← Chapters

အသက်ဝင်နေသော အလောင်း

Vol. 191 Ch. 2727

အသက်ဝင်နေသော အလောင်း

Vol. 191 Ch. 2727

ရီဖူရှင်း နောက်လှည့်ကြည့်လိုက်ရာ တံခါးခုံးကြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။ ပြန်ထွက်ရန် လမ်းမရှိတော့ပေ။

သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ဤနေရာသည် နတ်ဘုရားများ၏ ကန်သတ်နယ်မြေဟု အမည်ပေးခြင်းခံရသည်မှာ အံ့ဩစရာမရှိတော့ပေ။

ရီဖူရှင်းသည် သူ၏အတွေးများကို ပြန်စုစည်းလိုက်ပြီး ထိုလောကအသေးလေးကို ကြည့်သည်။ ထိုလောကအသေးလေးသည် မသေမျိုးရသေ့များ ကျင့်ကြံရာနေရာတစ်ခုကဲ့သို့ အတော်လေး လှပကြောင်း တွေ့လိုက်ရ၏။ ဤနေရာသည် နတ်ဘုရားများ၏ ကျင့်ကြံရာနေရာဖြစ်လိမ့်မည်ဟု သူခန့်မှန်းခဲ့ခြင်းသည် မှန်ကောင်းမှန်နိုင်ပေသည်။ လောကအသေးလေးတစ်ခွင်လုံးတွင် ဆန်းကြယ်သော အငွေ့အသက်တစ်ခု ရှိနေ၏။ ထိုအငွေ့အသက်သည် မည်သည့်အငွေ့အသက်ဖြစ်သည်ဟု အပြည့်အဝ အဓိပ္ပာယ်ကောက်၍မရပေ။

သူသည် အရှေ့ရှိ လမ်းကို လှမ်းကြည့်လိုက်ပြီး အလောင်းများစွာကို ခပ်ရေးရေး တွေ့လိုက်ရ၏။

ရီဖူရှင်းသည် အရှေ့သို့ ဆက်သွားလိုက်ပြီး အလောင်းတစ်ကောင်ဆီသို့ လျှောက်သွားလိုက်၏။ ထိုအလောင်းကောင်သည် အကောင်းအတိုင်းရှိနေသေးကြောင်း သူတွေ့လိုက်ရ၏။ အလောင်းပေါ်တွင် တိုက်ခိုက်လိုစိတ်ကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုအရှိန်အဝါသည် ထိုအလောင်းကောင်၏ အရှိန်အဝါမဟုတ်ဘဲ သူ့ကို သတ်ခဲ့သောအရာ၏ အရှိန်အဝါဖြစ်ပေသည်။

ထိုကျင့်ကြံသူသည် ဝိညာဉ်စွမ်းအားတစ်ခု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်ပုံပင်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်သည် မထိခိုက်နေခြင်းပင်။ သူသည် တိုက်ပင် မတိုက်ခိုက်လိုက်ရဘဲ သေသွားခြင်း ဖြစ်ပေမည်။

ရီဖူရှင်းသည် သတိကြီးကြီးထားလိုက်ပြီး သူ့ကိုယ်သူ မဟာလမ်းစဉ်အရှိန်အဝါနှင့် လွှမ်းခြုံလိုက်ကာ ရှေ့သို့ဆက်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအခိုက်တွင် သူသည် ရုတ်တရက် အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

ရွှီး...

သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံးကာ ထိုနေရာမှနေ၍ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ အလွန်တရာစွမ်းအားကြီးသော ဝိညာဉ်စွမ်းအား ရုတ်တရက် ကျဆင်းလာပြီး သူရှောင်ထွက်သွားသည်ကို မမှုဘဲ သူ့အပေါ်သို့သာ ဦးတည်နေလေသည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းသည် အသုံးမဝင်တော့သည့်ပုံပင်။

ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကိုအသုံးပြုကာ ဆက်၍ ရှောင်ရှားနေသည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်တွင် မဟာလမ်းစဉ်နတ်အလင်း စီးဆင်းလာပြီး သူ့ကို ကာကွယ်ပေးနေလေသည်။ အားကောင်းသော ဝိညာဉ်စွမ်းအားတစ်ခုလည်း ထွက်ပေါ်လာ၏။

ဝုန်း...

ကျယ်လောင်သော ‌ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရ၏။ ရီဖူရှင်းသည် သူ ကြိုးစား ကာကွယ်နေသော်ငြား ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခုသည် သူ့ကိုယ်တွင်းသို့ အတင်း ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏စိတ်ဝိညာဉ်သည် တုန်လှုပ်နေပြီး သူသည် အသိစိတ် ရှိတစ်ဝက်၊ မရှိတစ်ဝက် အခြေအနေသို့ ရောက်နေပြီး သတိလစ်လုနီးပါး ဖြစ်နေသည်။

“ဘာဖြစ်သွားတာလဲ”

ရီဖူရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာပြီး သူ့ကို မဟာလမ်းစဉ်အရှိန်အဝါက လွှမ်းခြုံသွားသည်။ ရုတ်ခြည်းအတွင်းမှာပင် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခု ကျဆင်းလာ၏။

ချက်ချင်းပင် ရီဖူရှင်းသည် သူ့အပေါ်ရှိ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားကို ရုတ်သိမ်းလိုက်ရာ ထိုဝိညာဉ်စွမ်းအားသည် ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ မည်သည့်အရာမှလည်း ပေါ်မလာသလို နောက်ထပ်တိုက်ခိုက်မှုများလည်း ထပ်မံ ထွက်ပေါ်မလာ‌တော့ချေ။

“ဒါက...”

ရီဖူရှင်းသည် မြေပြင်ပေါ်တွင် လဲနေပြီး အပြင်းအထန် ရင်ခုန်နေကာ ကောင်းကင်ထက်သို့ မူးမူးနောက်နောက်ဖြင့် ကြည့်နေလေသည်။ ထိုကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားသည် အထက်မှ လာခဲ့ခြင်းဖြစ်ပြီး ဤလောကအသေးလေးနှင့် ပေါင်းစည်းနေသကဲ့သို့ပင်။

“အဲဒါက အရှိန်အဝါတွေကို ခြေရာခံနိုင်တယ်”

ရီဖူရှင်း၏ခေါင်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။ အကယ်၍ အစောကသာ တုံ့ပြန်မှု အနည်းငယ် နှေးသွားလျှင် ဒုတိယတိုက်ခိုက်မှုသည် သူ့အပေါ်တည့်တည်သို့ ကျလာမည်ဖြစ်သည်။ ဤလောကအသေးလေးသည် အခြားအရှိန်အဝါများကို ရှိခွင့်မပေးပေ။ ဤလောကသည် အခြားမဟာလမ်းစဉ်ဝိညာဉ်စွမ်းအားများကို အာရုံခံမိသည်နှင့် စွမ်းအားကြီး တိုက်ခိုက်မှုများ ကျဆင်းလာစေမည်ဖြစ်သည်။

ကံအားလျော်စွာ သူသည် ထိုအချက်ကို အချိန်မီသဘောပေါက်ခဲ့ပေသည်။ မဟုတ်လျှင် သူသည် ထိုဝိညာဉ်စွမ်းအားကြောင့် သေဆုံးသွားလောက်ပေပြီ။

အခြားကျင့်ကြံသူများသည် ထိုသို့ သေဆုံးသွားခြင်းလော။

အချို့လူများသည် သူတို့အသတ်မခံရခင်တွင် တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပုံပင်။ သူတို့ကို မည်သည့်အရာက သတ်သွားသည်ကိုတောင် သူတို့ သိလိုက်မည့်ပုံမပေါ်ချေ။

သူ၏ကျင့်ကြံခြင်းအဆင့်နှင့် ဝိညာဉ်စွမ်းအားနှင့်ပင် တိုက်ခိုက်မှုတစ်ခုက သူ့ကို စွမ်းအားမဲ့သွားစေသဖြင့် ထိုတိုက်ခိုက်မှုသည် မည်မျှ စွမ်းအားကြီးကြောင်း သိနိုင်ပေသည်။ အကယ်၍ အခြားဒုတိယကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးသာ ထိုတိုက်ခိုက်မှုနှင့် ထိမှန်ခဲ့ပါက ထိုသူသည် အသက်ရှင်နိုင်ခဲ့လျှင်ပင် သူ၏အသက်စွမ်းအင်တစ်ဝက်ကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် သေသွားနိုင်ချေက ပိုများပေသည်။

ပို၍အရေးကြီးသည်မှာ အချို့လူများသည် ပထမအကြိမ်တိုက်ခိုက်ခံရကတည်းက ပြန်တုံ့ပြန်ရန်ပင် အချိန်မရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပထမတိုက်ခိုက်မှုကြောင့် သေမသွားလျှင် ခုခံရန် သေချာပေါက် မဟာလမ်းစဉ်စွမ်းအားကို ထုတ်လွှတ်လိုက်မည်ဖြစ်သည်။ သို့ဆိုလျှင် သူတို့ကို စောင့်ဆိုင်းနေသည့်အရာမှာ ဒုတိယတိုက်ခိုက်မှုသာ ဖြစ်ပေလိမ့်မည်။

“ကန့်သတ်နယ်မြေ”

ရီဖူရှင်းသည် ထိုနေရာတွင်သာ ဆက်လှဲနေပြီး ထမရပ်သေးပေ။ သူသည် ထိုနယ်မြေအတွင်းသို့ ရောက်ရောက်ချင်းမှာပင် သင်ခန်းစာပေးခံလိုက်ရပေပြီ။

နတ်ဘုရားများ၏ ကန့်သတ်နယ်မြေသည် ဖြတ်သွားရန် မလွယ်သည့်ပုံပင်။ ဤနေရာတွင် အခြားမဟာလမ်းစဉ်များ၏ တည်ရှိမှုကို ခွင့်မပြုပေ။ အခြားအရှိန်အဝါများကို ချက်ချင်း ဖယ်ရှားပစ်မည်ဖြစ်သည်။

ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်း၌ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအား စီးဆင်းနေ၏။ သို့သော် ထိုစွမ်းအားသည် အပြင်သို့ကာ မပျံ့သွားခဲ့ပေ။ သူသည် သူ၏ဒဏ်ရာများကို ကုသနေခြင်းပင်။ ခေတ္တမျှကြာပြီးနောက်တွင် သူထပ်ရပ်လိုက်ပြီး သူ့အရှေ့သို့ ကြည့်သည်။

ရီဖူရှင်းသည် အသက်ပြင်းပြင်း နောက်တစ်ချက် ရှူလိုက်ပြီးနောက် သူ၏မဟာလမ်းစဉ်အရှိန်အဝါကို အပြင်သို့ မထွက်စေဘဲ အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

အစောက တွေ့ကြုံခဲ့ရသော အန္တရာယ်က ဤလောကအသေးလေးထဲတွင် ပြင်ပမှ အခြားလမ်းစဉ်အားလုံးကို ခွင့်မပြုကြောင်း သိရှိသွားစေ၏။

ကောင်းကင်နတ်ဘုရားများသည် လွန်စွာခက်ထန်၍ ခွင့်မလွှတ်တတ်သူများလော။

ရီဖူရှင်း ‌ရှေ့သို့ အလွန်နှေးကွေးစွာ ဆက်လျှောက်လျက်ရှိ၏။ သူသည် သတိလက်လွတ်မဖြစ်ဝံ့ပေ။ ထို့အပြင် သူသည် အလျင်မလိုပေ။

သူရှေ့သို့ ဆက်သွားနေရင်း ဤလောကအသေးလေးအတွင်းရှိ ရှုခင်းသည် အံ့အားသင့်ရ‌လောက်အောင် လှပပြီး ငြိမ်းချမ်းကြောင်း အသိအမှတ်ပြုလိုက်သည်။ ဤနေရာသည် သီးခြားကျင့်ကြံရန်အတွက် အလွန်သင့်တော်သော နေရာတစ်ခုပင်။ ‌နှောင့်ယှက်မည့်သူ မည်သူမှမရှိသော ဤနေရာသည် သီးခြားကျင့်ကြံရန် အသင့်တော်ဆုံး နေရာပင်။

ထို့အပြင် ရီဖူရှင်း ရှေ့သို့ဆက်သွားနေသော်လည်း မည်သည့်အန္တရာယ်မှ ထပ်မကြုံရတော့ပေ။ သူ၏ခရီးသည် လွန်စွာ ချောမွေ့နေလေသည်။ သူ မဟာလမ်းစဉ်အရှိန်အဝါကို မထုတ်လွှတ်သ၍ သူ့အတွက် မည်သည့်အန္တရာယ်မှ မရှိသည့်ပုံပင်။

ထို့ကြောင့် ရီဖူရှင်းသည် ဤလောကအသေးလေးအတွင်း၌ ‌ရှေ့သို့ ခပ်သွက်သွက် လျှောက်လိုက်လေသည်။  လမ်းတစ်လျှောက်တွင် ပို၍များသော အလောင်းကောင်များကို ထပ်တွေ့ရ၏။ ထိုလူများသည် ဤနေရာအထိ ရောက်လာနိုင်ခဲ့သဖြင့် ဤလောက၏ ဆန်းကြယ်မှုကို သိရှိခဲ့ပြီး ဖြစ်နိုင်ပေသည်။ သူတို့သေဆုံးခဲ့ရခြင်းမှာ ဤလောကအသေးလေးအတွင်း၌ သူတို့ရှာတွေ့သော အရာများကို ယူရန် ကြိုးစားရင်းဖြင့် သေခဲ့ခြင်းဖြစ်နိုင်သည်။ ကျင့်ကြံသူများအကြားမှ တိုက်ပွဲများဖြစ်လာလျှင် အခြေအနေများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ပေသည်။

ဤလောကအသေးလေးထဲတွင် ထူးဆန်းသောအရာများ၊ မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားပါဝင်သောအရာများနှင့် ထူးကဲ‌သောအရှိန်အဝါများနှင့် ပြည့်နှက်နေသောအရာများ များစွာ ရှိလေသည်။ ရီဖူရှင်းသည် ၎င်းတို့ကို လမ်းတစ်လျှောက်တွင် အာရုံခံမိခဲ့သည်။ သို့သော် သူသည် ၎င်းတို့ထဲက မည်သည့်အရာကိုမှ ယူရန် မကြိုးစားခဲ့ပေ။ ယခုတွင် အရာအားလုံး၏အကြောင်းကို မသိရသေးပေ။ ထို့ကြောင့် သူသည် အလွန်သတိကြီးကြီးထားရန် လိုပေသည်။ ဤလောကအသေးလေးတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေကြောင်း သူသိလိုပေသည်။

“အလောင်းတွေ...”

ထိုအခိုက်တွင် သူ့အရှေ့ရှိ ဝိညာဉ်စွမ်းအားသည် ပို၍ပင် အားကောင်းလာပြီး မြေပြင်ပေါ်တွင် ပျံ့ကျဲနေသော အလောင်းအများအပြားကို တွေ့လိုက်ရ၏။ ထို့ကြောင့် ရီဖူရှင်းသည် ထပ်မံ၍ အရှိန်လျှော့လိုက်ရ၏။ သူသည် သူ့ပတ်ပတ်လည်တွင် အန္တရာယ်အငွေ့အသက်ကို အာရုံခံနိုင်နေလေသည်။

“ဟိုနေရာမှာ တစ်ယောက်ယောက်ရှိနေတယ်”

ရီဖူရှင်းသည် နေရာတစ်ခုသို့ကြည့်လိုက်ပြီး ဧရာမကျောက်တုံးကြီးနောက်ရှိ အလွန်ညစ်ထေးနေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်၏။ ထိုအဘိုးအိုသည် သူ၏အရှိန်အဝါကို ရုတ်သိမ်းထားပေသည်။ သူသည် ထိုနေရာတွင်မရှိနေသကဲ့သို့ မလှုပ်မယှက်ရှိနေသည်။ အကယ်၍ ရီဖူရှင်းသာ ထိုအဘိုးအိုကို မမြင်ခဲ့လျှင် မည်သည့်အခါမှ သူ့ကို အာရုံခံမိမည်မဟုတ်ပေ။

အဘိုးအိုသည်လည်း ရီဖူရှင်းကို သတိပြုမိသွားပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုမျက်လုံးများမှ အေးစက်စက်အလင်းတစ်ခု ထွက်ပေါ်လာပြီး သူသည် အသံပို့လွှတ်၍ ပြောလာလိုက်သည်။

“ထွက်သွား...”

ရီဖူရှင်း သိပ်နားမလည်ပေ။ သူ မျက်မှောင်ကြုတ်လိုက်ပြီး အဘိုးအိုကိုကြည့်ကာ အသံပို့လွှတ်၍ ပြန်ပြောလိုက်၏။

“ဆရာကြီး... အရှေ့မှာ ဘာရှိလို့လဲ”

ထိုအဘိုးအိုသည် သူနှင့်ဆက်သွယ်ရန် တမင် အသံပို့လွှတ်အတတ်ကို အသုံးပြုနေခြင်းပင်။ သူသည် တစ်စုံတစ်ခုကို ရှောင်ရှားရန် ကြိုးစားနေသကဲ့သို့ပင်။

“အဝေးကို ထွက်သွား...”

အဘိုးအိုသည် ရီဖူရှင်းကို စားမတတ်၊ ဝါးမတတ် မျက်လုံးများဖြင့် ငေးကြည့်နေပြီး အနည်းငယ် ဒေါသထွက်နေပုံပေါ်လေသည်။ ရီဖူရှင်းသည် အဘိုးအို၏တုံ့ပြန်မှုကြောင့် နားမလည်နိုင်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်တွင် သူတို့အပေါ်သို့ အားကောင်းသော အန္တရာယ်အငွေ့အသက် ကျဆင်းလာလေသည်။ သူ၏မျက်လုံးများ စူးရှသွားပြီး အရှေ့သို့ ကြည့်လိုက်ရာ  သူတို့ထံသို့ အလွန်ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ချဉ်းကပ်လာသည်ကို တွေ့လိုက်၏။

ရုတ်ခြည်းပင် ရီဖူရှင်းသည် အနည်းငယ် စိတ်လှုပ်ရှားလာပြီး သူ၏မျက်နှာထားသည်လည်း အနည်းငယ် ညှိုမှိုင်းသွားသည်။ ဤလောကအသေးလေးထဲတွင် အရှိန်အဝါများကို ထုတ်လွှတ်၍ မရကြောင်း သူသိ၏။ ထိုသို့လုပ်လိုက်လျှင် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအား ကျဆင်းလာမည်ဖြစ်ပြီး အရှိန်အဝါထုတ်လိုက်သူတိုင်းကို သတ်ပစ်လိုက်မည်ဖြစ်သည်။ သို့သော် အဘယ်ကြောင့် သူတို့အရှေ့တွင် ထိုကဲ့သို့ စွမ်းအားကြီးအရှိန်အဝါတစ်ခု ရှိနေရသနည်း။

ကျောက်တုံးကြီးနောက်တွင် ပုန်းအောင်းနေသော အဘိုးအိုသည်လည်း ထိုအရှိန်အဝါကို ခံစားလိုက်ရ၏။ သူမျက်နှာပျက်သွားသည်။ သူ လျင်မြန်စွာ ထရပ်လိုက်ပြီး အလွန်လျင်မြန်သောအရှိန်အဖြင့် အဝေးသို့ ပြေးသွားကာ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူသည် သူ၏အရှိန်အဝါကို မထုတ်လွှတ်ခဲ့ပေ။ သို့သော် သူသုံးသွားသော အတတ်သည် ပြောင်မြောက်ပေသည်။

ရွှီး...

သူ့အနောက်သို့ ပုံရိပ်တစ်ခုသည် လျင်မြန်စွာ လိုက်သွားသည်။ ထိုပုံရိပ်သည် အဖြူရောင်ပင်။ ရီဖူရှင်းသည် ထိုအဖြူရောင်အရိပ်က မည်သည့်အရာဖြစ်သည်ကို စူးစမ်းရန် အခွင့်အရေး မရလိုက်သေးခင်မှာပင် သူ့အရှေ့မှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ အဖြူရောင်ပုံရိပ်သည် အဘိုးအိုနှင့် ထိတိုက်သွားသည်။ ရုတ်ခြည်းပင် အဘိုးအို၏ခန္ဓာကိုယ်သည် လွင့်ပျံသွားပြီး သူ့ဘေးရှိ ကျောက်နံရံနှင့် ရိုက်ခတ်သွားသည်။ သူ့ပါးစပ်အတွင်းမှ သွေးအများအပြား အန်ထွက်လာသည်။

ထို့နောက် ထိုအဖြူရောင်ပုံရိပ်သည် ရပ်တန့်သွားသဖြင့် ရီဖူရှင်း၏ မြင်ကွင်းထဲသို့ ရောက်လာသည်။

“ရှေးခေတ်ကလူ...”

ရီဖူရှင်း၏ မျက်လုံးများ စူးရှသွား၏။ ထိုပုံရိပ်သည် တစ်ကိုယ်လုံး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် ပြစ်မျိုးမှဲ့မထင်လှပပေသည်။ သူမအပေါ်တွင် ဆန်းကြယ်သောဝိညာဉ်စွမ်းအားရှိနေ၏။ ထိုဝိညာဉ်စွမ်းအားသည် ယခင်က သူ့ကို တိုက်ခိုက်ခဲ့သော ဝိညာဉ်စွမ်းအားနှင့် အတူတူပင်ဖြစ်သည်။

ထိုအမျိုးသမီး၏ မျက်နှာပုံပန်းသည် စာဖြင့်မဖော်ပြနိုင်လောက်အောင် လှပပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း ပြေပြစ်ပေသည်။ သူမသည် လူသားကမ္ဘာမှဟု မထင်ရဘဲ ပန်းချီကားအတွင်းမှ ထွက်လာသော မသေမျိုး နတ်မိမယ်တစ်ပါးဟု ထင်ရသည်။ သူမ၏မျက်လုံးများသည် သာမန်လူတစ်ယောက်၏မျက်လုံးများကဲ့သို့ ထင်ရသော်လည်း ၎င်းတို့ထဲတွင် တစ်စုံတစ်ခု ကင်းမဲ့နေပုံပင်။ ထိုအရာကား အသက်ဓာတ်ပင်။

ရီဖူရှင်းသည် သူမထံမှနေ၍ အသက်ရှိနေသော မည်သည့်လက္ခဏာကိုမှ မခံစားမိပေ။

“အသက်ဝင်နေတဲ့ အလောင်း”

ရီဖူရှင်းသည် ထိုသို့ တွေးမိသွားပြီး မျက်လုံးများ စူးရှလာသည်။ သူ့အရှေ့ရှိ အမျိုးသမီးသည် အပြင်မှဝင်လာသူမဟုတ်ဘဲ ဤလောကအသေးလေးနှင့် သက်ဆိုင်သည့် ရှေးခေတ်မှသူတစ်ဦးဖြစ်ကြောင်း ထင်ရှား၏။

All Chapters