ပြင်းထန်သော တိုက်ခိုက်မှု
Vol. 191 Ch. 2725
ရီဖူရှင်း၏ခန္ဓာကိုယ် ကြီးမားလာပြီး မြစိမ်းရောင် နတ်အလင်းသည် အထက်သို့ ထိုးတက်သွားကာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။ နတ်အလင်းသည် ကောင်းကင်ကို ကာရံသွားပြီး ထိုနေရာတစ်ခွင်လုံးကို ဖုံးလွမ်းသွားသည်။
ယခုတွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် ပေတစ်ရာ မြင့်နေပြီး ဧရာမနတ်ဘုရားအုပ်စိုးလက်နက်နှင့် လိုက်ဖက်ညီနေသည်။ သူသည် လောကအတွင်းသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ခံ့ညားထည်ဝါနေသည်။
နတ်အလင်းသည် သူ့ကိုလှည့်ပတ်နေပြီး ကြယ်တာရာများအဖြစ် ပြောင်းလဲသွား၏။ ကြယ်တာရာများ စတင်ရွေ့လျားလာသောအခါ ၎င်းတို့သည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်ပတ်ကာ အကြွင်းမဲ့ခံစစ်ကို ဖန်တီးလိုက်သည်။ ထိုအရာသည် အရှင်စီဝေ့၏ စွမ်းရည်ဖြစ်သည်။ ယခင်က ရီဖူရှင်းသည် ထိုခုခံစွမ်းရည်ကို အလွန်ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့သည်။
ယခုတွင် ရီဖူရှင်းသည် လမ်းစဉ်အဖြစ်သို့ပင် ပြောင်းလုနီးပါးဖြစ်နေ၏။ ထိုနေရာကို မြစိမ်းရောင်အလင်းက လွှမ်းခြုံသွားသောအခါ ထိုရွေ့လျားလှည့်ပတ်နေသော ကြယ်တာရာများသည် သူနှင့် တစ်သားတည်းဖြစ်သွားပြီး အကြွင်းမဲ့ခံစစ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။
ရှန်းယန်ဗုဒ္ဓအရှင်သည် အောက်ဘက်သို့ စိုက်ကြည့်နေ၏။ သို့သော် သူသည် ယခုတွင် သိပ်၍ယုံကြည်မှု မရှိတော့ပုံပင်။ သူ၏အဆင့်သည် အမှန်ပင် ရီဖူရှင်းထက် မြင့်ပြီး သူသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူသည် သူနှင့်သာသက်ဆိုင်သည့် အနှိုင်းမဲ့ မဟာလမ်းစဉ်စွမ်းအားကိုလည်း သိမြင်နားလည်ပြီးဖြစ်သည်။ ထိုအဆင့်ထက် နိမ့်သူများသည် သူနှင့်ယှဉ်နိုင်မည် မဟုတ်ဘဲ ဖျက်ဆီး၊ သတ်ဖြတ်ခံလိုက်ရမည်ဖြစ်သည်။
သို့သော် ရီဖူရှင်းသည် ခြွင်းချက်ကဲ့သို့ပင်။ ရီဖူရှင်း၏အဆင့်သည် သူ့ထက်များစွာနိမ့်သော်လည်း ထိုမြစိမ်းရောင်နတ်အလင်းမှ ဖြစ်ပေါ်လာသော မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားသည် ရီဖူရှင်းနှင့် အလွန်လိုက်လျောညီထွေစွာ ပေါင်းစည်းနေသဖြင့် ထိုစွမ်းအားသည် သူ၏နတ်ဘုရားတစ်ဝက်အဆင့်စွမ်းအားနီးပါး စွမ်းအားကြီးလေသည်။
ကောင်းကင်ထက်ရှိ နတ်မျက်လုံးများမှနေ၍ အတုမဲ့ နတ်အလင်းတစ်ခု တောက်ပလာ၏။ သူ့လက်ထဲတွင် ကိုင်ထားသော နတ်ဓားသည် ရုတ်တရက် ကျယ်လောင်စွာ မြည်လာပြီး မရေမတွက်နိုင်အောင် များပြားသော နတ်ဓားဝိညာဉ်ပုံရိပ်များ ဖြစ်ပေါ်လာ၏။ ထိုဗုဒ္ဓနတ်ဓားသည် မည်သည့်စွမ်းအားမျိုးထက်မဆို သာလွန်ပုံပေါ်လေသည်။
ရှန်းယန်ဗုဒ္ဓအရှင်သည် ဓားအတတ်တွင် ဆရာတစ်ဆူမဟုတ်ပေ။ သို့သော် သူရရှိခဲ့သော မဟာအင်ပါယာအဆင့်လက်နက်သည် ဗုဒ္ဓနတ်ဓားတစ်လက်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုလက်နက်၏ အစွမ်းအကုန်ကိုသုံး၍ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်နိုင်လေသည်။ အကယ်၍ သူသာ မဟာအင်ပါယာအဆင့်လက်နက်၏ စွမ်းအား မပါဘဲ အခြားဗုဒ္ဓအတတ်များကိုသုံး၍ ရီဖူရှင်းကိုသတ်ရန် ကြိုးစားခဲ့ပါက အောင်မြင်ရန် မဖြစ်နိုင်သလောက်ပေ။ သူသည် ရီဖူရှင်း၏ဓားအတတ်နှင့် မယှဉ်နိုင်ချေ။
သူ၏အဆင့်တွင် မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီကိုသာ ရထားပါက ထိုလက်နက်သည် သူနှင့် အပြည့်အဝမကိုက်ညီစေကာမူ ရီဖူရှင်းကို သတ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုသည်ဟု သူတွေးခဲ့သည်။ သို့သော် ရီဖူရှင်းကို သတ်ရန် ဤမျှခက်ခဲနေလိမ့်မည်ဟု သူမထင်ခဲ့ပေ။
ရီဖူရှင်းသည် သူထင်ထားသည်ထက် များစွာပို၍ စွမ်းအားကြီးသည်။ အထူးသဖြင့် ထိုနတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားသည် အတုမရှိပေ။
သူ၏နတ်မျက်လုံးများသည် မည်သည့်အားနည်းချက်ကိုမှ ရှာမတွေ့ပေ။
“သတ်...”
ကောင်းကင်ရှိ နတ်မျက်လုံးများအောက်မှ နတ်ဓားများသည် အောက်သို့ထပ်မံကျဆင်းသွားပြီး အကွာအဝေးကို လျစ်လျူရှုကာ ၎င်းတို့ပစ်မှတ်ဆီသို့ ရုတ်ခြည်းရောက်ရှိသွားသည်။ ဓားချက်တိုင်းသည် ကြယ်တာရာခံစစ်၏ အားအနည်းဆုံးနေရာကို ထိမှန်နေပုံပင်။ ထိုအရာသည် နတ်မျက်လုံးများ၏ စွမ်းအားအစစ်အမှန်ဖြစ်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ပြင်းထန်သော အသံများကို အဆက်မပြတ်ကြားလိုက်ရ၏။ ထိုအသံများသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေ၏။ ကြယ်တာရာခံစစ်အလင်းမျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ စတင်ထွက်ပေါ်လာ၏။ အသစ်ပေါ်လာသော အက်ကြောင်းနေရာတိုင်းသို့ ဓားချက်များ ထပ်မံကျဆင်းလာရာ အက်ကြောင်းများသည် လျင်မြန်သောနှုန်းဖြင့် ပြန့်ကားလာလေသည်။ မည်သည့် အသေးအမွှားပြောင်းလဲမှုမှ နတ်မျက်လုံးများ၏ အကြည့်မှ မလွတ်နိုင်သည့်ပုံပင်။
ရွှီး...
အက်ကြောင်းများ ပြန့်ကားလာသောအခါ ရီဖူရှင်း လှုပ်ရှားလိုက်သည်။ မြင့်မားသော နတ်ဘုရားကဲ့သို့ ပုံရိပ်ကြီးသည် လက်ထဲတွင် နတ်ဘုရားအုပ်စိုးလက်နက်ကို ကိုင်ကာ အထက်ကောင်းကင်ကို တိုက်ခိုက်လိုက်သည်။ ရုတ်တရက် နတ်ဘုရားအုပ်စိုးလက်နက်မှနေ၍ ဧရာမနတ်ဓားပုံရိပ်ကြီး ဖြစ်ပေါ်လာ၏။
နတ်ဓားသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး ဧရာမနတ်ဘုရားအုပ်စိုးလက်နက်သည် ဓားစွမ်းအားအဖြစ် ပြောင်းလဲသွား၏။ ကောင်းကင်ကို ဖျက်ဆီးနိုင်သော ဓားသည် အရာအားလုံးကို ဖျက်ဆီးနိုင်ပေသည်။
ကြောက်မက်ဖွယ် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ကြယ်တာရာခံစစ်သည် ပြိုကျ ပျက်စီးသွားသည်။ ကောင်းကင်ဖျက်ဆီးနတ်ဓားသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ကောင်းကင်ထက်ရှိ ရှန်းယန်ဗုဒ္ဓအရှင်ဆီသို့ တိုက်ရိုက်ဦးတည်ပျံဝင်သွားသည်။ တိုက်ခိုက်မှုသည် အကန့်အသန့်မဲ့အာကာပြင်ကို လွှမ်းခြုံသွားပြီး ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် ထိခတ်မှုကြီးတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ဖျက်ဆီးနတ်ဓားနှင့် ရှန်းယန်ဗုဒ္ဓအရှင်၏ မဟာအင်ပါယာအဆင့်လက်နက်သည် တစ်ခုနှင့်တစ်ခု ထိခတ်သွားပြီး ကောင်းကင်သည် အပြင်းအထန် တုန်ခါသွားသည်။ မရေမတွက်နိုင်အောင် များပြားသော ဓားဝိညာဉ်စွမ်းအားများသည် ရှန်းယန်ဗုဒ္ဓအရှင်ထံသို့ အရှိန်အဟုန်ပြင်းစွာ ပျံဝင်သွားသည်။
ရှန်းယန်ဗုဒ္ဓအရှင်သည် သူ၏နတ်မျက်လုံးများကို ဖွင့်လိုက်ပြီး ဓားအားလုံး၏ လှုပ်ရှားမှုများကို ခြေရာခံလိုက်သည်။ သူ့နောက်တွင် လက်ပေါင်းများစွာရှိသည့် ဧရာမဗုဒ္ဓတစ်ပါး ထွက်ပေါ်လာကာ အောက်ဘက်သို့ ကြောက်မက်ဖွယ်လက်ဝါးရာများ ပစ်လွှတ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ထိုအတုမဲ့စွမ်းအားများသည် ရှန်းယန်ဗုဒ္ဓအရှင်ကို ဝန်းရံထားသော အရိပ်များကို ဆက်၍ ဖျက်ဆီးနေသည်။ သူတို့နှစ်ဦးသည် ပို၍မြင့်သော ကောင်းကင်ထက်သို့ ပျံတက်နေကြသည်။
ရီဖူရှင်းသည် ရှန်းယန်ဗုဒ္ဓအရှင်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ငေးကြည့်လိုက်ပြီး သူ့ပါးစပ်မှနေ၍ ဗုဒ္ဓတရားတော်အသံများ ဆက်၍ထွက်နေလေသည်။ ရုတ်တရက် အထက်ကောင်းကင်တွင် ဗုဒ္ဓများ ပြည့်နှက်သွားပြီး သူတို့၏ခန္ဓာကိုယ်များသည် အလွန်တောက်ပသော ဗုဒ္ဓအလင်းဖြင့် လင်းလက်လာကြသည်။ ဗုဒ္ဓများ၏ခန္ဓာကိုယ်ပေါ်တွင် ရှေးဟောင်းမန္တရားစာလုံးများ ထွက်ပေါ်လာပြီး သူတို့သည် သူတို့၏လက်များကို တစ်ပြိုင်တည်းမြှောက်ကာ အထက်ရှိ ရှန်းယန်ဗုဒ္ဓအရှင်ထံသို့ ချိပ်စည်းများ ပစ်လွှတ်လိုက်သည်။ ထိုချိပ်စည်းများသည် ထာဝရကောင်းကင်ဗုဒ္ဓချိပ်စည်းဖြစ်သည်။
ရှန်းယန်ဗုဒ္ဓအရှင်၏မျက်နှာထား ရုတ်တရက် ပြောင်းလဲသွား၏။ သူ့ပတ်ပတ်လည်တွင်လည်း အစောကကဲ့သို့ပင် ဗုဒ္ဓပုံရိပ်များ ထွက်ပေါ်လာပြီး ဗုဒ္ဓတရားသံသည် ဟင်းလင်းပြင်တစ်ခွင်တွင် ပဲ့တင်ထပ်ကာ လွင့်ပျံ့နေလေသည်။ ရုတ်တရက် ဧရာမ လက်ဝါးရာကြီးများ ကျဆင်းလာပြီး ထာဝရကောင်းကင်ဗုဒ္ဓချိပ်စည်းများဖြင့် ထိတိုက်သွားသည်။
ကောင်းကင်ထက်တွင် အတုမဲ့ ရှေးဟောင်းဗုဒ္ဓတစ်ပါး ထွက်ပေါ်လာ၏။ သူသည် အထက်ကောင်းကင်တစ်ခွင်လုံးကို ကာရံထားပြီး အကြွင်းမဲ့ဗုဒ္ဓဟုပင် ထင်ရသည်။ ထိုဗုဒ္ဓအတွင်းသို့ အဆုံးမဲ့ အစိမ်းရောင်နတ်အလင်းများ စီးဝင်သွားပြီး ထို့နောက်တွင် အကန့်အသတ်မဲ့ ဧရာမဗုဒ္ဓချိပ်စည်းကြီးတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။ ၎င်းသည် ရှန်းယန်ဗုဒ္ဓအရှင်ပေါ်သို့ ကျဆင်းလာသဖြင့် ရှန်းယန်ဗုဒ္ဓအရှင်သည် စွမ်းအားကြီး တိုက်ခိုက်မှုများ၏ အထက်အောက်ညှပ်ကာ တိုက်ခိုက်ခံနေရပြီး ရှောင်စရာနေရာမရှိဖြစ်သွားပေသည်။
ရွှီး..
ထိုအခိုက်တွင် ကစ္စရာပဓားတစ်ချောင်းသည် ရှန်းယန်ဗုဒ္ဓအရှင်၏ ခန္ဓာကိုယ်အတွင်းမှ ပျံထွက်လာသည်။ ကစ္စရာပဓားသည် လျင်မြန်စွာ ကြီးမားလာပြီး ကောင်းကင်နှင့် နေမင်းကို ကာရံသွားသည်။ ကစ္စရာပဓားသည် သူ့ကို ဝန်းရံလိုက်ပြီး ၎င်းအထက်တွင် အဆုံးမဲ့ ဗုဒ္ဓအလင်းသည် ရှေးဟောင်းဗုဒ္ဓချိပ်စည်းများကဲ့သို့ တောက်ပလာသည်။
သင်္ကေတတစ်ထောင်ကျော်သည် သူ့အရှေ့နှင့် သူ့ပတ်ပတ်လည်တွင် ပျံဝဲနေသည်။ ၎င်းတို့သည် အဖိုးတန်ဗုဒ္ဓရတနာများ ဖြစ်လာသကဲ့သို့ပင်။
ရှန်းယန်ဗုဒ္ဓအရှင်သည် ဗုဒ္ဓတရားကို ရွတ်ဆိုလိုက်ပြီး ထိုတရားသံသည် ကစ္စရာပဓားနှင့် ဆက်စပ်သွားသည်။ ရုတ်ခြည်းပင် ကစ္စရာပဓားအပေါ်ရှိ မဟာဗုဒ္ဓသင်္ကေတများသည် နတ်ချိပ်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်မှ ကျဆင်းလာသည့် ဧရာမလက်ဝါးရာကြီးနှင့် ထိတိုက်သွားသည်။
ရီဖူရှင်းသည် အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေ၏။ ရှန်းယန်ဗုဒ္ဓအရှင်သည် အနောက်ဘက်ဗုဒ္ဓလောကတွင် ဗုဒ္ဓအရှင်တစ်ပါး ဖြစ်လာနိုင်ခဲ့သဖြင့် သူ၏စွမ်းအားကို မေးခွန်းထုတ်ရန် မရှိပေ။ သို့သော် ရီဖူရှင်းသာ သူ့ပြိုင်ဘက်၏ မဟာအင်ပါယာအဆင့်လက်နက်မှ စွမ်းအားကို ချုပ်ချယ်ထားနိုင်သ၍ ဤတိုက်ပွဲ၏ရလဒ်ကို ကြိုခန့်မှန်းနိုင်ပြီဖြစ်သည်။
ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း၌ ရီဖူရှင်းသည် တစ်ခဏပင် အချိန်မဖြုန်းခဲ့ပေ။
သူ့ပါးစပ်အတွင်းမှ ရွှေရောင်သင်္ကေတများ ဆက်၍ ပျံထွက်နေပြီး ကောင်းကင်ဖျက်ဆီးဓားပေါ်သို့ ကျဆင်းနေလေသည်။ အစိမ်းရောင်နတ်အလင်းသည် ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် နတ်ဓားကို ဝန်းရံထား၏။ ရီဖူရှင်းသည် လက်မြှောက်လိုက်ပြီး နတ်ဓားကို ညွှန်ပြလိုက်သည်။ ရုတ်တရက် နတ်ဓားသည် အထက်သို့ ပျံတက်သွားပြီး ရှန်းယန်ဗုဒ္ဓအရှင် ကိုင်ထားသော မဟာအင်ပါယာအဆင့်လက်နက်နှင့် ထိခတ်သွားသည်။ ကောင်းကင်ဖျက်ဆီးဓားသည် စွမ်းအားအကုန် ထုတ်သုံးနေပုံပင်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းသည် သူရှိနေသောနေရာမှ ပျောက်ကွယ်သွားကာ ရှန်းယန်ဗုဒ္ဓအရှင်ဘေးတွင် ပြန်ပေါ်လာပြီး သူနှင့်အတူ ပျံတက်သွားသည်။ သူ့အရှေ့တွင် ဧရာမနတ်ဘုရားအုပ်စိုးလက်နက် ထွက်ပေါ်လာပြီး အစိမ်းရောင်နတ်အလင်း တလက်လက် တောက်ပသွားသည်။ ထိုအခိုက်တွင် ရှန်းယန်သည် သိပ်၍ အခြေအနေမကောင်းပေ။
နတ်ဘုရားအုပ်စိုးလက်နက်သည် မဟာအင်ပါယာအဆင့်လက်နက် မဟုတ်သော်လည်း နေရာအမျိုးမျိုးတွင်အသုံးပြုနိုင်သော မဟာလမ်းစဉ်ကို အုပ်စိုးနိုင်သည့် စွမ်းအားရှိပေသည်။ လက်ရှိတွင် ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းထားသကဲ့သို့ ထင်ရသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကြောက်မက်ဖွယ်အသံများကို ကြားလိုက်ရ၏။ ကောင်းကင်ထက်တွင် ဧရာမ နတ်ဘုရားအုပ်စိုးလက်နက်များ ပျံထွက်သွား၏။ နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုစီတိုင်းတွင် ကောင်းကင်လမ်းစဉ်မှ စည်းမျဉ်းများ၏ မဟာစွမ်းအားပါဝင်ပုံပင်။
ရှန်းယန်ဗုဒ္ဓအရှင်သည် မူမမှန်မှုတစ်ခုကို အာရုံခံမိသည်။ သူသည် နတ်ဓားနှင့် ခုတ်ချလိုသော်လည်း ကောင်းကင်ဖျက်ဆီးနတ်ဓားက သူ၏မဟာအင်ပါယာအဆင့်လက်နက်ကို စွမ်းအားအကုန်သုံး၍ ဖိနှိပ်ထားသေးကြောင်း သိလိုက်ရ၏။
“ရှန်းယန်... ဒီနေ့ ကျုပ် ခင်ဗျားကို ဗုဒ္ဓဂိုဏ်းကိုယ်စား တမလွန်ကို ပို့ပေးမယ်”
ရီဖူရှင်း ပြောပြီးသွားသောအခါ အတုမဲ့စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ ရပ်တန့်၍မရနိုင်သော နတ်ဘုရားအုပ်စိုးလက်နက် အများအပြားသည် ရှန်းယန်ဗုဒ္ဓအရှင်ပေါ်သို့ ကျဆင်းလာလေသည်။
နတ်ဘုရားအုပ်စိုးလက်နက်တိုင်းတွင် လောကအတွင်းရှိ အရာအားလုံးကို ဖိနှိပ်နိုင်သော အကြွင်းမဲ့ဖိအားပါဝင်သည်။
ရှန်းယန်ဗုဒ္ဓအရှင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူနှင့် ရှေ့နှင့်နောက်မှ ညှပ်ပိတ်တိုက်ခိုက်ခံနေရပြီး သူ၏အစွမ်းကုန်သုံး၍ ခုခံနေရလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ဧရာမနတ်ဘုရားအုပ်စိုးလက်နက်များသည် တစ်ခုပြီးတစ်ခု ကျဆင်းလာပြီး ဗုဒ္ဓကစ္စရာပဓားပေါ်ရှိ တောက်ပသောသင်္ကေတများကိုပင် ဖိနှိပ်နေကြသည်။
ရှန်းယန်ဗုဒ္ဓအရှင်သည် ခပ်အုပ်အုပ် ညီးတွားလိုက်ပြီး သူ၏မျက်နှာသည် ဖြူဖျော့လာလေတော့သည်။ နတ်ဘုရားအုပ်စိုးလက်နက်အချို့သည် သူ၏ခံစစ်ကို ထိုးဖောက်လာပြီး သူ့ကိုဝန်းရံထားသော ဗုဒ္ဓဝိညာည်ပုံရိပ်များကို ဖျက်ဆီးပစ်လိုက်သည်။
ဝုန်း...
ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုသည် ရှန်းယန်ဗုဒ္ဓအရှင်၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် သွေးအန်လိုက်ပြီး မျက်နှာသည် စက္ကူစကဲ့သို့ ဖြူစွတ်သွားသည်။
သူ လက်အုပ်ချီလိုက်ရာ အဆုံးမဲ့ဗုဒ္ဓအလင်းတောက်ပလာပြီး နတ်ဘုရားအုပ်စိုးလက်နက်များက သူ၏ခန္ဓာကိုယ်ကို မထွင်းဖောက်နိုင်စေရန် (သို့) သူ့ခန္ဓာကိုယ်၏ ခုခံမှုများကို မထွင်းဖောက်နိုင်စေရန် ထိုအလင်းသည် သူ့ကို ကာရံပေးလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
နတ်ဘုရားအုပ်စိုးလက်နက်များ အဆက်မပြတ် ကျဆင်းလာပြီး ရွှေခန္ဓာပေါ်ရှိ သင်္ကေတများသည် စတင်အက်ကွဲလာလေသည်။ နောက်ဆုံးတွင် ရွှေခန္ဓာသည် ထက်ခြမ်းကွဲသွားပြီး ရှန်းယန်ဗုဒ္ဓအရှင်၏ ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာသည်။
“အခု ခင်ဗျား ကိုယ့်လမ်းကိုယ်သွားဖို့ အချိန်ကျပြီ”
ရီဖူရှင်းသည် ထိုသို့ပြောကာ နတ်ဘုရားအုပ်စိုးလက်နက်ကို ကိုင်၍ ရှေ့သို့ ပျံသွားလိုက်သည်။ နတ်ဘုရားအုပ်စိုးလက်နက်သည် ခုခံမှုအားလုံးကို ဖျက်ဆီးရန် အဆုံးအစွန်နတ်အလင်းကို ထုတ်လွှတ်လိုက်ပြီး ရှန်းယန်ဗုဒ္ဓအရှင်ထံသို့ ပျံဝင်သွားသည်။ ထို့နောက်တွင် ၎င်းသည် ထက်ရှသော ဓားတစ်လက်ကဲ့သို့ ရွှေခန္ဓာကိုယ် ဖောက်ဝင်သွားကာ သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်။ ထိုမြင်ကွင်းသည် နတ်ဘုရားအုပ်စိုးလက်နက်က ဒီမွန်းအရှင်ကို ဖိနှိပ်ထားခဲ့စဉ်က မြင်ကွင်းနှင့် ဆင်တူပေသည်။
ယခုတွင် ရွှေခန္ဓာသည် လုံးဝပျက်စီးသွားပြီဖြစ်ပြီး ရှန်းယန်ဗုဒ္ဓအရှင်သည် သူ၏မူလခန္ဓာအဖြစ် ပြန်ပြောင်းလဲသွား၏။ သူသည် အောက်ငုံ့၍ သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသော နတ်ဘုရားအုပ်စိုးလက်နက်ကို ကြည့်သည်။ သူ့မျက်လုံးများထဲတွင် တုန်လှုပ်မှုများနှင့် ကြောက်ရွံ့မှုများ ရှိနေ၏။ သူ့ကို ဤကဲ့သို့ပင် သတ်ပစ်နိုင်သည်လော။
ယနေ့တွင် သူသည် ရီဖူရှင်းကို သတ်ရန် လာခဲ့သည်။ သူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက်တွင် ရီဖူရှင်းသည် အမွေအနှစ်နယ်မြေအတွင်းမှ ထွက်လာသဖြင့် သူ ရီဖူရှင်းကို သတ်နိုင်တော့မည်ဟု ထင်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်သည် ကိုယ့်သေတွင်းကိုယ်တူးခြင်းပေလောဟု ရှန်းယန် တွေးတောလိုက်သည်။
“ကိုယ့်လမ်းကိုယ် သွားပါတော့”
ရီဖူရှင်းသည် အစောကပြောခဲ့သော စကားကို ပြန်ပြောလိုက်၏။ နတ်ဘုရားအုပ်စိုးလက်နက်ပေါ်တွင် နတ်အလင်းတောက်ပလာပြီး ရွှေခန္ဓာသည် ရုတ်ခြည်း ကွဲအက်ပျက်စီးသွားသည်။ ထို့နောက်တွင် ရှန်းယန်ဗုဒ္ဓအရှင်၏ ခန္ဓာကိုယ်သည်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ အမှုန့်အဖြစ် ပြောင်းလဲသွားကာ ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။
ရှန်းယန်ဗုဒ္ဓအရှင် ကျဆုံးသွားပေပြီ။
ကောင်းကင်ထက်ရှိ တိုက်ပွဲကို ကြည့်နေသူအားလုံးသည် အလွန်အံ့အားသင့်နေကြသည်။ သူတို့နှင့် ထိုတိုက်ပွဲနေရာသည် အလွန်လှမ်းသော်လည်း တိုက်ပွဲသည် လျစ်လျူရှု၍မရနိုင်လောက်အောင် ပြင်းထန်လွန်း၏။ သူတို့အားလုံးသည် ရှန်းယန်ဗုဒ္ဓအရှင် မည်သို့ အသတ်ခံလိုက်ရသည်ကို သူတို့မျက်လုံးများနှင့် ကိုယ်တိုင်မြင်လိုက်ကြရသည်။ သူတို့သည် အတော်လေး ရင်ခုန်မြန်နေကြလေသည်။
ရီဖူရှင်းသည် ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်လိုက်ပေပြီ။ ထိုကဲ့သို့သော အင်အားမျိုးသည် မည်မျှ စွမ်းအားကြီးသနည်း။
မဟာအင်ပါယာအဆင့်လက်နက်ကို ကိုင်ဆောင်ထားသော နတ်ဘုရားတစ်ဝက်အဆင့် တစ်ယောက်သည် ထိုကဲ့သို့ပင် ရီဖူရှင်း၏သတ်ဖြတ်မှုကို ခံလိုက်ရ၏။ ထိုအဖြစ်အပျက်သည် အခြားကျင့်ကြံသူများအပေါ် မည်မျှ ရိုက်ခတ်မှုပြင်းသည်ကို တွေးကြည့်နိုင်ပေသည်။
ရီဖူရှင်းသည် သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး ဗုဒ္ဓနတ်ဓားကို တစ်ချက်ကြည့်သည်။
ထို့နောက်တွင် သူသည် အဝေးသို့ကြည့်ကာ ပြောလိုက်၏။
“ရှန်းယန်ရဲ့ နှလုံးသားထဲမှာ မိစ္ဆာရှိနေပြီး သူက ခက်ခက်ထန်ထန် ပြုမူခဲ့တယ်။ သူက ကျုပ်ရဲ့ အသက်ကိုနှုတ်ဖို့ အကြိမ်အများကြီး ကြိုးစားခဲ့တယ်... အဲဒါကြောင့် ကျုပ်မှာ ရွေးစရာမရှိတော့ဘဲ သူ့ကို သတ်ခဲ့ရတယ်။ ဒီဓားက ဗုဒ္ဓလမ်းစဉ်နဲ့ သက်ဆိုင်တော့ စစ်မှန်တဲ့ပိုင်ရှင်ဆီကို ပြန်သင့်တယ်”
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နတ်ဓားသည် ရုတ်ခြည်းပင် အဝေးသို့ ပျံသန်းသွားသည်။ ထိုဘက်တွင် ဗုဒ္ဓအလင်းတစ်ခုသည် အချက်ပြမီးကဲ့သို့ တောက်ပလာပြီး ဗုဒ္ဓနတ်ဓားကို သိမ်းဆည်းလိုက်သည်။ ထိုနေရာတွင် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများရှိကြောင်း ထင်ရှား၏။
ထိုမတိုင်ခင် သူ ရှန်းယန်ဗုဒ္ဓအရှင်နှင့် တိုက်ခိုက်နေခဲ့စဉ်က ဗုဒ္ဓဂိုဏ်းမှ ကျင့်ကြံသူများသည် တိုက်ပွဲကို စောင့်ကြည့်လေ့လာနေခဲ့ကြသည်။ သို့သော် သူတို့သည် လူလုံးထွက်မပြကြဘဲ သူတို့နှစ်ယောက်ကိုသာ တိုက်ခိုက်စေခဲ့သည်။ ဗုဒ္ဓဂိုဏ်သည်လည်း ထိုကိစ္စမှာ သူတို့နှစ်ဦးအကြားမှ ကိုယ်ရေးကိုယ်တာရန်ငြိုးဖြစ်သည်ဟု တွေးကြောင်း ထင်ရှား၏။
“အော်မီထောဖော...”
အသံတစ်သံကိုကြားလိုက်ရ၏။ သို့သော် ထိုမျှသာ ပြောပြီး မည်သို့မှ ဆက်မပြောတော့ချေ။ ရီဖူရှင်းက အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြန်ပြောလိုက်၏။
“အခု ကျုပ် သွားပါတော့မယ်”
ထို့နောက်တွင် ရီဖူရှင်းသည် ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။ အောက်ဘက်မှ လူများသည် သူပျောက်ကွယ်သွားသည်ကိုကြည့်ရင်း အချိန်အတော်ကြာသည်အထိ စိတ်လှုပ်ရှားကာ ကျန်ရစ်ခဲ့လေသည်။