အခြားသူများကို သွားခေါ်ခြင်း
Vol. 191 Ch. 2720
ရီဖူရှင်းသည် မဟော်ရာဂီအမွေအနှစ်နယ်မြေသို့ ပြန်ရောက်သောအခါ စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံးကို အစည်းအဝေးခေါ်လိုက်လေသည်။
သူတို့သည် အတူတကွ စုဝေးကာ ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းသည် ထိုလူစု၏ ခေါင်းဆောင် ဖြစ်လာပြီဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် နဂိုကတည်းက သူ၏အမိန့်များကို လိုက်နာသူများဖြစ်သော်လည်း အနောက်အင်ပါယာနန်းတော်၏ ခေါင်းဆောင် ရှီးချီယောင်သည်လည်း သူနှင့်အတူ ပူးပေါင်းလုပ်ဆောင် လိုနေသည်။ မဟာမိတ်အဖွဲ့သည် ရီဖူရှင်းကို သူတို့၏ခေါင်းဆောင်အဖြစ် ဆုံးဖြတ်ခဲ့ကြသည်။
ရီဖူရှင်းက စုဝေးနေသော လူစုကိုကြည့်ကာ ကြေညာလိုက်သည်။
“ကျုပ် ခင်ဗျားတို့အားလုံးကို ခေါ်လိုက်ရတာက ကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ပါ။ နတ်ဘုရားတွေရဲ့ ကုန်းမြေပေါ်ထွက်လာပြီး နတ်အမွေအနှစ်တွေကလည်း တစ်ခုပြီးတစ်ခု တူးဖော်ခံနေရတယ်။ ဒီကုန်းမြေကလည်း ပြန့်ကားလာပြီး အဲဒါရဲ့ ရှေးဟောင်းအငွေ့အသက်ကလည်း မူလဘုံရဲ့ နေရာအနှံ့ကို ပျံ့နှံ့နေပြီ။ အဲဒါကြောင့် နောက်ကျရင် ဒီနေရာက သမိုင်းဝင်ကုန်းမြေတစ်ခုအနေနဲ့ပဲ ရှိတော့မှာ မဟုတ်ဘူး... မူလဘုံရဲ့ အကြီးကျယ်ဆုံး ပထမတန်းစားကုန်းမြေတစ်ခု ဖြစ်လာလိမ့်မယ်”
လူများသည် ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ ခေါင်းညိတ်လိုက်သည်။ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း၌ သူတို့အားလုံးသည် အမွေအနှစ်များကို ပိုင်ဆိုင်နိုင်ရန် တိုက်ခိုက်ခြင်းနှင့် ကျင့်ကြံခြင်းတို့တွင်သာ အာရုံစိုက်နေခဲ့ကြသည်။ သူတို့သည် အခြားကိစ္စများနှင့်ပတ်သတ်၍ အသေးစိတ် မတွေးခဲ့ကြပေ။ သို့သော် ရီဖူရှင်းမှာမူ ထိုကိစ္စအားလုံးကို တွေးထားကြောင်း ထင်ရှား၏။
ယခင်က မဟာလမ်းစဉ်၏ ဘုံသုံးထောင်ဖြစ်ခဲ့သော မူလဘုံ၏ ကုန်းမြေသည် အရေးပါသည်ဟု သတ်မှတ်မခံရတော့ပေ။ နောက်ပိုင်းတွင် မူလဘုံသည် ပြောင်းလဲခဲ့ပြီး ပျောက်ဆုံးနေခဲ့သော ရှေးဟောင်းကုန်းမြေများစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းကုန်းမြေများကို အင်အားစုအသီးသီးက သိမ်းပိုက်ခဲ့သည်။ ၎င်းတို့ထဲမှ အင်အားအကြီးဆုံးမှာ စီဝေ့ကြယ်ကောင်းကင်ဖြစ်သည်။
သို့သော် ယခုတွင် အတိတ်မှ ဤနတ်ကုန်းမြေပေါ်ထွက်လာသည့်အတွက် ယခုမှစ၍ ဤကုန်းမြေသည် မူလဘုံ၏ အဓိကကုန်းမြေဖြစ်လာပေလိမ့်မည်။ မူလဘုံမှ ကျင့်ကြံသူများသာ မဟုတ်ဘဲ ကောင်းကင်ဒေသ၊ ဒီမွန်းဘုံ{နတ်ဆိုးဘုံ}နှင့် ဘုံခုနစ်ခုလုံးမှ ကျင့်ကြံသူများသည်လည်း ဤကုန်းမြေပေါ်တွင် စုဝေးလာမည်ဖြစ်သည်။ ထို့ကြောင့် ဤကုန်းမြေသည် အမွေအနှစ်အများဆုံးရှိသော၊ အင်အားအကြီးဆုံး ကျင့်ကြံသူများရှိသော အင်အားအကြီးဆုံး ကုန်းမြေဖြစ်လာပေလိမ့်မည်။
လက်ရှိအခြေအနေအရကြည့်လျှင် ဤကုန်းမြေသည် သမိုင်းဝင်ကုန်းမြေတစ်ခုအဖြစ်သာ ရှိသေးသော်လည်း အနာဂတ်တွင်မူ စွမ်းအားကြီးအင်အားစုအားလုံးက ဤကုန်းမြေပေါ်တွင် အခြေစိုက်စခန်းများ တည်ဆောင်လာမည်ဖြစ်၍ ဤပျောက်ဆုံးနေခဲ့သော ရှေးဟောင်းကုန်းမြေသည် ဆက်၍ခြောက်ကပ်နေတော့မည် မဟုတ်ပေ။
ဤကုန်းမြေသည် လောကတစ်ခွင်လုံး၏ ဗဟိုချက်ဖြစ်လာနိုင်သည်။
“လက်ရှိမှာ ကျုပ်တို့က ဒီသမိုင်းဝင်ကုန်းမြေပေါ်က နယ်မြေတစ်ခုကို သိမ်းပိုက်ထားနိုင်တယ်... ဒီတော့ ကျုပ်တို့ ဒီနယ်မြေကို ကျုပ်တို့ရဲ့ ခံတပ်အဖြစ် ပြောင်းလဲရမှာပဲ”
ရီဖူရှင်း ဆက်ပြောလိုက်၏။
“ကျုပ် ဒီမှာ စီဝေ့အင်ပါယာနန်းတော်နဲ့ဆင်တူတဲ့ နန်းတော်တစ်ခု ဆောက်လုပ်ချင်တယ်... ပြီးတော့ ဒီနေရာနဲ့ စီဝေ့ကြယ်ကောင်းကင်ကို ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖန်တီးချင်တယ်။ ခင်ဗျားတို့ ဘယ်လိုထင်သလဲ”
“ကျွန်မတို့ သဘောတူပါတယ်... ပြီးတော့ ကျွန်မတို့ပဲမဟုတ်ဘူး အင်အားကြီးအင်အားစုတွေအကုန်လုံးလည်း ဒီကုန်းမြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာချင်ကြမှာပဲ”
ရှီးချီယောင်က ပထမဆုံး ပြန်ပြောလိုက်၏။ သူမတို့ပြောနေသည်မှာ ရှေးခေတ်က နတ်ကုန်းမြေတစ်ခုဖြစ်သည်။ ထို့အပြင် ဤကုန်းမြေသည် မူလဘုံ၏ ဗဟိုချက်ဖြစ်လာမည်ကို သံသယဖြစ်စရာ မရှိပေ။
အခြားကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့တွင် ကျန်ခဲ့သူများသည် ယခုအထိ အရင်းအမြစ်များကို အသုံးမပြုနိုင်သေးပေ။ ထို့ကြောင့် အနာဂတ်တွင် ထိုသူများကို ဤနေရာသို့ ခေါ်လာခဲ့မည်ဖြစ်သည်။
“အားလုံးက သဘောတူမှတော့ ကျုပ်တို့ ချက်ချင်းပဲ အလုပ်စကြတာပေါ့”
ရီဖူရှင်း ကြေညာလိုက်သည်။
“တစ်ချိန်တည်းမှာပဲ ကျုပ်တို့ အာကာသတည်နေရာရွှေ့ပြောင်း မဟာကွန်ရက်ကိုလည်း တည်ဆောက်ပြီးတော့ ဒီနေရာနဲ့ စီဝေ့ကြယ်ကောင်းကင်ကို ဆက်သွယ်ရမယ်။ ဒါပေမဲ့ အနောက်အင်ပါယာနန်းတော်က ကောင်းကင်ဒေသမှာဆိုတော့ ကျုပ်တို့ နောက်နည်းလမ်းတစ်ခု လိုလိမ့်မယ်”
အနောက်အင်ပါယာနန်းတော်သည် စီဝေ့ကြယ်ကောင်းကင်ကဲ့သို့ မဟုတ်ဘဲ ကောင်းကင်ဒေသတွင် တည်ရှိသဖြင့် ထိုနေရာကို အာကာသတည်နေရာရွှေ့ပြောင်း မဟာကွန်ရက်နှင့် လှမ်း၍ဆက်သွယ်ရန် မဖြစ်နိုင်ပေ။
“အဲဒီလိုဆိုရင် နောက်ကျရင် ဒီနေရာကို ဘယ်လိုခေါ်မလဲ”
ဓားဧကရာဇ်အရှင်က ပြုံး၍ မေးလိုက်သည်။ ဤနယ်မြေသည် စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့၏ ပူးပေါင်းအားဖြင့် တိုးတက်လာမည်ဖြစ်၍ မဟာမိတ်နယ်မြေတစ်ခုဟု သတ်မှတ်နိုင်ပေသည်။ နှစ်ဘက်စလုံးမှ လူများသည် ကျင့်ကြံရန် ဤနယ်မြေတွင် အခြေချနိုင်ပေသည်။
ထို့အပြင် စီဝေ့အင်ပါယာနန်းတော်ဘက်တွင် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများလည်း ရှိပေသည်။ သူတို့သည်လည်း ဤနေရာသို့ ရောက်လာမည်ဖြစ်၍ အင်အားကြီးအင်အားစုသုံးစု ပူးပေါင်းထားသော မဟာမိတ်တစ်ခု ဖြစ်လာပေလိမ့်မည်။
“ဖူရှင်းနန်းတော်ဆိုရင်ရော ဘယ်လိုလဲ”
ရှီးချီယောင်က ရယ်မော၍ အကြံပြုလိုက်၏။
ရီဖူရှင်းသည် ခေါင်းခါ၍ ငြင်းလိုက်သည်။ ထိုအမည်သည် မကောင်းပေ။
“စီဝေ့အင်ပါယာနန်းတော်၊ အနောက်အင်ပါယာနန်းတော်၊ စွန့်ပစ်ခံကလန်၊ ရှေးဟောင်းကုန်းမြေ၊ မဟော်ရာဂီမျိုးနွယ်...”
ရီဖူရှင်း သူ့ဘာသာ တွေးတောလိုက်သည်။ သူသည် တွေးတောနေသော်လည်း ထိုအခိုက်အတွက် အမည်ကောင်းတစ်ခုကို မစဉ်းစားနိုင်ဖြစ်နေသည်။
“အရင်ဆုံး တည်ဆောက်ပြီးမှ နာမည်ကို စဉ်းစားကြတာပေါ့”
ရီဖူရှင်း ပြုံးကာ ပြောလိုက်၏။
“ဘယ်သူက ဒီလုပ်ငန်းတာဝန်ကို တာဝန်ယူဖို့ သင့်တော်တယ်လို့ ခင်ဗျားတို့ ထင်ကြလဲ”
“ကျွန်မ လုပ်နိုင်ပါတယ်”
ရှီးချီယောင်က ချက်ချင်းပင် သူမဘာသာ တာဝန်ယူလိုက်သည်။
“ကောင်းပြီ...”
ရီဖူရှင်းသည် ရှီးချီယောင်ကို ခေါင်းညိတ်ပြလိုက်သည်။
“တာဝန်ယူပေးတာ ကျေးဇူးတင်ပါတယ် နတ်မိမယ်ချီယောင်”
“အဲဒါက ကျွန်မရဲ့ တာဝန်တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်သင့်တဲ့ကိစ္စပါ။ ပြီးတော့ ရှင့်မှာ တခြားလုပ်စရာ ကိစ္စတွေ ရှိသေးတယ်မလား”
ရှီးချီယောင်သည် ပြုံး၍ ပြန်ပြောလိုက်၏။
ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ကြည့်သည်။
“စီဝေ့အင်ပါယာနန်းတော်က လူတွေအားလုံး နတ်မိမယ်ချီယောင်ရဲ့ ညွှန်ကြားမှုတွေကို လိုက်နာရမယ်။ အနာဂတ်မှာ ဒီနေရာက အရေးအပါဆုံး ကျင့်ကြံရာနေရာတစ်ခု ဖြစ်လာလိမ့်မယ်... ကျုပ်တို့ ဒီနေရာရဲ့ ခံစစ်အပိုင်းတွေကိုလည်း ထည့်စဉ်းစားရမယ်...”
“ကျုပ်တို့ ဝင်္ကပါနန်းတော်ရဲ့ အကူအညီကို လိုလိမ့်မယ်။ နတ်ကျောက်တုံးတွေထဲမှာ ဝင်္ကပါမန္တန်တစ်ခုရှိပြီး နတ်ဝင်္ကပါတစ်ခုတယ်။ အဲဒါက ဓားဝင်္ကပါဆိုတော့ ကျုပ်နဲ့အတူ လေ့လာဖို့ ကျုပ် ဓားဧကရာဇ်ကို ဖိတ်ခေါ်ချင်ပါတယ်”
“ကောင်းပါပြီ နန်းတောင်သခင်...”
ကျင့်ကြံသူအားလုံးသည် ရိုရိုကျိုးကျိုး ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်မှ သူများဖြစ်၍ ရီဖူရှင်း၏ ဆန္ဒများကို ဆန့်ကျင်မည် မဟုတ်ပေ။
“ကိစ္စမရှိပါဘူး...”
ဓားဧကရာဇ်အရှင်ကလည်း ခေါင်းညိတ်လိုက်သည်။ သူ ဤနယ်မြေတွင် ကျင့်ကြံနေခြင်းသည် သူ့ကို အကျိုးကျေးဇူးများစွာ ရစေလေသည်။ မဟာအင်ပါယာအဆင့်လက်နက်သည် သူ၏စွမ်းအားများကို မြှင့်တင်ပေးခဲ့သည့် စွမ်းအားကြီးရတနာတစ်ခု ဖြစ်သည့်အပြင် သူသည် မဟာအင်ပါယာများ၏ အမွေအနှစ်များမှနေ၍လည်း လေ့လာသင်ယူနိုင်ခဲ့ပေသေးသည်။ ထို့အပြင် ယခုတွင် သူသည် ဓားအတတ်အသစ်နှင့် နတ်အတတ်ကို သင်ယူနိုင်တော့မည်ဖြစ်သည်။ ထိုအရာများ မပါလျှင်ပင် နတ်ဓားဝင်္ကပါကို လေ့လာနိုင်ရုံဖြင့်ပင် အကျိုးကျေးဇူးများ ရနိုင်ပေသည်။
“ဝူချင်း၊ ရာရာနဲ့ ဓားသခင်... အားလုံး ကျုပ်နဲ့အတူ လိုက်ခဲ့ပါ”
ရီဖူရှင်းသည် ဓားသမားသုံးယောက်ကို ပြောလိုက်၏။
ထိုသုံးဦးသည် ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ထို့နောက်တွင် သူတို့သည် လူစုခွဲကာ ကိုယ်လုပ်စရာရှိသည်များကို လုပ်လိုက်ကြလေသည်။ ရီဖူရှင်းတို့လူစုသည် ဓားဝင်္ကပါကို စတင်လေ့လာလိုက်ပြီး ရှီးချီယောင်တို့သည် ကျင့်ကြံခြင်းနန်းတော်ကို စတင်တည်ဆောက်လိုက်သည်။ အလုပ်တာဝန်ပေးခြင်း မခံရသူများက ဆက်၍ ကျင့်ကြံနေလိုက်ကြသည်။ အားလုံးသည် ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်များနေကြလေသည်။
ထိုနယ်မြေအပြင်ဘက်တွင်လည်း အခြားလောကများမှ ကျင့်ကြံသူများသည် ကြိုးစားကျင့်ကြံနေကြသည်။ လက်ရှိတွင် အင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူအနည်းငယ်သည် ကောင်းကင်နန်းတော်ဟောင်းတွင် ရှိခဲ့စဉ်က နတ်ကျောက်တုံး အများအပြား ရရှိခဲ့သည်ဟူသော ကောလာဟလများ ရှိနေလေသည်။ ထိုနတ်ကျောက်တုံးများထဲတွင် ကောင်းကင်နန်းတော်ဟောင်းမှ နတ်အတတ်များ ပါပြီး ထိပ်သီးအားလုံးသည် ယခုတွင် ထိုအတတ်များကို လေ့လာ ဖော်ထုတ်ရန် ကြိုးစားနေကြသည်။
ရီဖူရှင်းသည် ကျောက်တုံးအများဆုံး ရခဲ့သည်ဟူသော ကောလာဟလလည်း ရှိနေသည်။
ထို့အပြင် သူသည် ဒီမွန်းအရှင်ကို ဖိနှိပ်ထားခဲ့သော နတ်ဘုရားအုပ်စိုးလက်နက်ကိုလည်း ရရှိခဲ့သည်။
ထို့ကောလာဟလများက လူများစွာကို လက်ရှိတွင် စီဝေ့အင်ပါယာနန်းတော်မှ ကျင်ကြံသူများ ရှိနေသည့် မဟော်ရာဂီအမွေအနှစ်နယ်မြေကို စောင့်ကြည့်နေစေလေသည်။ သို့သော် ယခင်ကနှင့်မတူတော့သည်မှာ မည်သူမှ မဟော်ရာဂီနယ်မြေအတွင်းသို့ ဝင်ကာ ရီဖူရှင်းနှင့် ထိပ်တိုက်မတွေ့ဝံ့ကြတော့ခြင်းဖြစ်သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး နတ်ကုန်းမြေမှ ထုတ်လွှတ်နေသော နတ်အလင်းသည် စီဝေ့ကြယ်ကောင်းကင်အပါအဝင် အကန့်အသတ်မဲ့အာကာပြင် တစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ စီဝေ့ကြယ်ကောင်းကင်သည်လည်း နတ်ကုန်းမြေအထက်ရှိ အထက်ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ပင်။ မူလဘုံတွင် ရှာတွေ့ခဲ့သော အခြားပျောက်ဆုံးကုန်းမြေများသည်လည်း နတ်အလင်း၏လွှမ်းခြုံမှုကို ခံထားရလေသည်။
ထိုအခြင်းအရာအားလုံးသည် မူလဘုံကို များစွာသက်ရောက်မှုရှိကြောင်း အားလုံး သိပေသည်။ မူလဘုံသည် လုံးဝကွဲပြားလာပေပြီ။
လက်ရှိတွင် စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူအားလုံးသည် ကြိုးစားကျင့်ကြံနေကြသည်။ သူတို့သည် လောကအတွင်းရှိ အပြောင်းအလဲများကို အာရုံခံနိုင်ပေသည်။ လောကထဲတွင် စွမ်းအားကြီးသော ကျင့်ကြံသူများ ပို၍ ပို၍ ထွက်ပေါ်လာသောအခါ စီဝေ့အင်ပါယာနန်းတော်တွင်လည်း စွမ်းအားကြီးကျင့်ကြံသူများ ပိုတိုးလာပေသည်။
အင်ပါယာနန်းတော်ထဲတွင် လူအများအပြား ကျင့်ကြံနေကြသည်။ သူတို့သည် မကြာမကြာဆိုသလို ကောင်းကင်များအတွင်းရှိ ကုန်းမြေကို မော့ကြည့်ကြသည်။ ၎င်းသည် မူလဘုံတစ်ခုလုံးကို ဖြတ်သန်းလှည့်ပတ်နေသော နဂါးငွေ့တန်းကြီးတစ်ခုကဲ့သို့ပင်။
ရွှီး...
ထိုစဉ်တွင် စီဝေ့အင်ပါယာနန်းတော်ထဲတွင် နတ်အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းသည် ကောင်းကင်မှ ကျဆင်းလာခြင်းဖြစ်ပြီး နန်းတောင်အတွင်းသို့ ဆင်းသက်သွားကာ တလက်လက် တောက်ပနေလေသည်။ ထို့နောက်တွင် ကျင့်ကြံသူတစ်စုသည် ထိုနတ်အလင်းအတွင်းမှ ထွက်လာကြ၏။ သူတို့၏ခေါင်းဆောင်သည် ရီဖူရှင်း ဖြစ်သည်။
“နန်းတော်သခင် ပြန်လာပြီ...”
စီဝေ့အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူအားလုံးသည် တစ်ပြိုင်တည်း ခေါင်းမော့လိုက်ပြီး ထိုဘက်သို့ ကြည့်လိုက်ကြသည်။ ထိုအသံသည် နန်းတော်ထဲတွင် ပဲ့တင်ထပ်သွားပြီး စွမ်းအားကြီး ကျင့်ကြံသူအားလုံး ထွက်လာကြလေသည်။ ကျင့်ကြံသူများသည် ကျင့်ကြံနေခြင်းကို ရပ်လိုက်ပြီး ရီဖူရှင်းကို လှမ်းကြည့်လိုက်ကြသည်။
“နှုတ်ခွန်းဆက်ပါတယ် နန်းတော်သခင်...”
အသံတစ်သံထွက်ပေါ်လာ၏။ ထို့နောက်တွင် တညီတညွတ်တည်း နှုတ်ဆက်လိုက်သံများ ထပ်မံထွက်ပေါ်လာကာ ယင်းအသံများသည် နန်းတော်တစ်ခွင်လုံးတွင် ပြည့်နှက်သွားသည်။ ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်၏ လေးစားအားထားရာ ပုဂ္ဂိုလပ်တစ်ဦးဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အထူးသဖြင့် သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ဖြစ်သဖြင့် ပို၍ လေးစားအားထားကြပေသည်။ သူတို့အတွက် ရီဖူရှင်းသည် နတ်ဘုရားတစ်ပါးဖြစ်သည်။
“အားလုံးပဲ စောင့်နေရတာ ကြာသွားပြီ”
ရီဖူရှင်း စတင် စကားပြောလိုက်၏။ သူ့ပတ်ပတ်လည်ရှိ နတ်အလင်းသည် ယခင်ကထက် ပို၍တောက်ပနေသဖြင့် အားလုံးသည် ရီဖူရှင်းတစ်ယောက် ပြောင်းလဲမှုနှင့် ထပ်မံကြုံတွေ့ခဲ့ရပြီဟု ခန့်မှန်းနေကြသည်။ သူတို့သည် သူတို့နန်းတော်သခင်၏ လက်ရှိကျင့်ကြံခြင်းအဆင့်သည် မည်မျှ မြင့်နေပြီနည်းဟု တွေးတောနေကြသည်။
“အာကာသတည်နေရာရွှေ့ပြောင်း မဟာကွန်ရက်ကို တည်ဆောက်ပြီးသွားပြီ... အခု ကျုပ် ခင်ဗျားတို့အားလုံးကို နတ်ဘုရားအမွေအနှစ်ကုန်းမြေဆီခေါ်သွားပြီး ကျင့်ကြံခိုင်းလို့ရပြီ။ သွားချင်တဲ့သူတွေ အသင့်ပြင်ထားပါ... ခဏနေရင် ကျုပ်တို့ ထွက်ခွာပါမယ်”
သူတို့အားလုံးသည် ရီဖူရှင်း၏စကားကို ကြားလိုက်သောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
မကြာခင်တွင် သူတို့သည် နတ်ဘုရားအမွေအနှစ်ကုန်းမြေဆီသို့သွား၍ ကျင့်ကြံနိုင်မည့် အခွင့်အရေးရတော့မည်လော။
ထိုနေရာတွင် မည်သို့ရှိသနည်း။
ထိုနှစ်များအတွင်း၌ သူတို့သည် တွေးတောစိတ်ကူးယဉ်နေခဲ့ကြသည်။ သို့သော် ရီဖူရှင်းက ပြန်မလာသေးသဖြင့် သူတို့သည် မဆင်မခြင်မလုပ်ဝံ့ဘဲ နန်းတော်ကိုသာ စောင့်ကြပ်နေခဲ့ကြရသည်။ နတ်ဘုရားအမွေအနှစ်ကုန်းမြေသို့ သွားနိုင်ရန် ကံကောင်းဖို့လိုသော်လည်း ထိုနေရာတွင် အန္တရာယ်များနှင့် ပြည့်နှက်နေရာ သူတို့သည် မသွားခင်တွင် ပြင်ဆင်မှုများ လုပ်ရန် လိုအပ်ပေသည်။ သူတို့သည် ရီဖူရှင်းကို အပြည့်အဝ ယုံကြည်၏။
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် တညီတညွတ်တည်း ဖြေလိုက်ကြသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် လင်းလက်သွားပြီး သူရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။ သူသည် သခင်ချန်နှင့် အင်ပါယာနန်းတော်အတွင်းမှ အကြီးအကဲများကို သွားတွေ့လိုက်သည်။
ရီဖူရှင်းသည် အင်ပါယာရှား ကျင့်ကြံသောနေရာသို့ ရောက်လာသည်။ လက်ရှိတွင် အင်ပါယာရှားသည် တလီအင်ပါယာနန်းတော်၏ အကြံပေး ချီရွှမ်ကန်းနှင့် ကျားကစားနေလေသည်။ သူတို့သည် တစ်ချိန်က ပြိုင်ဘက်များဖြစ်ခဲ့ပြီး ချီရွှမ်ကန်းသည် အင်ပါယာလီ၏ လက်အောက်ငယ်သားဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူတို့သည် မိတ်ဆွေကောင်းများ ဖြစ်လာပေပြီ။
သူတို့သည် အစောကတည်းက ရီဖူရှင်း ရောက်လာသည်ကို မြင်ထားပြီဖြစ်သည်။ သို့သော် သူတို့သည် သတိပြုမိသည့် အရိပ်အယောင်တစ်ခုပင် မပြကြပေ။ ရီဖူရှင်း သူတို့အနားသို့ ချဉ်းကပ်လာသည့်အခါတွင်ပင် အင်ပါယာရှားသည် သူ့ကို ဆက်၍လျစ်လျူရှုထားလေသည်။
“ဆရာ၊ ဦးလေးရှား...”
ရီဖူရှင်း အော်ခေါ်လိုက်သည်။
“မင်းပြန်လာပြီလား...”
ချီရွှမ်ကန်းက ပြုံး၍ ပြန်ပြောလိုက်၏။
“ဟုတ်ကဲ့...”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။
“အရာအာလုံး အခြေတကျ ဖြစ်သွားပြီမလို့ ကျုပ် ဆရာတို့ကို အဲဒီကို ခေါ်သွားချင်လို့ပါ။ နတ်ဘုရားကုန်းမြေပေါ်မှာ နတ်အမွေအနှစ်တွေ အများကြီး ထွက်ပေါ်လာပါတယ်... ပြီးတော့ ယွမ်ဂူခေတ်တုန်းက အခြေအနေတွေ ဘယ်လိုရှိခဲ့မယ်ဆိုတာ ခပ်ရေးရေး တွေးကြည့်နိုင်ပါတယ်”
“ကောင်းပြီ... ငါ သေချာပေါက် သွားချင်တာပေါ့”
ချီရွှမ်ကန်းသည် ခေါင်းညိတ်သဘောတူလိုက်သည်။
အင်ပါယာရှားသည်လည်း သွားလိုပေသည်။ သို့သော် သူစကားတစ်ခွန်းမှ မပြောလိုက်ချေ။ ကျင့်ကြံသူတစ်ဦးအနေဖြင့် နတ်ဘုရားကုန်းမြေသို့သွားခြင်းသည် အိပ်မက်တစ်ခုဖြစ်သည်။
“ချင်းယွမ်...”
ရီဖူရှင်းသည် ရှားချင်းယွမ်တစ်ယောက် သူတို့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်၏။ သူသည် ကြာပွင့်တစ်ပွင့်ကို ထုတ်ယူလိုက်ပြီး သူမကို ပေးလိုက်သည်။ ထို့နောက် သူရှင်းပြလိုက်၏။
“ဒီကြာပွင့်ထဲမှာ မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားပါတယ်... ညီမက အဲဒါကို ကျင့်ကြံဖို့ သင့်တော်တယ်။ ညီမ ကြာပွင့်ထဲမှာ အကြီးအကဲရဲ့ ဝိညာဉ်စွမ်းအားနဲ့ ဆက်သွယ်နိုင်လိမ့်မယ်”
သူ ပြောပြီးသွားသောအခါ ရှားချင်းယွမ်ဆီသို့ တောက်ပသောနတ်အလင်းတစ်ခု ပျံထွက်သွား၏။ သူမသည် လက်ဆန့်တန်းကာ သူမလက်ဝါးပေါ်သို့ ကျလာသည့် ကြာပွင့်ကို ဖမ်းယူလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
ရှားချင်းယွမ်သည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဆရာ၊ ဦးလေးရှား... ဆရာတို့နှစ်ယောက်စလုံးလည်း ပြင်ဆင်ထားကြပါ။ ကျုပ်တို့ ခဏနေရင် ထွက်ခွာပါမယ်။ ကျုပ် တခြားအကြီးအကဲတွေကို သွားတွေ့လိုက်ပါဦးမယ်”
ရီဖူရှင်းသည် ကြာကြာဆက်မနေတော့ဘဲ အခြားသူတို့ကို သတင်းပေးရန် ထွက်ခွာသွားသည်။
အားလုံးသည် ထိုအကြောင်းကို သိပြီးဖြစ်သော်လည်း အကြီးအကဲများကို လူကိုယ်တိုင်သွား၍ အကြောင်းကြားခြင်းသည် အခြေခံယဉ်ကျေးမှုကျင့်ဝတ်ဖြစ်ပေသည်။