ပဉ္စမတောင်ထိပ် ခေါင်းဆောင်ကြီး
Vol. 53 Ch. 739
အမွေအနှစ် အဖိုးထိုက်ရတနာ
ဂိုဏ်းတိုင်း၏ တာအိုအရင်းအမြစ်များတွင် ဂိုဏ်းရေရှည်တည်တံ့နိုင်ဖို့နှင့် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အဖိုးထိုက်ရတနာတစ်မျိုးရှိသည်။ ၎င်းကို အိမ်နီးနားချင်းများ၏ရန်မှ ကာကွယ်ဖို့အတွက် ခြိမ်းခြောက်မှုတစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်သည်။
ယီးကျန့်ဂိုဏ်း၏ တာအိုအရင်းအမြစ်များမှာ မရေမတွက်နိုင်အောင် ပေါများ၏။ သို့သော် ကျန်တောင်ပိုင်းဒေသတစ်ဝန်းလုံးကို အမှန်တကယ် လွှမ်းမိုးထားသည်မှာတော့ ဝါးဓား ဖြစ်သည်။
ဓားသည် ရှေးဟောင်းတာအိုရေကန်များမှ လာပြီး မယုံနိုင်လောက်အောင် အစွမ်းထက်ပေသည်။ ၎င်းက ကိုင်စွဲသည့်သူအပေါ် မူတည်၍ စွမ်းအားပမာဏအမျိုးမျိုး ထုတ်လွှတ်ပေးနိုင်ပြီး လေ့လာမှုများ ထဲထဲဝင်ဝင် လုပ်ပြီးနောက်တွင် ယီးကျန့်ဂိုဏ်းသည် ၎င်း၏အစစ်အမှန်စွမ်းအားကို .... အင်မော်တယ်တစ်ဦးမှသာ ထုတ်လွှတ်နိုင်ကြောင်း သိခဲ့ရ၏။
ကံမကောင်းသည်ကား ယီးကျန့်ဂိုဏ်းတွင် ယခင်က အင်မော်တယ်များ ပေါ်ထွက်လာခဲ့ဖူးသော်လည်း အတုအယောင်အင်မော်တယ်များသာ ဖြစ်ခဲ့လေသည်။ အစစ်အမှန်အင်မော်တယ်များမှာတော့ ... ရှေးခေတ်မှ ယနေ့ထက်တိုင်အောင် တောင်ပိုင်းဒေသတွင် တစ်ယောက်မှ ပေါ်ထွန်းမလာခဲ့ဖူးပေ။
အနောက်ပိုင်းသဲကန္တာရကိုတော့ စကားထဲတွင် ထည့်ပြောနေစရာမလို။ အစစ်အမှန်အင်မော်တယ်များမှာ အရှေ့ဘက်နယ်မြေတွင်သာ ပေါ်ပေါက်လာခဲ့ဖူးသည်။
ယီးကျန့်ဂိုဏ်း တာအိုရှာဖွေခြင်းအဆင့်ပညာရှင်က အသက်ပြင်းပြင်းရှူ၍ ညာလက်ကို မြှောက်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သစ်ရွက်တစ်ရွက်က လျင်မြန်စွာ တောက်ပလာရင်း ပေါ်လာပြန်သည်။ မျက်စိတစ်မှိတ်အတွင်း ဝါးချောင်းတစ်ချောင်းအား မြင်လိုက်ရပြီး အမျှင်များ ကွာကျကာ ... ဝါးဓားတစ်လက်ကို ဖော်ပြလိုက်၏။
"ဒီဓားက ပင်မရတနာဓားရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ" အဘိုးကြီးက အေးတိအေးစက် ပြောသည်။ "ဒါပေမဲ့ ငါ့ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်ရင် ငါ့မှာ ဓားအစစ်ရှိရင်တောင်မှ စွမ်းအားတစ်စိတ်တပိုင်းကိုပဲ အသုံးပြုနိုင်လိမ့်မယ်" သူက ထိုသို့ပြောရင်း ဓားကို မြှောက်လိုက်ရာ လျှံပယ်သော အသက်စွမ်းအားများက ပတ်ဝန်းကျင်တွင် တဖွေးဖွေး လှုပ်သွားတော့သည်။ အရာအားလုံးမှာ အစိမ်းရောင် ပြောင်းသွားခဲ့ပြီး မရေမတွက်နိုင်သော အလင်းစက်များ လှည့်ပတ်ရစ်ဝဲလာကြသည်။ မြင်ကွင်းတစ်ခုလုံးမှာ အတိုင်းထက်အလွန် ခမ်းနားလှ၏။
ကျင်းဟန်ဂိုဏ်းမှ တာအိုရှာဖွေခြင်းအဆင့်ရုပ်သေးရုပ်က အေးစက်စက် နှာတစ်ချက် မှုတ်လိုက်သည်။ ၎င်းသည် ညာလက်ကို မြှောက်လိုက်ပြီး ၎င်းလက်ထဲရှိ လက်ဝါးအရွယ်ကျောက်ခဲက လေပေါ် မြောက်တက်ကာ ပြန့်ကားလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မီတာ (၃၀၀၀) မြင့်မားသော တောင်တစ်လုံးဖြစ်သွားလေပြီ။
၎င်းက ရုပ်သေးရုပ်ကြီး၏ ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည့် အာဏာရှင်ဆန်သော စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ လှိုင်းဂယက်များထလာပြီး ဖြာဆင်းသွားသော မြစ်တစ်စင်းအသွင်ပြောင်းသွား၏။ ကျောက်တောင်ထံမှ တရိပ်ရိပ် လှုပ်ရှားနေသော အရှိန်အဝါတစ်ခုလည်း ဖြာထွက်နေသည်။
ဤကျောက်ခဲသည် အမွေအနှစ်အဖိုးထိုက်ရတနာတစ်ပါးဖြစ်ပြီး ယီးကျန့်ဂိုဏ်း၏ ဝါးဓားထက်ပင် ဩဇာကြီးမားလေသည်။ တောက်အောက်ရှိ အရာအားလုံးမှာ ပက်ကြားအက်ပြီး ကွဲထွက်တော့မည့်အလားပင်။
လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးမှာမူ မပြောင်းလဲသော မျက်နှာထားဖြင့် အဝေးမှ ကြည့်နေသော်လည်း သူ၏မျက်လုံးများကား အေးစက်ခက်ထန်၍နေသည်။ သူသည် အင်္ကျီလက်စကို ခါလိုက်ရာ ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်လုံး ပျံထွက်လာ၏။ ဖုန်းရွှေသံလိုက်အိမ်မြှောင်အပေါ်ရှိ မရေမတွက်နိုင်သော မှော်သင်္ကေတများက နစ်ဝင်သွားပြီးနောက် တဖျပ်ဖျပ် လက်လာရာ သဘာဝနိယာမတစ်မျိုး အလုပ်လုပ်နေသည့်အလား ခံစားလိုက်ရစေသည်။
ဤလူသုံးယောက်လုံးသည် ပင်မရတနာများမဟုတ်ဘဲ အစိတ်အပိုင်းများကိုသာ အသုံးပြုနေခြင်းဖြစ်၏။ အစစ်အမှန်ရတနာများကို ကောင်းကင်ထက်၌ သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် အကြိတ်အနယ် တိုက်ခိုက်နေသော ခေါင်းဆောင်ကြီးသုံးဦးမှ ကိုင်စွဲထားလေသည်။
အဖိုးထိုက်ရတနာသုံးမျိုး ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသိန်းပေါင်းများစွာက ၎င်းတို့ကို ဦးစားပေး၍ မန်ဟို သွေးမိစ္ဆာမဟာမှော်သိုင်းအား အသုံးမပြုနိုင်အောင် တဖြေးဖြေး နောက်ဆုတ်သွားကြသည်။
မန်ဟို၏ သူငယ်အိမ်များ ကျုံ့သွားပြီး ပြင်းထန်သော သေခြင်းအန္တရာယ်က သူ၏နှလုံးသားထဲတွင် တရိပ်ရိပ် တက်လာသည်။ သို့သော် သူ၏အမူအရာမှာတော့ တည်ငြိမ်မြဲ တည်ငြိမ်ဆဲသာ ဖြစ်၏။ သူ့မှာ ဤစစ်ပွဲအတောအတွင်း အချိန်တိုင်း ထိုကဲ့သို့အန္တရာယ်အာရုံမျိုးကို ခံစားနေခဲ့ရလေသည်။
"ပိုင်းချလိုက်" ယီးကျန့်ဂိုဏ်း တာအိုရှာဖွေခြင်းအဆင့်ပညာရှင်က အေးစက်စက် ပြောသည်။ သူ့လက်သည် နိမ့်ဆင်းသွားပြီး ဝါးဓားသည် ယခင်က ထုတ်လွှတ်ခဲ့သော အစိမ်းရောင်အလင်းအလုံးစုံကို ပြန်စုပ်ယူပြီးနောက် ၎င်းကို စူးရှတောက်ပသော ဓားအလင်းအဖြစ် ပြောင်းလဲလိုက်သည်။ ဝါးဓားက လေပေါ် ပျံတက်သွားပြီးနောက် အစိမ်းရောင်ဓားတစ်ဝက် ဖြစ်လာသည်။
ဓားကြီးသည် ဖော်ပြမတတ်နိုင်သော စွမ်းအားအပြည့်ဖြင့် မန်ဟို့ကို ပိုင်းချလိုက်၏။
မန်ဟိုက မော့ကြည့်လိုက်သည်။
"နဝမတောင်" သူက ပြောလိုက်ပြီး နဝမတောင်မှာ ပေါ်လာသော်လည်း ခဏချင်းအတွင်း ပြိုကွဲသွားရ၏။
သစ်သားအချိန်ဓားထိပ်များက ဓားဝင်္ကပါတစ်ခုအဖြစ် ပေါင်းစည်းရင်း လျင်မြန်စွာ လည်လာသည်။ သို့ထိတိုင် ဝင်္ကပါလည်း ချက်ချင်းဆိုသလို ပျက်ပြားသွားရသည်။
ဝါးဓားသည် မရပ်နားဘဲ မန်ဟို့ဆီသို့ ဆက်တိုက် ကျဆင်းလာသည်။ မန်ဟိုက ခေါင်းမော့၍ လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ရင်း မာန်သွင်းဟိန်းဟောက်လိုက်၏။ သူ၏ဘယ်လက်တွင် အဖြူရောင်မြူများပေါ်လာပြီး ညာလက်တွင်တော့ အနက်ရောင်မြူများပေါ်လာသည်။ ၎င်းတို့သည် ဓားကြီးဆီသို့ ပျံတက်သွားသော ပုလဲဖြူပုလဲနက်အသွင်ပြောင်းသွား၏။
အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။ မဟာဓားကြီး သိမ့်သိမ့်တုန်သွားပြီး ပုလဲဖြူပုလဲနက်များ တုန်ခါသွား၏။ မန်ဟိုက သွေးတစ်ပွက် အန်လိုက်ရပြီး ပုလဲများ ပျောက်ကွယ်သွားသည်။
မဟာဓားကြီး မန်ဟို့ကို ပိုင်းချတော့မည့်ဆဲဆဲ မန်ဟို၏မျက်လုံးများက သွေးရောင်တောက်လာသည်။ ကျင့်ကြံခြင်းအခြေခံစွမ်းအား ထွက်ပေါ်လာပြီး သူက ၎င်းကို ညာလက်အပေါ်တွင် စုစည်း၍ ကျဆင်းလာနေသော ဓားကြီးထံသို့ ထိုးချလိုက်၏။
အရာအားလုံး တဝုန်းဝုန်း တုန်ခါသွားသည်။ ဓားသည် တုံ့ခနဲ ရပ်သွားပြီး မန်ဟို့လက်မှာတော့ အသားနီတို့လန်ကာ စုတ်ပြတ်သပ်သွားသည်။ မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ခုက သူ့ကို ဖိစီးနှိပ်စက်လိုက်သဖြင့် သူ၏ကိုယ်အတွင်းမှ အရိုးအက်သံများ ထွက်လာ၏။ သူ့မှာ သူ့အပေါ် သက်ရောက်နေသော ဖိအားကြီးကို ခံနိုင်ရည်မရှိတော့သည့်အလားပင်။
သူ့တစ်ကိုယ်လုံး စုတ်ပြတ်ကွဲထွက်လာသည်။ ၎င်းတို့က အလိုအလျောက် ပြန်ကုစားနေသော်လည်း ပြိုင်ဘက်ကင်းသော အမြန်နှုန်းက မန်ဟို့ကို လျင်မြန်စွာပင် သွေးတို့ ရွှဲရွှဲစိုသွားစေသည်။ သူ့မှာ အချိန်မရွေး တစစီ စုတ်ပြတ်သွားတော့မည်ထင်ရသည်။
တစ်ချိန်တည်းမှာ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီးက လက်မြှောက်လိုက်ရာ မီတာ (၃၀၀၀) အမြင့် တောင်ကြီးအား မန်ဟို့အပေါ်တည့်တည့်သို့ နေရာရွှေ့ပြောင်းစေလိုက်သည်။ ၎င်းက ချက်ချင်း အောက်သို့ ကျဆင်းသွား၏။
ဝုန်း
မန်ဟို၏ခန္ဓာကိုယ်မှာ တစစီ ပြုတ်ထွက်သွားပြန်သော်လည်း ထာဝရအလွှာက ပြန်ဆက်ပေးလိုက်သည်။ မဟာဓားကြီးက ဓားချီများကို ထုတ်လွှတ်လျက် ဆက်လက်ကျဆင်းလာရာ မန်ဟို၏ခန္ဓာကိုယ်ကို ကွဲထွက်သွားစေပြန်သည်။ ကျောက်တောင်ကြီးသည်လည်း ချေမှုန်းခြင်းဖိအားကြီးဖြင့် ကျလာသည်။
ဤအခိုက်အတန့်တွင် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးက အေးစက်စက် နှာမှုတ်ပြီး လက်ကို ဝှေ့ယမ်းကာ ဖုန်းရွှေသံလိုက်အိမ်မြှောင်အား ပျံထွက်သွားစေလိုက်သည်။
"မဟူရာမီးတောက်တွေ၊ ငရဲမီးတွေ၊ အသတ်အဖြတ်စိတ်ဆန္ဒ ဝိညာဉ်ကို သန့်စင်စေ" စကားပြောနေစဉ် ထိုလူ၏မျက်လုံးများတွင် ရက်စက်သောအလင်း ပေါ်လာသည်။ အနက်ရောင်မီးတောက်များက ဖုန်းရွှေသံလိုက်အိမ်မြှောင်ထံမှ တဟုန်းဟုန်း တောက်လာပြီးနောက် မရေမတွက်နိုင်သော မဟူရာမီးငှက်များအသွင် ပြောင်းသွား၏။ စုစုပေါင်း အကောင်တစ်ထောင်တိတိက မန်ဟို၏ စုတ်ပြတ်နေသောပုံရိပ်ဆီသို့ ပျံသန်းလာသည်။
၎င်းတို့ကား အလဲထိုးတိုက်ကွက်ကို ထုတ်လွှတ်ဖို့ ရွယ်နေကြောင်း သိသာသည်။
ထာဝရအလွှာဖြင့်ပင် မန်ဟိုမှာ ဤကဲ့သို့ အဖိုးထိုက်ရတနာများမှ အပြင်းအထန် ထိုးနှက်မှုနှင့် ရင်ဆိုင်ရသည့်အခါ မသေဘဲရှိမည်လော။
ဤအခိုက်အတန့်တွင် သွေးမိစ္ဆာဂိုဏ်းသားများမှာ ရူးသွပ်တော့မည့်အလား ဖြစ်သွားကြ၏။
"သွေးမင်းသား" တစ်ယောက်မှ ရပ်မနေနိုင်တော့။ သွေးမိစ္ဆာဂိုဏ်းသားအကုန်လုံး အလင်းတန်းများအသွင်ပြောင်းကာ ထုတ်နိုင်သမျှသော အမြန်နှုန်းဖြင့် တဟုန်ထိုး ထွက်သွားကြ၏။
သို့သော် သူတို့ ချီတက်သွားကြသည့်အခိုက်အတန့်တွင် ခါးကုန်းအဘိုးကြီးက သက်ပြင်းချလိုက်သည်။ သူ၏ ကုန်းနေသောကျောသည် ရုတ်တရက် အတန်ငယ် ပြန်မတ်သွားပြီး သူ၏ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွား၏။ သူကား စောစောက အဘိုးကြီးနှင့် မတူတော့ပ။
"အကာအကွယ် ပျက်စီးစေ" သူက လက်နှစ်ဖက်လုံးဖြင့် ရှေ့သို့ အားထည့်တွန်းထုတ်လိုက်ရာ ပြောပြ၍မတတ်နိုင်သော စွမ်းအားကြီးတစ်ရပ် ဖြာထွက်သွားသည်။ ၎င်း အကာအကွယ်၏ အလွှာ (၅) ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အလွှာ (၅) သည် လှိုင်းတွန့်များ ထသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်း အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့၏။
ကြေမွခြင်းက ကြီးမားသော အားလှိုင်းတစ်လှိုင်းကို အရပ်လေးမျက်နှာသို့ ရိုက်ခတ်လိုက်စေသည်။ အားလှိုင်း၏ ပြင်အားက အဖိုးထိုက်ရတနာသုံးမျိုးကို တုံ့ခနဲ ရပ်သွားစေသည်။ ထို့နောက် ၎င်းတို့က မြေကြီးကို တုန်ခါသွားစေပြီး လေထုအား စုတ်ပြဲသွားစေသော လှိုင်းဂယက်များအား စတင်ထုတ်လွှတ်လာသည်။
ကြေမွခြင်း၏ အဟုန်ကို ငှားယူရင်း ခါးကုန်းအဘိုးကြီးသည် အဖိုးထိုက်ရတနာသုံးမျိုး၏တည်နေရာသို့ တခဏလေးအတွင်း ရောက်ရှိသွားတော့၏။ သူက လက်နှစ်ဖက်လုံး မြှောက်ပြီး ၎င်းတို့အား ခပ်ဆတ်ဆတ် ရိုက်ချလိုက်သည်။
ဝုန်း
သူ၏ကျင့်ကြံခြင်းအခြေခံက မန်ဟိုနှင့် မန်ဟို၏ ကွဲထွက်နေသော ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသော အကာအကွယ်ကြီးတစ်ခုကို ဖန်တီးရင်း ထွက်ပေါ်လာသည်။ အဘိုးကြီးမှာ မန်ဟို့ကို ကာကွယ်ဖို့နှင့် မန်ဟို ပြန်ကုစားရန် အချိန်ရဖို့ ရှိသမျှ အစွမ်းအကုန်လုံး အသုံးပြုနေသယောင်ပင်။ သူကတော့ အဖိုးထိုက်ရတနာသုံးမျိုးကို တစ်ယောက်တည်း တိုက်ခိုက်နေ၏။
မဟာဓားကြီးသည် ကျဆင်းလာပြီး ခါးကုန်းအဘိုးကြီး၏ခန္ဓာကိုယ်မှာ တုန်ရီလာသည်။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားသော်လည်း သူ့မျက်ဝန်းများမှာတော့ ရက်စက်ကြမ်းကြုတ်နေလေသည်။ သူ၏ ကုန်းနေသော ကျောက တစ်ဖန် ပြန်မတ်သွားကာ သူ၏ပုံပန်းသွင်ပြင်မှာ သက်လတ်ပိုင်းလူတစ်ယောက်အသွင် ဖြစ်သွားသည်။ သူ မားမားမတ်မတ် ရပ်နေစဉ် သူ၏ကျင့်ကြံခြင်းအခြေခံသည် ရုတ်တရက် ဒုတိယခွဲထွက်ခြင်းအဆင့်အဖြစ် ပြောင်းလဲသွား၏။
ထို နားလိုက်ရသော ခေတ္တခဏ အတွင်း မန်ဟို၏ခန္ဓာကိုယ်မှာ ပြန်ဆက်သွားပြီး အကောင်းပကတိပြန်ဖြစ်တော့ပေမည်။
ထိုအချိန်မှာပင် ကျောက်တောင်ကြီးက ဝုန်းခနဲ ကျသွားလေပြီ။ ခါးကုန်းအဘိုးကြီး၏မျက်နှာ ဖြူဆုပ်သွားပြီး သွေးများက သူ့တစ်ကိုယ်လုံးမှ ပန်းထွက်ကာ မြူတိမ်သဖွယ် ဖြစ်လာ၏။ သူ၏ ကုန်းနေသော ကျောမှာ ပို၍ပင် မတ်သွားပြီး သူကား ယခုတွင် လူငယ်လေးနှင့် တူနေလေပြီ။
ဤအခိုက်အတန့်တွင် မန်ဟို၏ခန္ဓာကိုယ်သည် တစ်ဝက်ကျော် ရုပ်လုံးပေါ်လာ၏။
ကံဆိုးစွာနှင့် ထိုအချိန်မှာ အနက်ရောင်မီးငှက်များ ရောက်ရှိလာသောအချိန်ဖြစ်သည်။ သူတို့၏ အပြင်းအထန် ဝင်တိုက်မှုအောက်ဝယ် ခါးကုန်းအဘိုးကြီးသည် ခေါင်းမော့၍ ဟိန်းဟောက်ကြုံးဝါးလိုက်၏။ သူ့ကျောမှာ လုံးလုံးလျားလျား ပြန်မတ်သွားပြီဖြစ်ပြီး သူကား ဆယ်ကျော်သက်လေးနှင့် တူနေလေပြီ။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ထပ်မံမြင့်တက်လာပြီး တတိယခွဲထွက်ခြင်းသို့ ရောက်ရှိသွား၏။
သူသည် ယခုတွင် ဆယ့်လေးနှစ်၊ ဆယ်ငါးနှစ်အရွယ်နှင့် တူသည်။ သူ၏ရုပ်ရည်မှာ ချောမောခံ့ညားပြီး စွမ်းအင်လှိုင်းတို့က ဖြာထွက်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်သည် မီးထတောက်လာ၏။ မီးတောက်များက အမှောင်မီးတောက်များမဟုတ်ဘဲ အသက်စွမ်းအားမီးတောက်များဖြစ်လေသည်။
အသက်စွမ်းအားကို လောင်ကျွမ်းပစ်နေသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် သဘာဝနိယာမတစ်ခု ပါရှိသော တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်အထိ ထိုးတက်သွား၏။
သူကား အဖိုးထိုက်ရတနာသုံးမျိုးကို တန်ပြန်တိုက်ခိုက်ဖို့ သူ၏အသက်စွမ်းအားကို အသုံးပြုနေလေသည်။
အဆိုပါမြင်ကွင်းက ရန်သူကျင့်ကြံသူများကိုပင် စိတ်နှလုံးလှုပ်ခါသွားစေသည်။
"ဆရာ" သူ၏တပည့်မဖြစ်သူ လှပသောမိန်းကလေးက အသံကုန်အော်လိုက်သည်။ သူမဆရာ၏ ရွေးချယ်မှုကို သိလိုက်သဖြင့် မျက်ရည်များက သူမပါးပြင်တစ်လျှောက် စီးကျလာ၏။
"ပဉ္စမတောင်ထိပ်ခေါင်းဆောင်ကြီး"
"ခေါင်းဆောင်ကြီး"
သွေးမိစ္ဆာဂိုဏ်းသားများမှာ ဖြစ်ပျက်နေသောအရာကို ကြည့်ရင်း စိတ်နှလုံးတုန်ရီကာ မျက်ရည်များ ဝဲလာကြ၏။
အသက်စွမ်းအားကို ထိုသို့ လောင်ကျွမ်းစေခြင်းက မုချ သေဆုံးခြင်းဖြင့် နိဂုံးချုပ်ရပေလိမ့်မည်။
နောက်ဆုံးတော့ မန်ဟိုသည် အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားပြီး မျက်လုံးများဖွင့်ကာ သူ့ကို ကုစားရန် အချိန်ဆွဲပေးဖို့ အသက်စွမ်းအားများအား လောင်ကျွမ်းပစ်နေသော ဆယ်ကျော်သက်လူငယ်ကို ကြည့်လိုက်သည်။
သူ၏အပြင်အားကိုယ်မှာ တစစီဖြစ်ခဲ့သော်လည်း သူ၏ဝိညာဉ်နှင့် နတ်ဘုရားအာရုံက ကျန်ရှိသေးသည့်အတွက် ပတ်ဝန်းကျင်ရှိ ဖြစ်ပျက်နေသမျှ အရာအားလုံးကို သူ သိလေသည်။
"ခင်ဗျား..." သူ၏မျက်ဝန်းများ၌ ပူဆွေးသောကတို့ ပြည့်သွားသည်။
"သွေးမင်းသား" ဆယ်ကျော်သက်လူငယ်က ရှေးဆန်သောအသံဖြင့် ပြောသည်။ "မင်းက သွေးမိစ္ဆာဂိုဏ်းအတွက် အများကြီး လုပ်ပေးခဲ့ပြီးပါပြီ။ ဒီတစ်ခေါက်တော့ ဘယ်သူက ဘာလုပ်ဆိုပြီး ငါနဲ့ အငြင်းမပွားပါနဲ့တော့။ ဒီတစ်ခေါက်တော့ ငါ့ကို မင်းကို ကာကွယ်ခွင့်ပြုပေးပါ" သူက ပျော်ရွှင်စွာ ရယ်နေသော်လည်း သူ၏ခန္ဓာကိုယ်မှာတော့ အဖိုးထိုက်ရတနာသုံးမျိုးကို တွန်းလှန်နေရသဖြင့် တဆတ်ဆတ် တုန်နေလေသည်။ သူ့မှာ အသက်စွမ်းအားများလောင်ကျွမ်းစေခြင်းဖြင့်ပင် ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။
"ဒီက သွားတော့" သူက မန်ဟိုကို ပြန်ကြည့်ရင်း ရုတ်တရက် ပြောသည်။ "ငါက သေတော့မှာ။ ဒါမဲ့ မသေခင် သူတို့ မင်းကို တိုက်ခိုက်လို့မရတော့အောင် ဒီအဖိုးထိုက်ရတနာသုံးမျိုးကို ညစ်ထေးစေလိုက်မယ်။ အနည်းဆုံးတော့ ယာယီပေါ့။ ဂိုဏ်းချုပ်က တိုက်ခိုက်နေတာဆိုတော့ ငါလည်း တိုက်ခိုက်ရမယ်... ဒါပေမဲ့ မကြာခင်မှာ အကုန်လုံးက မင်းပခုံးပေါ် ရောက်လာမှာ။ သွားတော့"
ပဉ္စမတောင်ထိပ်ခေါင်းဆောင်ကြီးသည် သေဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၍ သူ့စိတ်ကို မည်သို့မျှ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟို တုန်ရီသွားသည်။ မန်ဟို့နှလုံးသားမှာ တစ်လွှာချင်းစီ စုတ်ဖြဲခံနေရသည့်အလား ခံစားနေသော်လည်း စိတ်ဓာတ်ပြတ်သားမှုက သူ၏နီရဲနေသောမျက်လုံးများတွင် ပေါ်ပေါက်လာ၏။ သူက ချက်ချင်း ဆုတ်ခွာလိုက်လေသည်။
သူ အကာအကွယ်၏ အလွှာ (၄) သို့ ဝင်ရောက်သွားသောအခါ တစ်ခါက အဘိုးကြီးဖြစ်ခဲ့သော ဆယ်ကျော်သက်လူငယ်က ပြုံးပြီး အသက်စွမ်းအားများကို ဆက်လက်လောင်ကျွမ်းပစ်လိုက်၏။
"ငါ အကြာကြီး နေထိုင်ခဲ့ပြီး အများကြီး မြင်ခဲ့ရပြီးပြီ ..." သူသည် သွေးမိစ္ဆာဂိုဏ်းထဲရှိ သူ၏တပည့်မလေးကို ပြန်လှည့်ကြည့်လေသည်။ ထို့နောက် သူမကို နွေးထွေးကြင်နာစွာ ပြုံးပြပြီး မျက်လုံးများ ပိတ်လိုက်သည်။ သူ၏အသက်စွမ်းအားမီးတောက်များမှာ ကြီးကျယ်ခမ်းနားသော အနီရောင်ပြောင်းသွား၏။ ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် ဖောင်းခနဲ ပေါက်ကွဲ၍ သွေးလှိုင်းများကို ထုတ်လွှတ်ကာ အဖိုးထိုက်ရတနာများအား နီစွေးသွားစေသည်။
အဖိုးထိုက်ရတနာများသည် စိတ်ဝိညာဉ်တို့ ညစ်ထေးသွားသည့်အလား ချက်ချင်း အရောင်မွဲခြောက်မှောင်မိုက်သွား၏။
"ဆရာ" ပဉ္စမတောင်ထိပ်၏ တပည့်များမှာ ရင်ကွဲပက်လက် အော်ဟစ်လိုက်ကြလေသည်။ လှပသောမိန်းကလေး၏မျက်နှာပေါ်တွင် မျက်ရည်များက သွေးသဖွယ် စီးကျလာသည်။
သွေးမိစ္ဆာဂိုဏ်းသားအကုန်လုံး တုန်ရီနေကြ၏။ ယခုတွင် သူတို့၏ စိတ်ဓာတ်ကျနေသော ခံစားချက်များ ပျောက်ကွယ်သွားပြီး အသည်းထဲအူထဲမှ ခံပြင်းမုန်းတီးမှုတို့ အစားထိုးဝင်ရောက်လာသည်။
သူတို့အတွက် စိတ်အားတက်ကြွစေမည့် မိန့်ခွန်းများ မလိုတော့။ သွေးမိစ္ဆာဂိုဏ်းကား သတ်ဖြတ်ရန် အသင့်ဖြစ်နေသည့် ဓားတစ်လက်အလား ဖြစ်လာခဲ့လေပြီ။
မန်ဟိုက ခေါင်းမော့လာ၏။ သူ၏မျက်လုံးများကား ကြောက်စရာကောင်းလောက်အောင် သွေးရောင်တောက်လျက်ရှိသည်။
***