← Chapters

ရီအင်ပါယာနန်းတော်

Vol. 191 Ch. 2721

ရီအင်ပါယာနန်းတော်

Vol. 191 Ch. 2721

မဟော်ရာဂီ၏ တောင်ကုန်းထူထပ်၍ ကျယ်ပြောသော အမွေအနှစ်နယ်မြေထဲ၌ ယခုတွင် နန်းတော်ဝန်းတစ်ခုကို တည်ဆောက်ထားပြီဖြစ်သည်။ နန်းတော်များသည် တောင်ကုန်းများအကြားမှ ချိတ်ဆက်မှုများကဲ့သို့ပင်။

အမွေအနှစ်နယ်မြေ၏ အဓိကနေရာတွင် နတ်တံခါးတစ်ချပ်ရှိပြီး ၎င်းအထက်ရှိ အင်ပါယာနန်းတော်သည် ပို၍ပင် ခမ်းနားထည်ဝါလေသည်။ ထိုနန်းတော်သည် နတ်နန်းတော်တစ်ခုကဲ့သို့ အလွန် ခမ်းနားထည်ဝါ၏။ ထိုနန်းတော်ကို တည်ဆောက်ထားသူများမှာ အရေးပါသောသူများ မဟုတ်ပါလား။ စီဝေ့အင်ပါယာနန်းတော်တွင် ကြီးကျယ်ခမ်းနားသော နန်းတော်ငါးခုရှိပြီး အနောက်အင်ပါယာနန်းတော်နှင့် စွန့်ပစ်ခံကလန်တို့သည်လည်း အ‌ဓိကအင်အားများ ရှိကြသည်။ ထို့ကြောင့် သူတို့သည် ကြီးမားသောနေရာကို လိုအပ်ပေသည်။

သို့ဖြစ်၍ ရှီးချီယောင်သည် ရှိသောနေရာအားလုံးကို အပြည့်အဝအသုံးချကာ ထိုနယ်မြေကို နန်းတော်ဝန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ သူမသည် ကောင်းစွာ စီစဉ်၍ ကောင်းစွာ လုပ်ဆောင်နိုင်၏။ အနောက်အင်ပါယာနန်းတော်၏ မူလနန်းတော်သခင်သည် ကူညီပေးရန် နန်းတော်မှနေ၍ ကျင့်ကြံသူများစွာကို ခေါ်လာခဲ့သည်။ ရှီးချီယောင်သည် ထိုရက်များအတွင်း၌ သူမ၏ကိုယ်ပိုင်ကျင့်ကြံခြင်းကိုပင် လျစ်လျူရှုကာ သူမ၏အချိန်အများစုကို အမွေအနှစ်နယ်မြေကို အင်ပါယာနန်းတော်များနှင့်ပါ ယှဉ်နိုင်လောက်သည့် ကြီးကျယ်ခမ်းနားသော နန်းတော်ဝန်းတစ်ခုအဖြစ် ပြောင်းလဲခြင်းတွင်သာ သုံးခဲ့လေသည်။

ရှီးချီယောင်သည် မဟာအင်ပါယာများ၏ အမွေအနှစ်များရှိသော နေရာများကို ဗဟိုပြု၍ နန်းတော်ကို အပြင်ဘက်သို့ ချဲ့၍ ဆောက်လုပ်ကာ ၎င်းတို့ကို ကာရံခဲ့သည်။

ရီဖူရှင်း စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ခေါ်၍ ဤနေရာသို့ ပြန်ရောက်လာသောအခါ နန်းတော်ဝန်းသည် အလုံးစုံ မပြီးဆုံးသေးပေ။ သို့သော် သူတို့သည် တည်ဆောက်မှုအတိုင်းအတာကြောင့် အံ့အားသင့်သွားခဲ့သည်။ ဤနေရာသည် အသစ်တည်ဆောက်ထားသော နေရာဖြစ်ပြီး ကုန်းမြေမှမူ တစ်ချိန်က ခြောက်ခြောက်ကပ်ကပ်ဖြစ်ခဲ့သော ကုန်းမြေဖြစ်ကြောင်း သူတို့သိပေသည်။ သို့သော် ရီဖူရှင်းသည် ဤနယ်မြေကို ဒုတိယစီဝေ့အင်ပါယာနန်းတော်အဖြစ် ပြောင်းလဲရန် ကြံရွယ်ထားသည်။

ထို့အပြင် ရီဖူရှင်းသည် ဤနယ်မြေတွင် အင်ပါယာနန်းတော်တစ်ခုကို တည်ဆောက်ပြီး သူတို့ကို ဤနယ်မြေသို့ ခေါ်လာခဲ့ခြင်းမှာ သူတို့သည် ဤကုန်းမြေပေါ်တွင် ခိုင်ခိုင်မာမာ ခြေကုပ်ယူလိုက်ပြီဟူသော အဓိပ္ပာယ်ပင်။

ယခုတွင် ရီဖူရှင်းသည် မည်မျှ သန်မာနေသနည်း။

“လာကြ.. ကျုပ် ခင်ဗျားတို့ကို မဟာအင်ပါယာတွေရဲ့ အမွေအနှစ်တွေကို ကြည့်ရအောင် ခေါ်သွားပေးမယ်”

ရီဖူရှင်း ပြောလိုက်၏။ သူနှင့်အတူ လိုက်လာခဲ့သော လူစုထဲတွင် စီဝေ့အင်ပါယာနန်းတော်၏ အရေးပါသူများနှင့် သူနှင့်ရင်းနှီးသူများ ပါပေသည်။ ဆက်ရောက်လာဦးမည့် သူများလည်း ရှိပေသေးသည်။ ချိတ်ဆက်လမ်းကြောင်းကို တည်ဆောက်ထားပြီးဖြစ်၍ လောစရာမရှိပေ။

“ဟုတ်ကဲ့ပါ...”

အားလုံးသည် မျှော်လင့်တကြီး ခေါင်းညိတ်လိုက်ကြသည်။ ရီဖူရှင်းကို အမြဲအေးစက်စက် ဆက်ဆံခဲ့သော အင်ပါယာရှားသည်ပင် သူ၏ခြေထောက်များကို ကျိုးကျိုးနွံနွံ ရှေ့သို့ ရွှေ့လိုက်လေသည်။ သို့သော် သူသည် ရီဖူရှင်းနှင့် အဆက်အဆံ မလုပ်လိုသေးပေ။

မဟာအင်ပါယာများ၏ အမွေအနှစ်များကို ကိုယ်တိုင်ကြည့်ကာ မလေ့လာလိုသူ မည်သူရှိမည်နည်း။

ထို့အပြင် ဤနယ်မြေသည် မဟာအင်ပါယာများ၏ အမွေအနှစ်များရှိသော နယ်မြေသာမကဘဲ အတတ်တွင် နတ်ဘုရားများ၏စစ်မြေပြင်ဖြစ်ခဲ့သည့် နတ်ဘုရားကုန်းမြေ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပေသည်။ ထို့အပြင် ရီဖူရှင်း၏ “ကြွားဝါခြင်း” အရ ဤနယ်မြေသည် ကောင်းကင်လမ်းစဉ်၏ တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ မဟော်ရာဂီမျိုးနယ် ပိုင်ဆိုင်သော နယ်မြေဖြစ်သည်ဟု သူတို့သိရသည်။

“ကျုပ်ရဲ့ သက်တမ်းတစ်လျှောက်မှာ နတ်ဘုရားကုန်းမြေရဲ့ အမွေအနှစ်တွေကို တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး”

အရှင်ထိုက်ရွှမ်သည် လွန်စွာ စိတ်လှုပ်ရှားနေလေသည်။ ယခင်က ဒေသကိုးခုတွင် သူသည် အထင်ကြီးဖွယ်လူတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မူလဘုံ၌ အခြေအနေများ ပြောင်းလဲခဲ့ပြီး တဖြည်းဖြည်းဖြင့် သူသည် ပြောင်းလဲနှုန်းကို လိုက်မမီခဲ့တော့ပေ။

သူသည် စွမ်းအားကြီးနေဆဲဖြစ်သော်လည်း လက်ရှိမူလဘုံ၏စံနှုန်းများနှင့် အကဲဖြတ်လျှင် သူ့ကို ထင်ရှားသူတစ်ဦးဟု မသတ်မှတ်နိုင်တော့ပေ။ သို့သော် သူသည် လောကအတွင်းရှိ သာမန်လူများကြားတွင်မူ အတော်လေး သန်မာသည်ဟု သတ်မှတ်ခံရဦးမည်သာဖြစ်သည်။ သို့သော် ယခုတွင် သူသည် ရီဖူရှင်းနှင့်အတူ ရှိနေပြီဖြစ်သည်။ ရီဖူရှင်း၏ မိတ်ဆွေများနှင့် ရန်သူများသည် ထူးကဲသူများသာဖြစ်သည်။

အရှင်ထိုက်ရွှမ်နှင့် သူ့အဖော်အားလုံးသည် သူတို့ကိုယ်သူတို့ အစောင့်အကြပ်အိုကြီးများကဲ့သို့ ခံစားနေကြရပြီး မျိုးဆက်သစ်များမှ ထိပ်တန်းကျင့်ကြံသူများနှင့် ဆက်၍ မယှဉ်နိုင်ကြ‌တော့ဟု ခံစားနေကြရလေသည်။

ယခင်က သူတို့အတွက် နတ်ဘုရားကုန်းမြေပေါ်သို့လာ၍ အမွေအနှစ်များကို ကိုယ်တိုင်ကြည့်နိုင်မည့် အခွင့်အရေးရရန် မဖြစ်နိုင်ခဲ့ပေ။ ထို့ကြောင့် ယခု ရီဖူရှင်း သူတို့ကို ဤနယ်မြေသို့ ခေါ်လာခဲ့ခြင်းသည် မျိုးဆက်အပြောင်းအလဲကို ကြည့်နေရသလိုပင် ဖြစ်လေသည်။

ဒေသကိုးခုမှ အခြားကျင့်ကြံသူအားလုံးသည် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည်လည်း အရှင်ထိုက်ရွှမ်ကဲ့သို့ပင် ခံစားနေကြရသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်တွင် ထိုက်ချူစွမ်းအားကို ကျင့်ကြံနေခဲ့ကြပြီး သူတို့ကို စွမ်းအားအမြောက်အမြားပေးခဲ့သည့် ပြောင်းလဲမှုတစ်ခုနှင့် ကြုံခဲ့ရလေသည်။

ယခုတွင် သူတို့သည် ဤနေရာတွင် ရှိနေပြီဖြစ်ရာ ပို၍ပင် တိုးတက်လာနိုင်မည့် အခွင့်အရေးကို ရတော့မည့်ပုံပင်။ သူတို့သည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း တစ်နေရာရာတွင် အသုံးဝင်နိုင်လောက်ဦးမည်ဖြစ်သည်။

ထိုနန်းတော်၏အထက် မြင့်မားသောကောင်းကင်ထဲတွင် အခြားဓားအားလုံးကို ထိန်းချုပ်နေသော နတ်ဓားတစ်ချောင်း ရှိနေ၏။

ရွှီး...

ထိုစဉ်တွင် အလင်းများ ဖြာထွက်သွားပြီး လှုပ်ခါနေသော ဓားများသည် ရုတ်တရက် လေထဲတွင် ပျောက်ကွယ်သွားသည်။ နတ်ဓားသည်လည်း အမှောင်ထဲတွင် ပျောက်ကွယ်သွားပြီး မည်သည့်ခြေရာလက်ရာမှ ချန်မထားခဲ့ချေ။

ထိုနေရာတွင် အရိပ်ပုံစံ လူရိပ်များ ထွက်ပေါ်လာ၏။ သူတို့သည် ရီဖူရှင်း၊ ဓားဧကရာဇ်အရှင်၊ ရီဝူချင်းနှင့် အခြားသူများဖြစ်သည်။ သူတို့သည် လူအုပ်ဆီသို့ ဆင်းလာ၏။

ဓားအစီအရင်သည် ပြီးပြည့်စုံသွားပြီဖြစ်ပြီး နန်းတော်ဝန်း၏ခံစစ်ကို ဖော်ဆောင်နိုင်ပြီဖြစ်သည်။ သို့ဆိုလျှင် ရီဖူရှင်း ရှိမနေချိန်၌ပင် ကျူးကျော်လာသူများ ရှိလာပါက သူတို့သည် ဓားအစီအရင်ကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ ၎င်းဓားအစီအရင်သည် ဖောက်ဝင်ရန် ကြိုးစားသူများကို သတ်ပင် သတ်ပစ်နိုင်လေသည်။

“အဲဒါက ပြီးသွားပါပြီ...”

ရီဖူရှင်းက ကောင်းကင်လှေကားပေါ်သို့ ဆင်းကာ ကြေညာလိုက်သည်။ အားလုံး ပြုံးလိုက်၏။ ရှီးချီယောင်သည်လည်း ပြုံးကာ ပြောလိုက်၏။

“နတ်ဓားကို ဓားအစီအရင်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သုံးခဲ့တာဆိုတော့ ကျွန်မတို့က နန်းတော်ကို ပထမဆုံး တည်ဆောက်ပြီးတဲ့ အဖွဲ့ဖြစ်မှာပဲ”

“အင်း...”

ရီဖူရှင်းသည် ရှီးချီယောင်ကိုကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

“အဲဒါက နတ်မိမယ်ရဲ့ အကူအညီတွေကြောင့်ပါ”

“အားလုံးကလည်း ကူညီပေးခဲ့ပါတယ်”

ရှီးချီယောင် ပြုံးလိုက်သည်။

“အခု ဒီနေရာကို နာမည်ပေးရမယ့် အချိန်ရောက်ပြီ”

“နာမည်...အင်း...”

ရီဖူရှင်းက အနည်းငယ် ခေါင်းကိုက်သွားသည်။ သူသည် အမြင့်မားဆုံး နန်းတော်သုံးခုကိုကြည့်လိုက်ပြီး အမြင့်ဆုံးနန်းတော်သည် သူနှင့် စီဝေ့အင်ပါယာနန်းတော်မှ အရေးပါသူများအတွက်ဖြစ်ကာ ၎င်း၏ဘေးဘယ်ညာရှိ အနည်းငယ်နိမ့်သော နန်းတော်နှစ်ခုသည် အနောက်အင်ပါယာနန်းတော်နှင့် စွန့်ပစ်ခံကလန်တို့အတွက် ဖြစ်ကြောင်း သိလိုက်လေသည်။

“ဒီနန်းတော်ကို ရီအင်ပါယာနန်းတော်လို့ နာမည်ပေးချင်တယ်... ဒါပေမဲ့ အခုက အဲဒီလို နာမည်ပေးရဦးမယ့် အချိန်မကျသေးဘူးထင်တယ်”

ရှီးချီယောင်ထံတွင် ထိုအိပ်မက်ရှိပေသည်။

ကျင့်ကြံသူများသည် မှင်တက်သွား၏။

ရီအင်ပါယာနန်းတော်...

“ကျုပ်တို့ အခုလောလောဆယ် အဲဒီလိုပဲ နာမည်ပေးထားပြီး နောက်ကျမှ အဲဒီနာမည်ကို လောကကြီးကို ကြေညာရင်ရော ဘယ်လိုလဲ”

ဓားဧကရာဇ်အရှင်က အကြံပေးလိုက်သည်။

“အဲဒါ အဆင်ပြေပါတယ်”

အားလုံးသည် ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်း၏ ခံ့ညားသောမျက်နှာကို ကြည့်သည်။

ရီဖူရှင်းသည် ထိုနေရာတွင် ရပ်နေပြီး သူ့ကို ငေးကြည့်နေသည့် မျက်နှာတစ်ခုချင်းစီကို ကြည့်လိုက်၏။ သူသည် တစ်ဦးချင်းစီ၏ မျက်လုံးများအတွင်းရှိ မျှော်လင့်ချက်ကို တွေ့နိုင်ပေသည်။

သူတို့သည် တစ်နေ့တွင် ရီဖူရှင်းတစ်ယောက် ရီအင်ပါယာနန်း‌တော်၏ အင်ပါယာတစ်ပါးဖြစ်လာစေရန် မျှော်လင့်နေကြသည်။

ထို့ကြောင့် ဤနန်းတော်ကို ရီအင်ပါယာနန်းတော်ဟု အမည်ပေးရန် သင့်တော်ပေလိမ့်မည်။ ထိုအရာသည် ထိုနေရာရှိ လူအားလုံး၏ မျှော်လင့်ချက်ဖြစ်ပေသည်။

ရီဖူရှင်းသည် သူတို့၏မျှော်လင့်ချက်ကို တွေ့လိုက်သောအခါ ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ... အခုလောလောဆယ် အဲဒီလိုပဲ နာမည်ပေးထားတာပေါ့... ဒါပေမဲ့ အဲဒီနာမည်ကို အပြင်လောကကို‌တော့ ကြေညာဦးမှာ မဟုတ်ဘူး။ တကယ်လို့ ကျုပ် အင်ပါယာ ဖြစ်မလာဘူးဆိုရင် ရှက်စရာကောင်းနေလိမ့်မယ်”

အားလုံးသည် ရီဖူရှင်း၏စကားကို ကြားလိုက်ရသောအခါ ရယ်လိုက်ကြသည်။

ထိုရယ်သံများကြားတွင် အနာဂတ်အတွက် သူတို့၏မျှော်လင့်ချက်များ ကိန်းအောင်းနေပုံပင်။

All Chapters