← Chapters

မတော်တဆ တွေ့ဆုံမှု

Vol. 191 Ch. 2728

မတော်တဆ တွေ့ဆုံမှု

Vol. 191 Ch. 2728

ဝတ်စုံဖြူနှင့် အမျိုးသမီးက ရီဖူရှင်းကို ကြည့်လိုက်၏။ ထို့နောက် သူမသည် အကြည့်လွှဲကာ အဘိုးအိုကို ပြန်အာရုံစိုက်လိုက်သည်။

သူမ၏ခန္ဓာကိုယ်သည် ဝိညာဉ်ပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး တိုက်ရိုက် ပျောက်ကွယ်သွား၏။

“မျိုးမစစ်...”

အဘိုးအိုသည် ဒေါသတကြီး ဆဲဆိုလိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ကို ပုံရိပ်များအဖြစ် ပြောင်းလဲလိုက်၏။ အာကာသနတ်အလင်း လည်ပတ်လာပြီး သူသည် အလင်းနှင့်အတူ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူ၏နည်းလမ်းသည် ထူးခြားပေသည်။

သို့သော် ဝတ်စုံဖြူနှင့် အမျိုးသမီးသည်လည်း ဝိညာဉ်ပုံရိပ်အဖြစ်သို့ ပြောင်းလဲပြီးပြီဖြစ်သည်။ ရီဖူရှင်းသည် ထိုဘက်သို့ ကြည့်လိုက်သောအခါ အာကာပြင်တွင် ပုံရိပ်များစွာ ရှိနေပြီဖြစ်သည်။ အဘိုးအိုသည် များစွာဂရုစိုက်မနေနိုင်တော့သဖြင့် သူ့ထံမှနေ၍ စွမ်းအားကြီး မဟာလမ်းစဉ်အရှိန်အဝါ ထွက်ပေါ်လာလေသည်။

သို့သော် သူ၏အရှိန်အဝါကို အပြင်သို့ ထုတ်လွှတ်လိုက်သည့် အခိုက်တွင် ကောင်းကင်နှင့် မြေကြီးအကြားတွင် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့အပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။ တစ်ချိန်တည်းမှာပင် ဝတ်စုံဖြူနှင့် အမျိုးသမီးသည် သူ့အရှေ့သို့ ရောက်နေပြီဖြစ်ပြီး သူမ၏လက်နှစ်ဘက်သည် အဘိုးအို၏ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်လေသည်။

ဝုန်း...

အဘိုးအို၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားသည်။ ထိုကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားသည် သူ၏စိတ်ဝိညာဉ်အပေါ် တိုက်ရိုက် သက်ရောက်သွားပြီး ၎င်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေ၏။ သူ၏အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်သည် ကောင်းကင်မှ ပြုတ်ကျလာသည်။ သူသည် ထိုအချိန်တွင် အ‌လောင်းကောင်တစ်ကောင် ဖြစ်နေပေပြီ။

ရီဖူရှင်းသည် ထိုအဖြစ်အပျက် အစအဆုံးကို မြင်လိုက်ရပြီး အဘိုးအို မည်သို့အသတ်ခံလိုက်ရသည်ကိုလည်း မြင်လိုက်ရ၏။ ထို့ကြောင့် သူ့ရင်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ သို့သော် သူသည် ထိုအမျိုးသမီး ထွက်လာအောင် လုပ်ခဲ့သူ မဟုတ်နိုင်ပေ။ သူမသည် အစောကတည်းက အဘိုးအိုကို လိုက်ဖမ်းနေသည့်ပုံပေါ်လေသည်။ သို့သော် သူသည် ထိုနေရာတွင် ရှိနေခဲ့သဖြင့် သူနှင့်လည်း တစ်နည်းနည်းတော့ သက်ဆိုင်နေပေလိမ့်မည်။

သို့ပေသည့် ထိုကဲ့သို့သော အပြစ်ရှိသကဲ့သို့ ခံစားချက်သည် တဒင်္ဂအတွေးမျှသာ ဖြစ်သည်။ ထိုအခိုက်တွင် သူ၏အခြေအနေသည်လည်း မကောင်းသည် မဟုတ်ပါလား။

ဝတ်စုံဖြူနှင့် အမျိုးသမီးသည် နောက်သို့ ဖြည်းဖြည်းချင်း လှည့်လာပြီး သူမ၏အသက်ကင်းမဲ့နေသော မျက်ဝန်းများက ရီဖူရှင်းကို ကြည့်လိုက်လေသည်။ မမြင်ရသော ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုနေရာတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ၎င်းသည် ရီဖူရှင်းအပေါ် ပစ်မှတ်ထားနေသလိုပင်။ ထိုအမျိုးသမီးသည် အသက်ဝင်နေသော အလောင်းကောင်တစ်ကောင် ဖြစ်ရပေမည်။ ထို့ကြောင့် သူမ၏မျက်လုံးများသည် မည်သူ သို့မဟုတ် မည်သည့်အရာကိုမှ မမြင်နိုင်လောက်ပေ။ သူမသည် အသက်မရှိသဖြင့် သူမ၏အပြုအမူများသည် အလိုအလျောက် လုပ်မိခြင်းသာ ဖြစ်နိုင်ပေသည်။

ရွှစ်...

ဝတ်စုံဖြူနှင့် အမျိုးသမီးသည် ပုံရိပ်အဖြစ် ထပ်မံပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ ထိုကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားသည် ရီဖူရှင်းထံသို့ ဝင်ရောက်လာ၏။ ၎င်းသည် အလွန်ကြောက်စရာကောင်းသော ဝိညာဉ်စွမ်းအားပင်။ ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် သူရှိနေသောနေရာမှ ပျောက်ကွယ်သွားသည်။

ဝုန်း...

ဟင်းလင်းပြင်ထဲမှ တစ်နေရာတွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး အာကာပြင်သည် အပြင်းအထန် တုန်ခါသွားသည်။ သို့သော် ရီဖူရှင်းသည် အခြားတစ်နေရာသို့ ရောက်သွားပြီဖြစ်၍ ၎င်းသည် ရီဖူရှင်းကိ မထိမှန်ခဲ့ပေ။ ထိုအရာသည် ဗုဒ္ဓရောင်ဝါခြေလှမ်း၏ အားသာချက်ပင်။ သူသည် တစ်ချက်မျှ တွေးလိုက်ရုံဖြင့်ပင် မဟာလမ်းစဉ်ကို မထုတ်ဘဲ လှုပ်ရှားနိုင်ပေသည်။ ထို့ကြောင့် ဤလောက၏ ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအားသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ခြေရာမခံနိုင်ချေ။

“ကောင်းကင်နတ်ဘုရားတစ်ပါး မဟုတ်ဘူး”

ထိုဝတ်စုံဖြူနှင့်အမျိုးသမီးသည် အသက်ရှိနေခဲ့စဉ်က ကောင်းကင်နတ်ဘုရားတစ်ပါး မဟုတ်နိုင်ကြောင်း ရီဖူရှင်း အာရုံခံမိလိုက်၏။ အကယ်၍ သူမသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်ပါက ယခုထက် များစွာပို၍ စွမ်းအားကြီးပေလိမ့်မည်။ သူသည် သူမ၏တိုက်ခိုက်မှုများကို ရှောင်နိုင်ရန်ပင် အခွင့်အရေးရမည် မဟုတ်ပေ။

ဝတ်စုံဖြူနှင့် အမျိုးသမီးသည် ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအားကြောင့် ပြောင်းလဲသွားသည့်ပုံပင်။ ရီဖူရှင်းထံတွင် ထိုအကြောင်းကို စေ့စေ့စပ်စပ် တွေးနေရန် အချိန်မရှိပေ။ သူ့ပေါ်သို့ နောက်ထပ် တိုက်ခိုက်မှုတစ်ခု ထပ်မံ ကျဆင်းလာသည်။

သူ့ခန္ဓာကိုယ်သည် လက်ခနဲဖြစ်သွားပြီး ထိုနေရာမှ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး အလွန်ဝေးသော အခြားတစ်နေရာတွင် ပြန်ပေါ်လာလေသည်။

သို့သော် ရီဖူရှင်းသည် သူ၏ပြိုင်ဘက် သို့မဟုတ် သူမ၏တိုက်ခိုက်မှုများထံမှ မလွတ်သေးကြောင်း သိလိုက်ရသဖြင့် စိတ်ပျက်သွားသည်။ ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် နတ်တိုက်ပွဲချိပ်စည်းတစ်ခု ဖြစ်လာပြီး သူ့အပေါ်သို့ ကျဆင်းလာသည်။ သူ ပျောက်သွားလိုက်၊ ပေါ်လာလိုက်ဖြင့် ရှောင်ရှားနေရသည်။ သို့သော် တိုက်ခိုက်မှုများသည် သူတို့အကြားမှ အကွာအဝေးကို အမှုမထားပေ။ ၎င်းသည် ၎င်း၏ပစ်မှတ်ကို ရှင်းပစ်ပြီးမှသာ ရပ်တန့်သွားမည်ဖြစ်သည်။

ရီဖူရှင်းသည် ထိုတိုက်ခိုက်မှုကို မရှောင်နိုင်ကြောင်း သိရှိသွားသဖြင့် သူ့ကိုယ်တွင်းရှိ စွမ်းအား,အားလုံးကို သူ့လက်တစ်ဘက်ထဲတွင် စုစည်းလိုက်သည်။ ရုတ်တရက် သူ၏လက်သည် အလင်းလက်လာပြီး လက်အတွင်း၌ နတ်အလင်း ‌တောက်ပလာသည်။ ထို့နောက်တွင် ၎င်းအလင်းသည် နတ်တိုက်ပွဲချိပ်စည်းထံသို့ ပျံထွက်သွားသည်။

ဝုန်း...

ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုသည် အရာအားလုံးကို ပြားကပ်သွားစေသည်။ ထိုတိုက်ခိုက်မှု ထွက်ပေါ်လာသည့်အခိုက်တွင် ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံး၍ ထိုနေရာမှ ထွက်သွားလိုက်သည်။ သို့ပင်လျှင် ကြောက်မက်ဖွယ်တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် သူ့ကို ရိုက်ခတ်သွားသေးပေသည်။ ထို့ကြောင့် သူညည်းတွားလိုက်၏။ သူ၏မျက်နှာသည် ဖြူဖျော့သွားပြီး သူ၏ကိုယ်တွင်းအင်္ဂါများသည် ရိုက်ခတ်မှုကြောင့် တုန်ယင်နေကာ သူ၏စိတ်ဝိညာဉ်သည်လည်း တုန်ခါနေလေသည်။

သူမသည် နတ်ဘုရားတစ်ပါး မဟုတ်သော်လည်း တိုက်ခိုက်မှုများထဲတွင် ပါဝင်သော တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် ကောင်းကင်နတ်ဘုရားများက ချန်ထားခဲ့သော ဝိညာဉ်စွမ်းအားဖြစ်သည်။ ထိုဝိညာဉ်စွမ်းအားသည် သူတို့ အပြင်လောကတွင် အမွေဆက်ခံခဲ့သော သို့မဟုတ် သိမြင်နားလည်ခဲ့သော ဝိညာဉ်စွမ်းအားများနှင့် မတူချေ။ ဥပမာအားဖြင့် ဤပြိုင်ဘက်သည် ထိုမဟာဝိညာဉ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ထိုတိုက်ခိုက်မှုများသည် သူ ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ရှောင်ရှားနေစဉ်မှာပင် သူ့ကို တစ်ချက်တည်းဖြင့် ထိခိုက်စေနိုင်လောက်သည်အထိ အလွန်စွမ်းအားကြီးနေခြင်း ဖြစ်ပေမည်။ အကယ်၍ သူသည် ထိုတိုက်ခိုက်မှုကို အပြည့်အဝ ခံလိုက်ရမည်ဆိုလျှင် ယခုထက် ပို၍ အခြေအနေဆိုးသွားနိုင်လေသည်။

ရီဖူရှင်းသည် သူ၏အရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ထိုအမျိုးသမီးလက်မှ ထွက်ပြေးနေသည်။ တဖြည်းဖြည်းဖြင့် ထိုဝတ်စုံဖြူနှင့် အမျိုးသမီးသည် သူ့ကို မျက်ခြည်ပြတ်လာလေသည်။ သူ၏တည်ရှိမှုကို အာရုံခံနိုင်သော သူမ၏ဝိညာဉ်စွမ်းအားတွင်လည်း ၎င်း၏အကန့်အသတ်နှင့် ၎င်းရှိကြောင်း ထင်ရှား၏။ သူမသည် ကျင့်ကြံသူအစစ်မဟုတ်ဘဲ အသက်ဝင်နေသော အလောင်းကောင်တစ်ကောင်သာ မဟုတ်ပါလော။

မဟုတ်လျှင် သူသည် ဤလောကထဲတွင် သေနေလောက်ပြီဖြစ်သည်။

သို့သော် ဤလောကအသေးလေးထဲတွင် ထိုအမျိုးသမီးမှလွဲ၍ အခြားမည်သည့်အန္တရာယ်မှ မရှိသည့်ပုံပင်။ ထိုဝတ်စုံဖြူနှင့်အမျိုးသမီးသည် မည်သူနည်းဟု ရီဖူရှင်း တွေးလိုက်သည်။

သူသည် သူ၏တည်နေရာကို ပြောင်းလိုက်ပြီး ရှေ့သို့ ဆက်သွားလိုက်သည်။ သို့သော် အခြားကျင့်ကြံသူများ၏ အရိပ်လက္ခဏာကို မမြင်ရသေးပေ။ ရီဖူရှင်းသည် အစောပိုင်းက သူတွေ့ကြုံခဲ့ရသော အတွေ့အကြုံများအရ ဤလောကထဲသို့ ဝင်လာသူတိုင်းသည် အသတ်ခံလိုက်ရဖို့များကြောင်း သိပေသည်။ အကယ်၍ သူတို့အသက်ရှင်နေသေးလျှင်လည်း အလွန်သိုသိုသိပ်သိပ်နေ၍ ပုန်းကွယ်နေကြမည်ဖြစ်သည်။

အခြားမည်သည့်ကျင့်ကြံသူမှ ဗုဒ္ဓရောင်ဝါခြေလှမ်းကို မတတ်ကြပေ။ အကယ်၍ သူတို့သာ ဝတ်စုံဖြူနှင့် အမျိုးအသီးနှင့် တွေ့ဆုံခဲ့လျှင် သူတို့ သူမ၏လက်ချက်ဖြင့် သေသွားနိုင်ချေ များပေသည်။

ရီဖူရှင်းသည် လက်ရှိအခြေအနေများကို မေးမြန်စုံစမ်းနိုင်ရန် အခြားကျင့်ကြံသူများကို တွေ့မည်လောဟု မျှော်လင့်၍ သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်၏။ သို့သော် သူသည် သူ၏နတ်အာရုံကို ဝတ်စုံဖြူနှင့်အမျိုးသမီးက တစ်နည်းနည်းဖြင့် သိရှိသွားမည်စိုးသဖြင့် ကျယ်ပြန့်စွာ မဖြန့်ကျက်ဝံ့ပေ။

“ဟမ်...”

ထိုအခိုက်တွင် ရီဖူရှင်း၏မျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူသည် အရှေ့သို့ကြည့်လိုက်ရာ မြစ်တစ်စင်း၏ဘေးရှိ ကျောက်တောအုပ်တစ်ခုကို တွေ့လိုက်ရ၏။ ကျောက်တောအုပ်သည် လွန်စွာကျယ်ပြန့်ပြီး ထိုတောအုပ်အတွင်း၌ ရင်းနှီးသောအငွေ့အသက်တစ်ခု ရှိနေကြောင်း ရီဖူရှင်း အာရုံခံမိသည်။

ကျောက်တောအုပ်ထဲတွင် မိန်းမပျိုတစ်ဦးသည် တင်ပျဉ်ခွေထိုင်နေ၏။ ထိုအခိုက်တွင် သူမ၏လှပသော မျက်ဝန်း‌လေးများ ရုတ်တရက် ပွင့်လာပြီး မျက်ခုံးတစ်ဘက် ပင့်လိုက်သည်။ သူမ၏မျက်ဝန်းများထဲတွင် အေးစက်မှုတစ်ခု ဖြတ်သန်းသွားသည်။

ထိုမိန်းမပျိုသည် ချောမောလှပပြီး ဖီးနစ်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည်။ ဝတ်ရုံအောက်ဖျားသည် သူမအနောက်ရှိ မြေပေါ်တွင် ပုံကျနေသည်။ သူမ၏ ရှည်လျားသော ပိတုန်းရောင်ကေသာသည်လည်း ပြေလျော့နေသည်။ သူမသည် အနည်းငယ် ခေါင်းမော့လိုက်ပြီး ကြည့်လိုက်ရာ ကျောက်တောအုပ်အတွင်းရှိ ကျောက်တုံးတစ်တုံးပေါ်ရှိ ဝတ်စုံဖြူနှင့် လူကိုတွေ့လိုက်၏။

“ဒီနေရာမှာ နတ်အာရုံကို ထုတ်လွှတ်တာက အရမ်းအန္တရာယ်များတယ်ဆိုတာ ရှင်သိလား...”

မိန်းမပျို၏ အသံသည် အေးစက်နေ၏။ သူမသည် ရီဖူရှင်းကို စိုက်ကြည့်ကာ သူမထံသို့ လျှောက်သွားသည်။

ရီဖူရှင်းသည် ပြန်မဖြေလိုက်ဘဲ သူမကိုသာ ဆက်၍စိုက်ကြည့်နေသည်။ ထို့ကြောင့် ထိုမိန်းမပျိုသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းလေးများထဲတွင် စူးရှသောအကြည့်တစ်ချက် ထွက်ပေါ်လာ၏။ သို့သော် သူမသည် သူမ၏ မဟာလမ်းစဉ်အရှိန်အဝါကိုမူ ထိန်းချုပ်ထားပြီး အပြင်သို့ ထွက်မသွားစေပေ။ သူမသည်လည်း ဤလောကအသေးကို အုပ်စိုးသော စည်းမျဉ်းများကို ကောင်းစွာသိထားကြောင်း ထင်ရှားလေသည်။

“မင်းသမီးဒွန်ဟောင်က ဒဏ်ရာရထားတာလား”

ရီဖူရှင်း မေးလိုက်၏။ သူ့အရှေ့ရှိ အမျိုးသမီးသည် နတ်ဘုရားများ၏ ကန့်သတ်နယ်မြေအတွင်းသို့ တစ်ကိုယ်တော် ဝင်သွားခဲ့သော ဒွန်ဟောင်တိယွမ်ပင်ဖြစ်သည်။ သူမသည် သူမ၏ဒဏ်ရာများကို ကုသရန် ဤနေရာတွင် ပုန်းအောင်းနေပုံပေါ်လေသည်။ သူမသည်လည်း ဝတ်စုံဖြူနှင့် အမျိုးသမီးနှင့် တွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။

ဒွန်ဟောင်တိယွမ်သည် မည်သို့မှ ပြန်မဖြေချေ။ ထို့ကြောင့် ရီဖူရှင်း ဆက်ပြောလိုက်၏။

“မင်းသမီးဒွန်ဟောင်က နတ်ဘုရားတွေရဲ့ ကန့်သတ်နယ်မြေထဲမှာ ရှိနေတာ အချိန်တစ်ခု ကြာခဲ့ပြီပဲ။ ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ မင်းသမီးသိပါသလား... ပြီးတော့ အဲဒီအဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးက ဘယ်သူလဲ”

ဒွန်ဟောင်တိယွမ်ထံသည် ထိုအကြောင်းများကို သိသည်၊ မသိသည်ကို သူမသိပေ။

“ကျွန်မက ရှင့်ကို သိလို့လား”

ဒွန်ဟောင်တိယွမ်က ပြန်ပြောလိုက်၏။

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို စိုက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“အမှန်ပါပဲ... ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမသိကြပါဘူး။ ဒါပေမဲ့ တစ်နည်းပြောရရင်တော့ ကျုပ်တို့မှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိတဲ့ ရန်ငြိုးတွေ ရှိတယ်မလား”

သူသည် ထိုသို့ပြောရင်း ဒွန်ဟောင်တိယွမ်အရှေ့သို့ ခုန်သွားလိုက်သည်။ သူ့မျက်လုံးများထဲတွင် စနောက်လိုသော အရိပ်အယောင်တစ်ခု ရှိနေလေသည်။

ထို ကောင်းကင်ဒေသ၏ မင်းသမီးသည် အမှန်ပင် အေးစက်၍ အလွန်စိတ်ကြီးဝင်နေသူဖြစ်သည်။

“ဒီတော့ ရှင်က ဒီနေရာမှာ ကျွန်မတို့ရဲ့ ရန်ငြိုးတွေကို ရှင်းချင်တာလား”

ဒွန်ဟောင်တိယွမ်သည် ခေါင်းမော့၍ သူမရှေ့ရှိ ရီဖူရှင်းကို ကြည့်သည်။ သူမသည် တည်ငြိမ်စွာဖြင့် မေးလိုက်၏။

“ရှင် လုပ်နိုင်မယ်လို့ ထင်လို့လား”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ထံမှ ရန်စကားကို ကြားလိုက်ရသောအခါ သူမကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်သည်။ သူမသည် သူနှင့် တိုက်ခိုက်လိုနေခြင်းလော။

All Chapters