ကျုပ်က ခင်ဗျားဟု ဆိုသလော
Vol. 192 Ch. 2736
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်း၏ စကားကို ကြားလိုက်သောအခါ သူမ၏လှပသော မျက်လုံးများထဲတွင် ထူးဆန်းသောအကြည့်တစ်ချက် လက်သွားသည်။ ယခုတွင် သူမသည် ရီဖူရှင်း၏ အခြားအမည်တစ်ခုကို အမှတ်ရသွားသည်။ ထိုအမည်မှာ အမွေအနှစ်သိမ်းပိုက်သူပင်။
နတ်ဘုရားကုန်းမြေပေါ်ရှိ မဟော်ရာဂီအမွေအနှစ်နယ်မြေထဲတွင် ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းနှင့်တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် မဟော်ရာဂီအမွေအနှစ်နယ်မြေထဲ၌ဆိုလျှင် မဟော်ရာဂီ၏ ကိုယ်ပွားအဖြစ် ထိုဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်သည်။
ထိုအခြင်းအရာကြောင့် ရီဖူရှင်းသည် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများနှင့် ပေါင်းစည်းနိုင်ကြောင်း သိနိုင်ပေသည်။
ထို့ကြောင့် အစောက သူမတို့သည် ရီဖူရှင်းကို နတ်ဝင်္ကပါထဲတွင် ဝတ်စုံဖြူနှင့် အမျိုးသမီး၏နေရာကို ဝင်ယူ၍ မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ကျိဝူတောက် ထွက်ပေါ်လာခဲ့သဖြင့် သူမတို့၏ အစီအစဉ် ပျက်ခဲ့ရသည်။ သို့ပင်လျှင် ရီဖူရှင်းသည် ရှုံးနိမ့်ခဲ့ပုံမပေါ်ပေ။ သူ ကျိဝူတောက်နှင့် တိုက်ခိုက်နေခဲ့စဉ်တွင် သူ၏ကိုယ်ပိုင်ဝိညာဉ်စွမ်းအားနှင့် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို ပေါင်းစည်းနိုင်ခဲ့ခြင်းလော။
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်း ထိုသို့လုပ်ခဲ့ဖူးသည်ကို ယခင်က မြင်ခဲ့ဖူးသဖြင့် သူ လုပ်နိုင်၊ မလုပ်နိုင်ကို သံသယဖြစ်ရန် အကြောင်းမရှိပေ။ သို့သော် သို့ဆိုလျှင် အမျိုးသမီး အမွေဆက်ခံထားသော ဝိညာဉ်စွမ်းအားထဲတွင်လည်း ရီဖူရှင်း၏ဝိညာဉ်စွမ်းအား ပါနေသည်ဟူသော အဓိပ္ပာယ်လော။
သို့ရာတွင် ရီဖူရှင်းသည် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားနှင့် အပြည့်အဝ မပေါင်းစည်းနိုင်ခဲ့ပေ။ သူသည် ထိုဝိညာဉ်စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမတို့ရှေ့ရှိ အခြေအနေဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အမျိုးသမီးသည် ရီဖူရှင်းကို ရင်နှီးနေသည်ဟု ခံစားနေရခြင်းဖြစ်ပေသည်။
ဒွန်ဟောင်တိယွမ်၏ သုံးသပ်ချက်သည် အခြေခံအားဖြင့် မမှားပေ။ ဝတ်စုံဖြူနှင့် အမျိုးသမီးသည် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကြောင့် ပြန်မွေးဖွားလာခြင်းပင်။ ထို့ကြောင့် သူမ အပြင်လောကသို့ ထွက်လာသောအခါ အခြားကျင့်ကြံသူအားလုံးနှင့် ကွဲပြားနေသည်။ သူမသည် ထူးခြားသူတစ်ယောက်ဖြစ်သည်။
သူမသည် ရီဖူရှင်း ပြောသည်ကို ကြားလိုက်သောအခါ ထူးဆန်းသည်ဟု မခံစားလိုက်ရဘဲ အတွေးနက်သွားဟန်သာ ပေါ်လေသည်။ သူမသည် အသိစိတ် ပြန်ရခါစပင် ရှိသေးသဖြင့် အရာအားလုံးသည် သူမအတွက် အသစ်အဆန်းကဲ့သို့ ဖြစ်နေသည်။ သူမ၏ ပြီးခဲ့သော ဒွန်ဟောင်တိယွမ်နှင့် တိုက်ပွဲအတွင်း၌ သူမသည် ထိုတိုက်ပွဲမှတဆင့် သင်ယူနေခဲ့သည်။
ယခုတွင် ရီဖူရှင်းသည် သူက သူမဖြစ်သည်ဟု ထိုအမျိုးသမီးကို ပြောခဲ့သည်။ ထိုစကားသည် ဒွန်ဟောင်တိယွမ်ကို များစွာ အံ့အားသင့်မသွားစေပေ။
သို့သော် ဒွန်ဟောင်တိယွမ်မှလွဲ၍ အခြားလူအားလုံးသည် အံ့အားသင့်သော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။ ထိုတိတ်ဆိတ်နေသောနေရာတွင် အရာအားလုံးသည် အနည်းငယ် ထူးဆန်းလာသည်ဟု ထင်ရသည်။ မည်သည့်ကိစ္စ ဖြစ်ပျက်ခဲ့ခြင်းနည်း။
နတ်ဘုရားများ၏ ကန့်သတ်နယ်မြေထဲတွင် ဝတ်စုံဖြူနှင့်အမျိုးသမီး၊ ဒွန်ဟောင်တိယွမ်၊ ရီဖူရှင်းနှင့် ကျိဝူတောက်တို့ အကြားတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သနည်း။
ရီဖူရှင်း၏စကားသည် ဘာအဓိပ္ပာယ်နည်း။
ရီဖူရှင်းနှင့် ထိုအမျိုးသမီးသည် တစ်ဦးတည်း မဟုတ်သည်မှာတော့ သေချာသည်။ သူမသည် ရီဖူရှင်း၏ နောက်ထပ်ကိုယ်ပွားတစ်ခု မဟုတ်နိုင်ချေ။ သို့ဆိုလျှင် သူမသည် ယောက်ျားတစ်ဦးဖြစ်နေမည်ဖြစ်ပြီး မိန်းမဖြစ်နေမည် မဟုတ်ပေ။
သို့သော် ထိုအခိုက်တွင် ရီဖူရှင်းမှာလည်း အပြည့်အဝ မသေချာကြောင်း မည်သူမှ မသိပေ။ သူသည် သူ၏ဝိညာဉ်စွမ်းအားတစ်စိတ်တစ်ပိုင်းနှင့် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို ပေါင်းစည်းရန် ကြိုးစားခဲ့ခြင်းသာဖြစ်သည်။ သူ မည်မျှ ပေါင်းစည်းနိုင်ခဲ့သည်ကို သူပင် မသိပေ။
သို့ပေသည့် ယခုတွင် သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီးအပေါ် အတော်အတန် သက်ရောက်နိုင်ခဲ့ပုံပင်။
“ကျုပ်နဲ့ ခင်ဗျားက တစ်ယောက်တည်းပဲ။ နောက်ကျရင် ခင်ဗျား ကျုပ်နောက်ကို လိုက်ခဲ့ပါ။ ကျုပ် ဘယ်နေမှာပဲ ရှိနေနေ ခင်ဗျားလည်း အဲဒီမှာ ရှိရမယ်”
ရီဖူရှင်းသည် သူမကို ပြောလိုက်၏။ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ထိုစကား၏အဓိပ္ပာယ်ကို ကောင်းစွာ နားလည်ပုံ မပေါ်ချေ။ ထို့ကြောင့် သူမသည် ချက်ချင်း ပြန်မတုံ့ပြန်လိုက်ပေ။ သူမသည် ရီဖူရှင်းကို သူမ၏လှပသောမျက်လုံးများနှင့် ကြည့်နေသည်။ အနည်းငယ်ကြာပြီးမှ သူမသည် သဘောတူကြောင်း ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
အောင်မြင်ပြီ...
ရီဖူရှင်းသည် သူ့ရင်ထဲတွင် ကြွေးကြော်လိုက်သည်။ အကယ်၍ သူသာ ဝတ်စုံဖြူနှင့်အမျိုးသမီးကို ထိန်းချုပ်နိုင်ခဲ့လျှင် သူ့လက်ထဲတွင် သူမသည် နောက်ထပ် စွမ်းအားကြီးလက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။ သူမသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး သူမ၏တိုက်ခိုက်စွမ်းရည်သည် သူ့ထက်ပင် သာပေသည်။
ဒွန်ဟောင်တိယွမ်၏ မျက်နှာထားသည် ပို၍ပင် အံ့အားသင့်သည့်အသွင် ဖြစ်လာသည်။ ရီဖူရှင်းသည် တစ်နည်းနည်းဖြင့် အောင်မြင်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။ သူသည် အမျိုးသမီးအစား မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အမွေမဆက်ခံနိုင်ခဲ့ပေ။ သို့သော် သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီးကို ထိန်းချုပ်နိုင်ခဲ့သည်။
ရီဖူရှင်းသည် နောက်လှည့်၍ ဒွန်ဟောင်တိယွမ်ကို ကြည့်ကာ ပြောလိုက်၏။
“ဒီခရီးစဉ်က အရာအားလုံးအတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်”
သူသည် ရွဲ့၍ ပြောလိုက်ခြင်း မဟုတ်ပေ။ သူသည် ဒွန်ဟောင်တိယွမ်ကို အမှန်ပင် ကျေးဇူးတင်နေသည်။ သူမ၏ရည်ရွယ်ချက်သည် မည်သည်ပင်ဖြစ်ခဲ့စေ နောက်ဆုံးရလဒ်သည် သူ့အတွက် ကောင်းကျိုးဖြစ်စေခဲ့ပြီး သူ့ကို ဝတ်စုံဖြူနှင့်အမျိုးသမီးကို ထိန်းချုပ်နိုင်ခဲ့စေလေသည်။ သူသည် ဤခရီးစဉ်တွင် အကျိုးအမြတ်များစွာ ရခဲ့သည်။
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး မည်သို့မှ ပြန်မပြောဘဲ နောက်လှည့်ကာ လျှောက်သွားသည်။ ထို့နောက်သူမသည် ဟင်းလင်းပြင်ထဲသို့ လျှောက်သွားပြီး ထွက်ခွာသွားသည်။ ရီဖူရှင်းသည် ထွက်ခွာသွားသော သူမ၏ပုံရိပ်ကိုကြည့်၍ သူသည် ဒွန်ဟောင်တိယွမ်ကို တဖြည်းဖြည်း ပို၍ နားမလည်နိုင်တော့ကြောင်း ခံစားလိုက်ရ၏။
ထိုမတိုင်ခင်က ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်အပေါ် သိပ်၍အကောင်းမြင်စိတ် မရှိခဲ့ပေ။ သို့သော် ဤတစ်ခေါက် ကန့်သတ်နယ်မြေထဲတွင် သူသည် ဒွန်ဟောင်တိယွမ်၏ အခြားတစ်ဘက်ကို မြင်နိုင်ခဲ့ပုံပင်။ သူမ အပြင်ဘက်တွင် ပြသထားသော သူမ၏ပုံစံသည် သူမအစစ်အမှန် မဟုတ်ခြင်း ဖြစ်နိုင်ပေသည်။
အဝေးမှ ကျင့်ကြံသူများသည် ဒွန်ဟောင်တိယွမ် ထွက်ခွာသွားသည်ကို တွေ့လိုက်သောအခါ ကိစ္စများစွာကို တွေးတောလိုက်လေသည်။ ကန့်သတ်နယ်မြေထဲတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ခြင်းနည်း။ အဘယ်ကြောင့် ရီဖူရှင်းသည် သူ၏ကမ္ဘာ့ရန်ဘက် ဒွန်ဟောင်တိယွမ်ကို ကျေးဇူးတင်ရသနည်း။
ထို့အပြင် အဘယ်ကြောင့် သူတို့အကြားတွင် တင်းမာမှု အနည်းငယ်ပင် မရှိရသနည်း။
အခြားအရာများကို ထည့်မတွက်ဘဲ တိုက်ခိုက်စွမ်းရည် တစ်ခုတည်းကိုသာ ကြည့်လျှင် ယနေ့ ရီဖူရှင်းနှင့် ဒွန်ဟောင်တိယွမ်အကြားတွင် မည်သူသည် ပိုသန်မာ၍ မည်သူက ပိုအားနည်းသနည်း။
ရီဖူရှင်းသည် သူ့ရှေ့ရှိ ဝတ်စုံဖြူနှင့်အမျိုးသမီးကို ကြည့်သည်။ သူသည် သူမကို ယာယီထိန်းချုပ်ထားနိုင်သော်လည်း သူမ၏တည်ငြိမ်မှုကို အာမ,မခံနိုင်ပေ။ သူသည် သေချာစေရန်အတွက် သူမကို အချိန်တစ်ခုအထိ စောင့်ကြည့်လေ့လာရဦးမည်ဖြစ်သည်။ အကယ်၍ ကြိုမမြင်နိုင်သော ကိစ္စတစ်ခု ဖြစ်လာခဲ့လျှင် သူသည် သူမကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
လက်ရှိ ရီအင်ပါယာနန်းတော်ထဲတွင် နတ်ဝင်္ကပါတစ်ခု ရှိပေသည်။ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့လျှင် သူမကို ဝင်္ကပါဖြင့် ထိန်းချုပ်ထားနိုင်လောက်သည်။
သူသည် ရီအင်ပါယာနန်းတော်သို့ အရင်ပြန်ရမည့်ပုံပင်။
“သွားကြစို့...”
ရီဖူရှင်း ပြောလိုက်၏။ ထို့နောက်တွင် ဖြတ်ခနဲ အဝေးသို့ ရောက်သွား၏။ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် သူ့နောက်မှ ကပ်လိုက်ကာ သူနှင့်အတူ ပျံသန်းနေလေသည်။
အားလုံးသည် သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။ သူတို့ ချောက်အောက်သို့ ငုံ့ကြည့်လိုက်သောအခါ နတ်ဘုရားများ၏ ကန့်သတ်နယ်မြေသည် အမှုန့်အဖြစ် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ကြရသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက မူလဘုံမှာ ရီဖူရှင်းက အမွေအနှစ်သိမ်းပိုက်သူဆိုပြီး ကျော်ကြားခဲ့တယ်လို့ ငါကြားဖူးတယ်။ နတ်ဘုရားတွေရဲ့ ကန့်သတ်နယ်မြေကတောင် သူ့ကို မရပ်တန့်နိုင်ဘူးလို့တော့ ငါမမျှော်လင့်ခဲ့ဘူး။ အခြေအနေကြည့်ရတာတော့ သူက ကန့်သတ်နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်နိုင်ခဲ့တဲ့ပုံပဲ”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
မူလဘုံမှ ရီဖူရှင်းသည် မည်သည့်အမွေအနှစ်များ၏ လျှို့ဝှက်ချက်ကိုမဆို ဖော်ထုတ်နိုင်သည်ဟု ကျော်ကြားသည်။ သူ့ရှေ့တွင် မဟာအင်ပါယာ၏ အမွေအနှစ် ရောက်လာလျှင် သူသည် ၎င်းကို အမွေဆက်ခံရန် တစ်ခါမှ ပြဿနာမရှိခဲ့ပေ။
“ဝတ်စုံဖြူနဲ့အမျိုးသမီးက ဘယ်သူလဲဆိုတာ ဘယ်သူသိမလဲ”
တစ်စုံတစ်ယောက်က အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားသော လူရိပ်များကို ကြည့်၍ ပြောလိုက်၏။
ရီဖူရှင်းသည် အရှိန်မြှင့်၍ အရှေ့သို့ သွားနေသည်။ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် သူ့နောက်မှ ကပ်လိုက်လာသည်။ နောက်တွင် ရီဖူရှင်း ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ သွားသောအခါတွင်လည်း ဝတ်စုံဖြူနှင့်အမျိုးသမီးသည် သူ့နောက်မှ ကပ်လိုက်လာရန် မည်သည့်ပြဿနာမှ မရှိခဲ့ချေ။ သူမ၏အရှိန်သည် အနည်းငယ်ပင် နောက်ကျမကျန်ရစ်ခဲ့ဘဲ သူမ၏စွမ်းအားကို ဖော်ပြနေသည်။
ထို့အပြင် ယခုတွင် သူတို့သည် ကွဲပြားသွားပေပြီ။ သူတို့သည် တစ်ယောက်၏ အငွေ့အသက်နှင့် တည်နေရာကို တစ်ယောက်က အာရုံခံနိုင်နေပြီဖြစ်သည်။
ရီဖူရှင်းသည် ဝတ်စုံဖြူနှင့် အမျိုးသမီးနှင့်အတူ ရီအင်ပါယာနန်းတော်သို့ ပြန်ရောက်လာခဲ့သည်။
ရီအင်ပါယာနန်းတော်ထဲတွင် ရီဖူရှင်းသည် ရှေ့မှလျှောက်၍ အမျိုးသမီးသည် နောက်မှလိုက်လာ၏။
“နန်းတော်သခင်...”
“နန်းတော်သခင်...”
ရီဖူရှင်းက ပြန်ရောက်လာသည်ကို တွေ့လိုက်ကြသောအခါ လူများစွာသည် ဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။ သူတို့သည် ရီဖူရှင်း၏အနောက်ရှိ အမျိုးသမီးကို စိတ်ဝင်တစား ကြည့်နေကြ၏။ နန်းတော်သခင်သည် အပြင်သို့ ထွက်သွားပြီး ထိုကဲ့သို့ ထူးကဲသည့် အမျိုးသမီးတစ်ဦးကို ပြန်ခေါ်လာလေသည်။ သူမ၏ ရုပ်သွင်နှင့် ဟန်ပန်သည် ထူးကဲလှပေသည်။
ရီဖူရှင်းသည် ခေါင်းညိတ်လျှက် အားလုံးကို အသိအမှတ်ပြုလိုက်သည်။ သူသည် ရှေ့သို့ ဆက်လျှောက်သွားပြီး ကောင်းကင်အင်ပါယာနန်းတော်၏ အမြင့်ဆုံးအပိုင်းသို့ သွားလိုက်သည်။
သူ ကောင်းကင်လှေကားသို့ ရောက်သောအခါ ရင်းနှီးသူအများအပြား တစ်ယောက်ပြီးတစ်ယောက် စတင်ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် ရီဖူရှင်းတစ်ယောက် ဝတ်စုံဖြူနှင့်အမျိုးသမီးနှင့်အတူ ပြန်လာသည်ကို တွေ့လိုက်သောအခါ မျက်နှာထား အမျိုးမျိုး ဖြစ်သွားကြသည်။
“နန်းတော်သခင်... သူက ဘယ်သူပါလဲ”
သခင်ချန်က စိတ်ဝင်တစား မေးလိုက်သည်။
ရီဖူရှင်း ခေါင်းလှည့်လိုက်သည်။ သို့သော် မိတ်ဆက်ပေးရန် သူ့အတွက် မလွယ်ပေ။ သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီးကိုကြည့်၍ ပြောလိုက်၏။
“ကျုပ် ခင်ဗျားကို နာမည်တစ်ခုပေးရင်ရော ဘယ်လိုလဲ”
ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ရီဖူရှင်းကိုကြည့်ကာ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် မည်သည်ကိုမှ နားမလည်သေးသော မွေးခါစ ကလေးငယ်တစ်ဦးကဲ့သို့ပင်။
“အာ...”
သူတို့အနားမှ လူများ၏ မျက်နှာထားသည် ထူးဆန်းသွားသည်။ နန်းတော်သခင်သည် မယုံနိုင်ဖွယ်ပင်။ သူသည် အပြင်သို့ ခရီးတစ်ခေါက်သွားပြီးနောက်တွင် ထိုကဲ့သို့ ထူးကဲသည့် အမျိုးသမီးတစ်ဦးကို ပြန်ခေါ်လာရုံသာမက သူမကို အမည်တစ်ခုပင် ပေးဦးမည်လော။