← Chapters

ရှုံးနိမ့်သွားပြီလော

Vol. 192 Ch. 2735

ရှုံးနိမ့်သွားပြီလော

Vol. 192 Ch. 2735

ရီဖူရှင်းနှင့် ကျိဝူတောက်တို့သည် ဆက်မလှုပ်ရှားတော့ပေ။ ဒွန်ဟောင်တိယွမ်သည်လည်း သူမနေရာတွင်သာ ရပ်နေလေသည်။ မည်သည့်ဝိညာဉ်စွမ်းအားမှလည်း သူတို့ကို ဆက်၍ မတိုက်ခိုက်တော့ချေ။

သူတို့သည် ခေါင်းမော့၍ ဤ‌လောကအသေးကို ကြည့်လိုက်ကြသည်။ အဆုံးမဲ့ဝိညာဉ်စွမ်းအားသည် ဝတ်စုံဖြူနှင့်အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်နေလေသည်။ ဤလောကအသေးသည် အပြင်းအထန် တုန်ခါနေပြီး မြည်းဟိန်း၊ ပေါက်ကွဲသံများကိုလည်း ကြားနေရသည်။ လောကအသေးသည် စတင် ပြိုပျက်လာပေပြီ။

လောကအသေးပတ်ပတ်လည်ရှိ ကျောက်နံရံများပေါ်တွင် မရေမတွက်နိုင်အောင်များပြားသော အက်ကြောင်းများ ထွက်ပေါ်လာ၏။ ထိုအက်ကြောင်းများအတွင်းမှ အလင်းများ ထွက်လာပြီး အက်ကြောင်းများကို အဆက်မပြတ် ကြီးထားလာစေလေသည်။

ဝုန်း...

လောကအသေးသည် စတင် ပျက်စီးလာပြီး ကျောက်တုံး၊ ကျောက်စများ ကွဲအက်ကာ အပြင်းအထန် ဖျက်ဆီးခံနေရသည်။

လောကအသေး ပြိုကျပျက်စီးနေသောအခါ ရီဖူရှင်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်များသည်လည်း တုန်ယင်နေကြသည်။ အရာအားလုံးသည် ခြွင်းချက်မရှိ အလုံးစုံ ပျောက်စီးသွားတော့မလိုပင်။

သို့သော် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် မလှုပ်မယှက် ဆက်ရှိနေဆဲဖြစ်ပြီး နတ်ဝင်္ကါအလယ်တွင် တိတ်တဆိတ် ရှိနေလေသည်။ သူမသည် နတ်ဘုရားများ၏ နတ်ရောင်‌အောက်တွင် ရှိနေပြီး အနှိုင်းမဲ့ ကြော့ရှင်းထည်ဝါနေသည်။

“ရှုံးသွားပြီ...”

ဒွန်ဟောင်တိယွမ်က ပြောလိုက်၏။ ရီဖူရှင်းသည် ထိုအမျိုးသမီးအစား နတ်ဘုရားများ၏ ဝိညာဉ်စွမ်းအားကို မရယူနိုင်ခဲ့ပေ။ သူမသည် ရီဖူရှင်းက ကျိဝူတောက်၏ နှောင့်ယှက်မှုကို ခံခဲ့ရသည်ကို မသိပေ။ အကယ်၍ ကျိဝူတောက် မပေါ်လာလျှင် ရီဖူရှင်း အောင်မြင်ခဲ့မည်လော။

သို့သော် သူတို့ ရှုံးနိမ့်သွားသော်လည်း ဤလောကသည် ပျက်စီးနေပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူတို့သည် ဤလောကအတွင်းမှ ထွက်နိုင်လောက်ပေပြီ။ သို့ရာတွင် ထိုဝတ်စုံဖြူနှင့်အမျိုးသမီးသည် မည်သို့လုပ်မည်နည်း။ သူမသည် သူတို့ကို ဆက်၍ တိုက်ခိုက်မည်လော။

လောကအသေးသည် ဆက်၍ ပြိုကျပျက်စီးနေ၏။ ရီဖူရှင်းသည် ဝတ်စုံဖြူနှင့်အမျိုးသမီးကို ငေးကြည့်နေသည်။ ထိုအခိုက်တွင် သူမည်သည့်အရာကို တွေးနေကြောင်း မည်သူမှ မသိပေ။

ထိုအချိန်တွင် နတ်ဘုရားများ၏ ကန့်သတ်နယ်မြေ အပြင်ဘက်မှ ကျင့်ကြံသူများသည် ချောက်တစ်ဘက်ရှိ တောင်ကုန်းများသည် ပြိုကျ ပျက်စီးနေသည်ကို မြင်လိုက်ကြရသည်။ ချောက်အောက်ဘက်တွင် ပြင်းထန်သော မြေငလျင်တစ်ခု ဖြစ်ပွားနေသည်။ သူတို့ရှိနေသော နေရာသည်လည်း အပြင်းအထန် တုန်ခါနေ၏။ သူတို့၏မျက်နှာထားများသည် အံ့အားသင့်သော မျက်နှာထားများ ဖြစ်နေသည်။

“ဘာတွေ ဖြစ်နေတာလဲ”

မေးခွန်းမေးလိုက်သော အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို ခန့်မှန်းကြည့်နေကြသည်။

“အဲဒါက နတ်ဘုရားတွေရဲ့ ကန့်သတ်နယ်မြေအတွင်းက စဖြစ်လာတာပဲ”

တစ်စုံတစ်ယောက် ပြောလိုက်၏။

“တစ်ယောက်ယောက် အောင်မြင်သွားတာများလား...”

အားလုံး၏ စိတ်ထဲတွင် အတွေးအမျိုးမျိုး ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် ချောက်အောက်ဘက်ကို ကြည့်နေကြလေသည်. ကောင်းကင်ဒေသ၏ မင်းသမီး ဒွန်ဟောင်တိယွမ်သည် အတွင်းသို့ ဝင်သွားခဲ့သည်။ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင် ရီဖူရှင်းမှာလည်း ဝင်သွားခဲ့သည်။ သူတို့သည် ဤလောကထဲရှိ အထူးချွန်ဆုံး ပါရမီရှင်များဖြစ်သည်။ သူတို့အတွက် ကန့်သတ်နယ်မြေ၏ လျှို့ဝှက်ချက်များကိုဖော်၍ နတ်ဘုရားများ၏ အမွေအနှစ်ကို ရနိုင်မည့်အခွင့်အရေးတစ်ခု အမှန်ပင် ရှိပုံပင်။

သူတို့ ခန့်မှန်းနေစဉ်တွင် ထိုနေရာသည် ပေါက်ကွဲ ပျက်စီးသွားသည်။ ထို့နောက်တွင် သူတို့သည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားကြသော လူများကို မြင်လိုက်ရ၏။ သူတို့အားလုံးသည် ထိုသူများ မည်သူမည်ဝါဖြစ်ကြောင်း မြင်လိုက်သောအခါ မျက်လုံးများ စူးရှသွားကြသည်။ သူတို့အားလုံးသည် စွမ်းအားကြီးသော အတုမဲ့မဟာလမ်းစဉ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေကြသည်။

“ဒွန်ဟောင်တိယွမ်”

“ရီဖူရှင်း”

“ကျိဝူတောက်ရောပဲ... သူက ဘယ်တုန်းက ကန့်သတ်နယ်မြေထဲကို ဝင်သွားတာလဲ”

တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံ၏ ဆက်ခံသူ ကျိဝူတောက်ကို ကြည့်၍ မှတ်ချက်ပြုလိုက်သည်။ သူသည်လည်း ပြိုင်ဘက်ကင်းတစ်ဦးပင်ဖြစ်ပြီး လောကထပ်ပိုင်းတွင် အုပ်စိုးသော ပါရမီရှင်တစ်ဦးဖြစ်သည်။

သူသည်လည်း ထိုနေရာတွင် ရှိနေသည်။ သူမည်သည့်အချိန်က အထဲသို့ ဝင်သွားကြောင်းကို အပြင်မှ ကျင့်ကြံသူများ မသိလိုက်ပေ။

“ဒါက...”

အားလုံးသည် အခြားတစ်ဘက်သို့ ကြည့်လိုက်ကြသည်။ ထိပ်တန်းပါရမီရှင်သုံးယောက်နှင့် မျက်နှာချင်းဆိုင်တွင် ဝတ်စုံဖြူနှင့်အမျိုးသမီးတစ်ဦး ရပ်နေလေသည်။ သူမသည် ပန်းချီကားအတွင်းမှ ထွက်လာသော နတ်မိမယ်တစ်ပါးနှင့် တူ၏။ သူမသည် ဤလောကမှ မဟုတ်ပေ။ သူမ၏ ဟန်ပန်အမူအယာသည် မည်သူ့အောက်မှမကျပေ။

“သူက ဘယ်သူလဲ”

ကျင့်ကြံသူအားလုံးသည် ရင်ခုန်မြန်သွားပြီး သူမ၏ကိုယ်ပေါ်မှ အရှိန်အဝါသည် စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း အာရုံခံမိသည်။ ဒွန်ဟောင်တိယွမ်နှင့် အခြားနှစ်ဦးသည် သူမကို အလွန်သတိကြီးစွာ စိုက်ကြည့်နေကြသည်။ ထို ထိပ်တန်းအဆင့် ပါရမီရှင်သုံးဦးသည် ဝတ်စုံဖြူနှင့်အမျိုးသမီးကို သတိထားနေကြသည်။

သူမသည် ရှေးခေတ်မှသူတစ်ဦးပေလော။ ကန့်သတ်နယ်မြေအတွင်းမှ ရှေးဟောင်းနတ်ဘုရားတစ်ပါးပေလော။

သူမထံမှ ထွက်ပေါ်နေသော စွမ်းအားကြီးဝိညာဉ်စွမ်းအားသည် နတ်ဘုရားများ၏ ဝိညာဉ်စွမ်းအားနှင့် ဆင်တူပေသည်။ ထိုဝိညာဉ်စွမ်းအားကြောင့် သူတို့၏ ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ထိုဖိအားအရှိန်အဝါသည် ကျင့်ကြံသူများအပေါ်သို့ ကျဆင်းလာပြီး သူတို့ကို အလွန်အားကောင်းသော ဖိအားက ဝပ်တွားအရိုအသေပေးရန် ဖိအားပေးနေသကဲ့သို့ သူတို့ ခံစားနေရလေသည်။

“မင်းသမီး... သတိထားပါ”

ကျိဝူတောက်သည် ဒွန်ဟောင်တိယွမ်ကို ပြောလိုက်ပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။ သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသောအခါ သူ့အနေဖြင့် သူ့လာရင်းကိစ္စကို လုပ်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။ သူသည် အနာဂတ်တွင်သာ အခြားအခွင့်အရေးများကို လိုက်ရှာရပေမည်။

ရီဖူရှင်းသည် ထွက်ခွာသွားသည် ကျိဝူတောက်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုသူသည် ပြတ်သားသူတစ်ယောက်ဖြစ်ပြီး လောကအတွင်းရှိ အံ့ဖွယ်များကို အမှန်ပင်ရနိုင်သူတစ်ယောက်ဖြစ်သည်ဟု တွေးလိုက်လေသည်။ သူသည် အနာဂတ်တွင် အင်ပါယာအဖြစ် လျှောက်လှမ်းရာ လမ်းပေါ်၌ ရီဖူရှင်း၏ စွမ်းအားအကြီးဆုံး ပြိုင်ဘက်ဖြစ်လာနိုင်ပေသည်။

“မင်းသမီးနဲ့ ကောင်းကင်ဘုံကြားက ပတ်သတ်မှုက ဘယ်လိုပါလဲ”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို မေးလိုက်သည်။ သူသည် အနည်းငယ် စိတ်ဝင်စားနေသည်။ ကောင်းကင်ဘုံနှင့် ဒွန်ဟောင်တိယွမ်အကြားတွင် ပတ်သတ်မှုတစ်ခု ရှိလိမ့်မည်ဟု သူသေချာနေသည်။ မဟုတ်လျှင် ကျိဝူတောက်သည် ဒွန်ဟောင်တိယွမ်အပေါ် သူဆက်ဆံခဲ့သလို ဆက်ဆံလိမ့်မည် မဟုတ်ပေ။

ဒွန်ဟောင်တိယွမ်သည် ပြန်မဖြေချေ။ သူမသည် သူ့ကို ကြည့်ပင် မကြည့်ပေ။ သူမသည် ယခင်ကကဲ့သို့ အေးစက်၍ မာနကြီးသူတစ်ယောက်အဖြစ် ပြန်ပြောင်းသွားပုံပင်။

ထိုအချိန်တွင် ဝတ်စုံဖြူနှင့် အမျိုးသမီးသည် သူမ၏လှပသောမျက်လုံးများကို ဖွင့်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်သည်။ သူမကိုယ်ပေါ်ရှိ တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းပြီး အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံထားလေသည်။ ၎င်း၏ ဖိအားသည် အလွန်ကြီးသဖြင့် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် မွန်းကျပ်သလို ခံစားလာရသည်။

သူမ၏မျက်လုံးများသည် ပို၍ ကြည်လင်တောက်ပလာပြီး ထင်ရှားသော လင်းလက်မှုတစ်ခုကို လှစ်ဟပြနေသည်။ ရှေးဟောင်းနတ်ဘုရားများ၏ အစီအစဉ်သည် အောင်မြင်သွားပေပြီ။ ဝတ်စုံဖြူနှင့် အမျိုးသမီးသည် အသိဉာဏ်ရှိသော လက္ခဏာများ ပြနေပြီး နှစ်ပေါင်းများစွာကြာပြီးနောက် ယနေ့တွင် သူမ ပြန်မွေးဖွားလာခဲ့ပြီဖြစ်သည်။

သူမ၏မျက်လုံးများသည် ဒွန်ဟောင်တိယွမ်ကို ကြည့်နေပြီး မျက်လုံးများထဲ၌ အေးစက်စက် အလင်းတစ်ချက် လက်သွားသည်။ ထိုအခိုက်တွင် ဒွန်ဟောင်တိယွမ်သည် သူမတစ်ကိုယ်လုံးတွင် အအေးဓာတ်တစ်ခု ဖြတ်သွားသည်ကို ခံစားလိုက်ရပြီး ဝတ်စုံဖြူနှင့်အမျိုးသမီးထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုလည်း အာရုံခံမိသည်။

သို့သော် ထိုအခိုက်တွင် ရီဖူရှင်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ဝတ်စုံဖြူနှင့်အမျိုးသမီးရှေ့တွင် ရပ်ကာ ဒွန်ဟောင်တိယွမ်ကို ကာပေးလိုက်သည်။ လူများစွာသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အံ့အားသင့်သွားကြသည်။ ရီဖူရှင်းနှင့် ဒွန်ဟောင်တိယွမ်တို့သည် ကမ္ဘာ့ရန်ဘက်များဖြစ်ကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူသည် ထိုတိုက်ခိုက်မှုကို ကာရန် သူမကို ကူညီပေးနေသနည်း။

“ထွက်သွား...”

ဒွန်ဟောင်တိယွမ်သည် အေးစက်စွာ ပြောလိုက်၏။ ထို့နောက်တွင် သူမထံမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး နဂါးဘိုးဘေးနှင့် နတ်ဖီးနစ်တို့၏ ဝိညာဉ်ပုံရိပ်များ ထွက်ပေါ်လာလေသည်။

“မင်းသမီးက တကယ်ကို တော်တော် သူစိမ်းဆန်တာပဲ... ကျုပ်တို့ရဲ့ အတိတ်အကြောင်းတွေကိုတောင် မထောက်ထားတော့ဘူးပေါ့။ လောကအသေးထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို မင်းသမီး မေ့သွားပြီလား”

ရီဖူရှင်းသည် သူမကို မေးလိုက်သည်။ ထိုစကားများကိုကြားလိုက်သော ပတ်ဝန်းကျင်မှလူများသည် အံ့အားသင့်သွားကြသည်။

ကန့်သတ်နယ်မြေထဲ၌ ရီဖူရှင်းနှင့် ဒွန်ဟောင်တိယွမ်အကြားတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ခြင်းလော။

ထိုနှစ်ယောက်သည် အရှင်ဒွန်ဟောင်၏ဆက်ခံသူနှင့် အင်ပါယာရီချင်၏ဆက်ခံသူတို့ ဖြစ်ကြသည်။ သူတို့သည် တားမြစ်ထားသော ချစ်မေတ္တာကြိုးများ ယှက်သွယ်ခဲ့သည်လော။

သို့သော် ထိုသို့ မဖြစ်နိုင်ပေ။ သူတို့ကဲ့သို့သော ကျင့်ကြံသူများသည် ဆုံးဖြတ်ချက်ပြတ်သားကာ မယိမ်းယိုင်သော စိတ်ဓာတ်ရှိကြသည်။ ချစ်ခြင်းမေတ္တာကဲ့သို့သော သာမန်ခံစားချက်လေးများသည် သူတို့အပေါ် မသက်ရောက်နိုင်ပေ။ ရီဖူရှင်းသည် မင်းသမီးဒွန်ဟောင် ဒေါသထွက်လာအောင် တမင်လုပ်နေခြင်း ဖြစ်ရပေမည်။ သူသည် အလွန် ရဲတင်းလွန်း၏။

ဒွန်ဟောင်တိယွမ်ထံမှ သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထိုအငွေ့အသက်သည် လွန်စွာ ပြင်းထန်လေသည်။ သူမလက်မြှောက်လိုက်ရာ နဂါးအစစ်အမှန်တစ်ကောင် ထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ ပျံဝင်သွားသည်။

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ကျောခိုင်းလိုက်၏။ သူ့ကိုယ်ပေါ်တွင် နတ်အလင်း စီးဆင်းနေသည်။ သူ့နောက်တွင် နတ်ဓားတစ်ချောင်း ထွက်ပေါ်လာ၏။ ၎င်းသည် ထက်ရှသောအသွားရှိပြီး နဂါးအစစ်အမှန်၏ လက်ဝါးကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။ ရီဖူရှင်း ပြောလိုက်၏။

“မိန်းမတွေက လောကကြီးအစပြုကတည်းက ပိုပြီးရက်စက်တဲ့မျိုးစိတ်တွေ ဖြစ်ခဲ့တယ်ဆိုတာ တကယ်မှန်တာပဲ”

“သူက ဘယ်လိုတောင် ပြောရဲရတာလဲ”

အခြားသူများသည် ရီဖူရှင်း၏ ခနဲ့စကားများကို ကြားလိုက်သောအခါ သူ့အစား ကြောက်ရွံ့သွားကြသည်။ သူပြောနေသူမှာ ကောင်းကင်ဒေသ၏ မင်းသမီးဖြစ်သည်။ သူသည် သူမကို ထိုကဲ့သို့ ပြီတီတီ စကားများကို ပြောဝံ့ပေသည်။

သို့သော် ရီဖူရှင်း၏ စွမ်းအားသည် ဒွန်ဟောင်တိယွမ်နှင့် ပခုံးချင်း ယှဉ်နိုင်လောက်အောင် ကြီးကြောင်း ထင်ရှား၏။

ထိုအချိန်တွင် ပို၍ပင် အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကျင့်ကြံသူအားလုံး၏ အာရုံကို စွဲဆောင်လိုက်သည်။ သူတို့သည် ဝတ်စုံဖြူနှင့် အမျိုးသမီး လှုပ်ရှားလိုက်သည်ကို မြင်လိုက်ကြ၏။ ဒွန်ဟောင်တိယွမ်နှင့် ရီဖူရှင်းတို့သည် ဆက်၍ မတိုက်ခိုက်နေတော့ပေ။

ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ရုတ်ခြည်းပင် ရီဖူရှင်း၏အရှေ့တွင် ပေါ်လာလေသည်။ သို့သော် ရီဖူရှင်းသည် မရှောင်လိုက်သလို ထွက်လည်းမပြေးလိုက်ချေ။ သူသည် သူ၏မူလနေရာမှာပင် ရပ်နေလေသည်။ ပြင်းထန်သော မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားသည် သူ့အပေါ်တွင် ဖြတ်သန်းသွားသည်။ ထို့ကြောင့် သူ၏ငွေဖြူရောင်ဆံပင်များသည် လေထဲတွင် ဝဲလွင့်သွားပြီး သူ့အဝတ်အစားများသည်လည်း တဖျပ်ဖျပ်ခတ်သွားသည်။ သူသည် ထိုကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအား၏ ဝါးမျိုမှုကို ခံရတော့မလိုပင်။

သို့သော် ဘေးမှ ကြည့်နေသူအားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ရီဖူရှင်းသည် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ သူ၏မျက်လုံးများသည် ဝတ်စုံဖြူနှင့် အမျိုးသမီးကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

ရီဖူရှင်းအနောက်တွင် ရပ်နေသော ဒွန်ဟောင်တိယွမ်ပင် ရင်တုန်သွား၏။ သူမသည် သူမအ‌ရှေ့သို့ တည့်တည့်ကြည့်လိုက်ပြီး တွေးလိုက်သည်။ ထိုရီဖူရှင်းသည် ရူးများနေသလော။

အကယ်၍ ဝတ်စုံဖြူနှင့်အမျိုးသမီးသာ ရုတ်တရက် သေလောက်သော တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခဲ့လျှင် ရီဖူရှင်းသည် ကိုယ့်သေလမ်း ကိုယ်ရှာသလို ဖြစ်မသွားပေလော။

သို့သော် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် မတိုက်ခိုက်ဘဲ ရီဖူရှင်းရှေ့တွင် ရပ်၍သာနေသည်ကို  တွေ့လိုက်ရသောအခါ သူမအံ့အားသင့်သွားသည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအားကို ဆက်၍ ထုတ်လွှတ်နေသော်လည်း သူမသည် ရီဖူရှင်းကို မတိုက်ခိုက်လိုက်ပေ။

အမျိုးသမီး၏ လှပသောမျက်လုံးများထဲတွင် မရေရာသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။ ယခုတွင် သူမ၏ အသိစိတ်သည် အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်သဖြင့် သူမ မရေမရာဖြစ်နေသည်။

သူမရှေ့ရှိ ထိုငွေဖြူရောင်ဆံပင်နှင့်လူသည် ရင်းနှီးသည်ဟု သူမခံစားနေရသည်။ သူမတို့သည် နှစ်ပေါင်းများစွာ ရင်းနှီးလာသူများကဲ့သို့ပင်။ ထိုရင်းနှီးမှုသည် သူမ၏ဝိညာဉ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူမ၏အသိစိတ်ထဲတွင် ထပ်ဟပ်နေသည်။

သူမသည် ထိုငွေဖြူရောင်ဆံပင်နှင့်လူက သူမ၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူမ၏အတွေးထဲတွင် တည်ရှိနေသည်ဟုပင် ခံစားနေရသည်။

“ရှင်က ဘယ်သူလဲ”

ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ပထမဆုံးအကြိမ် စကားပြောလိုက်၏။ သူမ၏လေသံသည် အနည်းငယ် သဘာဝမကျဖြစ်နေပြီး အနည်းငယ် ဩတောတော ဖြစ်နေသည်။ သူမ၏လှပသော မျက်လုံးလေးများသည် ရီဖူရှင်းကိုသာ ကြည့်နေလေသည်။

“ကျုပ်က ခင်ဗျားပါပဲ”

ရီဖူရှင်းသည် ဝတ်စုံဖြူနှင့်အမျိုးသမီးကို ပြောလိုက်၏။ သူပြောလိုက်သောစကားကြောင့် ဒွန်ဟောင်တိယွမ်၏မျက်လုံးများ စူးရှသွားသည်။

ရီဖူရှင်းသည် မရှုံးနိမ့်ခဲ့သည်လော။

All Chapters