← Chapters

မိစ္ဆာအဖြစ် ပြောင်းလဲခြင်း

Vol. 191 Ch. 2723

မိစ္ဆာအဖြစ် ပြောင်းလဲခြင်း

Vol. 191 Ch. 2723

“ကျုပ် အပြင်ကိုသွားပြီး တစ်ချက်လောက်ကြည့်လိုက်ဦးမယ်”

ရီဖူရှင်းသည် အဘိုးမာကို ပြောလိုက်၏။ အဘိုးမာ ခေါင်းညိတ်လိုက်၏။ ရီဖူရှင်းက ကောင်းကင်လှေကားပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားသည်။

အဘိုးမာသည် ရီဖူရှင်းပျောက်ကွယ်သွားသော နေရာသို့ ကြည့်လိုက်ပြီး ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာသည်။ သူသည် ရီဖူရှင်း ရွာကို ပထမဆုံးရောက်လာခဲ့သည့်နေ့ကို မှတ်မိနေဆဲဖြစ်သည်။ ထိုစဉ်က သူသည် ပါရမီရှင် ဂျူနီယာတစ်ယောက်သာ ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူသည် လောကအတွင်းရှိ ထိပ်သီးကျင့်ကြံသူများမှ တစ်ယောက်ဖြစ်လာခဲ့ပြီး လွန်စွာအင်အားကြီးသော အင်အားစုတစ်စု၏ ခေါင်းဆောင်ဖြစ်လာပေပြီ။ အင်ပါယာအဆင့်များမှလွဲ၍ မည်သူမှ သူ့ကို မယှဉ်နိုင်လောက်တော့ပေ။

ယခုတွင် ရှေးဟောင်းနတ်ဘုရားကလန်များပင် သူ့ကိုယှဉ်နိုင်သည့်အစွမ်း မရှိတော့ချေ။ ထို့အပြင် ရီဖူရှင်၏အရှိန်အဝါသည် လုံးဝပြောင်းလဲသွားခဲ့ပြီး ယခင်ကနှင့် လုံးဝကွာခြားသွားခဲ့ပြီဖြစ်သည်။ သူက လက်ရှိရီဖူရှင်းက အင်ပါယာတစ်ပါးဖြစ်လာသည်ကို စိတ်ကူးပုံဖော်ကြည့်နိုင်ပေသည်။ သူသည် အင်ပါယာတစ်ပါး၏ ဆက်ခံသူပင် မဟုတ်ပါလား။

ရီဖူရှင်းသည် နန်းတော်ဝန်း အပြင်ဘက်တွင် ပြန်ပေါ်လာ၏။ ယခင်က မဟော်ရာဂီအမွေအနှစ်နယ်မြေသည် ယခုတွင် ရီအင်ပါယာနန်း‌တော်အဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး အပြင်ဘက်ပိုင်းသည်လည်း စီဝေ့အင်ပါယာနန်းတော်၏ ပိုင်နက်ဖြစ်လာခဲ့ပေပြီ။ စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူအများအပြား ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး အဆောက်အဦးများစွာကို တည်ဆောက်ခဲ့သဖြင့် ထိုနေရာသည် အဝေးမှကြည့်လျှင် နန်းပြင်မြို့တစ်မြို့နှင့် တူပေသည်။

ထိုကဲ့သို့ မြင်ကွင်းမျိုးကို လက်ရှိနတ်ဘုရားကုန်းမြေတစ်ခွင်လုံးတွင် မြင်နိုင်လောက်ပေသည်။ ဤနေရာသည် သေးငယ်သော တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

ရီဖူရှင်းသည် လျှပ်တစ်ပြက်အတွင်း ထပ်မံပျောက်ကွယ်သွားပြန်သည်။ သူသည် မြင့်မားသော ကောင်းကင်ကို ဖြတ်သန်းသွားပြီး အောက်ဘက်ကုန်းမြေကို ငေးကြည့်နေသည်။ ကျင့်ကြံသူအများအပြားကို မြင်ရသဖြင့် ဤရှေးဟောင်းကုန်းမြေသည် လူသူကင်းရှင်းသော ခြောက်ကပ်ကပ်ကုန်းမြေတစ်ခု မဟုတ်တော့ကြောင်း သိနိုင်ပေသည်။

သူသည် ပို၍မြင့်သော ကောင်းကင်ကို မော့ကြည့်သည်။ သူ၏စူးရှသောမျက်လုံးအကြည့်များသည် အကန့်အသတ်မဲ့ အာကာပြင်ကို ဖောက်ထွင်းသွားပြီး တိမ်တိုက်များအလွန် အပြင်ဘက်သို့ ကြည့်သည်။ ဟင်းလင်းပြင်သည် ဤရှေးဟောင်းကုန်းမြေမှ ထွက်ပေါ်လာသော အငွေ့အသက်များနှင့် ပြည့်နှက်နေကြောင်း သူတွေ့လိုက်ရ၏။ ထိုဟင်းလင်းပြင်ထဲတွင် အခြားကုန်းမြေများလည်း မျောနေသည်။ ရီဖူရှင်းသည် ထိုအခြင်းအရာ၏ အဓိပ္ပာယ်ကို သိ၏။

နတ်ဘုရားကုန်းမြေ ပြန့်ကားလာသောအခါ နတ်အလင်းသည်လည်း မူလဘုံအတွင်းရှိ အခြားကုန်းမြေများအထိ ပျံ့နှံ့သွားပေသည်။ ထို့ကြောင့် မူလဘုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော ထိုကုန်း‌မြေများသည် နတ်ဘုရားကုန်းမြေ၏ အပြင်ဘက်ပိုင်း ကုန်းမြေများ ဖြစ်လာခြင်းပင်။

စီဝေ့ကြယ်ကောင်းကင်နှင့် ယခင်က မဟာလမ်းစဉ်၏ ဘုံသုံးထောင်သည်လည်း ထို့အတူပင် ဖြစ်သည်။

အနာဂတ်တွင် မူလဘုံသည် ကောင်းကင်ဒေသ၏ဖွဲ့စည်းပုံနှင့် တူလာလောက်ပေသည်။ နတ်ဘုရားကုန်းမြေကို ဗဟိုပြု၍ အာကာသဟင်းလင်းပြင်တစ်ခုအတွင်းမှာပင် မရေမတွက်နိုင်အောင် များပြားသော ကုန်းမြေများ ရှိလာပေလိမ့််မည်။

ကောင်းကင်ဒေသသည်လည်း ကုန်းမြေများစွာကို ပေါင်းစပ်ထားသော ဒေသတစ်ခုဖြစ်သည်။ သို့သော် မူလဘုံနှင့် မတူသည်မှာ ၎င်း၏ဗဟိုတွင် နတ်ဘုရားကုန်းမြေကဲ့သို့ ကုန်းမြေတစ်ခုမရှိခြင်းပင်။

ရီဖူရှင်းသည် နတ်ဘုရားကုန်းမြေအထက်ရှိ ကောင်းကင်ကို အလျင်အမြန် ဖြတ်သန်းနေပြီး အထက်ကောင်းကင်များကို ကြည့်နေရာမှ အောက်ဘက်ကုန်းမြေသို့ ပြန်ကြည့်သည်။

“ခင်ဗျားက ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာတောင် ခိုးကြောင်ခိုးဝှက်လုပ်နေတော့ ဗုဒ္ဓလမ်းစဉ်ကို အရှက်ရစေတဲ့ လူတစ်ယောက်ပဲ”

ထိုစဉ်တွင် ရီဖူရှင်းသည် ထိုသို့ပြောလိုက်ရာ ဟင်းလင်းပြင်ကို တုန်ခါသွားစေ၏။ သူ၏အသံသည် အကန့်အသတ်မဲ့ အာကာပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။

အောက်ဘက်ရှိ ကျင့်ကြံသူ အများအပြားသည် ခေါင်းမော့၍ ကြည့်လိုက်ရာ ငွေဖြူရောင်ဆံပင်နှင့် လူတစ်ယောက်ကို တွေ့လိုက်ကြရသည်။

“အဲဒါ ရီဖူရှင်းပဲ”

တစ်စုံတစ်ယောက်သည် သူ့ကို မှတ်မိသွားသည်။ သူ့ကို လူကိုယ်တိုင် မတွေ့ဖူးကြသူများပင် သူ့အကြောင်းကို ကြားဖူးကြသည်။ ထိုကဲ့သို့ ထူးကဲ့သည့်အရှိန်အဝါ၊ ခံ့ညားသောရုပ်သွင်နှင့် ထင်ရှားသည့်ငွေဖြူရောင်ဆံပင်ရှည်တို့ကြောင့် ကောင်းကင်ထက်ရှိ သူသည် ရီဖူရှင်းသာ ဖြစ်ပေမည်။

သူသည် မည်သူ့ကို ပြောနေခြင်းနည်း။

သူပြောနေသော ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူက မည်သူနည်း။

ကောင်းကင်ထက်တွင် ရွှေရောင်ဗုဒ္ဓအလင်း တောက်ပလာပြီး အဝေးတစ်နေရာရှိ ဟင်းလင်းပြင်ထဲ၌ ကြောက်မက်ဖွယ် မျက်လုံးတစ်စုံ ထွက်ပေါ်လာ၏။ ၎င်းတို့သည် ဟင်းလင်းပြင်ကို ဖြတ်ကာ ရီဖူရှင်းကို ကြည့်နေကြသည်။ အောက်ဘက်မှ ကျင့်ကြံသူများသည် ထိုမျက်လုံးများမှလွဲ၍ နောက်မှရောက်လာသူကို မမြင်ကြရပေ။ ထို့ကြောင့် သူတို့ကို ရင်ခုန်မြန်နေစေလေသည်။

ထိုမျက်လုံးတစ်စုံသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် ရှန်းယန်ဗုဒ္ဓအရှင်၏ မျက်လုံးများလော။

သို့သော် သူ၏မျက်လုံးများသည် သူမဟော်ရာဂီအမွေအနှစ်နယ်မြေကို ကျူးကျော်ခဲ့စဉ်က ရီဖူရှင်းကြောင့် ကန်းသွားခဲ့ပြီ မဟုတ်လော။

ရီဖူရှင်းသည် တစ်ဘက်လူကို အာရုံခံမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်မှာ ရှန်းယန်ဗုဒ္ဓအရှင်သည် အလွန်တိုးတက်လာခဲ့ပြီး မျက်စိကန်းသွားပြီးသည့်နောက်တွင် ကံဆိုးမှုကို ကောင်းချီးအဖြစ် ပြောင်းလဲခဲ့ပုံပင်။ သူ၏မျက်လုံးများသည် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းလာပြီး စွမ်းအားကြီးလာလေသည်။

ထိုစဉ်တွင် ဟင်းလင်းပြင်ထဲရှိ ထိုမျက်လုံးများသည် ကြောက်မက်ဖွယ် ရွှေရောင်အလင်းတစ်ခုစီကို ထုတ်လွှတ်လိုက်၏။ ၎င်းအလင်းများသည် ထက်ရှသော ဓားသွားတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို တိုက်ရိုက်ဖောက်ထွင်းသွားပြီး ရီဖူရှင်း ထံသို့ ဦးတည်သွားသည်။

ရီဖူရှင်းသည် နောက်လှည့်လိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွား၏။ အလင်းတန်းနှစ်ခုသည် သူရပ်နေခဲ့သော နေရာကို ဖြတ်သန်းသွားပြီး အပေါက်ကြီးတစ်ပေါက်ကို ထွက်ပေါ်လာစေလေသည်။ သို့သော် ရီဖူရှင်းသည် အခြားနေရာသို့ ရောက်သွားပြီဖြစ်သည်။

ရွှီး...

မျက်လုံးပေါင်းများစွာ တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ အလင်းတန်းများ ပစ်လွှတ်လိုက်သည်။ တစ်ပြိုင်တည်းပင် သန်းဆယ်ချီသော ရွှေရောင်နတ်အလင်းတန်းများသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ရီဖူရှင်းကို တိုက်ခိုက်ရန် ပျံထွက်သွားကြသည်။

ထိုနေရာသည် များပြားသော နတ်အလင်းများ၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။

“အိုး...”

အောက်ဘက်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့သည် ဒိဗ္ဗစက္ခုတစ်ခုတည်းသည်ပင် ထိုမျှကြောက်မက်ဖွယ်ကောင်းနိုင်ပေသည်ဟု တွေးတောလိုက်ကြသည်။

မျက်လုံးများမှ ထွက်ပေါ်လာသော ထိုနတ်အလင်းတန်းများသည် အသန်မာဆုံး ကျင့်ကြံသူများကိုပင် သတ်ပစ်နိုင်ရန် လုံလောက်ပေသည်။

ရီဖူရှင်းသည် ထပ်ခါထပ်ခါ ပျောက်ကွယ်လိုက်၊ ပေါ်လာလိုက် ဖြစ်နေသည်။ သို့သော် ဒိဗ္ဗစက္ခုအလင်းများသည် ဟင်းလင်းပြင်ကို ချိပ်ပိတ်ထားသည့်ပုံပင်။ ၎င်းတို့သည် ရီဖူရှင်းထံ အရှိန်အဟုန်ဖြင့် ပျံဝင်လာပြီး တစ်ချိန်တည်းမှာပဲ သူ့အထက်တွင် ဧရာမနတ်မျက်လုံးကြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုမျက်လုံးသည် ထျန်ရှန်း၏မျက်လုံးနှင့် ဆင်တူပေသည်။ အောက်မှ ကျင့်ကြံသူများသည် ထိုမျက်လုံးကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။

“မြန်မြန် ထွက်သွားကြ”

ရီဖူရှင်းသည် ကျင့်ကြံသူများကို အော်ပြောလိုက်၏။ ထိုအခါမှသာ သူတို့သည် အသိပြန်ကပ်လာကြပြီး ထိုနေရာမှနေ၍ လျင်မြန်စွာ ထွက်ပြေးကြလေသည်။ ရီဖူရှင်း ပြောပြီးသွားသည့်နောက်တွင် ကောင်းကင်ထက်ရှိ မျက်လုံးများသည် ထပ်မံ၍ မရေမတွက်နိုင်အောင် များပြားသော အလင်းတန်းများကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းများသည် ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ၎င်းတို့သည် ထက်ရှသောဓားသွားများနှင့်ဆင်တူပြီး ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

တစ်ချိန်တည်းမှာပင် ရှန်းယန်ဗုဒ္ဓအရှင်သည်လည်း ကောင်းကင်ထက်တွင် ပေါ်လာပြီး ကိုယ်ထင်ပြလိုက်သည်။

ယခုတွင် သူသည် သန်မာသောအရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး သူ၏စွမ်းအားများသည် သူ ဒုတိယကပ်ဘေးကို ဖြတ်ကျော်ပြီးခါစအချိန်ကထက် ပို၍တည်ငြိမ်လာပြီဖြစ်သည်။ သူသည် ဆေးဗုဒ္ဓအရှင်ကို အကူအညီသွား‌တောင်းကာ သူ၏ဒဏ်ရာရထားသော မျက်လုံးကို ကုသပေးစေခဲ့သည်။ သူသည် အပြည့်အဝ ပြန်မကောင်းခဲ့သော်လည်း သူကျင့်ကြံနေခဲ့သည့် နတ်မျက်လုံးအတတ်သည် ပို၍တိုးတက်လာခဲ့သည်။

နတ်မျက်လုံးသည် သူ၏မျက်လုံးများနေရာတွင် အစားထိုးနေရာယူသွားပြီး သူသည် ပို၍ စွမ်းအားကြီးလာလေသည်။ ယခုတွင် သူသည် သူ၏ကိုယ်ပိုင်မျက်လုံးများကို မလိုတော့ပေ။ သူ၏နတ်မျက်လုံးများသည် နေရာအနှံ့တွင် ရှိနေပေပြီ။

ရီဖူရှင်းသည် သေနိုင်လောက်သည့် အလင်းတန်းများ သူ့ထံသို့ လာနေသည်ကို မြင်တွေ့လိုက်သော်လည်း ဤတစ်ကြိမ်တွင် ၎င်းတို့ကို မရှောင်တော့ပေ။ သူ့ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်းတစ်ခု တောက်ပလာပြီး သူသည် ဖျက်ဆီး၍မရနိုင်သော ရွှေခန္ဓာအဖြစ် ပြောင်းလဲသွား၏။ ကျောက်စိမ်းရောင်အလင်းတစ်ခုသည် ရွှေခန္ဓာကို လှည့်ပတ်နေပြီး ၎င်းနှင့် လိုက်လျောညီထွေရှိနေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ အဆက်မပြတ် ကျဆင်းလာသည်။ နတ်မျက်လုံးများမှ ထွက်ပေါ်လာသော နတ်အလင်းတန်းများသည် အရာအားလုံးကို ဖြတ်တောက်နိုင်သော ထက်ရှသည့်ဓားသွားများကဲ့သို့ပင်။ ၎င်းတို့သည် ရွှေခန္ဓာကို ထိမှန်သွားကြပြီး ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာစေလေသည်။ ရွှေခန္ဓာပေါ်တွင် အက်ကြောင်းတစ်ခုထွက်ပေါ်လာသော်လည်း ပျက်စီးမသွားသေးဘဲ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားလေသည်။

သို့သော် အောက်ဘက်မှ လူအချို့သည် ကံမကောင်းပေ။ တိုက်ပွဲသည် မြင့်မားသော ကောင်းကင်ထက်တွင် ဖြစ်နေခြင်းဖြစ်ပြီး အောက်ဘက်မြေပြင်နှင့် အတော်လေးလှမ်းသော်လည်း နတ်အလင်းတန်းများသည် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး ဟင်းလင်းပြင်ကို တိုက်ရိုက်ဖောက်ထွင်းကာ အောက်ဘက်သို့ပင် ကျဆင်းသွားပေသည်။ ထိုအလင်းတန်းများ ထိမှန်ခံလိုက်ရသော သူများသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားကာ အရိုးတစ်ချောင်းပင် မကျန်ခဲ့ကြချေ။ သူတို့သည် အော်ဟစ်ရန်ပင် အချိန်မရခဲ့ကြေချေ။

ရီဖူရှင်းသည် ခေါင်းငုံ့၍ အောက်လက်သို့ ကြည့်လိုက်၏။ ထို့နောက်တွင် သူသည် ရှန်းယန်ဗုဒ္ဓအရှင်ကို ထပ်မံကြည့်သည်။ သူ့ခန္ဓာကိုယ်ကို တလက်လက်တောက်ပနေသော ရွှေရောင်အလင်းက လှည့်ပတ်နေပြီး အေးစက်စက် ပြောလိုက်၏။

“ခင်ဗျားက ဗုဒ္ဓအရှင်မှ ဟုတ်‌သေးရဲ့လား”

“ကျုပ်လည်း တစ်ချိန်တုန်းက အနောက်ဘက်ကောင်းကင်မှာ ကျင့်ကြံခဲ့ဖူးလို့ ဗုဒ္ဓလမ်းစဉ်ရဲ့ တပည့်တစ်ပိုင်းလို့ ပြောလို့ရတယ်။ ဒီနေ့မှာ ကျုပ် တခြားဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတွေရဲ့ကိုယ်စား ဒီစိတ်ဓာတ်မကောင်းတဲ့ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူကို ရှင်းထုတ်ပစ်မယ်”

ရီဖူရှင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။ သူ၏အသံသည် ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။ သူ ပြောပြီးသွားသောအခါ ရှန်းယန်ဗုဒ္ဓအရှင်၏ မျက်လုံးများအတွင်းမှ မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားပါဝင်သော နတ်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်း၏ရွှေခန္ဓာပေါ်သို့ ကျရောက်သွားသည်။

ရုတ်ခြည်းအတွင်းမှာပင် ရွှေခန္ဓာသည် အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။ သို့သော် တစ်ချိန်တည်းမှာပင် ရီဖူရှင်းမှာလည်း ပျောက်ကွယ်သွားသည်။ နတ်အလင်းတန်းနှစ်ခုသည် အောက်သို့ ဆက်၍ကျဆင်းသွားပြီး မြေပြင်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။

ထို့ကြောင့် လူပေါင်းများစွာ ထပ်မံသေဆုံးသွားပြီး ကံကောင်းထောက်မစွာ လွတ်မြောက်သွားသူများသည်လည်း လွန်စွာ ကြောက်ရွံ့တုန်လှုပ်နေကြပေသည်။ သူတို့သည် ထွက်ပြေးနေရင်းမှာပင် သူတို့၏နတ်ဝိညာဉ်စွမ်းအားများကိုသုံး၍ မြင့်မားသောကောင်းကင်ထက်ရှိ တိုက်ပွဲကို ကြည့်နေကြသည်။ သူတို့၏ နှလုံးသားများ အေးစက်လာသည်ဟု သူတို့ခံစားနေရလေသည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် နတ်ဘုရားတစ်ဝက်ဖြစ်နေပြီဖြစ်ပြီး မယုံနိုင်လောက်အောင် စွမ်းအားကြီးနေသည်။ သူသည် မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီကိုလည်း ရထားသည့်ပုံပင်။

ကျင့်ကြံသူများသည် ရီဖူရှင်းက အနိုင်ရကာ ရှန်းယန်ဗုဒ္ဓအရှင်ကို ရှင်းထုတ်ပစ်နိုင်ရန် မျှော်လင့်နေကြသည်။ ထိုဗုဒ္ဓအရှင်သည် ရီဖူရှင်းကို သတ်ရန်အတွက် အပြစ်ကင်းသောအသတ်များကို နှုတ်ယူရန် ဝန်မလေးသဖြင့် လူများက သူ့အား မုန်းတီး၊ ဒေါသထွက်လာကြလေသည်။

ရီဖူရှင်းသည် အခြားတစ်နေရာတွင် ပြန်ထွက်ပေါ်လာပီး ရှန်းယန်ဗုဒ္ဓအရှင်ကို ကြည့်သည်။ သူ မျက်စိကန်းခဲ့စဉ်က ကံကြမ္မာဗုဒ္ဓသည် သူ့ကို သူ၏စွဲလမ်းမှုကို လွှတ်ချလိုက်ရန် ပြောခဲ့သည်။ သို့သော် သူ၏စွဲလမ်းမှုသည် ပို၍ပင်နက်ရှိုင်းလာပြီး ယခုတွင် သူက လက်စားချေရန်သာ ဆန္ဒရှိနေပုံပေါ်လေသည်။

ဗုဒ္ဓတစ်ပါးနှင့် မိစ္ဆာတစ်ကောင်အကြားတွင် ပါးလျသောစည်းတစ်ခုသာ ရှိပေသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် မိစ္ဆာတစ်ပိုင်းအဖြစ် ပြောင်းလဲခဲ့ပေပြီ။

သူ၏မျက်လုံးများသည် ကန်းနေဆဲသာဖြစ်သည်။ သို့သော် ထိုမျက်လုံးများနေရာတွင် နတ်မျက်လုံးတစ်စုံက အစားထိုးသွားခဲ့သည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းပြီး အထဲတွင် ဗုဒ္ဓနတ်ဓားတစ်ချောင်း ရှိနေသည်။ ၎င်းသည် ရှန်းယန်ဗုဒ္ဓအရှင် မဟော်ရာဂီအမွေအနှစ်နယ်မြေအတွင်းသို့ ကျူးကျော်ခဲ့စဉ်က လုယူသွားခဲ့သော မဟာအင်ပါယာအဆင့်လက်နက်ဖြစ်ပေသည်။

ကျောက်စိမ်းရောင်နတ်အလင်း တောက်ပလာပြီး ရီဖူရှင်းထံမှနေ၍ နတ်အလင်းများ အဆက်မပြတ် ထွက်နေလေသည်။ ၎င်းတို့သည် ရီဖူရှင်း၏အရှေ့တွင် ပေါင်းစည်းသွားပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားလေသည်။ ရီဖူရှင်းသည် နတ်ဘုရားတစ်ပါး၏ ပုံရိပ်အဖြစ် ပြောင်းလဲသွား၏။ သူသည် သူ့လက်ထဲတွင် နတ်ဘုရားအုပ်စိုးလက်နက်ကို ကိုင်ထားပြီး ဟင်းလင်းပြင်ထဲရှိ ရှန်းယန်ဗုဒ္ဓအရှင်ကို မော့ကြည့်သည်။

သူ၏မျက်နှာထားအရ ကောက်ချက်ချရလျှင် သူသည် အတည်တိုက်ခိုက်တော့မည်ဟု ထင်ရသည်။

All Chapters