← Chapters

ရှင် လုပ်ရဲသလား

Vol. 191 Ch. 2731

ရှင် လုပ်ရဲသလား

Vol. 191 Ch. 2731

ရီဖူရှင်းသည် ထိုနေရာသို့ ပြန်သွားလိုက်ပြီး အခက်ကြုံနေသည့် ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။ ထို့နောက် သူတွေးလိုက်၏။

‘ဒီနေရာက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ။ ဒွန်ဟောင်တိယွမ်လို လူတစ်ယောက်တောင် သနားစရာ အခြေအနေကို ရောက်နေရတယ်။ ငါ့မှာသာ ဗုဒ္ဓရောင်ဝါခြေလှမ်းမရှိရင် ငါလည်း သူ့လိုပဲ အဆုံးသတ်သွားမှာပဲ’

သို့သော် ဒွန်ဟောင်တိယွမ်သာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရလျှင် အရှင်ဒွန်ဟောင်သည် သေချာပေါက် လာကယ်မည်ဖြစ်သည်။

“မင်းက မင်းရဲ့အရှိန်အဝါကို ဘယ်အချိန်လောက်ထိ ဆက်ထုတ်ဖို့ ကြံထားတာလဲ”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်အနားတွင် ရပ်ကာ ပြောလိုက်၏။ သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီး၏ မြင်ကွင်းကို ကွယ်ထားသဖြင့် သူမသည် သူ့ကို အာရုံစိုက်လိုက်သည်။

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို မြင်သောအခါ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားကို ရုတ်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် လောကအသေးအတွင်းရှိ လွှမ်းမိုးအားကြီးသော ဝိညာဉ်စွမ်းအားသည် အလုံးစုံ ပျောက်ကွယ်သွားသည်။

သူမသည် ဖြည်းဖြည်းချင်း ခေါင်းမော့၍ ရီဖူရှင်းကို ရှုပ်ထွေးသောအကြည့်တစ်ခုဖြင့် ကြည့်သည်။ သို့သော် သူမ ဘာတွေးနေသည်ကို သူမသိပေ။

ရုတ်တရက် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် တိုက်ခိုက်ဝိညာဉ်စွမ်းအားကိုသုံး၍ ကြောက်မက်ဖွယ် လှံတစ်ချောင်းကို ဖန်ဆင်းလိုက်သည်။ သူမသည် ထိုလှံဖြင့် ရီဖူရှင်းကို ချိန်လိုက်သည်။ ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သွေးများအေးစက်သွားသည်။ ထိုမသေမရှင်အမျိုးသမီးသည် ဤလောကအတွင်းသို့ ဝင်လာသည့် ကျင့်ကြံသူများ၏အပြုအမူများကို အတုခိုးနိုင်ပေသည်။

ဝှစ်...

ဝတ်စုံဖြူနှင့် အမျိုးသမီးသည် ပျောက်ကွယ်သွားပြီး ဝိညာဉ်ပုံရိပ်တစ်ခု ထွက်‌ပေါ်လာ၏။ ရုတ်ခြည်းပင် ရီဖူရှင်းသည် အားကောင်းကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ဝိညာဉ်စွမ်းအားတစ်ခု သူ့ထံသို့ ဦးတည်လာနေသည်ကို ခံစားလိုက်ရ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ထုတ်သုံးလိုက်ပြီး သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။ သူ့အပြင် ဒွန်ဟောင်တိယွမ်ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။

ခေတ္တကြာပြီးနောက်တွင် ဒွန်ဟောင်တိယွမ်သည် အဝေးမှ နေရာတစ်ခုကို မြင်လိုက်ရ၏။ သူမသည် ထိုနေရာသို့ ပစ်ချခံလိုက်ရ၏။ သူမသည် ပြင်ဆင်မထားသဖြင့် မြေပေါ်သို့ ကိုးရိုးကားရား ကျသွားသည်။ ရီဖူရှင်းသည် လောကအသေး၏ အခြားတစ်နေရာတွင် စွမ်းအားကြီး မဟာလမ်းစဉ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ့လက်ထဲတွင် နတ်ဘုရားအုပ်စိုးလက်နက်ကို ကိုင်ထားပြီး လျင်မြန်စွာ ချဉ်းကပ်လာနေသော လှံဝိညာဉ်စွမ်းအားထံသို့ ပစ်ပေါက်လိုက်သည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ရီဖူရှင်းသည် ထိတိုက်မှု အဟုန်ကြောင့် နောက်သို့ လွင့်ပျံသွားသည်။ ထိုစဉ်တွင် ကောင်းကင်ထက်၌ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် သူနှင့် ထိတိုက်သွားကာ သူ့ကို ပြုတ်ကျလာစေလေသည်။

သို့ပင်လျှင် သူသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနေပေသေးသည်။ မဟာလမ်းစဉ်အရှိန်အဝါ ပျောက်ကွယ်သွားသောအခါ သူ့ခန္ဓာကိုယ်သည် မြေပြင်နှင့် ထိဆောင့်သွားပြီး နက်ရှိုင်းသော တွင်းတစ်တွင်း ဖြစ်ပေါ်လာစေလေသည်။ သို့သော် စက္ကန့်ဝက်အတွင်းမှာပင် သူသည် ထိုနေရာမှ ပျောက်ကွယ်သွား၏။ သူ၏အရိပ်ကိုပင် မမြင်ရ‌တော့ချေ။

ရွှစ်...

ဝတ်စုံဖြူနှင့်အမျိုးသမီးသည် လေထဲတွင် ထွက်ပေါ်လာပြီး ကြီးမားသောတွင်းကြီးကို ငေးကြည့်လိုက်၏။ သို့သော် ရီဖူရှင်းကိုတော့ မတွေ့ရတော့ပေ။ သူမသည် သူ့ကို ခြေရာခံနိုင်သည်အထိ ဆက်၍ သင်ယူ၍ သူမကိုယ်သူမ တိုးတက်အောင် လုပ်ထားပေသည်။ သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းသည် အဝေးကြီးသို့ သွားနိုင်သော်လည်း သူမသည် သူ့နောက်သို့ လိုက်နိုင်ပေသေးသည်။ သူမသည် သင်လွယ်၊ တတ်လွယ်သူဟု ဆိုနိုင်၏။

အသက်ဝင်နေသော အလောင်းကောင်သည် အံ့အားသင့်လောက်အောင် လျင်မြန်စွာ တိုးတက်နေသည်။

ဒွန်ဟောင်တိယွမ် ရပ်နေသောနေရာတွင် ရီဖူရှင်း၏ပုံရိပ်ကို တွေ့လိုက်ရ၏။ ထိုအခိုက်တွင် သူသည် သူ့ခန္ဓာကိုယ်အတွင်းမှ တုန်ယင်မှုကို ခံစားလိုက်ရပြီး သူ့ပါးစပ်အစွန်းမှ သွေးများစီးကျလာလေသည်။

“သွားကြစို့...”

ရီဖူရှင်း ပြောလိုက်၏။ ထို့နောက် သူ့ကို အေးစက်စက် စိုက်ကြည့်နေသည့် ဒွန်ဟောင်တိယွမ်အနီးသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။

ရီဖူရှင်းသည် သူမ၏ ကျေးဇူးမသိတတ်သည့် ပုံစံကြောင့် အံ့အားသင့်သွားသည်။

သူသည် သူ့ကိုယ်သူ တည်ကြက်အဖြစ်ခံ၍ သူမကို အန္တရာယ်နှင့်ဝေးရာသို့ ပို့ပေးပြီးနောက်တွင် သူမက သူ့ကို စူပုတ်ပုတ်မျက်နှာထားဖြင့် ကြည့်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုအရာသည် မယုံနိုင်ဖွယ်ပင်။

“အသက်ဝင်နေတဲ့ အလောင်းကောင်က အသိစိတ် ရှိလာလောက်ပြီ။ သူက မကြာခင် ငါတို့ကို မီလာမှာပဲ။ မင်း အခုထွက်မသွားဘူးဆိုရင် ဒီနေရာမှာပဲ ပိတ်မိနေလိမ့်မယ်”

ရီဖူရှင်းသည် သူမကို ခြိမ်းခြောက်ရန်ရည်ရွယ်၍ မထုံတက်သေး ပြောလိုက်၏။ သူသည် ထိုသို့ပြောလိုက်ပြီးနောက် ရှေ့သို့လျှောက်သွားပြီး ဒွန်ဟောင်တိယွမ်ကို ချီ၍ ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

မျှော်လင့်ထားသကဲ့သို့ပင် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် သူတို့ထွက်သွားပြီး မကြာခင်တွင် ထိုနေရာသို့ ရောက်လာသည်။ သူမသည် သူမ၏လက်ထဲတွင် အလွန်ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေသည့် လှံကို ကိုင်ထားဆဲဖြစ်သည်။ ခေတ္တကြာပြီးနောက်တွင် သူမသည် သူမ၏အသက်ကင်းမဲ့နေသော မျက်လုံးများဖြင့် ဒွန်ဟောင်တိယွမ် ရှိနေခဲ့သောနေရာကို ကြည့်သည်။ သူမသည် မြင်နိုင်သကဲ့သို့ပင်။

ရီဖူရှင်းသည် ထိုနေရာမှ ထွက်သွားပြီဖြစ်ပြီး လောကအသေးအတွင်းရှိ တောင်ကုန်းတစ်ခုအနောက်ရှိ နေရာတစ်ခုသို့ ရောက်သွား၏။ ဒွန်ဟောင်တိယွမ်သည် ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏လက်သည် သူမ၏ခါးကိုဖက်ထားကြောင်း တွေ့လိုက်ရ၏။ ချက်ချင်းပင် သူမသည် သူ့ကို စိုက်ကြည့်လိုက်၏။

ရီဖူရှင်းကလည်း သူမကိုကြည့်နေကြောင်း သူမ အံ့အားသင့်စွာ တွေ့လိုက်ရ၏။ သူတို့ မျက်နှာချင်းထိသွားရန် ဆံခြည်မျှင်တစ်ခုစာလောက်သာ ကွာတော့လေသည်။

“ရှင်က ကျွန်မကို ဘယ်လောက်ကြာကြာ ဆက်ဖက်ထားဦးမှာလဲ”

ဒွန်ဟောင်တိယွမ်သည် ရေခဲတမျှအေးစက်သော လေသံဖြင့် မေးလိုက်သည်။

“အင်း... မင်းသမီးဒွန်ဟောင်ရဲ့ ခါးလေးက သွယ်တာပဲ”

ရီဖူရှင်းသည် ပြုံး၍ ပြောင်ချော်ချော် ပြန်ပြောလိုက်၏။ သူသည် သူမကို “တမင်” မလွှတ်ပေးသေးခြင်းဖြစ်သည်။ သူမသည် ကျေးဇူးမသိတတ်ရုံသာမက ထိုကဲ့သို့ အထင်သေးဟန်ဖြင့် ပြုမူနေပေသေးသည်။

ဝုန်း...

ဒွန်ဟောင်တိယွမ်ထံမှနေ၍ အကောင်အထည်မရှိသော အရှိန်အဝါတစ်ခု ထွက်လာလေသည်။ သူမသည် ဒေါသကို မထိန်းနိုင်တော့ပေ။

“ဘာလဲ... မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို စိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။

“မင်း ဒဏ်ရာတွေ ထပ်ရသွားရင် ပြန်ခုခံဖို့တောင် အားရှိမှာ မဟုတ်တော့ဘူး”

ဒွန်ဟောင်တိယွမ်သည် သူ့ကို အေးစက်စက်ကြည့်၍ ပြန်တုံ့ပြန်လိုက်၏။

“ရှင်က ကျွန်မကို ဘယ်လောက်အထိ အရူးလုပ်နေဦးမှာလဲ။ ကျွန်မ မလှုပ်မရှားနိုင်ဖြစ်နေတယ်ဆိုရင်တောင် ရှင် ကျွန်မကို ထိရဲမှာ မဟုတ်ဘူး”

သူမ၏စကားသည် စိတ်ကြီးဝင်နေသံ ပေါက်နေပေသေးသည်။ ရီဖူရှင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“ငါ မလုပ်ရဲဘူးလို့ ဘာကြောင့်ထင်ရတာလဲ”

သူသည် ထိုသို့ပြောလိုက်ပြီးနောက် ဒွန်ဟောင်တိယွမ်အနီးသို့ ပိုတိုးကပ်သွားလိုက်သည်။ သူမသည် နောက်သို့ မရို့သွားဘဲ သူ့ကို အရေးမစိုက်ဟန်ဖြင့် စိုက်ကြည့်နေလေသည်။

“ရှင်လုပ်ရဲရင် လုပ်ကြည့်လိုက်လေ”

ဒွန်ဟောင်တိယွမ်က ပြောလိုက်၏။

“အရှင့်သမီးဘက်က တက်ကြွနေမှတော့ ကျုပ် ဝမ်းမြောက်ဝမ်းသာ လုပ်ရသေးတာပေါ့”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်အနားသို့ ပိုကပ်သွားလိုက်ပြီး သူမကို ဖက်လိုက်လေသည်။ ဒွန်ဟောင်တိယွမ်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက်တွင် သူမကိုယ်တွင်းမှ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ နဂါးတစ်ကောင်၏ ဟိန်းသံတစ်သံကို ကြားလိုက်ရ၏။

တစ်ပြိုင်တည်းပင် ရီဖူရှင်းမှာလည်း သူမ၏စွမ်းအားနှင့် ယှဉ်နိုင်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူသည် သူမကို တောင်နံရံတွင် ကပ်လိုက်ပြီး သူ၏ခေါင်းကို သူမ၏မျက်နှာအနီးသို့ ကပ်သွားလိုက်ပြီး သူမကို စိုက်ကြည့်သည်။

“ရှင် လုပ်ရဲသလား”

ဒွန်ဟောင်တိယွမ်က အသံစူးစူးဖြင့် ပြောလိုက်၏။

“နောက်ကျရင် ဒီနေ့မှာ ငါက မင်းကို စော်ကားခဲ့တယ်လို့ မင်းက အရှင်ဒွန်ဟောင်ကို တိုင်မှာလား”

ရီဖူရှင်းသည် ခပ်ရွဲ့ရွဲ့ ပြောလိုက်၏။ ထို့နောက် ချက်ချင်းပင် သူသည် သူ၏ခေါင်းကို ဒွန်ဟောင်တိယွမ်အနားသို့ တိုးကပ်သွားလိုက်၏။ ဒွန်ဟောင်တိယွမ်သည် မျက်နှာလွှဲသွားသည်။ ထို့နောက် သူသည် သူမ၏နားအနီးတွင် သူ၏နှုတ်ခမ်းများကို ထားလိုက်ပြီး တီးတိုးပြောလိုက်၏။

“မင်းရဲ့ အကျင့်စရိုက်က ငါ့ကို စိတ်မပါဖြစ်စေတယ်”

ရီဖူရှင်းသည် ထိုသို့ပြောလိုက်ပြီးနောက် သူမကို လွှတ်ပေးလိုက်ပြီး အေးစက်စက်ကြည့်လိုက်လေသည်။

သူမသည် အခြားသူများကို အမြဲ မတူမတန်သလို ဆက်ဆံခဲ့သည့် မိန်းမပျိုတစ်ဦးဖြစ်သည်။ သူမသည် နတ်ဆိုးအင်ပါယာနန်းတော်တုန်းကလိုပင် တစ်ပုံစံတည်း ရှိနေဆဲပင်ဖြစ်သည်။

ထို့ကြောင့် ရီဖူရှင်းသည် သူ မကြောက်ဟု သူမကို ပြလိုက်ခြင်းသာဖြစ်သည်။ သူ အမှန်တကယ် မလုပ်ခဲ့ခြင်းမှာ သူမလုပ်ချင်၍သာဖြစ်သည်။

ထိုအရာသည် သူမကို အရှက်ရစေပေသည်။ ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်း၏လက်မှ လွတ်သွားပြီဖြစ်သော်လည်း ရီဖူရှင်းထံမှ အကြည့်မခွာသေးပေ။ သူမသည် သူ့ကို ရှုပ်ထွေးသောအကြည့်တစ်ခုဖြင့် ကြည့်နေသည်။ သူမသည် အရှင်ဒွန်ဟောင်၏ သမီးတော်ဖြစ်သဖြင့် အမြဲ အခြားသူများ၏ လေးစားအားကျခြင်းကိုသာ ခံခဲ့ရသည်။ မည်သူမှ သူမကို သိက္ခာမချဝံ့ကြပေ။

သို့သော် ဤတစ်ကြိမ်တွင် သူမသည် ရီဖူရှင်းအပေါ်တွင် မည်သည့် အမုန်းတရားမှ ရှိမနေချေ။ ထိုအစား သူမ၏လှပ‌သောမျက်ဝန်းလေးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုကို မြင်နေရသည်။ ရီဖူရှင်းသည် သူမကိုကြည့်လိုက်သောအခါ တစ်စုံတစ်ခု ထူးဆန်းနေကြောင်း ခံစားလိုက်ရ၏။ သူမ မည်သို့ခံစားနေရသည်ကို သူနားမလည်နိုင်ပေ။

သူတို့ နတ်ဆိုးအင်ပါယာနန်းတော်တွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့စဉ်ကလည်း သူ အောက်မေ့ခြင်းတေးသွားကို တီးခတ်လိုက်သောအခါ ဒွန်ဟောင်တိယွမ်၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုများကို တွေ့ခဲ့ရသည်။ သူသည် ထို့ကြောင့် ဟာကွက်ကို တွေ့သွားခြင်းဖြစ်သည်။ သူမကဲ့သို့ ဆွေကြီးမျိုးကြီးမှ မွေးဖွားလာသော မင်းသမီးတစ်ပါးသည် မည်ကဲ့သို့ ခံစားချက်မျိုးကို ဖုံးကွယ်ထားသနည်း။

အားလုံးသည် သူမက ငွေဇွန်းကိုက်ကာ မွေးဖွားလာသူဟု တွေးကြသည်။ သူမ လက်ရှိပုံစံ ဖြစ်လာရခြင်းမှာ သူမ၏ မိသားစုနောက်ခံနှင့် မွေးရာပါ ပါရမီများကြောင့် ဖြစ်သည်ဟု မှတ်ယူနိုင်ပေသည်။

All Chapters