← Chapters

ထိပ်တိုက်တွေ့ခြင်း

Vol. 191 Ch. 2729

ထိပ်တိုက်တွေ့ခြင်း

Vol. 191 Ch. 2729

ရီဖူရှင်းသည် စနောက်လိုသော အရိပ်အယောင်များရှိနေသည့် မျက်လုံးများဖြင့် ဒွန်ဟောင်တိယွမ်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် စနောက်သလိုလို ပြောလိုက်၏။

“ကျုပ် လုပ်နိုင်၊ မလုပ်နိုင်ဆိုတာ စမ်းမကြည့်ရင် ဘယ်လိုလုပ် သိနိုင်မှာလဲ... မဟုတ်ဘူးလား...”

ဒွန်ဟောင်တိယွမ်သည် မကျေမနပ်ဟန်ဖြင့် သူ့ကို အေးစက်စက်ကြည့်သည်။ သူမသည် ဟိတ်ဟန်အပြည့်ဖြင့် မတ်မတ်ရပ်လိုက်၏။ သူမ၏ ဖီးနစ်ဝတ်ရုံသည် သူမအနောက်တွင် အလွန်ကြော့ရှင်းစွာ ဝဲလွင့်သွားသည်။

“ကျွန်မတို့သာ ဒီနေရာမှာ တိုက်ခိုက်ခဲ့ရင် နှစ်ယောက်လုံး သေချာပေါက် သေသွားလိမ့်မယ်”

ဒွန်ဟောင်တိယွမ်သည် သူ့ကို စူးစိုက်ကြည့်၍ ပြောလိုက်၏။ အကယ်၍ သူတို့နှစ်ယောက်သာ တိုက်ခိုက်ခဲ့လျှင် သူတို့သည် သူတို့၏မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်ရမည်ဖြစ်သည်။ သို့ဆိုလျှင် ဤလောကအတွင်းရှိ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် သူတို့ကို တိုက်ခိုက်ပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သူတို့နှစ်ယောက်စလုံး ထိုတိုက်ခိုက်မှုမှ လွတ်မည်မဟုတ်ပေ။

“ကျုပ်က မင်းသမီးဒွန်ဟောင်လို အလှပဂေးလေးကို ဘယ်လိုလုပ် တိုက်ခိုက်ရက်မှာလဲ”

ရီဖူရှင်းသည် ရှေ့သို့ လျှောက်သွားပြီး မင်းသမီးဒွန်ဟောင်အနားသို့ ပို၍ တိုးကပ်သွားလိုက်သည်။

ဒွန်ဟောင်တိယွမ်သည် သူ့ကို စိုက်ကြည့်နေပြီး  သူမ၏ခန္ဓာကိုယ်ပေါ်တွင် အားတစ်ခု စတင်လည်ပတ်လာသည်။

မကြာခင်တွင် ရီဖူရှင်းသည် သူ၏လက်ကိုမြှောက်၍ သူမကို တိုက်ရိုက် လှမ်းဆွဲကိုင်လိုက်သည်။ သို့သော် သူသည် မည်သည့်မဟာလမ်းစဉ်စွမ်းအားကိုမှ မသုံးဘဲ ခွန်အားသက်သက်ဖြင့်သာ ဆွဲကိုင်လိုက်ခြင်းဖြစ်သည်။ ရီဖူရှင်းသည် ဤလောက၏ စည်းမျဉ်းများအောက်တွင် မဟာလမ်းစဉ်စွမ်းအားကို ထုတ်လွှတ်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းဖြစ်ကြောင်း‌ ကောင်းကောင်းသိပေသည်။

ဒွန်ဟောင်တိယွမ် ခေါင်းမော့လိုက်ပြီး သူမ၏လက်ဝါးမှနေ၍ ကြောက်မက်ဖွယ်အားတစ်ခု ထွက်‌ပေါ်လာ၏။ သို့သော် သူမသည်လည်း မဟာလမ်းစဉ်အရှိန်အဝါ ထွက်မလာစေရန် ထိန်းချုပ်ထားလေသည်။

လက်နှစ်ခု ထိတိုက်သွားပြီး ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ကျောက်တောအုပ်ကို ဝန်းရံထားသော ဧရာမကျောက်တုံးကြီးများတွင် အက်ကြောင်းများ ပေါ်လာလေသည်။

‘တော်တော်သန်တဲ့ ခွန်အားပဲ’

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ငေးကြည့်၍ တွေးလိုက်သည်။ သူတို့ နတ်ဆိုးအင်ပါယာနန်းတော်တွင် တိုက်ခိုက်ခဲ့စဉ်က သူသည် ဒွန်‌ဟောင်တိယွမ်၏ ခွန်အားကို သိခဲ့ရသည်။ သူမသည် နတ်ဖီးနစ်ထံမှ အမွေဆက်ခံရရှိခဲ့၏။ သူမသည် နတ်ဖီးနစ်သွေးထဲတွင် စိမ်ခဲ့သဖြင့် ၎င်း၏စွမ်းအားကို အမွေဆက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ နောက်တွင် သူမသည် နာဂါအမွေအနှစ်နယ်မြေထဲ၌ နဂါးဘိုးဘေး၏စွမ်းအားကို ရရှိခဲ့သည်။ သူမ၏လက်ဝါးချက် ထွက်လာသောအခါ မည်သည့် မဟာလမ်းစဉ်စွမ်းအားမှ မပါသော်လည်း နဂါးဟိန်းသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။ ထိုလက်ဝါးချက်သည် လွန်စွာ လွှမ်းမိုးအားကြီးသော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

ရီဖူရှင်း၏ခန္ဓာကိုယ်သည်လည်း ထို့အတူပင် အားကြီးပြီး ဒွန်ဟောင်တိယွမ်၏ခန္ဓာကိုယ်နှင့် ယှဉ်နိုင်လေသည်။

ရီဖူရှင်း၏လက်များသည် ဆက်၍ လှုပ်ရှားနေသည်။ သူ လက်တစ်ဘက်ကို ပြန်ရုတ်လိုက်သည့်အခါတိုင်း နောက်ထပ် လက်သီးချက်တစ်ခု ထွက်လာလေသည်။ ဒွန်ဟောင်တိယွမ်သည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရှက်ရွံ့မနေပေ။

ပြင်းထန်သော ပေါက်ကွဲသံများ ထပ်ခါထပ်ခါ ထွက်ပေါ်လာပြီး ထိုကျောက်တောအုပ်ထဲတွင် ပြင်းထန်စွာ တုန်ခါနေလေသည်။ သူတို့ထံမှ မည်သည့် အရှိန်အဝါမှ ထွက်မလာသော်လည်း လက်ဝါးချက်၊ လက်သီးချက်များ ထိတိုက်သွားတိုင်း ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာကာ ဖှုန်မှုန့်များနှင့် ကျောက်တုံးများ လွင့်ပျံသွားသည်။

ရီဖူရှင်းသည် သူ၏တိုက်ခိုက်မှုများကို အရှိန်မြှင့်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများ ဆူပွက်လာ၏။ ကိုယ်တွင်းရှိ မဟာလမ်းစဉ်အရှိန်အဝါသည် မြည်ဟည်းကာ သူ့ရုပ်ခန္ဓာ၏ ကန့်သတ်ချက်ကို ဖောက်ထွက်ရန် ရုန်းကန်နေလေသည်။ ဒွန်ဟောင်တိယွမ်၏ မျက်လုံးများထဲတွင် တောက်လောင်နေသော နဂါးဘိုးဘေးနှင့် နတ်ဖီးနစ်တို့၏ ပုံရိပ်များ ရှိနေသကဲ့သို့ပင်။ ၎င်းတို့သည်လည်း မဟာလမ်းစဉ်စွမ်းအား အပြင်သို့ ထွက်မသွားအောင် ဖိနှိပ်ရန် အသည်းအသန် ကူညီပေးနေသည်။

သူတို့နှစ်ယောက်ကြားမှ တိုက်ခိုက်မှုများကြောင့် သူတို့ပတ်ပတ်လည်တွင် မမြင်ရသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ ရီဖူရှင်း၏ အဖြူရောင်ဝတ်စုံသည် တဖျပ်ဖျပ်ခတ်နေပြီး ဒွန်ဟောင်တိယွမ်၏ ဖီးနစ်ဝတ်ရုံနှင့် ဆံကေသာရှည်ကြီးသည်လည်း လေထဲတွင် ယိမ်းကနေသည်။ မည်သည့် မဟာလမ်းစဉ်စွမ်းအားမှ ထွက်မလာစေကာမူ သူတို့၏ တိုက်ပွဲ ဆက်ဖြစ်နေသောအခါ ထိုမုန်တိုင်း၏ အဝန်းအဝိုင်းသည် ပြန့်ကားလာလေသည်။

ဝုန်း...

ပြင်းထန်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး သူတို့နှစ်ယောက်သည် လူကွဲသွားသည်။ ပတ်ဝန်းကျင်မှ ကျောက်တောအုပ်သည် အမှုန့်ဖြစ်သွားပြီး အရာအားလုံးသည် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေပြီး သူတို့ကိုယ်တွင်းရှိ သွေးများသည် ဆူပွက်နေလေသည်။ ဒွန်ဟောင်တိယွမ်၏မျက်နှာသည် အလွန်နီမြန်းနေ၏။ သူမ၏မျက်နှာသည် သွေးထဲသို့ နှစ်ထားသကဲ့သို့ပင် ထင်ရသည်။

“မင်းသမီးရဲ့မျက်နှာက တော်တော်လေး လှပြီးတော့ စွဲဆောင်မှု ရှိတာပဲ... တကယ့်ကို ‌စွဲမက်စရာကောင်းတယ်”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကိုကြည့်၍ မှတ်ချက်ပြုလိုက်သည်။ သူသည် အတည်ပြောနေခြင်းဖြစ်သည်။ ဒွန်ဟောင်တိယွမ်သည် လောက၏ ရှားပါးသောအလှတရားတစ်ခု ဖြစ်သည်။ သူမသည် အေးစက်၊ လှပကာ အလွန်ဂုဏ်ကျက်သရေရှိသော အေးစက်သည့်အလှတရားတစ်ခုဖြစ်သည်။ ထိုအခိုက်တွင် သူမ၏မျက်နှာသည် ချစ်စဖွယ် နီမြန်းနေပြီး ယခင်က မျက်နှာထားနှင့် မတူတော့ပေ။ လက်ရှိ သူမ၏ပုံစံသည် အလွန် စွဲမက်ဖွယ်ကောင်းနေလေသည်။

သို့သော် သူသည် သူမအပေါ် မကောင်းသော အတွေးများ မတွေးဝံ့ပေ။ သူတို့၏ ရန်ငြိုးများကို ဘေးဖယ်ထားလိုက်လျှင်ပင် ဒွန်ဟောင်တိယွမ်၏ အဆင့်အတန်းနှင့် အင်အားကို သူ ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။

သို့သော် သူသည် ဒွန်ဟောင်တိယွမ်၏”စော်ကားမှု”ကို ခံခဲ့ရသဖြင့် သူမကို ပြန်၍ စနောက်ရုံလောက်သည် သူ့ကို ဘေးဖြစ်စေလောက်မည် မဟုတ်ချေ။

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို စားမတတ်၊ ဝါးမတတ် စိုက်ကြည့်သည်။ မည်သူမှ သူမကို သူမရှေ့ရှိ မျိုးမစစ်ကဲ့သို့ မရိုမသေ မပြောခဲ့ဖူးချေ။

သူမသည် မည်သူနည်း။ ကောင်းကင်ဒေသတစ်ခွင်လုံး၏ တစ်ဦးတည်းသော မင်းသမီးဖြစ်ပြီး အရှင်ဒွန်ဟောင်၏သမီးတော်ဖြစ်သည်။

သူမကို စနောက်ရန် မဆိုထားနှင့် ပုံမှန်ဆိုလျှင် မည်သူသည် သူမကို ထိုကဲ့သို့ မရိုးဖြောင့်သော အကြည့်မျိုးဖြင့် စိုက်ကြည့်ဝံ့သနည်း။

သို့သော် ယနေ့တွင် ရီဖူရှင်း၏မျက်ဝန်းများသည် သူမကို ခြေဆုံးခေါင်းဆုံး စူးစိုက် ကြည့်နေလေသည်။

ဝုန်း...

ဒွန်ဟောင်တိယွမ်ထံမှ ပို၍ပင် အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ သူမ၏မျက်နှာသည် ပို၍ပင် နီမြန်းလာသည်။ သူမ၏ခန္ဓာကိုယ်ထဲတွင် နဂါးစွမ်းအား တဖြည်းဖြည်း နိုးထလာပြီး နတ်ဖီးနစ်သွေးသည်လည်း မြည်ဟိန်းလာသည်။ ထိုအရာသည် အလွန်စွမ်းအားကြီးသော ပေါင်းစည်းမှုပင်။ မည်သည့် မဟာလမ်းစဉ်အရှိန်အဝါမှ ထွက်မလာစေကာမူ ရီဖူရှင်းသည် အံ့အားသင့်ဖွယ်အဟုန်တစ်ခုကို ခံစားလိုက်ရ၏။ သူ့အရှေ့ရှိ ပြိုင်ဘက်ကင်းအလှပဂေးသည် သူ့အပေါ်သို့ ခုန်အုပ်တော့မည့် လူသားအသွင်ရှိသည့် စစ်သားရဲတစ်ကောင်းနှင့်ပင် ပိုတူနေသည်။

သို့သော် ရီဖူရှင်းသည် တစ်စိုးတစ်စိပင် မကြောက်ပေ။ သူသည် တုံ့ဆိုင်းမှုမရှိဘဲ ရှေ့သို့ လျှောက်သွားလိုက်၏။ မြေပြင်မှနေ၍ ပြင်းထန်သောအသံတစ်သံ ထွက်ပေါ်လာ၏။ သူ ဖန်တီးထားခဲ့သော ရုပ်ခန္ဓာသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသဖြင့် သူသည် မည်သူ့ကိုမှ မကြောက်ပေ။ သူ ရင်ဆိုင်နေရသည့် ပြိုင်ဘက်မှာ ဒွန်ဟောင်တိယွမ်ပင် ဖြစ်နေစေကာမူ သူမကြောက်ချေ။

သူတို့နှစ်ဦးသည် အချိန်ဆွဲမနေတော့ဘဲ ထပ်မံ၍ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်လိုက်သည်။ တိုက်ခိုက်မှုတိုင်းသည် ထိတိုက်သွားပြီး ပို၍ အရှိန်မြင့်လာလေသည်။ နောက်ဆုံးတွင် မရေမတွက်နိုင်အောင် များပြားသော လက်သီးအရိပ်များ ထိတိုက်နေသည်ကိုသာ မြင်ရလေတော့သည်။

သူတို့နှစ်ယောက်ကြားမှ ပြင်းထန်သော ထိတိုက်မှုများကြောင့် ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် ဆူညံသံများကို ကြားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူတို့၏ကိုယ်တွင်းရှိ သွေးများသည် ဆူပွက်၊ မြည်ဟည်းလာပြီး အလွန်ကြောက်မက်ဖွယ် ဖိအားကို ခံနေရလေသည်။ သို့သော် သူတို့နှစ်ယောက်စလုံး ရပ်တန့်ရန် အစီအစဉ်မရှိကြချေ။ တစ်နည်းဆိုရလျှင် သူတို့သည် ဤအခြေအနေတွင် မရပ်တန့်နိုင်သဖြင့် ရပ်တန့်ရန်ပင် ကြိုးစားကြည့်မနေတော့ပေ။

ရီဖူရှင်းသည် သူ့လက်များက အားကောင်းသည့် အားကို ခုခံနေရပြီး တောက်လောင်နေသကဲ့သို့ ခံစားနေရသည်။  ထိုအားသည် သူ့ခန္ဓာကိုယ်အတွင်းသို့ အတင်းဝင်ရောက်သွားပြီး သူ၏ကိုယ်တွင်းအင်္ဂါများကို တိုက်ခိုက်ကာ ၎င်းတို့ကို ဖိချေရန် ကြိုးစားနေသည်။ သို့သော် ရီဖူရှင်း၏ ပြန်လည်ကုသစွမ်းရည်သည် အလွန်ကောင်းမွန်ပြီး သူ့သက်စောင့်ဟော်နန်းအတွင်းရှိ အသက်ရင်းမြစ်သည် သူ၏ နံရိုးလေးခုအတွင်းသို့ ပြန့်ကားသွားပြီး သူ့အရိုးများကို ဖောက်ဝင်သွားသည်။ သူဒဏ်ရာရသွားသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်သည် ၎င်းဘာသာ စတင် ကုသလိုက်သည်။ ထိုအဖြစ်အပျက်သည် ထပ်ခါ ထပ်ခါ ဖြစ်ပျက်နေသည်။ ထို့ကြောင့် ရီဖူရှင်း၏အရှိန်အဝါသည် အဆုံးမရှိ ရှည်လျား တည်တံ့နေသည်။ သူ၏တိုက်ခိုက်မှုများသည် အားနည်းမလာရုံသာမက အချိန်ကြာလာသည်နှင့်အမျှ ပို၍ပင် ပြင်းထန်လာလေသည်။

ဒွန်ဟောင်တိယွမ်၏မျက်နှာသည် ပို၍ခက်ထန်လာပြီး သူမ၏ပါးများမှ သွေးများစီးကျလာတော့မလိုပင် ထင်ရသည်။ သူမ၏ကိုယ်တွင်းရှိ သွေးများနှင့် အသက်ရှူနှုန်းသည်လည်း တုန်ယင်လာပြီး အဆက်မပြတ် မြည်ဟိန်းနေလေသည်။ သူမသည် စွမ်းအားကြီး တိုက်ခိုက်စွမ်းရည်ရှိသည့် လူသားအသွင်နှင့် စစ်သားရဲတစ်ကောင်ကဲ့သို့ ထင်ရသော်လည်း သူမ၏ ပြန်လည်ကုသစွမ်းရည်သည် ရီဖူရှင်းလောက် မကောင်းပေ။ အဆက်မပြတ် ထိပ်တိုက် တိုက်ခိုက်မှုများက သူမကို ပင်ပန်းလာစေလေသည်။ သူမသည် သူမ၏လက်များ နာကျင်လာသည်ကို စတင်ခံစားလာရပြီး အချိန်ကြာလာသည်နှင့်အမျှ အားနည်းလာလေတော့သည်။ ထို့အပြင် သူမသည် ဤသို့ ထိပ်တိုက်မတိုက်ခင်ကတည်းက ဒဏ်ရာရထားပေသည်။ သို့သော် သူမ၏ခန္ဓာကိုယ်က အားနည်းလာသော်လည်း သူမသည် ရပ်တန့်ရန် ဆန္ဒမရှိသေးချေ။ သူမသည် ရီဖူရှင်းနှင့် ဆက်၍ အပြင်းအထန် တိုက်ခိုက်နေသည်။

ထိုကဲ့သို့ ပြင်းထန်သော ထိပ်တိုက်တိုက်ခိုက်မှုများကြောင့် ဒွန်ဟောင်တိယွမ်၏ ပါးစပ်စွန်းများမှ သွေးများစတင်စီးကျလာသည်။ သူမသည် ယခင်က ဒဏ်ရာများမှပင် အပြည့်အဝ ပြန်မကောင်းလာသေးပေ။ ယခုတွင် သူမ၏မျက်နှာသည် နီမြန်းနေရာမှ ဖြူဖျော့လာသည်။ သူမ၏အလှသည် ယခုတွင် အနည်းငယ်အသည်းအသန်ဖြစ်မှုနှင့် ရောယှက်လာပေပြီ။ သူမ၏ပြိုင်ဘက်အနေဖြင့် သူမကို နောက်ထပ် အားကောင်းသော တိုက်ခိုက်မှုများနှင့် တိုက်ခိုက်ရန် ခက်ခဲလာလေသည်။

ဝုန်း...

နောက်ထပ် ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို အနောက်သို့ လွင့်သွားစေ၏။ သူသည် သူ၏မူလနေရာတွင်ပင် ရပ်နေပြီး သူ့ကိုယ်တွင်းရှိ အသက်ရှူသံသည် မြည်ဟိန်း တုန်ယင်နေသည်။ သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သို့သော် သူ၏မျက်လုံးများသည် ဒွန်ဟောင်တိယွမ်ထံမှ မခွာပေ။

ဒွန်ဟောင်တိယွမ်သည်လည်း သူ့ကို ပြန်စိုက်ကြည့်နေသည်။ သူမသည် လက်မြှောက်၍ သူမ၏ပါးစပ်စွန်းမှ သွေးများကို သုတ်လိုက်သည်။ သူမ၏ အေးစက်စက်စိတ်ကြီးဝင်မှုသည် အနည်းငယ်ပင် ပျောက်မသွား‌သေးချေ။

“မင်းသမီးဒွန်ဟောင် ဆက်တိုက် နိုင်သေးရဲ့လား”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို သူမ၏စကားကိုပင် ပြန်သုံးကာ မေးလိုက်သည်။

သူသည် စကားပြောနေရင်း ရှေ့သို့ လျှောက်သွားပြီး ဒွန်ဟောင်တိယွမ်အနီးသို့ တိုးသွားလိုက်သည်။

“ရှင် ရှေ့ကို နောက်တစ်လှမ်းတိုးလာရင် ကျွန်မ မဟာလမ်းစဉ်အရှိန်အဝါကို ထုတ်လွှတ်လိုက်မယ်... အဲဒီလိုဆို ရှင်ရော ကျွန်မရော နှစ်ယောက်လုံး သေသွားမှာပဲ”

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်၍ ခြိမ်းခြောက်လိုက်၏။

ရီဖူရှင်း ရပ်တန့်လိုက်ပြီး သူမကိုကြည့်၍ မေးလိုက်၏။

“ဒီလောက,က ဘာလောကလဲ၊ ဒီနေရာက ဘာနေရာလဲ၊ အဲဒီ ဝတ်စုံဖြူနဲ့အမျိုးသမီးက ဘယ်သူလဲ”

“ဒီလောက,က ရှေးခေတ်က မဟာအင်ပါယာရဲ့ လောကအသေးဆိုတာ ရှင်မပြောနိုင်ဘူးလား”

ဒွန်ဟောင်တိယွမ်သည် အေးစက်စွာ ပြောလိုက်၏။

“ဒီလောကအသေးထဲမှာ မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအား ပြည့်နှက်နေတယ်။ အဲဒီဝတ်စုံဖြူနဲ့အမျိုးသမီးက ရှေးဟောင်းမဟာအင်ပါယာတစ်ပါး မဟုတ်နိုင်ပေမယ့် သူ့ရဲ့ဇစ်မြစ်ကလည်း နည်းနည်းထူးခြားလောက်တယ်။ သူက နတ်ဘုရားတွေရဲ့ တိုက်ပွဲထဲမှာ သေသွားတဲ့ မဟာအင်ပါယာရဲ့ မျိုးဆက်တစ်ယောက် ဖြစ်မယ်လို့ ကျွန်မ ယူဆတယ်။ မဟာအင်ပါယာက သူ့ကို လုံးလုံး လက်မလွှတ်ချင်လို့ ဒီလောကအသေးကို သူ့ရဲ့ မသေမျိုးဝိညာဉ်စွမ်းအားနဲ့ ချိပ်ပိတ်ထားတာဖြစ်မယ်။ အဲဒါကြောင့် အဲဒီအမျိုးသမီးက အဲဒီဝိညာဉ်စွမ်းအားနဲ့အတူ ပြန်မွေးဖွားလာပြီးတော့ မသေမျိုးတစ်ယောက် ဖြစ်သွားတာ ဖြစ်မယ်။ တစ်ရက်ရက်ကျရင်တော့ သူလည်း ဒီဝိညာဉ်စွမ်းအားကြောင့် အသိစိတ်ပြန်ရရင် ရလာနိုင်လောက်တယ်”

သူမသည် တစ်ခုမှ ထိန်ဝှက်မထားခဲ့ပေ။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြသည်။ ယခင်က သူမ မည်သို့ ဖြစ်ခဲ့သည်ဖြစ်စေ နောက်ဆုံးတွင် သူမရှုံးသွားသည်မှာ အမှန်တရားပင်ဖြစ်သည်။ ထို့ကြောင့် သူမသည် အရှုံးကို ဂုဏ်သိက္ခာရှိရှိ လက်ခံရပေမည်။

“အဲဒီ ရှေးဟောင်းမဟာအင်ပါယာက ဘယ်သူလဲဆိုတာ မင်းသမီးသိလား။ တကယ်လို့ အဲဒီအမျိုးသမီးက မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားကြောင့် ပြန်မွေးဖွားလာတာဆိုရင် သူက ပြန်ပြီး အသိစိတ်ရှိလာတဲ့အထိ ဒီလောကအသေးထဲမှာ မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားရဲ့ ပျိုးထောင်ပေးမှုကို ခံနေခဲ့ရတဲ့ သဘောလား”

ရီဖူရှင်း မေးလိုက်သည်။

ဤလောကအသေးသည် ထိုအမျိုးသမီး ပြန်လည်မွေးဖွားလာနိုင်စေရန် ရှေးဟောင်းမဟာအင်ပါယာက ဖန်တီးထားခြင်း ဖြစ်နိုင်ပေသည်။

All Chapters