကြဲ တိုက်ခတ်သွား၏။ သွေးခွေးကြီးမှာ အခြေအနေမဟန်တော့သည့်အပြင် သိပ်ကြာကြာခံနိုင်မည်မဟုတ်တော့ပေ။ သို့သော် မန်ဟို ရှိနေသေးသရွေ့ ၎င်းက ဆက်လက်တိုက်ခိုက်နေဦးမည်ဖြစ်သည်။
သို့ပါသော်လည်း မန်ဟိုက သွေးခွေးကြီးကို ထိုသို့အန္တရာယ်ဖြစ်အောင် ထားမည်လော။ သူသည် ညာလက်ကို ဝှေ့ယမ်းကာ သွေးခွေးကြီးအား သွေးမျက်နှာဖုံးထဲ ပြန်ဝင်သွားစေ၏။ ထို့နောက် သူက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ ဆယ်ခုမြောက်သွေးမိစ္ဆာမဟာမှော်ဝဲကြီး ပေါ်လာလေသည်။
"ငါ သွေးမိစ္ဆာမဟာမှော်သိုင်းနဲ့ တောင့်ခံထားနိုင်ရင် ဝဲအနေနဲ့ ဒီနေရာမှာ အကန့်အသတ်မရှိ ခုခံပေးနိုင်မယ့် အတိုင်းအတာတစ်ခုကို သေချာပေါက် ရောက်သွားလိမ့်မယ်" သူ အံတင်းတင်းကြိတ်လိုက်စဉ် ရှင်သန်ခြင်းနှင်းပန်း၏လက်တံများက သူ့အနောက်မှ ထွက်လာပြီး သူ၏အရှေ့တွင် ဒိုင်းသဖွယ် ကာဆီးလိုက်သည်။
"သေချင်နေလား" တစ်ယောက်က အေးစက်စက် နှာမှုတ်ကာ ပြောသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူအဘိုးကြီးသုံးယောက်သည် မန္တန်ဝင်္ကပါဖြစ်ဟန်တူသော ရောင်ခြယ်စက်ဝန်းများအပေါ်တွင် ရပ်လျက် ပေါ်လာ၏။
သူတို့၏အနောက်တွင် မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်အမျိုးမျိုး ထုတ်ဖော်ထားသော ကျင့်ကြံသူသိန်းချီရှိသည်။ မန်ဟိုအနေဖြင့် သူတို့၏မှော်သိုင်းတစ်မျိုးတည်းကိုသာ ရင်ဆိုင်ရလျှင် အဖက်မလုပ်၍ပင် ရသည်။ သို့သော် များစွာသော အင်အားအရေအတွက်က ကောင်းကင်ကို မိုးမှောင်ကျသွားစေပြီး မြေပြင်အား တုန်ခါလာစေသည်။
၎င်းသည် သတ်ဖြတ်ပစ်လိုသော အမုန်းအပြည့်ဖြင့် မန်ဟို့ကို ရိုက်ချလိုက်သည့် ဧရာမရေလှိုင်းကြီးအလားပင်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူသုံးဦး ချဉ်းကပ်လာသည်။ ထိုသုံးဦးမှာ လီမျိုးနွယ်စုမှ ဖြစ်ကြောင်း သတိထားမိလိုက်၍ မန်ဟို့မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ လင်းလက်လာသည်။ သူသည် ဘယ်လက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး သွေးအင်မော်တယ်နတ်ဘုရားစွမ်းရည်များ ပေါ်ပေါက်လာ၏။ ၎င်းတို့က ရှင်သန်ခြင်းနှင်းပန်းနှင့် ပေါင်းစည်းလိုက်သဖြင့် ထစ်ချုန်းသံကြီး ဆူညံသွားသည်။ သွေးရောင်ပန်းပင်တစ်ပင်ကား လာနေသော ရေလှိုင်းကြီးကို ခုခံရန် တဟုန်ထိုး ထွက်သွားလေပြီ။
မန်ဟိုသည် ရန်သူတပ်ဖွဲ့အား မှော်သိုင်းကွက်အလုံးစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသဖြင့် ပေါက်ကွဲမှုများက တဖောင်းဖောင်း မြည်ဟည်းနေသည်။ ကံဆိုးစွာနှင့် သူ့အနေဖြင့် ယာယီသာ ထိန်းထားနိုင်လေသည်။ မကြာမီ သူတို့က ဖောက်ထွက်လာကြပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူသုံးဦးက ဟိန်းဟောက်ကြုံးဝါးရင်း မန်ဟို့ဆီသို့ ထိုးဆင်းလာကြ၏။ သူတို့ အနားရောက်လာသည့်အခါ သူတို့ခြေထောက်အောက်ရှိ ရောင်ခြည်စက်ဝန်းများက သရဲပုံရိပ်များအား မန်ဟို့ထံ ပို့လွှတ်လိုက်သည်။
"ချုပ်နှောင်"
"ချုပ်နှောင်"
"ချုပ်နှောင်"
ချက်ချင်းပင် ရောင်ခြည်စက်ဝန်းသုံးခုမှ သရဲပုံရိပ်များသည် အံ့ဖွယ်ချုပ်နှောင်စွမ်းအားနှင့်အတူ စူးရှသော ရောင်စဉ်များကို ဖြန့်ကျက်လိုက်သည်။ ၎င်းတို့က မန်ဟို့ကို ချုပ်နှောင်ရန် ပြင်ရင်း သူ့အပေါ် သက်ဆင်းလာကြလေသည်။
ဤအခိုက်အတန့်မှာပင် လူအုပ်ကြားမှ နောက်ထပ်ခြောက်ယောက် ပျံထွက်လာသည်။
ခြောက်ယောက်အနက် သုံးယောက်သည် ယီးကျန့်ဂိုဏ်းမှဖြစ်ပြီး သုံးယောက်က ကျင်းဟန်ဂိုဏ်းဖြစ်သည်။ သူတို့က သူတို့၏ အစွမ်းထက်ဆုံး အံ့ဖွယ်မှော်သိုင်းများကို ထုတ်လွှတ်လိုက်သဖြင့် သူတို့ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွသွားလေသည်။
"သေစမ်း"
အစွမ်းထက်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူကိုးယောက်လုံး အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။ ထိုမျှသာမက သူတို့၏အနောက်တွင် ယီးကျန့်ဂိုဏ်း၏ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင်နှင့် ကျင်းဟန်ဂိုဏ်း ရုပ်သေးရုပ်ကြီး ရှိသည်။ သူတို့က သားကောင်ကို ချောင်းနေသော ကျားများသဖွယ် မန်ဟို့ကို မမှိတ်မသုန် ကြည့်နေကြ၏။ သူတို့အနေဖြင့် ယခုလောလောဆယ် မန်ဟို့ကို တိုက်ခိုက်ရန် မလိုအပ်ပေ။ မန်ဟို ထိုနေရာတွင် သေလျှင်သေ၊ မသေလျှင် ချုပ်နှောင်ခံလိုက်ရသည်နှင့် သူတို့က အကာအကွယ်၏ အပေါက်ထဲ ဝင်ရောက်ကာ သတ်ဖြတ်မည်ဖြစ်သည်။
မန်ဟို့ကို ကြာမြင့်စွာ ချုပ်ထားဖို့ပင်မလို။ အသက်ရှူချိန်ခဏလေးမှာ သူတို့လိုအပ်သမျှအကုန်ဖြစ်သည်။
အကာအကွယ်အတွင်းရှိ သွေးမိစ္ဆာဂိုဏ်းသားများမှာ အန္တရာယ်များသောအခြေအနေ ဖြစ်နေပြီကို မြင်လိုက်ရ၍ စိုးရိမ်စိတ်တို့ မြင့်တက်လာတော့သည်။ လီရှိချီသည် စိတ်ပူနေသောမျက်နှာလေးဖြင့် အပြင်လောကရှိ မန်ဟို၏ပုံရိပ်ကို ကြည့်ပြီး နှုတ်ခမ်းလေး ဖိကိုက်ထား၏။
ဝမ်ယိုချိုင်မှာ တိတ်ဆိတ်စွာ ထိုင်နေသော်လည်း သူ့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပြင်းထန်သထက် ပြင်းထန်လာနေသည်။ သူသည် သူ့တွင် အစွမ်းထက်သင့်သလောက် မထက်သော ကျင့်ကြံခြင်းအခြေခံ ရှိနေသည့်အချက်နှင့် ရွေးချယ်ခံဖြစ်ဖို့ရန်ပင် ပင်ကိုယ်ပါရမီ မထက်သန်သည့်အဖြစ်ကို မုန်းတီးနေမိ၏။
ရှုချင်သည် ကမ္ဘာကြီးကိုပင် အရည်ပျော်ကျသွားစေနိုင်သော ချစ်ခင်မြတ်နိုးတွယ်တာမှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် မန်ဟို့ကို တိတ်တဆိတ် ကြည့်နေ၏။ မန်ဟို၏လက်ရှိအခြေအနေက သူမ နှလုံးသားလေးကို တဆစ်ဆစ် နာကျင်နေစေပြီး ပရိဒေဝမီးတို့ဖြင့် ပူလောင်လာစေသည်။
ပဉ္စမတောင်ထိပ်မှ ခါးကုန်းအဘိုးကြီးအပါအဝင် သွေးမိစ္ဆာဂိုဏ်း၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးခြောက်ဦးမှာလည်း တစ်ချိန်က သူတို့ အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သော သွေးမင်းသားကို ငူငူငိုင်ငိုင်ကြီး ကြည့်နေကြသည်။
လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးဦးထံမှ ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာ၏။ မန်ဟို၏မျက်လုံးများက စူးရှတောက်ပလာပြီး သူက ညာလက်သီးဖြင့် အားပါပါ ထိုးချလိုက်သည်။
လက်သီးချက်က အရာအားလုံးကို တသိမ့်သိမ့် တုန်ရီသွားစေသည်။ ဤသည်မှာ တာအိုရှာဖွေခြင်းအဆင့် လက်သီးတစ်လုံးပင်။
လာနေသော ရောင်ခြည်စက်ဝန်းသုံးခုသည် တုန်ခါသွားပြီး ပျက်စီးစပြုလာသည်။ သို့သော် ၎င်းတို့က ဆက်လာနေသေး၍ မန်ဟိုအား အသက်ပြင်းပြင်း ရှူသွင်းမိလိုက်စေ၏။ ပတ်ဝန်းကျင်ရှိ ရွှေရောင်ဝဲကြီးများ ရုတ်တရက် ကြေမွသွားသည်။ ကြေမွသွားမှု၏အားက အတွင်း၌ ပိတ်မိနေသော လူများထံမှ အကြွင်းအကျန် ချီသွေးဟူသမျှကို စုပ်ယူပစ်လိုက်သည်။ နောက်ဆုံးတွင် သူက လက်သီးထပ်ထိုးချလိုက်၏။
ဘန်း
ရောင်ခြည်စက်ဝန်းသုံးခုမှာ မြက်ခြောက်များသဖွယ် အလွယ်တကူ ချေမှုန်းခံလိုက်ရလေပြီ။
လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးဦး မျက်စိမျက်နှာ ပျက်သွားပြီး သူတို့ကိုယ်သူတို့ ကာကွယ်ရန် နတ်ဘုရားစွမ်းရည်များ အသုံးပြုလိုက်ကြသည်။ သို့သော် သူတို့၏ပါးစပ်များမှ သွေးတို့ ပန်းထွက်သွားဆဲဖြစ်ပြီး သူတို့အထဲမှ တစ်ယောက်သည် စူးစူးဝါးဝါး အော်ကာ ပေါက်ကွဲသွားလေ၏။ ကျန်ခဲ့သော နှစ်ယောက်၏မျက်နှာများအပေါ်တွင် အံ့ဩတုန်လှုပ်နေသော အရိပ်အယောင်များ ပေါ်လာသည်။ သူတို့က အံတင်းတင်းကြိတ်၍ မန်ဟို့ဆီ ပြေးဝင်လာကြပြန်သည်။
"သေစမ်း"
ယခုတွင် ယီးကျန့်ဂိုဏ်းနှင့် ကျင်းဟန်ဂိုဏ်းမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူခြောက်ယောက်က မန်ဟိုနှင့် နီးကပ်နေလေပြီ။
တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းအခြေခံစွမ်းအားအမြောက်အမြားက မန်ဟို့ကိုယ်ထဲ တဝေါဝေါ ဝင်ရောက်နေသည်။ သူက ညာလက်ကို မြှောက်၍ မိုးပေါ် လက်ညှိုးထိုးလိုက်ရာ နဝမတောင်ပေါ်လာသည်။ ၎င်းက လာနေသော ရန်သူရှစ်ဦးလုံးကို ရိုက်ခတ်ရန် ချက်ချင်း ပြန့်ကားသွား၏။
ဝုန်း ဝုန်း
မန်ဟို၏နှုတ်ခန်းထောင့်မှ သွေးများ စီးကျလာသည်။ ပုံရိပ်ယောင် နဝမတောင်တုန်ခါသွားသဖြင့် သူ၏မျက်နှာအပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာက ဖုံးလွှမ်းသွား၏။
"အခု ငါတို့အခွင့်အရေးပဲ" တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူက ပြောသည်။ သူနှင့် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီးက လေပေါ် ပျံတက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက သူတို့ကို လက်ညှိုးထိုးလိုက်သည်။
"မိစ္ဆာချုပ်နှောင်ခြင်း အဋ္ဌမမန္တန်"
မိစ္ဆာချီတို့က ပိုးချည်မျှင်များသဖွယ် သူတို့နှစ်ယောက်ကို တုပ်နှောင်လိုက်သည်။ သူတို့သည် အသက်တစ်ရှိုက်လေးသာ ရပ်တန့်သွားသော်လည်း ထိုအသက်တစ်ရှိုက်က မန်ဟို့အတွက် နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်ရန် လိုအပ်သမျှ အချိန်ပင်။
"နဝမတောင်ပျက်စီးခြင်း" ချက်ချင်းပင် သူ့ကို ဝန်းရံထားသည့် နဝမတောင် ပေါက်ကွဲသွား၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ရှစ်ဦးမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားကြသည်။ ယီးကျန့်ဂိုဏ်းတာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင်နှင့် ကျင်းဟန်ရုပ်သေးရုပ်တို့မှာ မတတ်သာဘဲ ရပ်လိုက်ကြရ၏။
"သူ့ကို သတ်ကြ" စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူရှစ်ဦးက ဟိန်းဟောက်လိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် ကျင့်ကြံသူထောင်ပေါင်းများစွာက တစ်ခဲနက် ဟစ်ကြွေးပြီး နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်လိုက်ကြသည်။ မှော်သိုင်းကွက်တို့က မန်ဟို့အပေါ်သို့ မိုးပေါက်များသဖွယ် ရွာကျလာသဖြင့် ပေါက်ကွဲသံများ ကြားလိုက်ရ၏။ လေထုကား ပုံပျက်ရှုံ့တွသွားလေသည်။
မန်ဟိုမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း မလှုပ်မယှက် ရပ်နေပြီး သူ၏သွေးအေးသော မျက်လုံးများက ရန်သူများကို ဝေ့ကြည့်လိုက်၏။ လောလောဆယ်တွင် သူသည် ကျင့်ကြံသူသိန်းပေါင်းများစွာ၏ မှော်သိုင်းကွက်များနှင့် နတ်ဘုရားစွမ်းရည်များမှ စူးရှတောက်ပနေသော အလင်းရောင်၏ ရှေ့မှောက်ရှိ အရိပ်မည်းမည်းလေးတစ်ခုအလားပင်။ သူ၏ထာဝရအလွှာသည် နောက်တစ်ဖန် အလုပ်ပြန်လုပ်ပြီး သူက မားမားမတ်မတ် ရပ်နေသည်။
မည်သည့်အရာမှ ဖြတ်ကျော်ခွင့်ရမည်မဟုတ်ပေ။
သူ့အနောက်ရှိ သွေးမိစ္ဆာဂိုဏ်းသားများက တုန်ရီလှုပ်ရှားနေသော နှလုံးသားများဖြင့် ကြည့်နေကြသည်။ သူတို့သည် သူတို့၏ ကျန်ဘဝတစ်လျှောက်လုံး သွေးမင်းသား၏အရိပ်ကို ဘယ်သောအခါမှ မေ့နိုင်တော့မည့်မဟုတ်ပေ။
၎င်းကား တောင်ကြီးတစ်လုံးသဖွယ် အရိပ်တစ်ခု ဖြစ်သည်။
ကံဆိုးစွာနှင့် စစ်ပွဲမှာ အဆုံးသတ်မသေးဘဲ တိုက်ခိုက်မှုများက အရှိန်အဟုန်ကောင်းလာ၏။
ထိုအတိုင်း အချိန်များ ဆက်လက် ကုန်ဆုံးနေသည်။ မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာခဲ့လေပြီ။ ယခုတွင် မန်ဟို၏ ဒုတိယအစစ်အမှန်ကိုယ် နိုးထလာဖို့ ခုနစ်ရက်သာ လိုတော့သည်။
မန်ဟိုမှာ သူ၏ခန္ဓာကိုယ် အကြိမ်ပေါင်းမည်မျှ တစစီဖြစ်ခဲ့ရသည်လဲ မမှတ်မိတော့ပေ။ ထာဝရအလွှာကြောင့်သာ မဟုတ်လျှင် သူ သေသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ယခုတွင် သူကား ရွှေရောင်ဝဲ အခု (၅၀) ကျော် ထုတ်လွှတ်နိုင်လေပြီ။
ကြောက်စရာကောင်းသော ချီနှင့်သွေးပမာဏ အပြင် ကျင့်ကြံခြင်းအခြေခံစွမ်းအားများက သူ့ကိုယ်ထဲ စီးဆင်းဝင်ရောက်နေသည်။ သို့သော် ... မလုံလောက်သေး။
သူ့မှာ တဆတ်ဆတ် တုန်နေပြီး မျက်လုံးများ နီရဲနေ၏။ သူ၏ကမ္ဘာမှာ သွေးကမ္ဘာဖြစ်နေလေပြီ။
ထို သုံးရက်အတောအတွင်း မန်ဟိုသည် ကမ္ဘာလောကတွင် မည်သည့်အရာကမှ အမှန်တကယ် ထာဝရမတည်မြဲကြောင်း နားလည်လာခဲ့၏။ သူ၏ခန္ဓာကိုယ်မှာ ထပ်တလဲလဲ မူလအတိုင်းပြန်ဖြစ်နေသော်လည်း အမြန်နှုန်းမှာ နှေးကွေးလာနေပြီး သူ့မှာ ပိန်ချုံးခြောက်ကပ်လာသော လက္ခဏာများပင် ပြသနေလေပြီ။
သူ့အနောက်တွင် သွေးမိစ္ဆာဂိုဏ်းသားများမှာ သူတို့သွေးမင်းသား အကာအကွယ်၏ အပေါက်လေးတစ်ပေါက်ကို ပိတ်ဆို့ဖို့ သူ၏ခန္ဓာကိုယ်ကို အသုံးပြုနေသည်ကို ကြည့်ရင်း မျက်လုံးများ ရဲတွတ်နေကြသည်။ သူတို့မှာ နှလုံးသားကို ဓားဖြင့် ပါးပါးလှီးနေသလို ခံစားနေကြရ၏။ စိတ်မဝင်စားသော တချို့ပင်လျှင် မန်ဟို၏ပုံရိပ်ကြောင့် အံ့ဩတုန်လှုပ်သွားရပေလိမ့်မည်။
သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် အကြိတ်အနယ် တိုက်ခိုက်နေကြသော ခေါင်းဆောင်ကြီးများပင် အောက်ရှိ မြင်ကွင်းကြောင့် စိတ်နှလုံးလှုပ်ရှားသွားကြ၏။
နောက်ဆုံးတော့ သတ်ပွဲစတင်ပြီး သုံးရက်ကြာသော် တိတ်ဆိတ်မှုက အောက်တွင် ကြီးစိုးသွားသည်။ သိန်းချီသော ရန်သူကျင့်ကြံသူများအနက် အတော်များများ သေဆုံးသွားခဲ့၏။ သို့သော် သူတို့၏အင်အားမှာ မြောက်မြားလွန်းသဖြင့် တစ်ဖွဲ့လုံးကား ဂရုမစိုက်ပေ။ သူတို့ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ အပေါက်ကို ပိတ်နေသည့် မန်ဟိုဖြစ်သည်။ သူက နတ်ဘုရားတစ်ပါးအလား ဝင်ခွင့်ကို ချုပ်ကိုင်ရင်း ရန်သူစစ်တပ်တစ်တပ်လုံးကို တစ်ယောက်တည်း ပိတ်ဆို့ထား၏။
မန်ဟို့အဝတ်အစားများမှာ သွေးတို့စိုရွှဲနေပြီး သူ၏မျက်နှာအမူအရာသည် ပင်ပန်းနေသောပုံစံ ရှိသည်။ သူ့မျက်လုံးများမှာတော့ သွေးကဲ့သို့ ချင်းချင်းနီနေ၏။ ရန်သူထောင်ပေါင်းများစွာအတွက် သူသည် မေ့ဖျောက်မရနိုင်သော အိပ်မက်ဆိုး ဖြစ်လာခဲ့လေပြီ။
မန်ဟိုသည် သိန်းချီသောကျင့်ကြံသူများကို စိုက်ကြည့်လိုက်ပြီး သူတို့ကလည်း ပြန်စိုက်ကြည့်ကြသည်။ အမှန်တော့ ဤအခိုက်အတန့်တွင် သူတို့အထဲမှ အတော်များများမှာ သူ့ကို တိတ်တဆိတ် လေးစားနေကြ၏။
သူက အပေါက်ကို တစ်ယောက်တည်း ကာကွယ်နေသည်မဟုတ်ပါလော။ သူ့တွင် ထူးခြားသော နတ်ဘုရားစွမ်းရည်များရှိကောင်း ရှိလိမ့်မည်။ အလိုအလျောက် ကုစားပေးနိုင်သော အံ့ဖွယ်အပြင်အားကိုယ် ရှိကောင်းရှိလိမ့်မည်။ သို့သော် ထိုအရာများဖြင့်ပင် ယခုကဲ့သို့ လုပ်ဆောင်နိုင်ဖို့ ရဲစွမ်းသတ္တိလိုအပ်၏။
သူက အခြားသူများ မလုပ်နိုင်သော အရာကို လုပ်နေခြင်းဖြစ်သည်။
ထိုမျှသာမက သူ၏အပြင်အားကိုယ်မှာ အလိုအလျောက် ကုစားနေသည့်တိုင် ပိန်ချုံးခြောက်ကပ်လာသော လက္ခဏာများ ပြနေသည်ကို သူတို့ အာရုံရနေလေသည်။ သူကား သိသိသာသာပင် နောက်ဆုံးအတိုင်းအတာသို့ ရောက်နေပြီဖြစ်၏။
ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့် အဘိုးကြီးက သူ့ကို အေးတိအေးစက် ကြည့်နေပြီး သတ်ဖြတ်လိုစိတ်တို့ သူ၏မျက်လုံးများတွင် လက်ခနဲ တောက်ပသွားသည်။ "ငါ့ဘဝမှာ လေးစားဖူးတဲ့လူ သိပ်များများစားစား မရှိခဲ့ဘူး" သူက ပြောသည်။ "ဒီနေ့ကစပြီး မင်းက ငါ လေးစားတဲ့ လူစာရင်းမှာ ပါသွားပြီ
"မင်းမှာ မသေစေနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှော်ပညာရပ်တစ်ခု ရှိနေတယ်ဆိုမှတော့ ငါတို့ အမွေအနှစ်အဖိုးထိုက်ရတနာဆီက ရိုက်ချက် ဘယ်လောက်များများ မင်း ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့
"အမွေအနှစ်အဖိုးထိုက်ရတနာကို လွှတ်လိုက်တော့"
***