← Chapters

ရန်ငြိုးဟောင်းနှင့် ရန်စသစ်များ

Vol. 192 Ch. 2739

ရန်ငြိုးဟောင်းနှင့် ရန်စသစ်များ

Vol. 192 Ch. 2739

ထိုနေရာသည် အထူး ဖိအားများနေသကဲ့သို့ ထင်ရသည်။ မှောက်နက်နန်းတော်နှင့် မှောက်နက်လောကမှ ကျင့်ကြံသူများသည် ဖန်းစွင်တို့လူစုကို ဝန်းရံထားကြသည်။ သူတို့အကြားတွင် စွမ်းအားကြီး ကျင့်ကြံသူအချို့ ပါဝင်သည်။

မှော်နက်နန်းတော်မှ အမှောင်ဘုရင်ခုနစ်ပါးထဲက တစ်ပါးဖြစ်သော မီးဘုရင်လည်း ရှိနေသည်။ သူသည် ဒုတိယကပ်ဘေးအထွတ်အထိပ်အဆင့်ရှိသူဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအစွမ်းသည် ငြင်း၍မရနိုင်လောက်အောင် စွမ်းအားကြီးပေသည်။ သူ့ဘက်တွင် အခြားထိပ်သီးများလည်း ရှိပေသေးသည်။ ထို့သော် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ရင်ဆိုင်ရန် မလွယ်ကူချေ။ သူတို့၏စွမ်းအားသည်လည်း အတိုင်းအတာတစ်ခုအထိ ရှိပေသည်။ မဟုတ်လျှင် သူတို့သည် ရှုံးနိမ့်သွားလောက်ပြီဖြစ်သည်။

“ဘာဖြစ်ခဲ့တာလဲ”

ထိုအချိန်တွင် ဆိုးရွားသောလေထုအကြားရှိ ဟင်းလင်းပြင်ထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။ သူသည်လည်း မှော်နက်‌လောကမှ ထိပ်သီးတစ်ဦးဖြစ်သော နတ်မီးလျှံကလန်၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးပေပြီ။ နတ်ဘုရားကုန်းမြေထွက်ပေါ်လာသောအခါ သူသည် ဤကုန်းမြေသို့လာ၍ မှော်နက်နန်းတော်မှ ကျင့်ကြံသူများနှင့်အတူ ကျင့်ကြံခဲ့သည်။ ယခုတွင် သူသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

“စီနီယာအစ်ကိုကြီး...”

မီးဘုရင်က လှမ်းခေါ်လိုက်သည်။ မှော်နက်နန်းတော်မှ မီးဘုရင်သည် နတ်မီးလျှံကလန်မှ ဖြစ်သည်။ သူသည် မှော်နက်လောက၏ ထောက်တိုင်တစ်ခုဖြစ်သော နတ်မီးလျှံကလန်၏ ခေါင်းဆောင်၏ ညီတော်ဖြစ်သည်။ နတ်မီးလျှံကလန်သည် မီးတောက်အရှင်သခင်မှ အစပြုခဲ့သည်ဟု ဆိုကြသည်။

နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်သည် အောက်သို့ငုံ့ကြည့်လိုက်ရာ မည်သည့်ကိစ္စဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း သိသွားသည်။ သူ၏ မည်းနက်သော မျက်လုံးများသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်ခြည်းပင် သူ့ထံမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာလေသည်။ အာကာပြင်တစ်ခွင်လုံးသည် စစ်မှန်သော မီးလျှံလောကတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် အဖျက်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

နတ်မီးလျှံကလန်မှ ကလန်ခေါင်းဆောင်၏အထက် ကောင်းကင်တွင် အနက်ရောင်မီးလျှံမုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုမီးလျှံမုန်တိုင်းမှနေ၍ အောက်ဘက်ဟင်းလင်းပြင်သို့ အဆုံးမဲ့ အဖျက်ကပ်ဘေးအလင်းများ ဖြာကျသွားသည်။ ထိုအလင်းများသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားသည်။

ဖန်းစွင်၏ ရွှေမျက်လုံးများသည် မြင့်မားသော ကောင်းကင်ထက်သို့ကြည့်လိုက်၏။ ၎င်းတို့သည် ရေခဲတမျှ အေးစက်နေသည်။ သူသည် ‌လေပေါ်သို့ ပျံတက်သွားပြီး သူ့လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက် ရွှေလှံပုဆိန်ကို ကိုင်ထားလေသည်။ မဟာအင်ပါယာအဆင့်လက်နက်မှ ကြောက်မက်ဖွယ်အလင်း ဖြာထွက်နေပြီး သူ့ခန္ဓာကိုယ်မှနေ၍ နတ်ရောင်ဝါ ဖြာထွက်နေ၏။ မုန်တိုင်းအတွင်းရှိ ကပ်ဘေးအလင်းသည် သူ့အနီးသို့ ကပ်မလာနိုင်ဘဲ ဖျက်ဆီးခံလိုက်ရ၏။

ဟင်း...

အေးစက်စက် နှာမှုတ်သံတစ်သံကို ကြားလိုက်ရ၏။ နတ်ဘုရားတစ်ဝက်အဆင့်ရှိသော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ် ကောင်းပေသည်။ အမှောင်ထု ကျဆင်းလာသဖြင့် ကျယ်ပြောသော အာကာပြင်သည် မှေးမှိန်သွားသည်။ အဖျက်နတ်အလင်းသည် အကန့်အသတ်မဲ့ အာကာပြင်ကို ဝန်းရံသွားပြီး အာကာပြင်သည် မီးလျှံလောကတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုအနက်ရောင်မုန်တိုင်းကြီးမှနေ၍ မှော်နက်မီးတောက်လှံတစ်ချောင်း ထွက်ပေါ်လာ၏။ ၎င်းသည် အဆုံးစွန်အဖျက်စွမ်းအားကို သယ်ဆောင်လာပြီး ရုတ်ခြည်း ဟင်းလင်းပြင်ကို ဖြတ်ကာ ဖန်းစွင်၏ မဟာအင်ပါယာအဆင့်လက်နက်ကို ရိုက်ချလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံနှင့်အတူ ပတ်ဝန်းကျင်မှ အာကာပြင်သည် ပျက်စီးတော့မလို ဖြစ်သွားပြီး အနန္တကပ်ဘေးအလင်း ထွက်ပေါ်လာလေသည်။

ဝုန်း...

ဖန်းစွင်၏လက်ထဲရှိ မဟာအင်ပါယာအဆင့်လက်နက်သည် အဝေးသို့ လွင့်သွားသည်။ သူ၏ခန္ဓာကိုယ်သည် မြေပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားပြီး မြေကြီးအတွင်းသို့ နစ်ဝင်သွားသည်။ သူ့ခြေထောက်အောက်ရှိ မြေကြီးသည် ကြေမွသွားပြီး သူ့ခန္ဓာကိုယ်ကို ဝန်းရံနေသောအလင်းသည်လည်း ပျောက်ကွယ်သွားသည်။ မဟာအင်ပါယာအဆင့်လက်နက်နှင့်ပင် အမှန်တကယ် နတ်ဘုရားတစ်ဝက်အဆင့်တွင် ရှိသူတစ်ယောက်ကို မယှဉ်နိုင်သေးပေ။

ခပ်အုပ်အုပ် ညည်းတွားသံတစ်သံနှင့်အတူ ဖန်းစွင်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။ သူသည် ထိုနေရာတွင်ပင် အသတ်ခံလိုက်ရတော့မလို ထင်ရသည်။ သို့သော် ထိုအခိုက်တွင် ဧရာမနတ်ငှက်ကြီးတစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏အတောင်များကို ဖြန့်ကာ မုန်တိုင်းအတွင်းသို့ ဝင်လိုက်ပြီး ဟင်းလင်းပြင်ထက်မှ ကျဆင်းလာသော အဖျက်အလင်းကို ကာလိုက်သည်။ ၎င်းသည် ကာရူရာနတ်ငှက်ဖြစ်ပေသည်။

“ဒီမွန်းအရှင်ရဲ့ နတ်ခန္ဓာ”

အားလုံးသည် အံ့အားသင့်သော မျက်နှာထားများဖြင့် ထိုနေရာသို့ ငေးကြည့်နေကြသည်။ ၎င်းကို သိမ်းငှက်နက်က ထိန်းချုပ်နေကြောင်း သူတို့ မြင်လိုက်သည်။ မှော်နက်နန်းတော်မှ ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များ လက်သွားသည်။ စီဝေ့အင်ပါယာနန်းတော်မှ ထိုကျင့်ကြံသူများတွင် ရတနာ အများအပြားရှိကြသည်ဟု သူတို့တွေးလိုက်သည်။ သို့သော် ထိုလူများသည် စီဝေ့အင်ပါယာနန်းတော်၏ အရေးပါသူများဖြစ်နိုင်သည်ဟု သူတို့ သုံးသပ်လိုက်၏။ တစ်ဘက်တွင်လည်း မှော်နက်နန်းတော်ရှိ ရတနာများသည် လုံလုံလောက်လောက် မပေါ်များသဖြင့် လူတိုင်း မရနိုင်ပေ။

“မင်းတို့ ပြန်လာခဲ့”

နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်က မှော်နက်လောကမှ ကျင့်ကြံသူများကို ပြောလိုက်၏။ ရုတ်ခြည်းပင် အားလုံးသည် ပြောလိုက်သလိုပင် ပြန်ဆုတ်သွားကြသည်။ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး မီးလျှံစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုစက်ကွင်းအတွင်း၌ အဖျက်စွမ်းအားသာ ရှိလေသည်။

“မင်းတို့က ငါ အဲဒါကို ထုတ်သုံးအောင် လုပ်ခဲ့တာပဲ”

နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်သည် အောက်ဘက်ရှိ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ကြည့်သည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ဝိညာဉ်ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် မီးလျှံကို အုပ်စိုးသော ဆရာသခင်ဟု ထင်ရသည်။ သူ့လက်ထဲရှိ မီးတောက်လှံသည် ပြင်းထန်သောအားတစ်ခုဖြင့် ကျဆင်းလာပြီး ရုတ်တရက် ပတ်ဝန်းကျင်တွင် အဖျက်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသည်။ ထိုအဖျက်မုန်တိုင်းထဲရှိ နေရာအနှံ့တွင် မီးတောက်လှံများ ထွက်ပေါ်လာ၏။ ထိုတိုက်ခိုက်မှုအောက်တွင် အရာအားလုံးသည် ဖျက်ဆီးခံရတော့မည်ဟု ထင်ရသည်။

ရွှီး...

သိမ်းငှက်လေး၏ ဝိညာဉ်စွမ်းအားသည် ကာရူရာ၏ နတ်ခန္ဓာကို ထိန်းချုပ်ထားပြီး ၎င်း၏ အတောင်များကိုဖြန့်စေလိုက်ကာ ကျယ်ပြောသော အာကာပြင်ကို ကာလိုက်ပြီး အောက်ဘက်ရှိ လူအားလုံးကို ကာကွယ်ပေးလိုက်သည်။

ရုတ်ခြည်းအတွင်းမှာပင် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ အဆက်မပြတ် ကျဆင်းလာသည်။ ၎င်းတိုက်ခိုက်မှုတိုင်းသည် ကာရူရာ၏ ဧရာမခန္ဓာကိုယ်ကြီးကို ထိမှန်သွားကြသည်။ အောက်ဘက်တွင် သိမ်းငှက်လေးသည် သွေးအန်သွားပြီး သူ၏ဝိညာဉ်စွမ်းအားသည်လည်း အပြင်းအထန်ဒဏ်ရာရသွားသည်။ ပျက်စီးမှု အရိပ်လက္ခဏာ ခပ်ရေးရေးပင် ရှိနေသည်။

“သိမ်းငှက်လေး...”

ဖန်းစွင်နှင့် အခြားသူများသည် မယုံနိုင်သော မျက်နှာထားများဖြင့် သိမ်းငှက်လေးကို ကြည့်ကာ ပြောလိုက်၏။

“အဲဒီကနေ ဖယ်လိုက်”

“ဘာမှမဖြစ်ပါဘူး... ငါ ‌အဲဒါကို တောင့်ခံနိုင်ပါတယ်”

သိမ်းငှက်လေး၏ ပါးစပ်အစွန်းမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ သို့သော် သူသည် အတော်လေး ခေါင်းမာစွာ ပြန်ပြောလိုက်၏။ ဖန်းစွင်တို့လူစုသည် ဆရာ့၏ တပည့်များဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူ၏လက်အောက်ငယ်သာများပင် ဖြစ်သည်။ သူသည် သူတို့၏အကြီးအကဲတစ်ဦးအနေဖြင့် သူတို့ကို အန္တရာယ်မှ မည်သို့ မကာကွယ်ပေးနိုင်ဘဲ နေနိုင်မည်နည်း။ သူသည် ထိုသို့လုပ်လိုက်လျှင် ဆရာ့ကို မည်သို့ ရှင်းပြရမည်နည်း။

နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်သည် အောက်ဘက် မြေပြင်ကို ဝေ့ဝဲကြည့်သည်။ သူ၏မျက်လုံးများသည် အဆုံးစွန်အေးစက်နေပြီး ထီမထင်ဟန် ရှိနေသည်။ သူ့ကိုယ်တွင်းမှနေ၍ သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခုလည်း တဟုန်းဟုန်း ထွက်နေ၏။ သူ့အနောက်တွင် နတ်မီးလျှံကလန်မှ ကျင့်ကြံသူများစွာ ရှိပေသည်။ သူတို့ထဲမှ လူငယ်တစ်ဦးသည် အေးစက်စက် ကြည့်နေသည်။ တစ်ချိန်တုန်းက သူသည် ဒေသကိုးခုတွင် စိတ်ရှိသလို သတ်ဖြတ်ခဲ့သဖြင့် ရီဖူရှင်းက သူ့ကို ခြိမ်းခြောက်ခဲ့သည်။

“သတ်...”

နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်က အမိန့်ပေးလိုက်၏။ သို့သော် ရုတ်ခြည်းဆိုသလိုပင် ကြောက်မက်ဖွယ် နတ်အလင်းတစ်ခုသည် အဝေးမှနေ၍ ဤဘက်သို့ ပျံဝင်လာလေသည်။ ၎င်းအလင်းသည် အလွန်တောက်ပနေသည်။ အာကာပြင်ကို စွမ်းအားကြီး ဝိညာဉ်စွမ်းအားတစ်ခုက လွှမ်းခြုံသွားပြီး မှော်နက်လောကမှ ကျင့်ကြံသူများကို ထင်ထင်ရှားရှား ခြိမ်းခြောက်လိုက်သည်။

“အဲဒါက ဓားချီဓာတ်ပဲ”

ထိုကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားလိုက်ရသူတိုင်းသည် အလွန်အမင်း ရင်တုန်သွားကြသည်။ ထို့နောက်တွင် ကောင်းကင်ထက်မှနေ၍ နတ်ဓားတစ်ချောင်း ကျဆင်းလာပြီး မီးလျှံအာကာပြင်ကို တိုက်ရိုက် ထိမှန်သွားသည်။ ပြင်းထန်သော ပေါက်ကွဲသံများကို အဆက်မပြတ် ကြားလိုက်ရ၏။ ပေါက်ကွဲမှုအဟုန်များသည် အာကာပြင်ထက်တွင် အက်ကြောင်းများ ပေါ်လာစေ၏။ ထို့နောက်တွင် မီးလျှံစက်ကွင်း ကွဲအက်ပျက်စီးသွားသည်။ ယခုတွင် နတ်ဓားသည် နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်ကိုသတ်ရန် ချိန်ရွယ်ထားပေပြီ။

သူ့ဘက်ထဲတွင် ကြောက်မက်ဖွယ် မှော်နက်လှံတစ်ချောင်း ထွက်ပေါ်လာပြီး ချက်ချင်းပင် လှံကို ပစ်လွှတ်လိုက်သည်။ ၎င်းသည် နတ်ဓားနှင့် ထိခတ်သွားသည်။ ရုတ်တရက် ထိုကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားသည် ပျောက်ကွယ်သွား၏။ သို့သော် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်မှနေ၍ အောက်ဘက်သို့ လျင်မြန်စွာ ကျဆင်းလာသည်။

အဝေးတစ်နေရာမှနေ၍ အတုမဲ့ဓားအလင်းသည် မကောင်းသောရည်ရွယ်ချက်ဖြင့် ရုတ်ခြည်း ရောက်ရှိလာသည်။ ထိပ်သီးကျင့်ကြံသူတစ်ဦးသည် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲထားသကဲ့သို့ပင်။ ထိုကျင့်ကြံသူသည် ဓားဧကရာဇ်အရှင်ဖြစ်လေသည်။ သူသည် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲ၍ အာကာပြင်ကို ဖြတ်သန်းလာခဲ့ခြင်းဖြစ်သည်။ သူသည် သူ့လက်ထဲရှိ နတ်ဓားကို ထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်းပင် ထိုက်ရှန်းဓား ထွက်ပေါ်လာ၏။ ၎င်းထံမှ တောက်ပနေသော နတ်အလင်းသည် မျက်စိကျိန်းလောက်ဖွယ်ပင်။

နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင် ကိုင်ထားသော မီးတောက်လှံသည် ရှေ့သို့ ထိုးထွက်သွားပြီး နတ်ဓားနှင့် ထိခတ်သွားသည်။ ရုတ်တရက် ဓားဝိညာဉ်စွမ်းအားနှင့် အဖျက်လှံတို့သည် ထိုအာကာပြင်ထဲတွင် အထိန်းအကွပ်မရှိ ပျံသန်းသွားကြလေသည်။ ၎င်းတို့ပတ်ပတ်လည်ရှိ အရာအားလုံးသည် အလုံးစုံပျက်စီးတော့မလိုပင် ထင်ရသည်။

“နောက်ဆုတ်ကြ...”

ကျင့်ကြံသူများစွာသည် အသည်းအသန် နောက်ဆုတ်လိုက်ကြသည်။ အခြားကျင့်ကြံသူများသည် ထကြွသောင်းကျန်းနေသော မုန်တိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ရုတ်ခြည်း အသတ်ခံလိုက်ရ၏။

ဝုန်း...

တိုက်ခိုက်မှုသည် နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်၏ တွန်းထုတ်မှုကို ခံလိုက်ရ၏။ သူ့လက်ထဲရှိ မီးတောက်လှံသည် အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ ထိုလှံသည်လည်း မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ဖြစ်နေသည်။

“မင်းက နတ်မီးလျှံကလန်ရဲ့ ကလန်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့ ဂျူနီယာတွေကို အနိုင်ကျင့်နေတာ မရှက်ဘူးလား”

ဓားဧကရာဇ်အရှင်၏ အဝတ်များသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး သူ၏မျက်လုံးများသည် ထက်ရှသောဓားများကဲ့သို့ ကလန်ခေါင်းဆောင်ကို ကြည့်နေလေသည်။

သူတို့နှစ်ယောက်သည် ကောင်းကင်ဒေသနှင့် မှော်နက်လောကမှ ထိပ်သီးများဖြစ်ကြသည်။ သို့သော် ဓားဧကရာဇ်အရှင်သည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး နတ်ဘုရားတစ်ဝက်စာရင်းသို့ ဝင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်မှာမူ ဤကုန်းမြေသို့ရောက်ခါမှသာ အဆင့်တက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဓားဧကရာဇ်အရှင်၏ ကျင့်ကြံခြင်းအဆင့်သည် ပို၍နက်ရှိုင်းကာ ပို၍မြင့်ပေသည်။

ဓားဧကရာဇ်အရှင်နောက်တွင် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ဤနေရာသို့ အပြေးအလွှား ရောက်လာကြသည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူ အများအပြားသည် ဖန်းစွင်တို့လူစု ပြဿနာတက်နေကြောင်း သိသိချင်း ဖန်းစွင်တို့ကို ကူညီပေးရန် ထွက်လာခဲ့ကြခြင်းပင်။ သူတို့သည် ကောင်းကင်ထက်မှ ဆင်းသက်လာကြ၏။

ကာရူရာ၏ နတ်ခန္ဓာ ပျောက်ကွယ်သွားပြီး သိမ်းငှက်လေးသည် အနည်းငယ် ပင်ပန်း၍ ကျန်ခဲ့လေသည်။ သူသည် မှော်နက်လောကမှ ကျင့်ကြံသူများကိုကြည့်၍ အေးစက်စက် ပြောလိုက်၏။

“ဒီနေ့ ငါ အမှိုက်တွေကို ရှင်းပစ်မယ်”

“ဘာတွေ ဖြစ်နေတာလဲ”

အဘိုးမာရောက်လာသောအခါ သူသည် ဖန်းစွင်နှင့် အခြားသူများကို မေးလိုက်သည်။ သူတို့အားလုံးသည် ရီဖူရှင်းနှင့် ရီချင်းယောင်တို့အကြားမှ ဆက်ဆံရေးကို သိပေသည်။ ယခုသည် ရီအင်ပါယာနန်းတော်အနေဖြင့် ရန်သူမွေးရန် အချိန်ကောင်း မဟုတ်‌သေးပေ။ ထို့ကြောင့် သူတို့သည် မှော်နက်လောကနှင့် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်၍မရချေ။

“သူတို့က ကျုပ်တို့ရဲ့ မဟာအင်ပါယာအဆင့်လက်နက်တွေကို လုချင်လို့ ကျုပ်တို့ကို တိုက်ခိုက်ခဲ့တာ။ သောယွီနဲ့ ကျုပ်နဲ့ အဲဒီတိုက်ပွဲထဲမှာ လူနည်းနည်း သတ်လိုက်တယ်”

ဖန်းစွင် ပြန်ဖြေလိုက်သည်။ ထို့ကြောင့် အဘိုးမာ မျက်မှောင်ကြုတ်သွားသည်။ မှော်နက်လောကမှ ကျင့်ကြံသူများသည် တိုက်ခိုက်မှုကို စခဲ့သူများဖြစ်သည်။ သူတို့သည် ဖန်းစွင်တို့ထံမှ မဟာအင်ပါယာအဆင့်လက်နက်များကို လုယူလိုခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုသည် အငြိုးအတေးများမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး စီဝေ့အင်ပါယာနန်းတော်ကို စစ်ကြေညာလိုက်သကဲ့သို့ပင်။ ဖန်းစွင်၏ တုံ့ပြန်မှုမှာ သဘာဝကျပေသည်။ သူ ထိုစတင်တိုက်ခိုက်သူအချို့ကို သတ်ခဲ့ခြင်းမှာ အံ့ဩဖွယ်မရှိပေ။

“မင်းတို့ သတ်လိုက်တဲ့သူက ဘယ်သူလဲဆိုတာ မင်းတို့သိလား”

မီးဘုရင်က အေးစက်စက် ပြောလိုက်၏။ ထို့နောက် သူသည် ဓားဧကရာဇ်အရှင်နှင့် အခြားသူများကို ကြည့်လိုက်ပြီး ဖန်းစွင်တို့ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။

“အဲဒီကောင်တွေ သေရမယ်”

အဝေးတွင် ကြောက်မက်ဖွယ်အရှိန်အဝါများသည် သူတို့ထံသို့ ဆက်လာနေကြသည်။ မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် ဤနေရာသို့ ရောက်ရှိလာကြပေပြီ။ သူတို့ထဲတွင် မှော်နက်သူတော်စင် ဟွာယွင်ထင်လည်း ပါလာသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။

“သူတော်စင်...”

လူများစွာသည် သူ့ကို ဦးညွှတ် အရိုအသေးပေးလိုက်သည်။ မှော်နက်နန်းတော်တွင် ဟွာယွင်ထင်၏ အဆင့်အတန်းသည် လွန်စွာမြင့်မားပြီး ဘုရင်ခုနစ်ပါးအထက်တွင် ရှိကာ နတ်ဆိုးအင်ပါယာ၏ နတ်ဆိုးသူတော်စင်နှင့် အဆင့်တူပေသည်။

ဟွာယွင်ထင်သည် အောက်ဘက် မြေပေါ်ရှိ အလောင်းကို ကြည့်သည်။ သူသည် ကျေနပ်ပုံ မပေါ်ချေ။ သူသည် အစောကပင် သူတို့အကြားမှ စကားများကို ကြားခဲ့ပြီးဖြစ်သည်။

စီဝေ့အင်ပါယာနန်းတော်သည် သာမန်အင်အားစုတစ်စု မဟုတ်ကြောင်း သူသိ၏။ မှော်နက်လောကသည် မဟာအင်ပါယာအဆင့် အင်အားစုတစ်စုဖြစ်သဖြင့် စီဝေ့အင်ပါယာနန်း‌တော်ကို မကြောက်ပေ။ သို့သော် သူတို့နှင့် ရန်ဘက်ဖြစ်ရန်လည်း မလိုပေ။ အထူးသဖြင့် ရီဖူရှင်းနှင့် ကောင်းကင်ဒေသတို့သည် ဆန့်ကျင်ဘက်များ ဖြစ်နေချိန်၌ သူတို့သည် စီဝေ့အင်ပါယာနန်းတော်ကို သူတို့၏ မဟာမိတ်အနေဖြင့် အသုံးချနိုင်ပေသည်။

ရီဖူရှင်း၏ပါရမီသည် ထူးကဲပေသည်။ သူသည် မဟာအင်ပါယာအဆင့်သို့ ရောက်နိုင်ရန် အကောင်းဆုံးအခွင့်အရေးရှိသည်။ အနာဂတ်တွင် သူသည် အရှင်ဒွန်ဟောင်ကိုပင် ခြိမ်းခြောက်လာနိုင်သည်။ ထို့ကြောင့် သူနှင့် ရန်ဘက်ဖြစ်ရန် မလိုပေ။

ပို၍အရေးကြီးသည်မှာ ရီချင်းယောင်နှင့် ရီဖူရှင်းတို့သည် အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ သို့ဖြစ်၍ သူ့အမြင်တွင် ရီဖူရှင်းသည် အင်ပါယာအဆင့်သို့ ရောက်နိုင်မည့် လမ်းပေါ်တွင် လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး သူ့ကို တားဆီးရန် မလိုဟု မြင်သည်။

သို့သော် ယခုတွင် ထိုကဲ့သို့သော ပြင်းထန်သည့်ပဋိပက္ခတစ်ခု ဖြစ်ပေါ်လာလေသည်။

သူသည် အလောင်းကို တစ်ချက်ကြည့်၍ ဤကိစ္စသည် အဆုံးသတ်ကောင်းမည်မဟုတ်ဟု တွေးလိုက်သည်။

ထိုအချိန်တွင် ထိုအာကာပြင်ထဲတွင် မည်သူမှ သတိမထားမိလိုက်ဘဲ လူတစ်ယောက် ထွက်ပေါ်လာ၏။ သူသည် လေထဲတွင် ဖြတ်ခနဲ ပေါ်လာခြင်းပင်။

“ရီဖူရှင်း...”

လူများစွာ၏ မျက်လုံးများသည် ရုတ်ခြည်း စူးရှသွားသည်။ သူတို့သည် ထွက်ပေါ်လာသော ငွေဖြူရောင်ဆံပင်နှင့် လူငယ်ကို အာရုံစိုက်ကြည့်နေကြသည်။ သူသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို သိပြီးသည့်ပုံပင်။ သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းသုံး၍ ဤနေရာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ရီဖူရှင်းသည် သိမ်းငှက်လေးမှတဆင့် ဤနေရာတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို သိရှိခဲ့ပြီးဖြစ်သည်။ မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် မဟာအင်ပါယာအဆင့်လက်နက်များကို လုယူရန် ကြံရွယ်၍ ဖန်းစွင်တို့လူစုကို အရင်စ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ဖန်းစွင်သည် ထိုသူများကို ပြန်တိုက်ခိုက်ခဲ့ရခြင်းပင်။ သူ့ဘက်က အနည်းငယ် စိတ်လိုက်မာန်ပါ ဖြစ်သွားသော်လည်း တစ်ဘက်ကသာ စတိုက်ခိုက်ခဲ့သည့်အတွက် တာဝန်ရှိပေသည်။ ထို့ကြောင့် သူတို့ဘက်က ပြန်ခုခံတိုက်ခိုက်ခြင်းသာဖြစ်၍ အမှန်တရားဘက်တွင် ရှိနေလေသည်။

“ရီဖူရှင်း...”

မှော်နက်သူတော်စင်က သူ့ကို ပြောလိုက်၏။

“မင်း ဒီကိစ္စကို ဘယ်လို လုပ်ချင်လဲ”

ဤကိစ္စသည် အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်လာပေပြီ။

“ခင်ဗျားတို့ဘက်က တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးမှတော့ ရလဒ်ကို အင်အားကပဲ ဆုံးဖြတ်ပေးမှာပေါ့... တခြား ဘာလုပ်စရာ ရှိသေးလို့လဲ”

ရီဖူရှင်းသည် နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင် ဦးဆောင်လာသော လူအုပ်ကိုကြည့်ကာ ပြောလိုက်၏။

“တိုက်ခိုက်ခဲ့တာ ခင်ဗျားတို့လား...”

သူသည် စကားပြောရင်း နတ်မီးလျှံကလန်မှ ကျင့်ကြံသူများကို စိုက်ကြည့်နေသည်။ သူသည် ထိုလူအုပ်ကြားမှ လူငယ်ကို မြင်သောအခါ မဟာလမ်းစဉ်၏ ဒေသ(၃၀၀၀)တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို မှတ်မိသွားသည်။ ထိုစဉ်က နတ်မီးလျှံကလန်သည် မဟာလမ်းစဉ်၏ ဒေသ(၃၀၀၀)ကို ကျူးကျော် တိုက်ခိုက်ခဲ့သည်။ သို့သော် ထိုလူငယ်၏ ကျောထောက်နောက်ခံကြောင့် ရီဖူရှင်းသည် သူ့ကို မည်သို့မှ မလုပ်နိုင်ခဲ့ပေ။ ထိုကတည်းက ရီဖူရှင်းသည် အခွင့်အရေးရလျှင် ထိုလူငယ်ကို သတ်ပစ်မည်ဟု ကတိထားခဲ့သည်။ သို့သော် လောကကြီးအတွင်းရှိ အဆက်မပြတ်ပြောင်းလဲမှုများကြောင့် သူသည် ထိုသို့ လုပ်ရန် အခွင့်အရေးတစ်ကြိမ်မှ မရခဲ့ပေ။

ယခုတွင်မူ မမျှော်လင့်ထားဘဲ နတ်မီးလျှံကလန်သည် သူ့ကို ထပ်မံ ရန်စခဲ့ပြီဖြစ်သည်။

All Chapters