သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၄)
Vol. 53 Ch. 740
ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်းနှင့် လီမျိုးနွယ်စုတို့၏ အဖိုးထိုက်ရတနာများမှ အစိတ်အပိုင်းများမှာ ညစ်ထေးသွား၍ မြေပေါ် ပြုတ်ကျလာလေသည်။ သို့သော် ပဉ္စမတောင်ထိပ်ခေါင်းဆောင်ကြီး၏ ရဲစွမ်းသတ္တိရှိသော အပြုအမူကြောင့် မည်သူမှ သတိမထားမိလိုက်ပေ။ မန်ဟိုပင်လျှင် သတိမထားမိ။ ထူးခြားသော ရောင်ခြည်စက်ဝန်းတစ်ခုက ယီးကျန့်ဂိုဏ်း အဖိုးထိုက်ရတနာ၏ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာသည်။
ကြည့်ရသရွေ့ရောင်ခြည်စက်ဝန်းသည် ထိုနေရာတွင် အမြဲရှိနေခဲ့သော်လည်း ချုပ်နှောင်ဖိနှိပ်ခံခဲ့ရပုံပေါ်သည်။ ယခုတွင် ပစ္စည်းမှာ ညစ်ထေးသွားသည့်အတွက် အချုပ်အနှောင်များ အတန်ငယ် အားပျော့သွားရာ ရောင်ခြည်စက်ဝန်းကို ပထမဆုံးအကြိမ် ထင်ရှားမြင်သာလာစေလေပြီ။
ဤဓားသည် ပင်မရတနာမဟုတ်ဘဲ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်လည်း ကောက်ရိုးပုံအပေါ် ကျသွားသည့် မီးပွားတစ်ပွားအလားပင်။ ထိုမီးပွားသည် သေးငယ်သော်လည်း ငြိမ်းသတ်၍ရမည်မဟုတ်ပေ။ ထိုမျှသာမက ၎င်းက လောလောဆယ်တွင် သွေးမိစ္ဆာဂိုဏ်းချုပ်၏ကိုယ်ပွားနှင့် အသည်းအသန် တိုက်ခိုက်နေသော ဝတ်ရုံနက်အဘိုးကြီး၏လက်ထဲရှိ ပင်မရတနာအပေါ်ပင် သက်ရောက်လိုက်လေသည်။
"ဘာဖြစ်နေတာလဲ" သူက မုဒြာလက်ကွက်တစ်ကွက် ဖော်နေရင်းတန်းလန်း အော်လိုက်သည်။ သူ့ဘေးတွင် ယီးကျန့်ဂိုဏ်း၏ အမွေအနှစ်အဖိုးထိုက်ရတနာအစစ်၊ ဝါးဓားရှိလေသည်။ ယခင်က ၎င်းသည် ပြိုင်ဘက်ကင်းအောင် ချွန်မြခဲ့ပြီး အံ့ဖွယ်ဖိအားကို ထုတ်လွှတ်နိုင်၏။ သွေးမိစ္ဆာဂိုဏ်းချုပ်ပင်လျှင် ၎င်း၏အစွမ်းကို သတိထားခဲ့ရသည်။
သို့ရာတွင် ယခုတော့ ဓားမှ ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေလေပြီ။ အမှန်တွင် ၎င်းသည် ... အချိန်စွမ်းအား အရှိန်အဝါ ဖြစ်ဟန်တူ၏။
အရှိန်အဝါ ပေါ်လာသောအခါ ဝါးဓားမှာ ပို၍ပင် အံဖွယ်ကောင်းလာရာ ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးအား ဝမ်းသာလုံးဆို့သွားစေတော့သည်။
သွေးမိစ္ဆာဂိုဏ်းချုပ်က မျက်မှောင်ကြုတ်သွားသည်။ သူအနေဖြင့် ကိုယ်ပွားများအကြား စွမ်းအားကို ဖြန့်ကျက်ထားနိုင်သလို၊ တစ်ကိုယ်တည်းအပေါ်လည်း စုစည်းထားနိုင်၏။ ကိုယ်ပွားလေးတစ်ကိုယ်က ချင်းလော်ဂိုဏ်းမှာတုန်းက တာအိုခြောက်ပါးခေါင်းဆောင်ကြီးကို လုပ်ခဲ့သည့်အတိုင်း မည်သည့်တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုမဆို အလွယ်တကူ နှိမ်နင်းနိုင်သည်။
သို့သော် ယခုတွင် သူ့မှာ အမွေအနှစ်အဖိုးထိုက်ရတနာများ ကိုင်စွဲထားကြသော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်သုံးဦးကို ရင်ဆိုင်နေရသည်မဟုတ်ပါလော။ ကိုယ်ပွားအရေအတွက်ကို တိုးမြှင့်ခြင်းဖြင့်သာလျှင် ထိုရန်သူအရေအတွက်ကို ရင်ဆိုင်နိုင်လိမ့်မည်။
ထို့အပြင် သွေးမိစ္ဆာဂိုဏ်းချုပ်သည် တစ်နေရာရာမှ တစ်ယောက်ယောက် သူ့ကို မမှိန်မသုန် ကြည့်နေသလို ခံစားနေရလေသည်။
"ငါ့ဝိညာဥ်ကို သွေးကန်ထဲကနေ ထွက်ခွင့်ပြုမရတာ ဆိုးလွန်းတာပဲ.... " သွေးမိစ္ဆာဂိုဏ်းချုပ်က သက်ပြင်းခိုးချရင်း တွေးလိုက်သည်။ သို့သော် သူ၏မျက်နှာအပေါ်တွင် ကြောက်ရွံ့မှုအလျှဉ်းမရှိပေ။ မည်မျှပင် ကသောင်းကနင်း ဖြစ်စေကာမူ ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်ချက်အပြည့်အဝရှိ၏။
ထိုယုံကြည်ချက်က သူ၏နှလုံးသားထဲတွင် အမြဲကိန်းအောင်းနေခဲ့ပြီး အခြေအနေမည်မျှဆိုးရွားပါစေ နည်းနည်းလေးမျှ လျော့ကျမသွားခဲ့ပေ။
လေလယ်ရှိ တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေ၏။ သွေးမိစ္ဆာဂိုဏ်းက ကိုယ်ပွားများဖြင့် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်သုံးဦးနှင့် တာအိုခြောက်ပါးခေါင်းဆောင်ကြီးကို တိုက်ခိုက်နေသည်။ တာအိုခြောက်ပါးသည် သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် တိုက်ခိုက်နိုင်သော အတိုင်းအတာရောက်အောင် သူ၏ကျင့်ကြံခြင်းအခြေခံကို ယာယီကုစားထား၏။
သွေးမိစ္ဆာဂိုဏ်းချုပ်အပေါ် သူ၏မုန်းတီးမှုမှာ အစိုင်အခဲကြီးမားလာသော ဥပါဒါန်ဖြစ်လာခဲ့လေပြီ။
ဂျိန်း
မြေပြင်ပေါ်ရှိ တိုက်ပွဲလည်း ပြောင်းလဲနေသည်။
အလွှာ (၅) ပြိုကျပြီး ပဉ္စမတောင်ထိပ်ခေါင်းဆောင်ကြီး ကြွေလွင့်ကာ အဖိုးထိုက်ရတနာသုံးမျိုး ညစ်ထေးသွားပြီဖြစ်၍ သိန်းချီသောကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်လျက် ကျန်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သွေးမိစ္ဆာဂိုဏ်းသားများက သွေးဆာနေသော သွေးဓားများသဖွယ် အလွှာ (၄) ၏အနောက်တွင် စောင့်နေကြ၏။
"အတားအဆီးကို ချိုးဖျက်ကြ" ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူက အေးစက်မှုတို့ မျက်လုံးများတွင် လင်းလက်နေလျက် ဟိန်းဟောက်လိုက်သည်။ သူသည် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးတို့အပြင် မရေမတွက်နိုင်သော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များ ခြံရံထားသော ခေါင်းဆောင်နေရာတွင်ဖြစ်သည်။
"သေကြစမ်း" သိန်းချီသော ကျင့်ကြံသူများသည် စွမ်းအားတို့ ထုတ်ဖော်ရင်း ချီတက်လာကြလေပြီ။ သူတို့အား သွေးမိစ္ဆာဂိုဏ်းကို လွှမ်းမိုး၍ ဖျက်စီးပစ်ရန် အသင်ဖြစ်နေသော ရေလှိုင်းကြီးများသဖွယ် ဖြစ်လာသည်။
အလွှာ (၄) ၏အထဲတွင် မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ရှေ့လျှောက်သွားသည်။ ဤတစ်ခေါက်တွင်တော့ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးနှင့်အတူ သွေးမိစ္ဆာဂိုဏ်းသားတစ်သောင်းကျော်က အသတ်အဖြတ်စိတ်ဆန္ဒတို့ ထုတ်လွှတ်၍ လိုက်ပါလာကြ၏။
သူတို့၏မျက်လုံးများမှာ တိကျပြတ်သားမှု၊ စိတ်ဓာတ်ခိုင်မာမှုတို့ဖြင့် ပြည့်နှက်နေရာ မတိုက်ခိုက်အောင် မတားနိုင်ကြောင်း မန်ဟို သိလေသည်။
"ဒီလိုဆိုမှတော့ မသေမချင်း တိုက်ခိုက်ကြစို့" သူက ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများမှာ နီရဲနေတော့သည်။ အချိန်ဓားထိပ်များက အံ့မခန်းဖွယ်ရာ အချိန်စွမ်းအားကို ထုတ်လွှတ်နေသော ပဒုမ္မာကြာပုံသဏ္ဌာန်ပြောင်းရင်း သူ့ကို လှည့်ပတ်နေကြ၏။ လေထုပင်လျှင် အချိန်စွမ်းအား၏ သက်ရောက်ခြင်းခံနေရသယောင်ပင်။
တစ်ချိန်တည်းမှာပင် မှိန်ဖျော့ဖျော့ သွေးအလင်းရောင်အား မန်ဟို့ပတ်ပတ်လည်တွင် မြင်လာရသည်။ ၎င်းသည် စစချင်းချင်း သရဲပုံရိပ်နှင့်တူသော်လည်း ရှေ့သို့ရွေ့လျားလာသောအခါ သွေးကိုယ်ပွားတစ်ခုဖြစ်ကြောင်း ထင်ရှားလာ၏။
ကျီမျိုးနွယ်သွေးကိုယ်ပွား
"တိုက်ကြ" မန်ဟို့ညာလက်က မုဒြာလက်ကွက်တစ်ကွက်အား ဖျတ်ခနဲ ဖော်လိုက်ပြီး အချိန်ဓားဝင်္ကပါသည် ရှေ့သို့ ရွေ့လျားသွား၏။ သွေးကိုယ်ပွား၏မျက်လုံးများက တဖျပ်ဖျပ် လက်သွားပြီး သွေးအလင်းတန်းက မကောင်းဆိုးဝါးစိတ်ဆန္ဒနှင့်အတူ လေထဲ ထိုးတက်သွားတော့သည်။ ထို့နောက် ၎င်းသည် ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်အပေါ် ခုန်အုပ်လိုက်သော အနီတန်းကြီးတစ်တန်း ဖြစ်လာ၏။
၎င်း ခုန်အုပ်လိုက်တိုင်း ၎င်း၏သားကောင်မှာ တုန်ရီသွားပြီး သနားစဖွယ် အော်လိုက်ရလေသည်။ ထိုသားကောင်၏သွေးများ တစ်စက်မကျန် ခမ်းခြောက်သွားရန် တခဏသာ ကြာလိုက်လိမ့်မည်။ ခြောက်ကပ်သွားသောအခွံကြီးဖြစ်သွားလျှင် သွေးကိုယ်ပွားသည် အစာဝသွားသည့်အလား ပျံသန်းသွားမည်။ ထို့နောက် နောက်ထပ်သားကောင်ဆီသို့ အငမ်းမရ ပြေးဝင်သွားလိမ့်မည်။
တဖြည်းဖြည်း သွေးကိုယ်ပွားအတွင်း၌ အသိစိတ်အနည်းငယ် နိုးထလာနေသယောင်။ ထိုအကြောင်းကြောင့် မန်ဟိုမှာ ၎င်းကို တိုက်ပွဲတွင် အသုံးပြုရန် တွန့်ဆုတ်နေခဲ့ခြင်းဖြစ်သည်။
ယခင်အခြေအနေများတုန်းက သူသည် သွေးကိုယ်ပွား၏ ကလန်ကဆန်လုပ်မှုကို ကြုံ့တွေ့ခဲ့ရဖူး၍ ၎င်း သွေးများစုပ်လေလေ၊ ထိန်းချုပ်ရခက်လေလေ ဖြစ်ကြောင်း သေချာသိခဲ့သည်။ အမှန်တွင် တိုက်ရိုက်ပုန်ကန်နိုင်ခြေပင် ရှိ၏။
သို့သော် ယခုလောလောဆယ် ဤစစ်ပွဲတွင် မန်ဟို့အတွက် အနာဂတ်ကို စဉ်းစားနေရန် အချိန်မရှိပေ။ သို့ဖြစ်၍ သွေးကိုယ်ပွား ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၎င်းဖြန့်ကျက်နေသော သွေးအလင်းက ကောင်းကင်ထိတိုင် ထိုးတက်နေသည်။ သွေးကိုယ်ပွားအား မသေနိုင်သောအရာအဖြစ် သတ်မှတ်နိုင်ပြီး ပုံပန်းသွင်ပြင်ကလည်း ထူးခြားဆန်းပြားလေသည်။ ၎င်းသည် ရန်သူအမြောက်အမြား မသတ်သော်လည်း ၎င်း၏ပုံစံက စစ်မြေပြင်ပေါ်ရှိ လူအတော်များများကို နိုးနိုးကြားကြားဖြစ်သွားစေပြီး စိတ်ရှုပ်ထွေးသွားစေ၏။
"အဲဒါ ဘာကြီးလဲ"
"အဲဒီသွေးရောင်ကြီး မင်းကို မထိစေနဲ့ ။ မကောင်းဆိုးဝါးကြီးထင်တယ်"
"သွေးမိစ္ဆာဂိုဏ်းက မိစ္ဆာမှော်ပညာကို ကျင့်ကြံတာ။ ဒီလို ယုတ်ညံ့တဲ့ မှော်ကျင့်စဉ်တွေနဲ့တင် သွေးမိစ္ဆာဂိုဏ်း သုတ်သင်ခံရဖို့ ထိုက်တန်နေပြီ"
သွေးပျက်မတတ် အော်သံများ၊ ဒေါသတကြီး ကြိမ်းဝါးသံများနှင့် ပေါက်ကွဲသံများသည် စစ်မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေသော အသံလှိုင်းများအဖြစ် ပေါင်းစည်းသွား၏။
ကျွတ်ကျွတ်ညံနေသော အသံကြီး၏အလယ်တွင် သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးနှင့် သွေးမိစ္ဆာဂိုဏ်းသားတစ်သောင်းက ရန်သူတပ်ဖွဲ့ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
မန်ဟိုကမူ ယီးကျန့်ဂိုဏ်း တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူ၊ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်၊ လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးအပြင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များစွာကို တစ်ယောက်တည်း ချုပ်ထားသည်။ သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့်(၃) ရွှေရောင်ဝဲကြီးများက အရပ်လေးမျက်နှာတွင် တဝီးဝီး လည်နေကြသည်။ သူသည် မှော်သိုင်းမျိုးစုံသုံးခြင်းဖြင့် ဤအစွမ်းထက်ကျင့်ကြံသူများ မဖောက်ထွက်နိုင်အောင် ဟန့်တားထား၏။
ဤတာဝန်မှာ မန်ဟို့အတွက် အားသွန်ခိုက်စိုက် ကြိုးစားနေရသော အလုပ်တစ်ခုဖြစ်သည်။ အထူးသဖြင့် အေးစက်စက် နှာမှုတ်၍ နိယာမတစ်ခု ထုတ်လွှတ်လိုက်သော ယီးကျန့်ဂိုဏ်းမှ အဘိုးကြီးကြောင့်ပင်။ ထို့နောက် သူက ရှေ့တက်လာပြီး သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးအနား ကပ်ကာ သေစေနိုင်သောတိုက်ကွက်တစ်ကွက် ပစ်လွှတ်လိုက်သည်။
မန်ဟို၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားသည်။
"ပေါက်ကွဲစမ်း" သူသည် ပဒုမ္မာဓားဝင်္ကပါရှိ အချိန်ဓားထိပ်တစ်ခုကို ပေါက်ကွဲစေလိုက်၏။ အချိန်စွမ်းအားက လေမုန်တိုင်းကြီးသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များအနေဖြင့် ထိုကဲ့သို့အချိန်မုန်တိုင်းကို လျစ်လျူရှုထားနိုင်သော်လည်း တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ကျင့်ကြံသူမှာတော့ ထိုသို့မလုပ်နိုင်ပေ။ အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး မတတ်သာဘဲ ရပ်၍ နောက်ဆုတ်လိုက်ရလေသည်။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတို့" သူက အော်သည်။ "အမိန့်အသစ်နာခံ။ သူ့ကို အခုချက်ချင်း ချုပ်ကြ"
ယီးကျန့်ဂိုဏ်း၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများက ချက်ချင်း ရှေ့တက်သွားကြသည်။ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်နှင့် လီမျိုးနွယ်စုခေါင်းဆောင်ကြီးငါးလည်း ထိုနည်းတူ အမိန့်များ ထုတ်ပြန်လိုက်ကြ၏။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများကား နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများကို ထုတ်လွှတ်ရင်း မန်ဟို့ဆီ ပြေးဝင်သွားရန် တခဏသာ ကြာလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်၏မျက်လုံးများ လင်းခနဲ လက်သွားပြီး ၎င်းက မန်ဟို့ကို ဖြတ်သွားရန် ကြိုးစားလိုက်သည်။ လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးလည်း ထိုနည်းတူပင်။
ဤအခိုက်တွင် မန်ဟို၏မျက်လုံးများ သွေးအေးသွား၏။
"ပေါက်ကွဲစမ်း ပေါက်ကွဲစမ်း ပေါက်ကွဲစမ်းးးး"
အချိန်ဓားထိပ်သုံးခုကား တစ်ဆက်တည်း ပေါက်ကွဲသွားသည်။ အချိန်မုန်တိုင်းကြီးက အဘက်ဘက်သို့ တိုက်ခတ်လိုက်သဖြင့် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးမှာ မဖြစ်မနေ ရပ်လိုက်ကြရသည်။
မန်ဟိုမှာ ဤစစ်ပွဲတွင် မည်သည့်အရာကိုမှ ချွေတာမနေပေ။ သူသည် ရှေ့တက်လာပြီး လက်ကို ဝှေ့ယမ်းလိုက်စဉ် ရက်စက်ကြမ်းကြုတ်သော အမူအရာက သူ၏မျက်နှာတွင် ကြီးစိုးနေ၏။
"ပေါက်ကွဲစမ်း" ကျန်ရှိသော အချိန်ဓားထိပ်များအနက် ငါးခုပေါက်ကွဲသွားရာ တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ဧရာမအချိန်မုန်တိုင်းကြီးက အရပ်လေးမျက်နှာသို့ ရိုက်ခတ်သောင်းကျန်းနေရာ စစ်မြေပြင်တစ်ခုလုံးအား တဝုန်းဝုန်း တုန်ခါလာစေတော့သည်။
မချိတင်ကဲ အော်သံများနှင့်အတူ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များ၏ ခန္ဓာကိုယ်များ အိုမင်းလာကြသည်။ အတော်များများမှာ သက်တမ်းကုန်သွား၍ သေကုန်ကြပြီး အချို့က အမြန်ဆုံး နောက်ဆုတ်လိုက်ကြသည်။ မန်ဟိုသည် အစိမ်းရောင်အခိုးအငွေ့အသွင်ဖြင့် ပျောက်ကွယ်သွားပြီး သူတို့အထဲမှ တစ်ယောက်၏အနောက်တွင် ပြန်ပေါ်လာ၏။ သူ၏ညာလက်က တဟုန်ထိုး ထွက်သွားပြီး ဂျွတ်ခနဲ လည်ချိုးပစ်လိုက်သည်။ ထို့နောက် ရိပ်ခနဲ ပျောက်သွားပြီး လက်သီးထိုးချလိုက်သည်။ နောက်ရန်သူတစ်ယောက် သေသွားပြန်လေပြီ။
မန်ဟို့အရိပ်မှာ ဟိုဟိုသည်သည် ကူးသန်းနေပြီး အသက်ရှိုက်စာအနည်းငယ်လေးအတွင်း သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ခုနစ်ယောက်အား သတ်ခဲ့ပြီးပြီဖြစ်၏။
ဤအချိန်တွင် အချိန်မုန်တိုင်းမှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့လေပြီ။ ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ပညာရှင်၊ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးတို့အားလုံး သူတို့၏အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်များကို စုပေါင်းရင်း ကမ္ဘာတုန်ဟည်းတိုက်ကွက်ကြီးအား မန်ဟို့ကို လွှမ်းမိုးစေလိုက်သည်။
ဘန်း
မန်ဟို၏ခန္ဓာကိုယ်သည် တစစီ စုတ်ပြတ်သွားပြီး ပြန်လည်ဖြစ်ပေါ်လာ၏။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး ဤအတိုင်းသာ သူ၏ခန္ဓာကိုယ် ဆက်လက်စုတ်ပြတ်နေလျှင် သိပ်မကြာခင် ... သူ အမှန်တကယ် သေဆုံးတော့မည်ဖြစ်ကြောင်း အာရုံရနေတော့သည်။
ယခုတွင် စစ်မြေပြင်အပေါ်ရှိ သွေးမိစ္ဆာဂိုဏ်းသားများစွာမှာ ခန္ဓာကိုယ်နှင့်တကွ အနုသုခုမရုပ်ခန္ဓာများပါ သေဆုံးခြင်းသို့ ရောက်ရှိသွားခဲ့ကြလေပြီ။ အများစုက မသေခင် ခန္ဓာဖောက်ပစ်ရန် ရွေးချယ်သွားသဖြင့် သွေးများက အနီရောင်ပန်းပွင့်များသဖွယ် စစ်မြေပြင်တစ်လျှောက် လွင့်စဉ်ပြန့်ကြဲနေတော့၏။
ပြသသွားကြသော ရဲစွမ်းသတ္တိကား ခံ့ညားထည်ဝါသည်။ အကာအကွယ်၏ အလွှာ (၄) နောက်ရှိ သွေးမိစ္ဆာဂိုဏ်းသားများမှာ မျက်လုံးများ နီမြန်းနေကြသည်။ မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးနှင့်အတူ ဂိုဏ်းသားထောင်ချီ ပျံထွက်လာကြသည်။ သို့သော် ရန်သူအရေအတွက်မှာ များပြားလွန်းရာ သူတို့အကောင်းဆုံးလုပ်နိုင်သည်မှာ ရန်သူများကို အနည်းငယ် ကြန့်ကြာသွားစေရုံသာ ဖြစ်သည်။ ထို့နောက် သိပ်ကြာကြာ ခံနိုင်မည်မဟုတ်ပေ။
မန်ဟိုပင်လျှင် ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်းနှင့် လီမျိုးနွယ်စုတို့၏ အဆက်မပြတ် ပြင်းပြင်းထန်ထန် ထိုးနှက်ချက်များကြောင့် တဖြေးဖြေး ဆုတ်ဆုတ်လာရ၏။
နဝမတောင်လည်း ပြိကွဲသွားခဲ့ပြီ။
ပုလဲဖြူပုလဲနက်ကိုလည်း အသုံးပြုနိုင်ခြင်း မရှိတော့။
အချိန်ဓားဝင်္ကပါတစ်ခုလုံးလည်း ပေါက်ကွဲသွားခဲ့ရသည်။
သူ၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းရတနာ၊ ရှင်သန်ခြင်းနှင်းပန်း၏ လက်တံများ ပြတ်တောက်သွားပြီး ၎င်းမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပြီ။
သူ့တစ်ကိုယ်လုံးမှာလည်း အဆုံးစွန်အထိ အားနည်းနေ၏။
သူသည် သွေးမိစ္ဆာမဟာမှော်သိုင်းကို ထပ်တလဲလဲ အသုံးပြုနေသော်လည်း ယခုတွင် မှော်အလင်းရောင်စုံပေါ်လာတိုင်း ပတ်ဝန်းကျင်ရှိ လူများက အသင့်ပြင်၍ အလျင်အမြန် ရှောင်နေကြလေသည်။
ယီးကျန့်ဂိုဏ်း၏ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူ၊ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးတို့အတွက်မူ သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၃) သည် သူတို့ကို လှုပ်မရအောင် ချုပ်ထားနိုင်လောက်သည်အထိ မခိုင်မာပေ။
"ဂိုဏ်းချုပ်ပြောခဲ့တာအရဆိုရင် သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့် (၄) က တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကို သတ်ပေးနိုင်တယ်" သူက တွေးသည်။ "အဆင့် (၄) ၊ အဆင့် (၄) .... ငါ အဆင့် (၄) ရောက်ဖို့ လိုတယ်" သူသည် မျက်ထောင့်နီကြီးဖြင့် သွေးမိစ္ဆာမဟာမှော်သိုင်းကို ထပ်မံအသုံးပြုရင်းနောက်ဆုတ်လိုက်ပြီး အပြင်အားကိုယ်၏ ပျက်စီးခြင်းနှင့် ကုစားခြင်းကို ကြုံတွေ့လိုက်ရပြန်သည်။
"ငါ ဝဲကို ပိုမြန်မြန်လည်အောင် လုပ်ဖို့ လိုတယ်။ မြန်သင့်သလောက် မြန်ရင် အဆင့် (၄) ကို ရောက်လိမ့်မယ်။ အဆင့် (၄) မရောက်ဘဲ တစ်မနေလောက်ပါဘူး။ ငါ့မှာ စိတ်ဝိညာဉ်အကြောအလွှာ ရှိပြီးသားဆိုတော့ ရွှေရောင်ဝဲကို ... ပိုမြန်မြန် လည်အောင် လုပ်ဖို့ပဲ လိုတယ်။ သည့်ထက်အများကြီး မြန်သွားအောင်" သူသည် သွေးမိစ္ဆာမဟာမှော်သိုင်းကို ထုတ်လွှတ်၍ အဆင့် (၄) သို့ တွန်းပို့လိုက်သဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများ ထွက်လာလေသည်။ တစ်ချိန်တည်းမှာပင် ယီးကျန့်ဂိုဏ်း တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင် ၊ ကျင်းဟန်ဂိုဏ်း ရုပ်သေးရုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးတို့ကား သူဆီသို့ ရန်လိုစွာ ချီတက်လာနေကြပြီဖြစ်သည်....
ရုတ်တရက် မန်ဟို စိတ်ရှင်းသွားပြီး သူ့ပတ်ပတ်လည်ရှိ အရာအားလုံး နှေးကွေးသွားသယောင် ထင်ရသည်။ သူက လက်မြှောက်၍ အရှေ့သို့ လက်ညှိုးထိုးလိုက်သည်။
ရွှေရောင်ဝဲတစ်ခုသည် ရုတ်တရက် တခြားဝဲများထက် ဆယ်ဆပိုကြီးသွားသယောင်ပင်။ ၎င်းက ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ပညာရှင်နှင့် ပတ်ဝန်းကျင်ရှိ အခြားကျင့်ကြံသူအနည်းငယ်၏ အပေါ်တည့်တည့်တွင် ပေါ်လာသည်။
အဆိုပါရွှေရောင်ဝဲကြီးက ရုတ်တရက် ထိန်းမနိုင်သိမ်းမရသော ဆွဲအားကြီးဖြင့် ပြန့်ကားလာလေပြီ။ ယီးကျန့်ဂိုဏ်းပညာရှင်မှအပ ဝဲအတွင်းရှိ ကျင့်ကြံသူအားလုံးမှာ ကျင့်ကြံခြင်းအခြေခံများနှင့် ချီသွေးနှစ်မျိုးလုံး လျင်မြန်စွာ စုပ်ယူခံလိုက်ရပြီး တမုဟုတ်ချင်း အသေကောင်ဘဝ ရောက်ကုန်တော့သည်။
ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ပညာရှင်က အရေးမစိုက်သလို နှာမှုတ်၍ ဝဲကို ဖျက်စီးရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်လုံးအစုံ ပြူးကျယ်သွားသည်။ ဤဝဲမှာ ယခင်ဝဲများနှင့် မတူကြောင်း သူ သတိထားမိလိုက်လေသည်။
ပြင်းထန်သော ဆွဲအားက သူ၏ကျင့်ကြံခြင်းအခြေခံ၏ သုံးပုံတစ်ပုံကို စုပ်ယူခဲ့ပြီးလေပြီ။
အရေးအကြီးဆုံးကား .... သူ့ကိုယ်သူ လွတ်အောင် ရုန်းမရခြင်းပင်။ သူ့မှာ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခံထားရ၏။
"မဖြစ်နိုင်ဘူး" သူက အသံဩဩကြီးဖြင့် ပြောလိုက်သည်။
ဆွဲအားမှ အရာဝတ္ထုများကို ဆွဲငင်နေသော အမြန်နှုန်းသည် သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၃) ထက် များစွာ သာလွန်၏။ မန်ဟိုမှာ နောက်ဆုတ်နေသော်လည်း ယခုတွင် တုံ့ခနဲ ရပ်ပြီး ဝဲအတွင်း၌ ပိတ်မိနေသော တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင်ကို မော့ကြည့်လိုက်သည်။ သတ်ဖြတ်လိုစိတ်တို့ သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွား၏။
"သွေးမိစ္ဆာမဟာမှော်သိုင်း အဆင့် (၄)"
သူ၏အဆင့်မြှင့်ခြင်းကား အောင်မြင်သွားလေပြီ။
***