ယာယီ ပူးပေါင်းခြင်း
Vol. 191 Ch. 2732
ရီဖူရှင်းသည် အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။
“နေဦး...”
သူ့နောက်မှ အသံတစ်သံကို ကြားလိုက်ရ၏။ ထို့ကြောင့် သူသည် ခြေလှမ်းရပ်လိုက်သည်။ သို့သော် နောက်သို့တော့ လှည့်မကြည့်လိုက်ပေ။ ထို့နောက် သူသည် သူမကို ကျောခိုင်းရင်းပင် မေးလိုက်သည်။
“ဘာကိစ္စပါလဲ အရှင့်သမီး...”
“အခု ကျွန်မတို့က ဒီလောကအသေးထဲမှာ ပိတ်မိနေတာပဲ။ ကျွန်မတို့သာ ဒီနေရာက ထွက်သွားနိုင်မယ့် နည်းလမ်းကို မရှာဘူးဆိုရင် ကျွန်မတို့ ဒီကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အခု အသက်ဝင်နေတဲ့ အလောင်းကောင်က အသိစိတ်ရှိလာပြီ။ အဲဒါကြောင့် သူက ပိုပြီး သန်မာလာတော့မှာပဲ”
ဒွန်ဟောင်တိယွမ် ရှင်းပြလိုက်သည်။
ရီဖူရှင်းသည် နောက်လှည့်၍ ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။ သူမသည် ပြန်၍ တည်ငြိမ်လာပေပြီ။ သူ့ကို စိုက်ကြည့်နေသော သူမ၏မျက်လုံးများသည် တည်ငြိမ်နေသည်။ အစောက သူမ၏ စိတ်ကြီးဝင်နေသည့်ပုံစံပင် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
“ဒီတော့...”
ရီဖူရှင်း မေးလိုက်သည်။ ဒွန်ဟောင်တိယွမ်၏ စကားများသည် သူ့အတွက် သံသယဖြစ်စရာ ကောင်းနေသည်။
“ယာယီ ပူးပေါင်းကြတာပေါ့”
ဒွန်ဟောင်တိယွမ် ပြောလိုက်၏။
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်၏စကားကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။ သူမသည် သူနှင့်ပူးပေါင်းရန် ကမ်းလှမ်းနေသည်ကို သူမယုံနိုင်ဖြစ်နေသည်။
ဘဝင်ခိုက်နေသော မင်းသမီးဒွန်ဟောင်သည် အမြဲသူ့ကို အထင်သေး၊ အမြင်သေး ဆက်ဆံခဲ့ပေသည်။ သူမသည် သူ့ကို မတန်မရာ ဆက်ခံခဲ့သည်။ သူ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီး နောက်တွင်ပင် ဒွန်ဟောင်တိယွမ်သည် သူ့ရှေ့တွင် ဝင့်ဝါစွာ ပြုမူခဲ့သည်။
သို့သော် သူမကဲ့သို့သော သူတစ်ယောက်သည် သူနှင့် ပူးပေါင်းရန် ကမ်းလှမ်းနေသည်လော။
သူသည် အစောက မာနခဲဒွန်ဟောင်တိယွမ်ကို တစ်နည်းနည်းဖြင့် စွဲဆောင်နိုင်ခဲ့ခြင်းလော။
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ကြည့်ကာ နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်နေလေသည်။ သူ့ခေါင်းထဲတွင်လည်း အတွေးများ ပြည့်နေသည်။ မည်သူမှ မဆန့်ကျင်ရဲသည့် အဆင့်အတန်းမြင့်မြင့် မွေးဖွားလာ မင်းသမီးထံတွင် ထူးဆန်းသော စွဲလမ်းစိတ်တစ်ခု ရှိနေခြင်းလော။
မဟုတ်လျှင် လက်ရှိအခြေအနေကို ရှင်းပြနိုင်ရန် ပိုကောင်းသည့် အကြောင်း မရှိတော့ပေ။
သို့တည်းမဟုတ် သူမသည် သူမထက် စွမ်းအားကြီးသူကို အသိအမှတ်ပြုခြင်းပေလော။
ရီဖူရှင်းသည် ထိုသို့တွေးမိသောအခါ မျက်နှာပေါ်တွင် ရှုပ်ထွေးသောအရိပ်အယောင်တစ်ခု ပေါ်လာ၏။
ဒွန်ဟောင်တိယွမ်သည်လည်း သူ၏မျက်နှာထားကို သတိပြုမိသည်။ သူမသည် နားမလည်ဖြစ်သွားသော်လည်း သူ မည်သည့်အကြောင်းကို တွေးနေသည်ကိုမူ မသိပေ။ သူမသာ ရီဖူရှင်းတွေးနေသည့်အရာများကို သိသွားလျှင် မဟာလမ်းစဉ်အရှိန်အဝါကိုထုတ်၍ သူမအစွမ်းရှိသလောက် ရီဖူရှင်းနှင့် တိုက်ခိုက်မည်ဖြစ်သည်။
“အဲဒီဝတ်စုံဖြူနဲ့အမျိုးသမီးက ဒီလောကရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိမ့်မယ်လို့ ကျွန်မ ရှင့်ကို ပြောဖူးတယ်မလား။ အခု သူက အဲဒီလိုတွေ စုပ်ယူပြီးလို့ ပိုပြီး သန်မာလာပြီ။ ပြီးတော့ သူရဲ့ အိပ်ချိန်က ပိုတိုလာပြီ။ ကျွန်မတို့မှာ အချိန်သိပ်မကျန်တော့ဘူး”
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းစိတ်ထဲတွင် ရှိနေသည့် အတွေးများကို ဂရုမစိုက်ဘဲ ပြောလိုက်၏။ သူမသည် ထိုဝတ်စုံဖြူနှင့်အမျိုးသမီးနှင့် ရင်ဆိုင်ရန်သာ အာရုံစိုက်လိုပေသည်။
သူမတို့သည် ရန်သူမဟုတ်တော့သကဲ့သို့ပင်။ လေထဲတွင်လည်း ယခင်ကကဲ့သို့ တင်းမားမှုများ မရှိတော့ပေ။
“မင်းဆီမှာ ငါတို့ ဒီကနေထွက်သွားနိုင်မယ့် နည်းလမ်းရှိလား”
ရီဖူရှင်း မေးခွန်းထုတ်လိုက်သည်။
“ရှိတယ်... ကျွန်မတို့ အဲဒီနည်းလမ်းကို ကြိုးစားကြည့်လို့ရတယ်”
ဒွန်ဟောင်တိယွမ် ပြန်ဖြေလိုက်၏။
“ငါတို့ ဘာလုပ်ရမှာလဲ”
ရီဖူရှင်းသည် ဤလောကသို့ သူ့ထက်အရင် စောရောက်ခဲ့သော ဒွန်ဟောင်တိယွမ်ကို မေးလိုက်သည်။ သူမသည် အသက်ဝင်နေသော အလောင်းကောင် အိပ်သည်၊ နိုးသည်များကို မြင်ခဲ့ဖူးသဖြင့် ဝတ်စုံဖြူနှင့်အမျိုးသမီးအကြောင်းနှင့် ဤလောကအသေးအကြောင်းကို ပိုသိလိမ့်မည်ဟု သူယူဆသည်။
“သူ အိပ်တဲ့နေရာမှာ စွမ်းအားကြီး နတ်အဆင့်ဝင်္ကပါရှိတယ်။ အဲဒီနတ်ဝင်္ကပါကြောင့် သူက ဒီလောကသေးထဲက မကုန်ခမ်းနိုင်တဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်တာပဲ။ သူ အိပ်တဲ့အချိန်တိုင်း ဒီလောကအသေးထဲက ဝိညာဉ်စွမ်းအားကို စုပ်ယူတယ်။ ရှင် သူ့နေရာကို ဝင်ယူလိုက်ရင် အကူအညီရနိုင်လောက်တယ်”
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကိုကြည့်၍ ပြန်ဖြေလိုက်သည်။
“ငါလား... မင်းက ငါ့ကို သူ့နေရာကို ယူစေချင်တာပေါ့လေ”
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်သည်။
“ဟုတ်တယ်...”
ဒွန်ဟောင်တိယွမ်က ခေါင်းညိတ်လျှက် ဆက်ပြောလိုက်၏။
“သူ အိပ်တဲ့အချိန်ကျရင် ဝင်္ကပါ အသက်ဝင်လာလိမ့်မယ်။ အဲဒီအချိန် ကျွန်မ သူ့ကိုသွားနှောင့်ယှက်ပြီး အဝေးကို မျှားခေါ်သွားမယ်။ ပြီးရင် ရှင်က အဲဒီနတ်ဝင်္ကပါထဲကိုဝင်ပြီး ဒီလောကအသေးရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်”
ရီဖူရှင်းသည် ထိုစကားကို ကြားလိုက်သောအခါ သံသယဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး ဒွန်ဟောင်တိယွမ်ကို သံသယအကြည့်ဖြင့် ကြည့်သည်။
“ဘာလို့ မင်းသမီးဒွန်ဟောင်က ဒီလို အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ရတာလဲ။ ဘာလို့ ငါ့ကို သူ့ကို မျှားထုတ်သွားခိုင်းပြီး မင်းကိုယ်တိုင် ဝင်္ကပါထဲဝင်ပြီး ဒီလောကရဲ့ ဝိညာဉ်စွမ်းအားကို မစုပ်ယူရတာလဲ”
ရီဖူရှင်း မေးလိုက်သည်။
ဤလောကအသေးသည် ရှေးဟောင်းမဟာအင်ပါယာတစ်ပါး ချန်ထားခဲ့သောအရာဖြစ်သည်။ ထို့အပြင် နတ်ဝင်္ကပါသည် ဝတ်စုံဖြူနှင့်အမျိုးသမီး ဤလောကမှ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်အောင် လုပ်ပေးသောအရာဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူမသည် သူ့ကို အသက်ဝင်နေသော အလောင်းကောင်၏ နေရာကို ဝင်ယူခိုင်းသနည်း။
အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင် သူသည် ထိုနေရာတွင် သူ၏အသက်ကို ဆုံးရှုံးရနိုင်ပေသည်။ အကယ်၍ ဤလောက၏ဝိညာဉ်စွမ်းအားထဲတွင် အသိစိတ်အနည်းငယ် ကျန်နေသေးလျှင် သူသည် ဆိုးဆိုးရွားရွား သေဆုံးသွားမည်ဖြစ်သည်။
“ရှင်က ရှေးဟောင်းမဟာအင်ပါယာတွေရဲ့ ဝိညာဉ်စွမ်းအားတွေ အများကြီးကို အမွေဆက်ခံ နိုင်ခဲ့တာပဲ။ ဒီတော့ ရှင်က အဲဒီအပိုင်းမှာ ပါရမီထူးတယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒီလောကအသေးရဲ့ အဓိကအစိတ်အပိုင်းက မဟာအင်ပါယာတစ်ပါး ချန်ထားခဲ့တဲ့ ဝိညာဉ်စွမ်းအားပဲ။ ပြီးတော့ နတ်ဝင်္ကပါက ဒီလောကအသေးရဲ့ ပင်မနေရာပဲ။ ရှင် ထပ်လုပ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်”
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို ငေးကြည့်ကာ ပြောလိုက်၏။ သူမသည် သူ့ကို အထင်ကြီးနေသည့်ပုံပင်။
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို မယုံသင်္ကာဟန်ကြည့်လိုက်ပြီး ခနဲ့စကားဆိုလိုက်သည်။
“ဘယ်တုန်းကစပြီး မင်းသမီးဒွန်ဟောင်က ကျုပ်ကို အထင်ကြီးသွားတာလဲ”
“ရှင်လည်း ဝတ်စုံဖြူနဲ့အမျိုးသမီးရဲ့ စွမ်းအားကို သိတယ်။ မဟာလမ်းစဉ်အရှိန်အဝါကို ထုတ်လွှတ်ပြီး သူ့ကို မျှားခေါ်ရတာကလည်း အရမ်းအန္တရာယ်များတဲ့ကိစ္စပဲ။ ရှင်တစ်ယောက်တည်း အသက်ကိုရင်းနေရတာ မဟုတ်ပါဘူး။ ပြီးတော့ ရှင်သာ အောင်မြင်သွားရင် ရှင်က အကျိုးအမြတ် ရဦးမှာပဲ”
ဒွန်ဟောင်တိယွမ်က ထပ်ဖြည်းပြောလိုက်၏။
“ရှင် နောက်ထပ် မဟာအင်ပါယာတစ်ပါးရဲ့ ဝိညာဉ်စွမ်းအားကို တကယ်ပဲ အမွေဆက်ခံနိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲ။ ပြီးတော့ ဒီလောကအသေးရဲ့ ဝိညာဉ်စွမ်းအားက အတော်လေး ပြီးပြည့်စုံပြီး စွမ်းအားကြီးတယ်။ ကဲ... ဒီတော့ ရှင် လုပ်မှာလား၊ မလုပ်ဘူးလား”
“မင်းသမီးဒွန်ဟောင်က ဒီလောက် စကားများလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး”
ရီဖူရှင်း မှတ်ချက်ပြုလိုက်သည်။ ထိုအရာသည် ပုံမှန်မဟုတ်ပေ။
“အင်း... ကောင်းပြီလေ... အဲဒီလိုဆိုလည်း ဒီလောကအသေးထဲမှာ ဆက်ပြီး လျှောက်ပတ်သွားနေဦးပေါ့”
ဒွန်ဟောင်တိယွမ် ပြန်ပြောလိုက်၏။ ထို့နောက် သူမသည် မျက်လုံးများ မှိတ်ကာ ဆက်၍ ကျင့်ကြံလိုက်လေသည်။
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ကြည့်ကာ ပြန်ပြောလိုက်၏။
“ငါ မင်းနဲ့ ပူးပေါင်းဖို့ သဘောတူပါတယ်”
ပို၍ကောင်းသော အခြားနည်းလမ်းလည်း မရှိသဖြင့် သူ့တွင် ရွေးချယ်စရာပေ။ ဒွန်ဟောင်တိယွမ်သည် ဤလောကအသေးထဲမှ ထွက်နိုင်ရန် အရှင်ဒွန်ဟောင်ကို မှီခိုနိုင်သည်။ သူ့အတွက်မူ ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ရန်သူလက်မှ ရှောင်ရှားနိုင်သော်လည်း ထိုနည်းလမ်းသည် မည်သည့်အချိန်အထိ အလုပ်ဖြစ်မည်ကို သူမသိပေ။
အကယ်၍ အရှင်ဒွန်ဟောင်ရောက်လာပြီး ဒွန်ဟောင်တိယွမ်ကို ဤလောကအတွင်းမှ လုံလုံခြုံခြုံ ခေါ်ထုတ်သွားပြီး သူ့ကို ချန်ထားခဲ့လျှင် မည်သို့လုပ်မည်နည်း။ ထို့နောက်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမှ မပြောနိုင်ပေ။
ထို့အပြင် အစောက ဒွန်ဟောင်တိယွမ် ပြောသောစကားများသည် အဓိပ္ပာယ်ရှိပေသည်။ ထိုနည်းလမ်းသည် အန္တရာယ်များသော်လည်း သူသာ အောင်မြင်သွားလျှင် အကျိုးအမြတ်များစွာ ရနိုင်လေသည်။ သူသည် အမွေအနှစ်မုဆိုးဟူသော ဂုဏ်နာမအတိုင်း တစ်ကြိမ်ထပ်၍ စွမ်းဆောင်ပြရန် ဝန်မလေးပေ။
ထိုအခိုက်တွင် ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်က တစ်ချိန်လုံး ဟန်ဆောင်နေခြင်းလောဟု တွေးမိနေသည်။
“မင်းက ဒဏ်ရာအများကြီး ရထားတယ်။ ဒီအခြေအနေမှာ မင်းတိုက်ခိုက်မယ်ဆိုရင် စွန့်စားရကြလိမ့်မယ်။ ဒီတော့ ငါမင်းကို အရင်ကုသပေးမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ”
ရီဖူရှင်းသည် သူမထံသို့ လျှောက်သွားရင်း ပြောလိုက်၏။
“ရှင်က မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားကို မထုတ်လွှတ်ဘဲ ကျွန်မကို ဘယ်လိုကုသပေးဖို့ ကြံနေတာလဲ”
ဒွန်ဟောင်တိယွမ်က မေးလိုက်၏။
ရီဖူရှင်းသည် ပြုံး၍ ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။ သူမသည် သူ၏မျက်နှာထားကို မြင်သောအခါ သဘောပေါက်သွားသည်။ ထို့ကြောင့် သူမ ချက်ချင်း ငြင်းလိုက်သည်။
“မလိုပါဘူး... ကျွန်မဘာသာ ကျွန်မ ကုသနိုင်တယ်”
“ကောင်းပြီလေ...”
ရီဖူရှင်းသည် ထိုသို့ပြောလိုက်ပြီးနောက် ခပ်ဆိတ်ဆိတ်သာ နေလိုက်လေသည်။ ထို့နောက် သူသည် ငြိမ်သက်အေးချမ်းသော နေရာတစ်နေရာကို ရှာ၍ ထိုင်လိုက်ပြီး ဒွန်ဟောင်တိယွမ် သူမဘာသာ ဒဏ်ရာကုသနေသည်ကို စောင့်ရင်း အနားယူနေလိုက်သည်။
ဒွန်ဟောင်တိယွမ်ထံတွင် စွမ်းအားကြီးသော အသက်မဟာလမ်းစဉ်စွမ်းအား မရှိသော်လည်း သူမသည် နဂါးဘိုးဘေးနှင့် နတ်ဖီးနစ်တို့၏ အမွေအနှစ်များကို ဆက်ခံရရှိခဲ့သူဖြစ်သည်။ ထို့ကြောင့် သူမ၏ ခံနိုင်ရည်နှင့် ဒဏ်ရာပျောက်နှုန်းသည် အလွန်ကောင်းပေသည်။ ရီဖူရှင်းသည် သူမကို မနှောင့်ယှက်ဘဲ တိတ်တဆိတ် ထိုင်ကာ ထိုနေရာ၏ ရှုခင်းကို ကြည့်ရှုခံစားနေလိုက်သည်။
ခေတ္တမျှကြာပြီးနောက်တွင် ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို လှမ်းကြည့်လိုက်၏။ သူမသည် မဟာလမ်းစဉ်အရှိန်အဝါကို ထုတ်လွှတ်မနေသော်လည်း သူမတစ်ကိုယ်လုံးကို နတ်အလင်းလွှာတစ်ခုက လွှမ်းခြုံထား၏။ ထို့ကြောင့် သူမကို ပို၍ပင် လှပတင့်တယ်နေစေလေသည်။ သူမ၏ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးပေါ်သို့ ရောင်ပြန်ဟပ်နေသော အလင်းသည် သူမ၏အလှကို ပို၍ကဲနေစေသည်။
“ဟင်...”
ရီဖူရှင်းသည် သူမထံမှ အကြည့်လွှဲလိုက်ပြီး ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ သူသည် တစ်နေရာရှိ ကျောစိမ့်ဖွယ် ဝိညာဉ်စွမ်းအားကို တွေ့လိုက်သည်။ တစ်ချိန်တည်းမှာပင် လေထုတစ်ခုလုံးတွင် အားကောင်းသော ဖိအား ပြည့်နှက်သွားသည်။
“အဲဒါ စနေပြီ”
ရီဖူရှင်း ရေရွတ်လိုက်သည်။ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ထပ်မံ၍ အိပ်မောကျသွားပြီဟု သုံးသပ်လိုက်သည်။
ထိုအချိန်တွင် ဒွန်ဟောင်တိယွမ်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်၏။
“သွားကြစို့...”