← Chapters

ပဋိပက္ခ

Vol. 192 Ch. 2738

ပဋိပက္ခ

Vol. 192 Ch. 2738

လင်လုံသည် ဆက်နေရန် ရွေးချယ်ခဲ့သည်။ သူမ ပြောခဲ့သလိုပင် သူမထံတွင် ရီဖူရှင်း၏ အကျင့်စရိုက် တစ်စိတ်တစ်ပိုင်း ရှိနေပြီဖြစ်သည်။ ထိုဆက်နွယ်မှုသည် ဖြတ်တောက်၍ရသော အရာတစ်ခု မဟုတ်ချေ။

သူမသည် သူမကိုယ်သူမ ကျင့်ကြံခြင်းလောကနှင့် ရင်နှီးအောင် လုပ်ပြီးသောအခါ ရီဖူရှင်းက သူမ၏ကျင့်ကြံခြင်းအတွက် နတ်အတတ်များကို ပေးခဲ့သည်။ ယခင်က လင်လုံ တိုက်ခိုက်သည့်အခါတိုင်း သူမသည် ဝိညာဉ်စွမ်းအားကိုသာ သုံးနိုင်ခဲ့သည်။ သို့သော် နတ်အတတ်များကို ကျင့်ကြံပြီးနောက်တွင် သူမသည် ယခင်ကထက် ပို၍ သန်မာလာခဲ့ပေသည်။

ဟွာဂျီယူသည် ရီဖူရှင်းတစ်ယောက် သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းနှင့် လေ့ကျင်ခြင်းကို အာရုံစိုက်နိုင်ရန် အချိန်အနည်းငယ်ရစေဖို့အတွက် လင်လုံကို အကြိမ်များစွာ အဖော်ပြုပေး၍ သူမနှင့်အတူ ကျင့်ကြံပေးခဲ့သည်။

ရီဖူရှင်းသည် ဤတစ်ခေါက်တွင် စော၍ ပြန်လာဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထို့ကြောင့် သူသည် သူ၏ကျင့်ကြံခြင်းတွင် အာရုံစိုက်လိုက်သည်။ သူနှင့်ဟွာဂျီယူသည် အဟန့်အတားနှင့် ကြုံနေရပြီး ၎င်းကို မကျော်ဖြတ်နိုင်သေးပေ။ သို့သော် ရီဖူရှင်းသည် အချိန်မဖြုန်းခဲ့ပေ။ အကယ်၍ သူသည် ထိုအဆင့်သို့ မတက်လှမ်းနိုင်ခဲ့လျှင် နတ်အတတ်များကို ကျင့်ကြံရာတွင် အာရုံစိုက်၍ လင်လုံနှင့် လက်ရည်စမ်းကာ လေ့ကျင့်မည်ဖြစ်သည်။ သူသည် အင်အားအရာတွင် မပြတ်တိုးတက်နေသည်။

မည်သူမှ မသိလိုက်ခင်မှာပင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ ရီအင်ပါယာနန်းတော်မှ လူများစွာသည် ကျင့်ကြံခြင်းအဆင့်တက်အောင် လုပ်နိုင်ခဲ့ကြပြီး တစ်ဆင့်မြင့်သွားကြလေသည်။ အပြင်လောကတွင်လည်း ထို့အတူပင်ဖြစ်သည်။ ဤအမွေအနှစ်ကုန်းမြေသည် နေ့စဉ်နေ့တိုင်း အသစ်အသစ်များကို ဆောင်ကျဉ်းပေးနေသလိုပင်။ နှစ်အနည်းငယ် ကြာပြီးနောက်တွင် ဤကုန်းမြေပေါ်သို့ ကျင့်ကြံသူမည်မျှ‌ ရောက်နေသည်ကို မည်သူသိတော့မည်နည်း။

တစ်ချိန်တည်းမှာပင် ဤနတ်ဘုရားကုန်းမြေပေါ်၌ သိမ်မွေ့သော ပြောင်းလဲမှုအချို့ တဖြည်းဖြည်း ဖြစ်ပျက်နေသည်။ ထိုနှစ်များအတွင်း၌ နေရာအနှံ့မှ ကျင့်ကြံသူများသည် အင်ပါယာနန်းတော်များ သိမ်းပိုက်ထားသော အမွေအနှစ်နယ်မြေများတွင် အခြေချခဲ့ပြီး ဤနတ်ဘုရားကုန်းမြေပေါ်တွင် စတင် နေထိုင်ခဲ့ကြသည်။ သို့သော် နတ်ဘုရားကုန်းမြေသည် ‌လောကအသစ်တစ်ခုဖြစ်သဖြင့် လောကအသီးသီးမှ လူများသည် အခြားလောကများ သိမ်းပိုက်ထားသော နယ်မြေများကို ကျူးကျော်မှုများလည်း ရှိခဲ့သည်။ အပျက်အစီးများစွာလည်း တူးဖော်ခံခဲ့ရသည်။ လုယက်တိုက်ပွဲများလည်း အဆုံးမရှိ ပုံမှန်ဖြစ်ပွားနေသည်။

ထို့အပြင် ထိုကဲ့သို့သော တိုက်ပွဲမျိုးသည် မူလက အင်အားစုအသီးသီးကြားတွင် ဖြစ်ပျက်နေခဲ့သော တိုက်ပွဲအ‌သေးလေးများသာ ဖြစ်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မတူသောဘုံများမှ အင်အားစုများအကြားတွင် ပွတ်တိုက်မှုများ ရှိလာခဲ့သည်။ ဤနတ်ဘုရားကုန်းမြေထွက်ပေါ်မလာခင်ကတည်းက ကောင်းကင်ဒေသတွင် ကြီးမားသော စစ်ပွဲကြီးတစ်ပွဲ ရှိနေခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် အမြင်မတူမှုများသည် နဂိုကတည်းက ရှိခဲ့ပြီးဖြစ်သည်။ သို့သော် နတ်ဘုရားကုန်းမြေထွက်ပေါ်လာမှုသည် လောကအားလုံး၏ အာရုံကို စွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် အားလုံးသည် စစ်ပွဲအစား နတ်ဘုရားများ၏ အမွေအနှစ်များကို ရှာဖွေခြင်းနှင့် အပျက်အစီးများကို တူးဖော်ခြင်းကိုသာ အာရုံစိုက်ခဲ့ကြသည်။

သို့ပေသည့် နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာသည်မှာ ဆယ်စုနှစ်တစ်စုကျော် ကြာခဲ့ပြီဖြစ်၍ အမွေအနှစ်နယ်မြေအများစုကို ထိပ်တန်းအင်အားစုများက သိမ်းပိုက်ပြီးခဲ့ပေပြီ။ နတ်ဘုရားကုန်းမြေတစ်ခွင်လုံးသည် ပရမ်းပတာအခြေအနေမှ အနည်းငယ် ငြိမ်းချမ်းသည့်အခြေအနေသို့ ပြောင်းလဲခဲ့သည်။ သို့သော် ယခုတွင် ပရမ်းပတာနောက်တစ်မျိုးသည် စတင် ဖြစ်ပေါ်လာပေသည်။

ထိုနေ့တွင် ရီဖူရှင်းသည် ကျင့်ကြံမနေပေ။ သူသည် နတ်ဆိုးလောက သိမ်းပိုက်ထားသော နယ်မြေသို့ သွားခဲ့သည်။

သူသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လာခဲ့ပြီး အောက်ဘက်ရှိ တည်ဆောက်ထားသော ဒီမွန်းခန်းမဆောင်များကို ကြည့်သည်။ ၎င်းတို့၏ ဗိသုကာပုံစံနှင့် အရောင်သည် နတ်ဆိုးလောက၏ မြို့တော်နှင့် ဆင်တူပေသည်။ ထိုနယ်မြေရှိ ကောင်းကင်သည်ပင် မှေးမှိန်နေပြီး ဒီမွန်းဝိညာဉ်စွမ်းအားက ကောင်းကင်ကို အရောင်ဆိုးထားသကဲ့သို့ ထင်ရသည်။

ထိုကျယ်ပြော၍ အကန့်အသတ်မဲ့သောနယ်မြေသည် နတ်ဆိုးလောက နောက်တစ်ခု ဖြစ်လာခဲ့သည်။

ဒီမွန်းကျင့်ကြံသူအချို့သည် တစ်စုံတစ်ခု အာရုံခံမိလိုက်သည့်ပုံနှင့် ခေါင်းမော့၍ ရီဖူရှင်းလာရာဘက်သို့ ကြည့်သည်။ အချို့သည် ပတ်ဝန်းကျင်ကို အာရုံခံရန် သူတို့၏ဒီမွန်းအာရုံများကိုပင် ထုတ်လွှတ်လိုက်သည်။ သို့သော် ၎င်းတို့အားလုံးသည် ရီဖူရှင်း၏အရှိန်အဝါ၏ တွန်းထုတ်မှုကို ခံလိုက်ရ၏။ အချို့လူများသည် ရီဖူရှင်းကို မှတ်မိသွားပြီး သူ ဤနေရာသို့ ဘာလာလုပ်သနည်းဟု တွေးနေကြသည်။

ရီဖူရှင်းသည် ရှေ့သို့ လျှောက်သွားပြီး ကာရူရာအမွေအနှစ်နယ်မြေ၏ မြို့ဟောင်းသို့ သွားလိုက်သည်။ ယခုတွင် ထိုနေရာသည် များစွာပြောင်းလဲနေပြီး ယခင်ကနှင့် လုံးဝကွာခြားနေပေပြီ။ ကာရူရာအမွေအနှစ်နယ်မြေ၏ မြို့ဟောင်းသည် ဒီမွန်းမြို့တော်တစ်ခုအဖြစ်‌ ပြောင်းလဲသွားပြီဖြစ်သည်။ အဝေးရှိ ကာရူရာဘုံကျောင်းသည် ခမ်းနား၊ မြင့်မားသော ဒီမွန်းနန်းတော်တစ်ခုအဖြစ် ပြောင်းလဲသွားပေပြီ။

မိုးကောင်းကင်ထက်တွင် မည်းမှောင်နေသော ဒီမွန်းတိမ်တိုက်များ ရစ်သိုင်းနေ၏။ ၎င်းတို့သည် ကြောက်မက်ဖွယ် ကပ်ဘေးအလင်း၏ ထောက်ပံ့မှုကို ရရှိထားပုံပေါ်ပြီး လွန်စွာ ကြောက်ရွံ့ဖွယ် ကောင်းနေသည်။

သူ့အပေါ်သို့ ပို၍ပင် အားကောင်းသောဒီမွန်းအာရုံတစ်ခု ဖြတ်သန်းသွားသည်။ သို့သော် ၎င်းသည် ရောက်လာသူမှာ ရီဖူရှင်းဖြစ်ကြောင်း အာရုံခံမိသွားသောအခါ မည်သူမှ သူ့ကို မည်သူမှ သူ့ကို မတားလိုက်ကြပေ။ ရီဖူရှင်းနှင့် ယူချင်းအကြားမှ ဆက်ဆံရေးကို မသိသူ တစ်ယောက်မှမရှိပေ။ နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် မူလဘုံမှ ရီဖူရှင်းကို ကြိုက်သည်လည်း မဟုတ်သလို၊ မကြိုက်သည်လည်း မဟုတ်ပေ။

သို့သော် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရီဖူရှင်းအပေါ် အမြင်ကွဲနေကြသည်။ အချို့သည် ရီဖူရှင်းနှင့် ယူချင်းကို လက်ခံ၏။ သို့သော် အချို့မှာမူ ရီဖူရှင်းသည် ဒီမွန်းကျင့်ကြံသူတစ်ဦးမဟုတ်သဖြင့် ယူချင်းသည် သူနှင့် အရောဝင်လွန်းနေသည်ဟု ထင်ကြသည်။ သူတို့သည် ယူချင်းက ရီဖူရှင်းအတွက်ကြောင့် နတ်ဆိုးလောက၏ ရည်မှန်းချက်များကို စတေးသွားမည်ကို စိုးရိမ်နေကြသည်။

ဥပမာပေးအနေဖြင့် ရီဖူရှင်းယူသွားသော သဘာဝကိုပင် ဆန့်ကျင်နိုင်သည့် နတ်ဘုရားအုပ်စိုးလက်နက်ကို ပြရပေမည်။

၎င်းကို ရီဖူရှင်း ယူသွားသော်လည်း သူတို့အမြင်တွင် ၎င်းကို နတ်ဆိုးလောက,ကသာ ပိုင်သင့်သည်ဟု မြင်ကြသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ရင်းနှီးသောမျက်နှာတစ်ခုကို မြင်လိုက်ရ၏။ ထိုသူမှာ နတ်ဆိုးလောက၏ ကိုယ်ရံတော် သွေးဝတ်ရုံဖြစ်သည်။ သွေးဝတ်ရုံသည် ရီဖူရှင်းကို မြင်သောအခါ ချက်ချင်း စူးစိုက်ကြည့်သည်။

“ကျုပ်က ယူချင်းကို ရှာနေတာပါ”

ရီဖူရှင်းက ပြုံး၍ ပြောလိုက်၏။

“ခဏစောင့်...”

သွေးဝတ်ရုံသည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒီမွန်းခန်းမဘက်သို့ လျှောက်သွားသည်။ ခေတ္တမျှကြာပြီးနောက်တွင် ရီဖူရှင်းသည် သူ့ဘက်သို့ ဦးတည်နေသည့် ဒီမွန်းအာရုံတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်သည် ဖြတ်ခနဲ ပျောက်သွားပြီး ရုတ်ခြည်းပင် ဒီမွန်းခန်းမတစ်ခုရှေ့တွင် ပေါ်လာလေသည်။

ရီဖူရှင်းသည် ယူချင်းကိုကြည့်ကာ သူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို လေ့လာရင်း ပြောလိုက်၏။

“မင်းလည်း ငါ့လိုပဲ အဆင့်မတက်နိုင်သေးဘူးလား”

“တက်နိုင်တော့မယ်...”

ယူချင်း ပြောလိုက်၏။

“ဒါပေမဲ့ ငါ အဟန့်အတားတစ်ခုနဲ့ ကြုံလိုက်ရတယ်”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။

“နတ်ဘုရားတစ်ဝက်အဆင့်ရောက်နိုင်ဖို့က အတော်ခက်တယ်... မလွယ်ဘူး။ ဒီမှာ ဆေးလုံးနည်းနည်း ယူလာတယ်... ယူလိုက်”

ရီဖူရှင်း၏လက်ရှိအဆင့်တွင် သူဖော်စပ်သော ဆေးလုံးများသည် ပို၍ပင် ကောင်းမွန်လာသည်။ ထို့အပြင် ၎င်းတို့၏အဆင့်သည် ဒုတိယကပ်ဘေးအဆင့်ရှိသည့် သာမန်ဆေးလုံးများထက် သာလွန်နေပြီဖြစ်သည်။ ၎င်းတို့သည် ဒုတိယကပ်ဘေးအဆင့်နှင့် နတ်ဘုရားတစ်ဝက်အဆင့်ကြား တစ်နေရာတွင် ရှိပြီး အရည်အသွေးသည် ပို၍ပင်သန့်စင်လေသည်။ သူသည် ၎င်းတို့ကို ယူချင်းကို ပေးလိုက်ပြီး ၎င်းတို့သည် ယူချင်း၏ကျင့်ကြံခြင်းတွင် အကျိုးဖြစ်ပါစေဟု မျှော်လင့်လိုက်သည်။

ယူချင်းသည် ရီဖူရှင်းနှင့် ယဉ်ကျေးနေမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ထိုဆေးလုံးများကို လှမ်းယူလိုက်သည်။ ရီဖူရှင်းဖော်စပ်ထားသော ထိုဆေးလုံးများသည် မည်မျှအစွမ်းထက်သည်ကို သူသိပေသည်။ ထိုဆေးလုံးများသည် သူ၏ကျင့်ကြံခြင်းတွင် များစွာ အထောက်အကူဖြစ်မည်ဖြစ်သည်။

“နှစ်တစ်ရာက ဒီလို အမြန်ကုန်ဆုံးသွားမယ်လို့ ငါမထင်ထားခဲ့ဘူး။ အခု ငါတို့ ကလေးဘဝက မက်ခဲ့ရတဲ့ အိပ်မက်နဲ့ နီးကပ်လာပါပြီ။ အမှန်ဆို အောင်မြင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဒီတော့ ဘာလို့ သူအခုထိ ပေါ်မလာသေးတာလဲ”

ရီဖူရှင်းသည် ခေါင်းမော့၍ အဝေးသို့ကြည့်ကာ ပြောလိုက်၏။

“သူက ဘာလို့ ငါတို့ကိုခေါ်ပြီး အဆင့်နိမ့်ကမ္ဘာတွေမှာ ပုန်းအောင်းပြီး ကျင့်ကြံဖို့ ရွေးချယ်ခဲ့တာလဲ။ သူက နတ်ဆိုးအင်ပါယာရဲ့ ညီအရင်းဆိုတော့ ငါကဘယ်သူလဲ”

လောကထဲမှ ကျင့်ကြံသူအများစုသည် သူ့ကို အင်ပါယာရီချင်၏ သားတော်အဖြစ် ဆက်ဆံကြသည်။ သို့သော် ရီဖူရှင်းသည် အမှန်ပင် သူတို့ထင်ထားသူ ဟုတ်ပါသလော။

ထို့အပြင် စွမ်းအားကြီးသော လိပ်ပြာဝိညာဉ်ကိုလည်း ထည့်စဉ်းစားရပေမည်။ အရာအားလုံးသည် သူ၏မွေးစားအဖေနှင့် ကန့်လန့်ကာနောက်ကွယ်မှ လူအချို့သည် သူ့အား ဗဟိုပြု၍ တစ်စုံတစ်ခုကို ပြင်ဆင်နေသည်ဟု သူ့ကို ခံစားနေရစေလေသည်။

“အခု သိပ်မကြာလောက်တော့ပါဘူး”

ယူချင်း ပြောလိုက်၏။ သူတို့သည် ဤအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်ပြီး သူတို့ရောက်နေသောအဆင့်မှနေ၍ မဟာအင်ပါယာအဆင့်ကိုပင် လှမ်းမျှော်ကြည့်နိုင်ပြီဖြစ်သည်။

ထို့ကြောင့် အမှန်တရားသည် သိပ်၍ အလှမ်းဝေးတော့မည် မဟုတ်ပေ။ အချိန်ကြာမြင့်စွာ ပုန်းအောင်းနေသူလည်း ပြန်လည် ထွက်ပေါ်လာတော့ပေမည်။

ရီဖူရှင်း ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ ထိုလမ်းခရီးတွင် သူတို့ကို မည်သည့်အရာက စောင့်ကြိုနေသနည်း။

သူတို့နှစ်ယောက်သည် အတူ ရပ်၍ စကားပြောနေကြသည်။ သူတို့သည် အနာဂတ်တွင် မည်သို့ အဆုံးသတ်မည်ကို အချိန်ကသာ ပြောနိုင်ပေလိမ့်မည်။

ထိုအချိန်တွင် ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့အတွေးထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။ သိမ်းငှက်လေးသည် သူ့ကို သတင်းစကား လှမ်းပို့ခြင်းဖြစ်သည်။

ယူချင်းသည် ရီဖူရှင်းကို ကြည့်လိုက်၏။ ရီဖူရှင်းစိတ်ထဲတွင် ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်ကို သူသတိပြုမိပေသည်။

“ဟိုမှာ တစ်ခုခု ဖြစ်နေပြီ။ မှောက်နက်လောက,က ကျင့်ကြံသူတွေနဲ့ ဖန်းစွင်တို့လူစုနဲ့ ပဋိပက္ခဖြစ်နေတယ်”

ရီဖူရှင်း ပြောလိုက်၏။

“ငါ ပြန်သွားရမယ်”

ထို့နောက်တွင် ရီဖူရှင်းသည် သူရှိနေသောနေရာမှ ပျောက်ကွယ်သွားသည်။ သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို သုံး၍ မြန်နိုင်သမျှမြန်မြန် ပြန်သွားနေသည်။ ထိုကိစ္စသည် ပို၍အရေးကြီးကြောင်း ထင်ရှား၏။

ထိုအခြင်းအရာကို မြင်သောအခါ ယူချင်း၏မျက်လုံးများသည် စူးရှသွားသည်။

မှော်နက်လောကတွင် သေမင်း ရီချင်းယောင်သည် အဆင့်အတန်းမြင့်သော ရာထူးဂုဏ်ရှိန်ကို ပိုင်ဆိုင်ထားသည်။ ယူချင်းသည် ရီဖူရှင်းနှင့် ရီချင်းယောင်အကြားတွင် ပတ်သတ်မှုတစ်ခုရှိကြောင်း ကောင်းစွာသိပေသည်။ သို့ဆိုလျှင် ယခုတွင် အဘယ်ကြောင့် မှော်နက်လောကနှင့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအကြားတွင် ပဋိပက္ခတစ်ခု ဖြစ်နေရသနည်း။

ထိုမတိုင်ခင်က ကောင်းကင်ဒေသတွင် မှော်နက်လောက၊ နတ်ဆိုးလောကနှင့် ဗလာနတ္တိဘုံတို့သည် ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့ကြသည်။ ယူချင်းသည် ထိုအချိန်တွင် ထိုနေရာ၌ ရှိမနေခဲ့သော်လည်း ထိုအကြောင်းကို သူကြားခဲ့သည်။

ထိုအချိန်တွင် နတ်ဘုရားကုန်းမြေပေါ်ရှိ အခြားတစ်နေရာတွင် ကျင့်ကြံသူများစွာ ပေါ်ထွက်လာသည်။ ထိုနေရာ အပြင်ဘက် အဝန်းအဝိုင်းတွင်လည်း စွမ်းအားကြီး ကျင့်ကြံသူတစ်စု စုဝေးနေပြီး နေရာတစ်ခုကို ကြည့်နေကြသည်။ ထိုနေရာတွင် အံ့အားသင့်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါ ထွက်ပေါ်ခဲ့ပြီး မကြာသေးခင်က ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်ပျက်ခဲ့ပေသည်။

ထို့အပြင် တိုက်ပွဲသည် ကြေကွဲဖွယ် ရလာဒ်တစ်ခု ရှိခဲ့သည်။

ထိုနေရာတွင် အလွန်အရေးပါသူတစ်ဦး သေဆုံးခဲ့သည်။

ဖန်းစွင်၊ သောယွီနှင့် ထျယ်ထိုတို့သည် သိမ်းငှက်လေးအပါအဝင် အခြားသူများနှင့် အတူတကွရပ်နေကြသည်။ သူတို့အားလုံးသည် ဆန့်ကျက်ဘက်အရပ်ကို စိုက်ကြည့်နေကြသည်။ ထိုနေရာတွင် မှော်နက်လောကမှ ကျင့်ကြံသူများရှိနေ၏။ ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခုသည် ဤနေရာတစ်ခွင်လုံးကို လွှမ်းခြုံကာ ပိတ်ဆို့ထားလေသည်။

ဖန်းစွင်နှင့် သောယွီတို့နှစ်ဦးစလုံးသည် မဟာအင်ပါယာအဆင့်လက်နက်များကို ကိုင်ထား၏။ ထိုလက်နက်များမှ ကြောက်မက်ဖွယ် နတ်အလင်း ဖြာထွက်နေ၏။

မှော်နက်နန်းတော်မှ ကျင့်ကြံသူများ ရှိနေရာဘက်တွင် အလောင်းတစ်ခုသည် မြေပေါ်တွင် လဲနေသည်။ အလောင်းသည် တစ်ကိုယ်လုံး ထိုးဖောက်ခံထားရသည်။ အခြားလူများစွာလည်း သေဆုံးနေပြီး ထိုအလောင်းဘေးတွင် လဲနေကြသည်။ သူတို့အားလုံးသည် ဖန်းစွင်နှင့် ‌သောယွီ၏ မဟာအင်ပါယာအဆင့်လက်နက်များ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

အလယ်ရှိ အလောင်းအရှေ့တွင် မှော်နက်နန်းတော်မှ ကျင့်ကြံသူအများအပြား ရပ်နေကြပြီး အလောင်းကို ငုံ့ကြည့်နေကြ၏။ သူတို့သည် အလွန် မကျေမနပ်ဖြစ်နေပုံပေါ်လေသည်။

သေဆုံးသွားသူမှာ မှော်နက်နန်းတော်၏ အရေးပါသူတစ်ဦးဖြစ်ပြီး မှော်နက်အရှင်သခင်၏ တပည့်ရင်းတစ်ဦးဖြစ်သည်။ ဖန်းစွင်နှင့် သောယွီသည် သူ့ကို သတ်ပစ်ခဲ့ပေသည်။

ထို့ကြောင့် အခြေအနေသည် သေရေး၊ ရှင်‌ရေး အခြေအနေ ဖြစ်နေခြင်းပင်။

All Chapters