← Chapters

ဒွန်ဟောင်တိယွမ် ရင်ဆိုင်ရသော ဘေးအန္တရာယ်

Vol. 191 Ch. 2730

ဒွန်ဟောင်တိယွမ် ရင်ဆိုင်ရသော ဘေးအန္တရာယ်

Vol. 191 Ch. 2730

“အဲဒါတော့ ကျွန်မ မသိဘူး”

ဒွန်ဟောင်တိယွမ်သည် ခေါင်းခါလိုက်သည်။

“ရှေးခေတ်က အင်ပါယာတွေရဲ့ ခေတ်ပဲ... အင်ပါယာတွေ အများကြီး ရှိခဲ့မှာပေါ့။ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲ ပြီးသွားတဲ့နောက်မှာ ဘာသတင်းအချက်အလက်မှ မကျန်ခဲ့ဘူး... ဒီလောကအသေးထဲမှာလည်း ဘာမှတ်တမ်းမှ မရှိဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီဝတ်စုံဖြူနဲ့အမျိုးသမီးက အသိစိတ်ပြန်ရလာဖို့ တော်တော်နီးနေပြီဆိုတာပဲ။ ကျွန်မ သိသလောက်ကတော့ သူက ကျွန်မတို့ ဒီနေရာကို ရောက်လာပြီး သူ့ကို မနှောင့်ယှက်ခင်အထိ အိပ်မောကျနေခဲ့တာပဲ။ အခုလည်း နေ့တိုင်း သူက ဒီလောကအသေးရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ဖို့ အချိန်တစ်ခုကြာအောင် အိပ်တယ်”

“ဒီတော့ သူအိပ်နေတဲ့အချိန်မှာ ကျုပ်တို့က ဒီလောကကို ဖွင့်နိုင်မယ့် လျှို့ဝှက်ချက်တွေကို လိုက်ရှာလို့ရတယ်ပေါ့”

ရီဖူရှင်း မေးလိုက်သည်။

“ဒီမှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူး”

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်သည်။

“ဒါက ချိပ်ပိတ်ထားတဲ့ နတ်ဘုရားတွေရဲ့ ကန့်သတ်နယ်မြေပဲ”

“တကယ်လို့ မင်းသမီးဒွန်ဟောင်သာ သေရေး၊ ရှင်ရေး အခြေအနေနဲ့ ကြုံရင် အရှင်ဒွန်ဟောင်က ဒီကို ကိုယ်တိုင်ရောက်လာပြီး ဝင်ပါလိမ့်မယ်လို့ ကျုပ် သေချာပေါက် ပြောရဲတယ်”

ရီဖူရှင်း ပြောလိုက်၏။ အရှင်ဒွန်ဟောင်ကဲ့သို့သော သူတစ်ယောက်အတွက် နတ်ဘုရားများ၏ ကန့်သတ်နယ်မြေသည် မည်သို့သော နယ်မြေဖြစ်မည်နည်း။

အရှင်ဒွန်ဟောင်သည် သူတို့သိသောလောကထဲတွင် နတ်ဘုရားတစ်ပါးပင် ဖြစ်သည်။ အကယ်၍ သူ၏ တစ်ဦးတည်းသောသမီးတော်သာ သေရေး၊ ရှင်ရေး အခြေအနေနဲ့ ကြုံခဲ့လျှင် သူမည်သို့ ဝင်မပါဘဲ နေနိုင်မည်နည်း။ ထို့ကြောင့်လည်း ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို အစွမ်းကုန်ထုတ်၍ မတိုက်ခိုက်ဝံ့ခြင်းဖြစ်သည်။ သူသည် သူ၏စည်းကို မကျော်ဝံ့ပေ။

သူတို့ စကားပြောနေစဉ်မှာပင် ရီဖူရှင်း မျက်မှောင်ကြုတ်သွားပြီး မျက်နှာပျက်သွားသည်။

“အာ့ အို...”

သူနောက်လှည့်လိုက်ပြီး အဝေးရှိ နေရာတစ်ခုကို အာရုံစိုက်ကြည့်လိုက်ရာ ဝတ်စုံဖြူနှင့်လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းသည် တစ္ဆေတစ်ကောင်ကဲ့သို့ မည်သည့်အသံမှ မထွက်ဘဲ လေထဲတွင် ဝဲလွင့်နေပြီး သူတို့ထံသို့ ချဉ်းကပ်လာလေသည်။ မမြင်ရသော ဝိညာဉ်စွမ်းအားတစ်ခုသည် ရီဖူရှင်းနှင့် ဒွန်ဟောင်တိယွမ်အပေါ် ကျဆင်းလာ၏။

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး အစောက သူတို့၏တိုက်ပွဲကြောင့်သာ မဟုတ်လျှင် ထိုအမျိုးသမီး၏ အာရုံစိုက်မှုကို ခံရလောက်မည်မဟုတ်ဟု တွေးလိုက်သည်။

ရွှီး...

အမျိုးသမီး၏ခန္ဓာကိုယ်သည် ရုတ်ခြည်းပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် ရီဖူရှင်းကို ဆူနာမီတစ်ခုကဲ့သို့ ရိုက်ခတ်သွားသည်။ ပန်းချီကားထဲမှ ထွက်လာသည်ဟု ထင်ရသော အမျိုးသမီး၏ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

ရီဖူရှင်း၏ခန္ဓာကိုယ်သည်လည်း ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ ထို့နောက် ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် အကန့်အသတ်မဲ့ကာ လွှမ်းမိုးအားကြီးသော လက်သီးရောင်ဝါအဖြစ် ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် သူတို့အကြားတွင် အလှမ်းကွာသော်လည်း ထိုတိုက်ခိုက်ဝိညာဉ်စွမ်းအားသည် ရီဖူရှင်းအ‌ပေါ်သို့ ထပ်မံကျဆင်းလာကာ တိုက်ခိုက်လိုက်သည်။

ယခင်ကကဲ့သို့ပင် ရီဖူရှင်း ‌ရွေးချယ်နိုင်သောအရာသည် ထိပ်တိုက်ရင်ဆိုင်ခြင်း သို့မဟုတ် ဗုဒ္ဓရောင်ဝါခြေလှမ်းကိုအသုံးပြု၍ ကျဆင်းလာသော ဝိညာဉ်စွမ်းအားကို ရှောင်ခြင်းသာဖြစ်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ရီဖူရှင်း၏ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး အလွန်‌ဝေးသောတစ်နေရာတွင် ပြန်ပေါ်လာလေသည်။ သူ၏အသက်ရှူနှုန်းသည် မတည်မငြိမ်ဖြစ်နေ၏။

ရီဖူရှင်းသည် အဝေးသို့ လှမ်းကြည့်သည်။ သူသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဗုဒ္ဓရောင်ဝါခြေလှမ်းအသုံးပြု၍ ရှောင်နိုင်၏။ သို့သော် ဒွန်ဟောင်တိယွမ်မှာမူ မည်သို့ ဖြစ်မည်နည်း။

ယခင်က သူမ ရရှိခဲ့သော ဒဏ်ရာသည် ထိုဝတ်စုံဖြူနှင့်အမျိုးသမီးနှင့် တိုက်ခိုက်ခဲ့သဖြင့် ရရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ထိုအချိန်တွင် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ရီဖူရှင်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်သဖြင့် ဒွန်ဟောင်တိယွမ်ဘက်သို့ ထပ်မံပျံဝဲသွားလိုက်သည်။ ယခုတွင် ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားတစ်ခုသည် ဒွန်ဟောင်တိယွမ်တစ်ကိုယ်လုံးကို လွှမ်းခြုံထားပေပြီ။

ရွှီး...

နောက်ထပ် ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အံ့အားသင့်ဖွယ်အရှိန်ဖြင့် ချဉ်းကပ်လာ၏။ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုသည် ဒွန်ဟောင်တိယွမ်အပေါ် တိုက်ရိုက် ကျဆင်းသွားသည်။ သို့သော် သူမသည် ဘေးသို့ အနည်းငယ် လှည့်လိုက်သဖြင့် ပွတ်ကာသီကာ လွတ်သွားသည်။ သူမသည် ထိုတိုက်ခိုက်မှုကို ရှောင်နိုင်လိုက်သော်လည်း ပြင်းထန်သော တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် သူမကို ရိုက်ခတ်သွားဆဲပင်။ သူမလုပ်နိုင်သည်မှာ လက်မြှောက်၍ သူမ၏ကိုယ်ပိုင် တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်ရန်သာဖြစ်သည်။

ဝုန်း...

ပြင်းထန်သော ထိတိုက်မှုကြီးတစ်ခု ဖြစ်ပေါ်သွားပြီး ဒွန်ဟောင်တိယွမ်၏ခန္ဓာကိုယ်သည် အနောက်သို့ လွင့်ပျံထွက်သွားသည်။ ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ အတင်းဝင်ရောက်သွားပြီး သူမ၏ကိုယ်တွင်းအင်္ဂါများကို တိုက်ခိုက်လိုက်သည်။ သူမ၏ပါးစပ်စွန်းမှ သွေးများစီးကျလာသည်။ သူမသည် ယခင်ကဒဏ်ရာပင် အပြည့်အဝ ပြန်မကောင်းသေးသည် မဟုတ်ပါလား။ သူမသည် ထိုကဲ့သို့ ဘေးကျပ်နံကျပ်အခြေအနေတွင်ပင် ထိုအား၏အဟုန်ကို အသုံးချ၍ လျှပ်စီးတန်းတစ်ခုအလား နောက်ဆုတ်သွားလိုက်သည်။

သူမ၏ လှုပ်ရှားမှုသည် အလွန်ရှုပ်ထွေးပြီး သူမ၏အရှိန်သည် လျင်မြန်ပေသည်။ သို့သော် သူမ ပို၍ လျင်မြန်လိုလျှင် မဟာလမ်းစဉ်အရှိန်အဝါကို ထုတ်လွှတ်ရန် လိုပေလိမ့်မည်။ သူမသည် ရီဖူရှင်းကဲ့သို့ မလုပ်နိုင်ပေ။ သူမသည် ရီဖူရှင်း ဗုဒ္ဓရောင်ဝါခြေလှမ်းဖြင့် ရှောင်ရှားသွားသလိုမျိုး မဟာလမ်းစဉ်အရှိန်အဝါ မထုတ်ဘဲ အာကာပြင်ထဲတွင် မလှုပ်ရှားနိုင်ပေ။

သို့သော် ရုတ်ခြည်းအတွင်းမှာပင် သူမသည် ပြိုင်ဘက်၏ နောက်လာမည့်လှုပ်ရှားမှုများကို ခန့်မှန်းနိုင်လာပုံပေါ်ပြီး တိုက်ခိုက်မှုများကို ပွတ်ကာသီကာ ရှောင်ရှားနေလေသည်။ သူမသာ ထိုသို့မရှောင်နိုင်လျှင် အခြေအနေသည် များစွာပို၍ ဆိုးသွားပေလိမ့်မည်။

ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ဒွန်ဟောင်တိယွမ်အနီးသို့ တစ္ဆေတစ်ကောင်အလား ချဉ်းကပ်လာပြီး သူမ၏သွယ်လျသော လက်များကို မြှောက်ကာ ဒွန်ဟောင်တိယွမ်ကို ထပ်မံ ရိုက်ချလိုက်သည်။ ဒွန်ဟောင်တိယွမ်က ထပ်မံရှောင်ရှားလိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် သူမ ပြိုင်ဘက်၏ တိုက်ခိုက်မှုစက်ကွင်းသည် နေရာတစ်ခုလုံးကို လွှမ်းခြုံထားနိုင်ပေသည်။ နတ်ဘုရား၏ မဟာလက်ဝါးပြင်သည် ဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အစောက ဒွန်ဟောင်တိယွမ် ပြောခဲ့သလိုပင် ထိုအသိစိတ်ကင်းမဲ့နေသော အမျိုးသမီးသည် အသိစိတ်ပြန်ရရန် အလွန်နီးစပ်လာပြီဖြစ်သည်။ သူမသည် လျင်မြန်သောနှုန်းဖြင့် သင်ယူနေလေသည်။

ဝုန်း...

နောက်ထပ် ကြောက်မက်ဖွယ် ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရ၏။ ဤတစ်ကြိမ်တွင် ဒွန်ဟောင်တိယွမ်သည် အရှေ့မှ တိုက်ခိုက်ခံလိုက်ရပြီး သူမ၏ခန္ဓာကိုယ်သည် အနောက်သို့ လွင့်သွားပြန်သည်။ သူမသည် သွေးအန်လိုက်ပြီး သူမ၏မျက်နှာသည်လည်း ဖြူဖပ်ဖြူရော်ဖြစ်လာသည်။ သူမသည် သူမအရှေ့ရှိ ဝတ်စုံဖြူနှင့်အမျိုးသမီးကို သူမ၏လှပသော မျက်လုံးများဖြင့် စိုက်ကြည့်သည်။ သူမ၏မျက်နှာပေါ်တွင် စိုးရွံ့မှု၊ ကြောက်ရွံ့မှု တစ်စိုးတစ်စိပင် မရှိဘဲ အေးစက်သောထီမထင်မှုတစ်ခုသာ ရှိနေလေသည်။

ဝေါင်း...

ကျယ်လောင်သော ဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် နဂါးဟိန်းသံဖြစ်ပြီး မြေပြင်ကိုပင် အက်ကွဲသွားစေလောက်အောင် ကျယ်လောင်ပေသည်။ မဟာလမ်းစဉ်ထွက်ပေါ်လာပြီး ဒွန်ဟောင်တိယွမ်ထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် အထက်သို့ ထိုးတက်သွားသည်။ ထိုအရှိန်အဝါသည် ထိန်းချုပ်ခံမထားရတော့ဘဲ အပြည့်အဝ ထုတ်လွှတ်ခံလိုက်ရပြီဖြစ်သည်။

နဂါးဘိုးဘေးနှင့် နတ်ဖီးနစ်တို့ ထွက်ပေါ်လာပြီး သူမ၏ဘေးဘယ်ညာကို ကာကွယ်လိုက်၏။ ဒွန်ဟောင်တိယွမ်၏ ကိုယ်တွင်းရှိ နဂါးဘိုးဘေး၏ ဝိညာဉ်သည် နိုးထလာသည့်ပုံပင်။ ဧရာမ တော်ဝင်နဂါးဘိုးဘေးပုံရိပ်သည် သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး အတုမဲ့ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါသည် ဒီမွန်းနတ်ဘုရားတစ်ပါး၏ အရှိန်အဝါပင်။

နဂါးဘိုးဘေးသည် နာဂါအိမ်တော်၏ အရှင်သခင်ဖြစ်ပြီး နဂါးကလန်၏ စွမ်းအားအကြီးဆုံး ဒီမွန်းနတ်ဘုရားဖြစ်ကာ ရှေးခေတ်တွင် စွမ်းအားကြီးဆုံး ဒီမွန်းအရှင်သခင်များထဲမှ တစ်ဦးဟု သတ်မှတ်ခံခဲ့ရပေသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူတစ်ဦးထံမှ ထွက်ပေါ်လာသော ထိုအရှိန်အဝါသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်နိုင်ပေသည်။ ထွက်ပေါ်လာသော ထိုဝိညာဉ်စွမ်းအားသည်လည်း နဂါးဘိုးဘေ၏ ဝိညာဉ်စွမ်းအားဖြစ်ပေသည်။

ထိုအခိုက်တွင် မွန်းကျပ်ဖွယ် ဖိအားတစ်ခုသည် အထက်ကောင်းကင်မှ ဆင်းသက်လာပြီး ဒွန်ဟောင်တိယွမ်ပေါ်သို့ ကျဆင်းသွားသည်။ သို့သော် ထိုနဂါးဘိုးဘေးသည် ဟိန်းကာ အလျှော့မပေးဘဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ထိုကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားနှင့် ယှဉ်ပြိုင်လိုက်လေသည်။

လောကအသေးတစ်ခွင်လုံးသည် လင်းလက်သွားသည်ဟု ထင်လိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော အတုမဲ့ ဝိညာဉ်စွမ်းအားသည် အောက်ဘက်ရှိ ဒွန်ဟောင်တိယွမ်ထံသို့ ဦးတည်သွားလိုက်သည်။ ထိုအရာသည် နတ်ဘုရားများ၏ ဝိညာဉ်စွမ်းအားဖြစ်သည်။ ဤလောကထဲတွင် အခြားမဟာလမ်းစဉ်များ၏ စွမ်းအားများကို ခွင့်မပြုပေ။

ရီဖူရှင်းသည် ထိုကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသောအခါ ကောင်းကင်ထက်သို့ မော့ကြည့်သည်။ ဒွန်ဟောင်တိယွမ်သည် သူမ၏စွမ်းအားကို ထုတ်လွှတ်ထားပြီဖြစ်ကြောင်း သူသိ၏။ သူမသည် ဝတ်စုံဖြူနှင့်အမျိုးသမီးနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ သူမ၏စွမ်းအားကို မထုတ်လျှင်လည်း လွတ်‌မြောက်နိုင်မည် မဟုတ်ချေ။ သူမ၏ ခွန်အားကိုသာ သုံး၍ တိုက်ခိုက်ခြင်းထက် အစွမ်းအကုန်လုံး ထုတ်၍ တိုက်ခိုက်ခြင်းက ပို၍ ကောင်းနိုင်ပေသည်။

တိုက်ပွဲပြင်တွင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။ လောကအသေး၏ ဝိညာဉ်စွမ်းအားလည်း ကျဆင်းလာပြီး နဂါးဘိုးဘေး၏ ဝိညာဉ်စွမ်းအားကို တိုက်ရိုက် ဖိနှိပ်နေသည်။ နဂါးဘိုးဘေးသည် ဤလောကကို အုပ်စိုးခဲ့သော မဟာအင်ပါယာလောက် စွမ်းအားမကြီးခြင်း မဟုတ်ပေ။ ဒွန်ဟောင်တိယွမ်သည် နဂါးဘိုးဘေး၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံသည်ဆိုရုံသာ ဆက်ခံနိုင်ခဲ့၍ဖြစ်သည်။ ဤလောက၏ မဟာအင်ပါယာမှာမူ အပြင်လူများကို ရင်ဆိုင်ရန် သူ၏ဝိညာဉ်စွမ်းအားကို တမင် ချန်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နဂါးဘိုးဘေးက အရေးနိမ့်နေခြင်းဖြစ်လေသည်။

ဝုန်း...

ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခုက ဖိနှိပ်လိုက်သောအခါ ဒွန်ဟောင်တိယွမ်သည် ဆက်၍ ကျဆင်းသွားသည်။ သူမသည် ရှုံးနိမ့်လုနီးပါး ဖြစ်နေလေသည်။ သို့တစေ သူမ၏မျက်လုံးများသည် သူမအရှေ့သို့သာ ကြည့်နေပြီး သူမအနောက်၌ ဧရာမနတ်ဖီးနစ်အတောင်ပံများ ပြန့်ကားထွက်ပေါ်လာလေသည်။ ကြောက်မက်ဖွယ် နတ်မီးတောက်များသည် ဟင်းလင်းပြင်တစ်လျှောက် စီးဆင်းသွားပြီး ဝတ်စုံဖြူနှင့် အမျိုးသမီးထံသို့ သတ်ဖြတ်ရန် ဦးတည်သွားသည်။

ဝတ်စုံဖြူနှင့် အမျိုးသမီးသည် ဒွန်ဟောင်တိယွမ်နှင့် မျက်နှာချင်းဆိုင်လိုက်၏။ သူမ၏ အသက်ကင်းမဲ့နေသော မျက်လုံးများထဲတွင် ဒွန်ဟောင်တိယွမ်၏ ပုံရိပ်သည် ဇောက်ထိုး ထင်နေလေသည်။ သူမသည် လက်တစ်ဘက်ကို ဖြည်းဖြည်းချင်းဆန့်တန်းလိုက်၏။ ရုတ်တရက် ကောင်းကင်နှင့် မြေကြီးအကြားရှိ တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် သူမ၏လက်ဝါးပြင်တွင် သွားရောက်စုဝေးသွားပြီး ကြောက်မက်ဖွယ် လှံရှည်တစ်စင်း ထွက်ပေါ်လာ၏။

သူမ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဒွန်ဟောင်တိယွမ်ထံသို့ ပျံဝင်သွားသည်။ လူဖြစ်စေ သို့မဟုတ် လှံဖြစ်စေ နှစ်မျိုးစလုံးသည် စစ်နတ်ဘုရား၏ ဝိညာဉ်စွမ်းအားမှ ပြောင်းလဲဖြစ်ပေါ်လာကာ တစ်သားတည်းပေါင်းစည်းသွားသည်ဟု ထင်ရသည်။

နဂါးနတ်ဘုရား၏ ထက်ရှသော ခြေသည်းများ ကုပ်ချလိုက်ပြီး စစ်နတ်ဘုရား၏ လှံနှင့် ထိတိုက်သွားသည်။ အာကာပြင်သည် ပြင်းထန်စွာ တုန်ခါသွား၏။ သို့သော် လှံသည် နဂါးနတ်ဘုရား၏ ထက်ရှသော ခြေသည်းများကို ထွင်းဖောက် ဖျက်ဆီးသွားသည်။ ရုတ်ခြည်းပင် ၎င်းသည် ဒွန်ဟောင်တိယွမ်နှင့် သူမ၏မဟာလမ်းစဉ်အကာအရံကို ထိမှန်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ အကာအရံသည် ကွဲအက်ပျက်စီးသွားသည်။ ဒွန်ဟောင်တိယွမ်၏ ခန္ဓာကိုယ်သည် အနောက်သို့ လွင့်သွားပြီး သူမအပေါ်သို့ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခု ကျဆင်းလာလေသည်။ သူမ၏ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်မှနေ၍ အလင်းတန်းတစ်ခုကဲ့သို့ အောက်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။ သူမသည် မြေပေါ်သို့ ကျသွား၏။

ဝုန်း...ဝုန်း...ဝုန်း...

ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားသည် မနားတမ်း ဆက်၍ ကျဆင်းနေပြီး ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။ ဒွန်ဟောင်တိယွမ်ကို ရစ်ပတ်ထားသော နဂါးပုံရိပ်သည်ပင် ပျက်စီးသွားတော့မလို ဖြစ်နေ၏။

အကယ်၍ ဤလောကအသေးလေးထဲတွင် ထိုဝိညာဉ်စွမ်းအားကိုသာ ဆက်၍ တိုက်ခိုက်ခွင့်ပြုလိုက်ပါက ဒွန်ဟောင်တိယွမ်သည် ဤနေရာတွင် သေချာပေါက် သေဆုံးသွားမည်ဖြစ်ပေသည်။

All Chapters