ဆယ်နှစ်ကြာပြီးနောက်
Vol. 191 Ch. 2722
နတ်ဘုရားကုန်းမြေထွက်ပေါ်လာသည်မှာ ဆယ်နှစ်ကြာခဲ့ပြီဖြစ်သည်။ တစ်ချိန်က လူသူကင်းရှင်းကာ ခြောက်ကပ်ကပ်ဖြစ်ခဲ့သော ကုန်းမြေသည် ယခုတွင် လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။
အခြားဘုံများနှင့် ဤကုန်းမြေကို ဆက်သွယ်ထားသော လမ်းကြောင်းများကို တည်ဆောက်ပြီးစီးခဲ့သည်မှာလည်း အချိန်တစ်ခုအထိ ရှိခဲ့ပြီဖြစ်သည်။ ဘုံတစ်ခုစီမှ ကျင့်ကြံသူများသည် ဤကုန်းမြေသို့ အစုလိုက်၊ အဖွဲ့လိုက် လာခဲ့ကြ၏။ ကုန်းမြေ၏ ကြီးမားမှုကြောင့် မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများကို လက်ခံနိုင်ခဲ့သည်။
ထိုစဉ်တွင် အင်ပါယာအဆင့်အင်အားစုများသည် ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့၏ နယ်မြေများကို သိမ်းပိုက်ထားပြီး ထိုနယ်မြေများကို ဗဟိုပြုကာ ကုန်းမြေပေါ်ရှိ သူတို့၏ပိုင်နက်များကို ခွဲခြားထားကြလေသည်။ ဥပမာအားဖြင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံခြင်းအတွက် နာဂါအမွေအနှစ်နယ်မြေကို ဗဟိုပြုထားကြသည်။ နတ်ဆိုးလောကမှ သူများမှာမူ ကာရူရာအမွေအနှစ်နယ်မြေကို ဗဟိုပြုထားကြသည်။
ထိုမျှသာမကသေး ထိုကျင့်ကြံသူများသည် သူတို့၏ပိုင်နက်များထြတွင် အင်ပါယာနန်းတော်များကိုလည်း တည်ဆောက်ထားကြသည်။ ထို့ကြောင့် ဤရှေးဟောင်းကုန်းမြေပေါ်တွင် မြင့်မား၊ ခံ့ညားသော နန်းတော်များ ရှိလာလေသည်။
ထို့အပြင် ဘုံတိုင်းမှ အင်အားအကြီးဆုံးအင်အားစုများသည် အမွေအနှစ်နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုလျှင် သူတို့၏ အခြေစိုက်စခန်းများကို စတင်တည်ဆောက်ကြသည်။ သို့ကြောင့် တစ်ချိန်က ခြောက်ကပ်ခဲ့သော ကုန်းမြေသည် ယခုတွင် စည်ကားသောနေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။ အထူးသဖြင့် တပ်ဖွဲ့ရှစ်ဖွဲ့၏နယ်မြေများတွင် များစွာသော မြို့ရိုးကြီးများနှင့် ကျုံးများကို မြင်ရလေသည်။ ၎င်းတို့သည် ခမ်းနားထည်ဝါပြီး ထိုနယ်မြေများ၏ ယခင်ကပုံစံနှင့် ကွဲပြားနေစေလေသည်။
နတ်ဘုရားကုန်းမြေသို့ လာခဲ့သူများသည် ရှေ့ဆောင်လမ်းပြများသာဖြစ်ပေသည်။ ထိုရှေ့ဆောင်လမ်းပြများသည် ဘုံအသီးသီးမှ စွမ်းအားကြီးကျင့်ကြံသူများဖြစ်သဖြင့် ဤကုန်းမြေကို အလျင်မြန်ဆုံးနှုန်းဖြင့် ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။
ယခု ကုန်းမြေပေါ်ရှိ ကျင့်ကြံသူများသည်လည်း စဉ်ဆက်မပြတ် ပြောင်းလဲမှုများနှင့် ကြုံတွေ့နေရသည်။ ပြီးခဲ့သော နှစ်ပိုင်းအတွင်း၌ ကောင်းကင်ထက်တွင် ကပ်ဘေးတိမ်တိုက်များ တလိပ်လိပ်တက်လာသည်ကို မကြာခဏမြင်ခဲ့ကြရသည်။ ယခင်က ကျင့်ကြံသူများ ကပ်ဘေးများကို ကျော်ဖြတ်ခြင်းကို တွေ့မြင်ရခဲ၏။ သို့သော် ဤကုန်းမြေပေါ်တွင်မူ ထိုဖြစ်ရပ်သည် မကြာခဏဆိုသလို ဖြစ်တတ်ပေသည်။ အချို့သည် ပထမကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီး အချို့မှာ ဒုတိယကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော် မည်သူမှ တတိယကပ်ဘေးကို မခံရပေ။
ကောင်းကင်ကပ်ဘေးများသည် သုံးဆင့်ရှိပေသည်။ သုံးဆင့်လုံးကို ဖြတ်ကျော်နိုင်သူသည် အင်ပါယာအဆင့်ရှိသည့် နတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။ ယနေ့ခေတ် လောကတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသော်လည်း သုံးဆင့်လုံးကို ဖြတ်ကျော်ရန် ခက်ခဲပေသေးသည်။
ဘုံအသီးသီးမှ ကျင့်ကြံသူများသည် ကုန်းမြေတစ်ခုတည်းပေါ်တွင် အတူတကွ ကျင့်ကြံနေကြသည်ဖြစ်၍ အမွေအနှစ်များအတွက် တိုက်ခိုက်ခြင်းများ၊ လုယက်ခြင်းများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ အထူးသဖြင့် ဘုံမတူသော ကျင့်ကြံသူများ တိုက်ခိုက်ကြသောအခါ မကြာခဏဆိုသလို နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာပြီး ကြီးမားသော အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့သည်။
တိုက်ခိုက်မှုများနှင့် တိုက်ပွဲများသည် ထိုရှေးဟောင်းကုန်းမြေပေါ်တွင် အချိန်ပြည့်ဖြစ်ပေါ်နေသည်။ ပဋိပက္ခအမျိုးမျိုးသည် ဆုံးသည်ဟူ၍ မရှိဘဲ အချို့ပဋိပက္ခများသည် တစ်ဘက်ဘက်မှ မရှုမလှရှုံးသောအခါမှ ရပ်တန့်သွားကြလေသည်။ ဤကုန်းမြေပေါ်မှ ဖြစ်ရပ်များသည် အားအကြီးဆုံးသူသာ ရှင်သန်နိုင်မည်ဟူသော ဆိုရိုးကို မပြတ် သက်သေပြနေသည်။
ထို့အပြင် ဤကုန်းမြေပေါ်တွင် ယခုအထိ လျှို့ဝှက်ချက်ကိုမဖော်ထုတ်နိုင်သေးသော အလွန်လျှို့ဝှက်ဆန်းကြယ်သည့် အမွေအနှစ်နယ်မြေများ ရှိနေပေသေးသည်။ ထို့ကြောင့် ကျင့်ကြံသူများစွာသည် စိတ်ဝင်တစားဖြင့် ထိုနေရာများသို့ သွားကြသည်။ နောက်ဆုံးတွင် လွန်စွာစွမ်းအားကြီးသော ကျင့်ကြံသူများစွာသည် ထိုအမွေအနှစ်နယ်မြေများတွင် သေဆုံးခဲ့ကြလေသည်။
ထို့ကြောင့် ကုန်းမြေပေါ်မှ ကျင့်ကြံသူများသည် အလွန်အန္တရာယ်များသော အမွေအနှစ်နယ်မြေများကို “နတ်ဘုရားများ၏ ကန့်သတ်နယ်မြေ” ဟုပင် အမည်ပေးခဲ့ကြသည်။
ယခင်က ထိုကန့်သတ်နယ်မြေများထဲတွင် မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ကြောင်းကို မည်သူမှ မသိပေ။ သို့သော် ထိုနယ်မြေများထဲ၌ မဟာအင်ပါယာများသည် အခြားပုံစံများဖြင့် တည်ရှိနေနိုင်ပေသည်။ မဟုတ်လျှင် ထိပ်သီးကျင့်ကြံသူများစွာကို အသက်ဆုံးရှုံးစေလောက်အောင် အန္တရာယ်များစရာအကြောင်း မရှိပေ။
တစ်ချိန်က မဟော်ရာဂီအမွေအနှစ်နယ်မြေဖြစ်ခဲ့သော ရီအင်ပါယာနန်းတော်သည် ကြီးမားသော နန်းတော်ဝန်းကြီးတစ်ခုအဖြစ် တိုးတက်လာခဲ့ပြီဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ကျင့်ကြံရန် ထိုနန်းတော်ဝန်းသို့ ဆက်၍ရောက်လာခဲ့ကြပြီး ကျင့်ကြံသူတော်တော်များများသည်လည်း အပြင်သို့သွား၍ စူးစမ်းလေ့လာခဲ့ကြ၏။
ထို့အပြင် ရီဖူရှင်းနှင့် သူ၏အဖော်များသည် ဤနန်းတော်ဝန်းနှင့် စီဝေ့ကြယ်ကောင်းကင်ကို ဆက်သွယ်ထားသော နောက်ထပ်လမ်းကြောင်းတစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ ထို့ကြောင့် စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများသည်လည်း ဤနေရာသို့လာကာ ကျင့်ကြံနိုင်ကြလေသည်။ သို့သော် သူတို့သည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ မဟုတ်သဖြင့် ရီအင်ပါယာနန်းတော်၏ ကျင့်ကြံခြင်းအရင်းအမြစ်များကိုမူ အသုံးပြုခွင့်မရပေ။ ရီဖူရှင်းသည် သူတို့ကို အခြားဘုံများမှ ကျင့်ကြံသူများကဲ့သို့ ရှေးဟောင်းကုန်းမြေပေါ်သို့ လာရောက်ခွင့်ပြုလိုက်ခြင်းသာ ဖြစ်သည်။
သူတို့ မည်မျှ တိုးတက်လာ၍ မည်သို့ဖြစ်လာမည်မှာမူ ရီဖူရှင်းနှင့် မသက်ဆိုင်ပေ။ ထိုအရာများသည် သူတို့၏ ကံကြမ္မာနှင့်သာ သက်ဆိုင်ပေသည်။
ရီအင်ပါယာနန်းတော်၏ ထိပ်ဆုံးနေရာဖြစ်သော နန်းတော်ဝန်းအစွန်ရှိ ကောင်းကင်လှေကား ထိပ်တွင် တည်ငြိမ်သောဝိညာဉ်စွမ်းအားတစ်ခု ရှိနေသည်။ အကယ်၍ သင်သာ ကောင်းကင်လှေကားပေါ်တွင် ရပ်၍ ခေါင်းမော့ကြည့်ခဲ့လျှင် ၎င်းသည် အင်ပါယာနန်းတော်အစစ်အမှတ်တစ်ခုကဲ့သို့ အံ့အားသင့် ခံစားခဲ့ရမည်ဖြစ်သည်။
ကောင်းကင်အတွင်း၌ ပုန်းကွယ်နေသော နတ်ဓားနှင့် ဓားအစီအရင်သည်လည်း လူများကို ဖိအားအငွေ့အသက်တစ်ခု ပေးနေပြီး ခမ်းနားထည်ဝါနေလေသည်။
ကောင်းကင်လှေကား၏ လှေကားထစ်များအတိုင်း ထိပ်သို့တက်သွားလျှင် ထိပ်ဆုံး၌ ခမ်းနားထည်ဝါသော အင်ပါယာနန်းတော်တစ်ခုကို တွေ့ရပေလိမ့်မည်။ ထိုနန်းတော်၏အနောက်တွင် ကြီးမားသော လေ့ကျင့်ရေးကွင်းတစ်ခု ရှိလေသည်။ ထိုထဲတွင် ငွေဖြူရောင်ဆံပင်နှင့် ကျင့်ကြံသူတစ်ဦး ထိုင်နေ၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကျောက်စိမ်းရောင် နတ်အလင်းသည် တစ်ပတ်ပြီးတစ်ပတ် လှည့်ပတ်နေလေသည်။ သူ့တစ်ကိုယ်လုံးသည် လင်းလက်တောက်ပနေပြီး အလင်းနှင့် ရုပ်ခန္ဓာသည် တစ်သားတည်းဖြစ်နေသည်ဟု ထင်ရသည်။ ပတ်ဝန်းကျင်ရှိ မြေဝိညာဉ်စွမ်းအားသည် သူ၏ အရှိန်အဝါကို ခံနေပုံပေါ်ပြီး နတ်အလင်း၏ ရွေ့လျားမှုများအတိုင်း လှုပ်ခတ်နေသည်။
သူသည် ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေရုံဖြင့်ပင် လောကကြီး၏ အုပ်စိုးသူဟု ထင်ရသည်။
ရီဖူရှင်းသည် ထိုအခိုက်တွင် မျက်လုံးများ ဖွင့်လိုက်၏။ ကျောက်စိမ်းရောင်နတ်အလင်း တောက်ပလာပြီး ကျယ်ပြောသောပတ်ဝန်းကျင်ကို ထွင်းဖောက်သွား၏။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူသည် ထိုအဆင့်ကို မဖြတ်ကျော်နိုင်သေးပေ။ သူသည် အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရသည့်ပုံပင်။
သူသည် အဆင့်တစ်ခု၏ အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သဖြင့် နတ်ဘုရားတစ်ဝက်အဆင့်၏ တံခါးဝသို့ ရောက်ရှိနေပြီဟု ခံစားနေရသည်။ သို့သော် သူသည် တံခါးကို ဖြတ်၍ အတွင်းသို့ မဝင်နိုင်သေးပေ။ သူသည် သိမြင်နားလည်မှုတွင် လိုအပ်ချက်များ ရှိနေသေးသည့်ပုံပင်။
ထို့အပြင် ရီဖူရှင်းသည် သူ၏ကျင့်ကြံခြင်းခရီးလမ်းက အခြားသူများ၏ ကျင့်ကြံခြင်းခရီးလမ်းနှင့် ကွဲပြားကြောင်း သိ၏။ သူ ရန်ဟောင်အဆင့်သို့ ရောက်ခဲ့ကတည်းက သူသည် ကွဲပြားသော လမ်းကြောင်းတစ်ခုကို စတင်လျှောက်ခဲ့ရသည်။ တတိယနှင့် နောက်ဆုံးကပ်ဘေးသည် မည်သို့ဖြစ်မည်ကိုမူ သူလည်း မသိချေ။
သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်ထိပ်အဆင့်သာ ဖြစ်ပေသေးသည်။ သူသည် ကပ်ဘေးများကို ဖြတ်ကျော်ခဲ့သော စွမ်းအားကြီးကျင့်ကြံသူများနှင့် ကွာခြားသော်လည်း သူသည်လည်း ကပ်ဘေးနှစ်ခုကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။
“ငါ ဘယ်လို အဆင့်တက်အောင် လုပ်ရမလဲ”
ရီဖူရှင်း သူ့ဘာသာ ရေရွတ်လိုက်သည်။ သူသည် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားများဖြင့် နတ်ဘုရားတစ်ဝက်အဆင့်၏ တံခါးဝအထိ ရောက်နိုင်ခဲ့ပြီး နတ်ဘုရားတစ်ဝက်ကျင့်ကြံသူများနှင့်ပင် တိုက်ခိုက်နိုင်ခဲ့သည်။ သူသာ ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် သူသည် နတ်ဘုရားတစ်ဝက်အဆင့်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်လိမ့်မည်ဟု သူခပ်ရေးရေးခံစားနေရလေသည်။
သူသာ ထိုအဆင့်သို့ ရောက်သွားလျှင် မဟာအင်ပါယာများမှလွဲ၍ သူ့ကို မည်သူမှ ယှဉ်နိုင်တော့မည် မဟုတ်ပေ။ ကျိဝူတောက်၊ ဒွန်ဟောင်တိယွမ်နှင့် အခြားနတ်ဘုရားတစ်ဝက်အဆင့်သူများ သို့မဟုတ် အဖြူနှင့်အနက်ကောင်းကင်အရှင်များနှင့် ယှဉ်နိုင်သူများသာ သူနှင့် ယှဉ်ပြိုင်နိုင်ရန် အရည်အချင်းမီပေလိမ့်မည်။
သူထရပ်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ နံရံကိုမှီ၍ ထိုင်ကာ ကျင့်ကြံနေသော ဟွာဂျီယူကိုသာ တွေ့လိုက်ရ၏။ ကြီးမားသော နတ်အလင်းတန်းတစ်ခုသည် သူမကို ဝန်းရံထားပြီး ထိုနေရာသည် ထူးခြားသောနေရာတစ်ခု ဖြစ်နေသည်ဟု ထင်ရသည်။ သူမ၏အရှိန်အဝါသည်လည်း သာမန်မဟုတ်ဘဲ ထူးခြားနေသည်။
ဟွာဂျီယူ၏အရှေ့တွင် နတ်ကျောက်တုံးတစ်တုံး ပျံဝဲနေ၏။ ထိုကျောက်တုံးသည် ရီဖူရှင်း ရရှိခဲ့သော နတ်ကျောက်တုံးတစ်ရာကျော်အတွင်းမှ တစ်တုံးဖြစ်ပြီး ပို၍ထူးခြားသော ကျောက်တုံးများထဲမှ တစ်တုံးဖြစ်သည်။ ၎င်း၏ထူးခြားမှုကြောင့် ၎င်းကိုနှိုးနိုင်ရန် အချိန်များစွာ ပေးခဲ့ရသည်။
ရီဖူရှင်းသည် ဟွာဂျီယူတစ်ယောက် သူမ၏ကျင့်ကြံခြင်းတွင် စိတ်နစ်နေသည်ကို တွေ့လိုက်သောအခါ သူမကို မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်ပြီး ပြန်လှည့်လိုက်လေသည်။ သူသည် သူ၏ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်ရာ သူ၏ခန္ဓာကိုယ်သည် သူရှိနေခဲ့သောနေရာမှ ပျောက်ကွယ်သွားပြီး ကောင်းကင်နန်းတော်အပြင်တွင် ပြန်ပေါ်လာလေသည်။
ရီဖူရှင်းသည် အောက်ဘက်ရှိ ကောင်းကင်သို့ ငုံ့ကြည့်သည်။ နတ်အာရုံသည် နန်းတော်ဝန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကျင့်ကြံသူအားလုံး၏ လုပ်ဆောင်နေမှုများသည် သူ့မြင်ကွင်းထဲတွင် ပေါ်လာ၏။
ရှေ့ရက်များအတွင်း၌ သူသည် အာခီမီကို ကျင့်ကြံခဲ့ပြီး အခြားကျင့်ကြံသူများ နတ်အတတ်များကို ကျင့်ကြံရာတွင် ကူညီပေးရန် နတ်ကျောက်တုံးများကို နှိုးပေးခဲ့ကာ နဂါးသွေးနှင့် သန့်စင်ခဲ့၍ အခြားသူများကိုလည်း နဂါးသွေးထဲတွင် စိမ်စေခဲ့သည်။ နဂါးသွေးကို ဆေးလုံးတစ်လုံးနှင့် ရောစပ်ထားပြီး ထိုသွေးထဲတွင် စိမ်ခဲ့လျှင် တစ်ဆို့နေသော ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်ပေသည်။ စီဝေ့အင်ပါယာနန်းတော်မှဖြစ်စေ၊ အနောက်အင်ပါယာနန်းတော်မှဖြစ်စေ သို့မဟုတ် စွန့်ပစ်ခံကလန်မှဖြစ်စေ ကျင့်ကြံသူအားလုံးသည် ပြီးပြည့်စုံသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရလေသည်။
အထူးသဖြင့် စီဝေ့အင်ပါယာနန်းတော်မှ အရေးပါသော လူများသည် လျှင်မြန်စွာ တိုးတက်ခဲ့သည်။ ပြီးခဲ့သော နှစ်ပိုင်းအတွင်း၌ ကပ်ဘေးများကို ကျော်ဖြတ်နိုင်ခဲ့သူများ ရှိခဲ့ပြီး စွမ်းအားကြီးကျင့်ကြံသူများ ဖြစ်လာကြသည်။
ထိုစဉ်တွင် ကောင်းကင်လှေကားအောက်ဘက်ဥ အလင်းတန်းတစ်ချက် လက်သွားသည်။ ထိုသူကား အဘိုးမာပင်။ သူသည် ရီဖူရှင်းထံသို့ ရောက်လာပြီး ဦးညွှတ်လိုက်သည်။
“နန်းတော်သခင်...”
တစ်ချိန်က သူတို့သည် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သော်လည်း လက်ရှိစီဝေ့အင်ပါယာနန်းတော်ထဲတွင် လူအားလုံးသည် ရီဖူရှင်းကို အလွန်လေးစားကြပေသည်။ ရီဖူရှင်းသည် ဂျူနီယာတစ်ယောက်ဖြစ်သော်လည်း အားလုံးအတွက် ကိစ္စများစွာကို လုပ်ပေးခဲ့သဖြင့် မည်သူမှ သူ၏အသက်အရွယ်ကို ထည့်မတွက်ကြတော့ပေ။
“အရိုအသေပေးနေစရာမလိုပါဘူး ဦးလေးမာ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။ အဘိုးမာသည် စီဝေ့အင်ပါယာနန်းတော်၏ ကိုယ်ရံတော်ပင် ဖြစ်နေသေးသည်။
“အပြင်လောကမှာ အခြေအနေတွေ ဘယ်လိုရှိလဲ”
ရီဖူရှင်း မေးလိုက်၏။
ယခင်က ပရမ်းပတာကိစ္စများ ဖြစ်ပြီးကတည်းက၊ သူ နတ်ကျောက်တုံးများကို ရရှိပြီးကတည်းက သူသည် အပြင်သို့ သွား၍ ပြဿနာမရှာခဲ့တော့ပေ။ သူတို့သည် တော်တော်များများ ရရှိပြီးခဲ့ပြီဖြစ်ပြီး လောဘမကြီးပေ။ ထို့အပြင် အကောင်းဆုံးအမွေအနှစ်များကို အင်ပါယာအဆင့်အင်အားစုများက ယူသွားခဲ့ပြီဖြစ်သဖြင့် သူတို့နှင့် ယှဉ်ပြိုင်ရန် နည်းလမ်းမရှိချေ။
“အခြေအနေကတော့ အမြဲ ပြောင်းလဲနေပါတယ်... နေ့တိုင်းက ကွဲပြားနေတယ်”
အဘိုးမာ ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ နတ်ဘုရားကုန်းမြေပေါ်က အမွေအနှစ်တော်တော်များများကတော့ လုယက်ခံလိုက်ရပါပြီ။ အဲဒါတွေက ထိန်းချုပ်ခံရရင် ခံရ ဒါမှမဟုတ် အမွေဆက်ခံ ခံရရင်ခံရနဲ့ သိပ်မကျန်တော့ပါဘူး။ နတ်ဘုရားတွေရဲ့ ကန့်သတ်နယ်မြေလို့ နာမည်ပေးထားတဲ့ လျှို့ဝှက်နေရာနည်းနည်းပဲ ကျန်ပါတော့တယ်။ အဲဒီနေရာတွေမှာ ထူးခြားတဲ့အမွေအနှစ်တွေ ရှိနေနိုင်လို့ လူတော်တော်များများက အဲဒီကိုသွားချင်နေကြပါတယ်”
“အာ... ကျုပ်သိပြီ...”
ရီဖူရှင်းသည် ခေါင်းညိတ်လိုက်ပြီး အဝေးသို့ ကြည့်သည်။ သူသည် ပြီးခဲ့သော နှစ်အနည်းငယ်တွင် ကျင့်ကြံခြင်းအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့သဖြင့် ယခုတွင် သူ အပြင်သို့သွား၍ လှည့်ပတ်ကြည့်ရန် အချိန်ကျလာပြီ ထင်ပေသည်။