အရုဏ်ဦးအင်မော်တယ်၏ကိုယ်ပွား
Vol. 53 Ch. 741
သွေးမိစ္ဆာမဟာမှော်သိုင်းတွင် စုစုပေါင်း အဆင့်ခြောက်ဆင့်၊ အလွှာသုံးလွှာရှိသည်။
ချီနှင့်သွေးအလွှာ ၊ စိတ်ဝိညာဉ်အကြောများအလွှာ ၊ သွေးဝိညာဉ်အလွှာ။
အလွှာသုံးလွှာက အပြင်အားကိုယ်၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်ကို အသီးသီး သန်မာစေသည်။
ပထမအလွှာက ကျင့်ကြံသူများ၏ အပြင်အားကိုယ်ကို ကောင်းကင်နှင့်မြေကြီးအား တုန်ခါသွားစေနိုင်လောက်အောင် အကန့်အသတ်မဲ့ သန်မာသည်အထိ ကျင့်ပေးသည်။ ဒုတိယအလွှာက ပို၍ပင်အစွမ်းထက်သည်။ အခြားသူများ၏ ကျင့်ကြံခြင်းအခြေခံကို စုပ်ယူခြင်းဖြင့် မိမိ၏ကျင့်ကြံခြင်းအခြေခံကို ယာယီတိုးတက်သွားစေနိုင်၏။
အကန့်အသတ်များကို ကျော်လွန်ပြီး အထွတ်အထိပ်စွမ်းအားကို ယာယီ ရရှိနိုင်လိမ့်မည်။
တတိယအလွှာ၊ သွေးဝိညာဉ်မှာမူ မန်ဟိုအနေဖြင့် အသေးစိတ်မသိပေ။ သွေးမိစ္ဆာမဟာမှော်သိုင်း၏ ဖော်ပြချက်များအရ တတိယအလွှာသည် ဝိညာဉ်နှင့် နတ်ဘုရားစိတ်ဆန္ဒဖြင့် တစ်ခုခုဆက်နွှယ်သယောင်ပင်။
သူ သိသည်ကတော့ သွေးမိစ္ဆာမဟာမှော်သိုင်း၏ တတိယမြောက်အလွှာတွင် ထူးခြားသောနာမည်ရှိသည်ကိုသာ ဖြစ်၏။
၎င်းသည် နတ်ဘုရားစိတ်ဆန္ဒကို ကိုယ်ပွားများအဖြစ် ဖန်တီးနိုင်ပြီး အတွေးတစ်ချက်တည်းဖြင့် အင်မော်တယ်များကို ရက်ရက်စက်စက် သတ်ဖြတ်နိုင်လေသည်။
ထစ်ချုန်းသံများ မန်ဟို၏ကိုယ်ထဲတွင် ပြည့်နှက်သွားသည်။ ဖရိုဖရဲ ဖြစ်နေသော စစ်မြေပြင်ကို လှမ်းကြည့်လိုက်စဉ် သူ၏စွမ်းအင်သည် တဟုန်းထိုး မြင့်တက်သွားပြီး သူ၏မျက်လုံးများမှ ထူးဆန်းသောအလင်းရောင်ကို ထုတ်လွှတ်လိုက်ရာ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်မှာ ရင်တုန်သွား၏။ လီမျိုးနွယ်ခေါင်းဆောင်ကြီးငါး၏ သူငယ်အိမ်များ ကျုံ့သွားပြီး ယီးကျန်ဂိုဏ်း တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့် ကျင့်ကြံသူမှာမူ ရွှေရောင်ဝဲတွင် ပိတ်မိနေသဖြင့် ပျာယာခတ်နေပြီး အန္တရာယ်ကို အာရုံရနေတော့သည်။
မန်ဟိုက လက်ကို ဖြေးညင်းစွာ မြှောက်၍ ထိုလူအား လက်ညှိုးထိုးလိုက်လေသည်။
"သေဆုံးစေ" သူက ပြောသည်။
တုံ့ပြန်သည့်အနေဖြင့် ဝဲသည် ပို၍လျင်မြန်စွာ လည်လာရင်း မြေပြင်ထက်မှ ကောင်းကင်ယံအထိ ဆန့်တန်းနေသော လေဆင်နှာမောင်းကြီးတစ်လုံး ဖြစ်လာလေသည်။ အဝေးမှကြည့်လျှင် ၎င်းမှာ အဆုံးစွန်အထိ ရင်သပ်ရှုမောစရာကောင်းပြီး သွေးမိစ္ဆာဂိုဏ်းသားများနှင့် တပ်ဖွဲ့လေးဖွဲ့မှ ကျင့်ကြံသူများအပါအဝင် စစ်မြေပြင်အပေါ်ရှိ လူတိုင်းမှာ အံ့ဩကုန်ကြ၏။
ယီးကျန့်ဂိုဏ်း တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူအား ထိုလေဆင်နှာမောင်းထဲတွင် မမြင်ရတော့ပေ။ တဟူးဟူးတိုက်နေသော လေများအတွင်းမှ ဆောက်တည်မဲ့နေသော အော်သံတစ်သံကိုသာ ကြားလိုက်ရ၏။ ချီသွေးအမြောက်အမြားက သွေးမြူများအသွင်ပြောင်းရင်း လေဆင်နှာမောင်းမှတစ်ဆင့် မန်ဟို့ထံသို့ စီးဝင်လာနေသည်။
ဤအခိုက်အတန့်တွင် မန်ဟို၏အပြင်အားကိုယ်မှာ တာအိုရှာဖွေခြင်းအဆင့်သို့ ရောက်နေခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းအခြေခံစွမ်းအားတစ်ပုံတခေါင်းက လေဆင်နှာမောင်းကြီးမှတစ်ဆင့် မန်ဟို့ဆီ တဝေါဝေါ ပြေးဝင်၍ သူ၏ကျင့်ကြံခြင်းအခြေခံကို တတိယခွဲထွက်ခြင်းအဆင့်သို့ တွန်းပို့ပေးလိုက်သည်။
လေဆင်နှာမောင်းအထဲတွင်တော့ ယီးကျန့်ဂိုဏ်း တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူမှာ ဖော်ပြ၍မတတ်နိုင်အောင် နာကျင်နေ၏။ သူ့အပြင်အားကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာနေပြီး သူသည် မျက်စိတစ်မှိတ်အတွင်း အသက်ရှင်နေသေးသော အလောင်းဘဝရောက်သွားတော့သည်။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ်မှ ထွက်လာသော ထိတ်လန့်ဖွယ်အရှိန်အဝါအား စစ်မြေပြင်အပေါ်ရှိ လူတိုင်း ခံစားလိုက်ကြရ၏။
အရှိန်အဝါကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းမဟုတ် .... တာအိုရှာဖွေခြင်းပင်။
နောက်ဆုံးတော့ ရွှေရောင်ဝဲသည် မှေးမှိန်ပျောက်ကွယ်သွားကာ ယီးကျန့်ဂိုဏ်းကျင့်ကြံသူကို ဖော်ပြလိုက်သည်။ သူ့မှာ အရိုးပေါ် အရေတင်နေပြီး မည်သည့်ကျင့်ကြံခြင်းအခြေခံမှ မရှိတော့ပေ။ သူ၏အသက်စွမ်းအားမှာလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ သူကား အရာအားလုံး ဆုံးရှုံးလိုက်ရလေပြီ။
သူ့မှာ သေမျိုးတစ်ဦးသာသာ အားနည်းနေပြီး သိုလှောင်အိတ်ထဲမှ မှော်ပစ္စည်းလေးတစ်ခုပင် မထုတ်နိုင်ပေ။ သူ၏ အနုသုခုမနတ်ခန္ဓာပင်လျှင် လုံးဝ ခြောက်သွေ့သွားခဲ့၏။
ထိတ်လန့်အံ့ဩမှုက သူ၏မျက်လုံးများတွင် ပြည့်နေသည်။ အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၍ သူ့မှာ ယုံပင်မယုံနိုင်ပေ။ ဝဲကြီး ပျောက်ကွယ်သွားသည်နှင့် မန်ဟိုက အဘိုးကြီး၏ အရှေ့တည့်တည့်တွင် ပေါ်လာသည်။ ထို့နောက် သူက အဘိုးကြီး၏ငယ်ထိပ်ထံ လှမ်း၍ ဖိချလိုက်၏။
သိန်းချီသော ကျင့်ကြံသူများမှာ အံ့ဩမှု ၊ ကြောက်ရွံ့မှု ၊ မယုံနိုင်မှုတို့ဖြင့် ကြည့်နေကြသည်။
ဖောင်း
ယီးကျန့်ဂိုဏ်း တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူ ပေါက်ကွဲသွားသဖြင့် သွေးသားအတုံးအတစ်များသည် မိုးရွာသလို အရပ်လေးမျက်နှာသို့ ပြန့်ကြဲသွားပြီးနောက် .... လေသယ်ရာပါသွားသော ပြာများဖြစ်သွားတော့သည်။
စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွား၏။
ခြောက်သွေ့နေသော အနုသုခုမနတ်ခန္ဓာသာ ကြောင်တောင်တောင်ဖြစ်နေသော ပုံစံဖြင့် ကျန်ခဲ့လေသည်။ ၎င်းက ထွက်ပြေးဖို့ ကြိုးစားသော်လည်း သိပ်ဝေးဝေးမရောက်ခင် မန်ဟို၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်တို့ ဖြစ်ပေါ်လာ၏။ သူက ညာလက်ကို မြှောက်လိုက်ရာ တံခွန်သုံးခုအလံပေါ်လာလေသည်။ ၎င်းက ပတ်ဝန်းကျင်ကို မှောင်ရိပ်လွှမ်းသွားစေရင်း ဆန့်ထွက်ကာ ခြောက်သွေ့နေသောအနုသုခုမနတ်ခန္ဓာကို ရစ်ပတ်လိုက်သည်။ ထို့နောက် အနုသုခုမနတ်ခန္ဓာကို အလံဖြင့် ချုပ်နှောင်ရင်း မန်ဟို့ဆီ ဆောင့်ဆွဲလိုက်၏။
တိတ်ဆိတ်မှုက ကြီးစိုးနေသည် ...
ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်မှာ ပင့်သက်ရှိုက်၍ နောက်ဆုတ်လိုက်သည်။ ကျင်းဟန်ဂိုဏ်းကျင့်ကြံသူများလည်း အံ့ဩမယုံကြည်နိုင်ဖြစ်နေကြ၏။ အစွမ်းထက်သော တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့် ကျင့်ကြံသူမှာ သူတို့၏မျက်စိရှေ့မှာတင် အသတ်ခံလိုက်ရလေပြီ။
လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးမှာ မျက်လုံးပြူးနေသည်။
တိတ်ဆိတ်မှုမှာ အချိန်အနည်းငယ်သာ ခံလိုက်ပြီး ထို့နောက်တွင် စကားသံများ ဝုန်းခနဲ ပေါက်ကွဲထွက်လာတော့သည်။
"တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်...."
"သေပြီတဲ့လား"
"ယီးကျန့်ဂိုဏ်းရဲ့ အစွမ်းထက်ခေါင်းဆောင်ကြီးတစ်ဦး အခုတင်ပဲ သေသွားပြီ"
သူတို့တစ်ယောက်မှ မျက်ဝါးထင်ထင် မြင်လိုက်ရသောအရာကို မယုံရဲကြပေ။
သူတို့သည် အံ့ဩလွန်း၍ မူးဝေနေကြသည့်အချိန်မှာပင် မန်ဟိုကို လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် ရပ်နေသော သူ၏ပုံရိပ်မှာ သူတို့အသက်ရှင်သမျှ ကာလတစ်လျှောက်လုံး ဘယ်တော့မှ မေ့ဖျောက်မရမည့်အရာ ဖြစ်လာခဲ့သည်။
သွေးမိစ္ဆာဂိုဏ်းသားများမှာတော့ စိတ်လှုပ်ရှားတုန်ရီနေကြပြီး မန်ဟို့ကို တစ်ခဲနက် တိုင်တည်လိုက်ကြ၏။
"သွေးမင်းသား"
"သွေးမင်းသား"
"သွေးမင်းသားးးးး" အသံကြီးက စစ်မြေပြင်ကို လွှမ်းခြုံကာ အရာအားလုံးကို တုန်ခါသွားစေသည့် ပဲ့တင်သံများဖြစ်လာသည်။
တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်ခြင်းက သွေးမိစ္ဆာဂိုဏ်းသားများကို ပို၍ပင် အားမာန်တက်ကြွသွားစေသည်။ မန်ဟိုက ခေါင်းမော့လိုက်သည်။ ယခု သူသည် သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၄) ကို ကိုင်စွဲနိုင်ပြီဖြစ်၍ ရန်သူထောင်ပေါင်းများစွာကို တန်ပြန်တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိသွားလေပြီ။
သူက ရှေ့တက်လိုက်ပြီးနောက် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးထံသို့ ဝုန်းဒိုင်းကြဲ ပြေးဝင်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားသည်။
လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးမှာ မျက်စိမျက်နှာပျက်သွားသည်။ သူသည် မန်ဟို့အနားမကပ်ရဲ၍ ချက်ချင်း နောက်ဆုတ်လိုက်၏။ သူ့မှာ သွေးမိစ္ဆာမဟာမှော်သိုင်းကို အကြောက်ကြီး ကြောက်နေချေပြီ။
သူသည် အမြန်ဆုံး နောက်ဆုတ်လိုက်သည့်တိုင် မန်ဟို၏ သွေးမိစ္ဆာမဟာမှော်သိုင်းထက် မမြန်နိုင်ပေ။ မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် သိန်းချီသော ရန်သူကျင့်ကြံသူများထံ ကျဆင်းသွားသော ရွှေရောင်ဝဲသုံးခုပေါ်လာသည်။
ဝဲကြီးသုံးခုမှ ရန်သူကျင့်ကြံသူများကို လွှမ်းခြုံလိုက်သည့်အခါ စိတ်မချမ်းမြေ့ဖွယ်အော်သံများ ထွက်လာသည်။ ချက်ချင်းပင် သူတို့၏ခန္ဓာကိုယ်များမှာ ခြောက်ကပ်သွားကြပြီး ကျင့်ကြံခြင်းအခြေခံများ ပျောက်ကွယ်သွားကြ၏။ ချီ၊ သွေးနှင့် စိတ်ဝိညာဉ်အကြောများမှာ ထုတ်ယူခံလိုက်ရပြီး မန်ဟို့ဆီ တဟုန်ထိုး ထွက်သွားကြသည်။
သူ၏အပြင်အားကိုယ်မှာ ပို၍သန်မာလာ၏။
သူ၏ကျင့်ကြံခြင်းအခြေခံမှာ အံ့ဖွယ်အမြင့်အထိ တက်သွားလေပြီ။
မန်ဟိုသည် အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းသွားပြီးနောက် ထွက်ပြေးနေသော လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးအား လက်ညှိုးထိုးလိုက်၏။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်
မိစ္ဆာချီများက ချည်မျှင်များသဖွယ် လီမျိုးနွယ်ခေါင်းဆောင်ကြီးကို မျက်စိတစ်မှိတ်အတွင်း ချုပ်နှောင်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ လေလယ်တွင် တုံ့ခနဲ ရပ်သွား၏။ သူက ရုန်းကန်ပြီး လွတ်မြောက်တော့မည့်ပုံရသော်လည်း ထိုတခဏ ရပ်သွားမှုလေးအတွက် ပေးဆပ်လိုက်ရသော တန်ကြေးမှာ .....
မန်ဟို သွေးမိစ္ဆာမဟာမှော်သိုင်းအား ထုတ်လွှတ်ဖို့ အချိန်ရသွားခြင်းပင်။
ဝုန်း
ဝဲကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးက စူးစူးဝါးဝါး အော်လိုက်၏။ သူသည် မရေမတွက်နိုင်သော မှော်ပစ္စည်းများဖြင့် ပစ်ပေါက်ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်လွှတ်လိုက်သော်လည်း ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ပညာရှင်ပင် မသေဘဲမနေရာ မဆိုစလောက် နိမ့်ကျသော ကျင့်ကြံခြင်းအခြေခံနှင့် သူက မည်သို့ရှင်နိုင်မည်နည်း။
အော်သံများ ဆူညံနေစဉ် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်မှာ မျက်ပြူးဆံပြူးဖြင့် ကြည့်နေသည်။ လီမျိုးနွယ်ခေါင်းဆောင်ကြီးငါးသည် ခြောက်ကပ်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံလည်း မရှိတော့ပေ။ ရုပ်သေးရုပ်အတွင်းရှိ ကျင့်ကြံသူများမှာ ခေါင်းနပန်းကြီးလာကြပြီး အမြန်ဆုံး နောက်ဆုတ်လိုက်ကြ၏။
အသက်ရှိုက်စာအနည်းငယ်လေးအတွင်း လီမျိုးနွယ်ခေါင်းဆောင်ကြီးငါး၏ ကျင့်ကြံခြင်းအခြေခံတစ်ခုလုံးနှင့် သူ၏ချီသွေးအားလုံးမှာ မန်ဟို၏စုပ်ယူခြင်းခံလိုက်ရလေပြီ။ ထို့နောက် မန်ဟိုက လက်ကို ဝှေ့ယမ်းရာ လီမျိုးနွယ်ခေါင်းဆောင်ကြီးငါး၏အကြွင်းအကျန်ကို အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားစေသည်။
"သတ်ပစ်" မန်ဟို့အသံက သွေးမိစ္ဆာဂိုဏ်းသားများကို ပို၍ စိတ်အားတက်ကြွသွားစေသည်။ သူတို့သည် သောင်းဂဏန်းမျှသာရှိပြီး သိန်းဂဏန်းမျှရှိသော ရန်သူများကို ရင်ဆိုင်နေရလေသည်။
သို့ထိတိုင်.... ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူ၏ သေဆုံးမှု၊ လီမျိုးနွယ်ခေါင်းဆောင်ကြီးငါး၏ ကျရှုံးမှု၊ ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီး၏ နောက်ဆုတ်သွားမှုနှင့်အတူ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများ၏ အထိတ်တလန့် ထွက်ပြေးသွားမှုက တပ်ဖွဲ့လေးဖွဲ့လုံးကို အလွန်အကြူး တုန်လှုပ်သွားစေပြီး တိုက်ခိုက်လိုစိတ်တို့ ပျောက်ဆုံးသွားစေသည်။
ထိုမျှသာမက မန်ဟို၏သွေးကိုယ်ပွားမှာ ကျင့်ကြံသူတစ်ယောက်ပြီး တစ်ယောက်အပေါ် ခုန်အုပ်ရင်း သေသည်အထိ စွမ်းအင်စုပ်ယူနေဆဲပင်။ ဤအခြင်းအရာက ရန်သူကျင့်ကြံသူသိန်းပေါင်းများစွာကို အားပြတ်သွားစေသည်။ သွေးမိစ္ဆာဂိုဏ်းကား ... ရန်သူတပ်ဖွဲ့များကို ပထမဆုံးအကြိမ် နောက်ဆုတ်သွားအောင် တွန်းအားပေးလိုက်နိုင်လေပြီ။
ရန်သူ၏တပ်ဖွဲ့များကို လက်သီးဆုပ်ဟူ၍ ပမာနှိုင်းရလျှင် မန်ဟိုက ထိုလက်သီးဆုပ်ကို ... ဖြေလိုက်ပြီဖြစ်သည်။
အောက်ရှိ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကို မြင်သော် လေလယ်ရှိ ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "မင်းတော့ သေမင်းကို လက်ယပ်ခေါ်နေတာပဲ ကောင်လေး"
လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးလည်း ဒေါသူပုန်ထနေသည်။ သူတို့သည် မန်ဟို့ကို သွားရောက်တိုက်ခိုက်ချင်သော်လည်း သွေးမိစ္ဆာဂိုဏ်းချုပ်၏ကိုယ်ပွားများက သူတို့ကို ခွင့်ပြုပေးမည်မဟုတ်ပေ။ ပေါက်ကွဲမှုများက တဝုန်းဝုန်း မြည်ဟည်းနေပြီး လေထုမှာ ပုံပျက်ရှုံ့တွနေလေသည်။
"သေစမ်း" ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးက အော်သည်။ "အရုဏ်ဦးအင်မော်တယ် ၊ ခင်ဗျား ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်နော်"
သူ၏အသံ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အပေါ်ထက်မှ ပဲ့တင်ထပ်လာသော သက်ပြင်းချသံသဲ့သဲ့အား ကြားလိုက်ရသည်။ ၎င်းသည် မြေပြင်တစ်လျှောက် ဖြာထွက်ကာ ရန်သူသိန်းပေါင်းများစွာသာမက သွေးမိစ္ဆာဂိုဏ်းသားများကိုပါ ချာချာလည် မူးဝေသွားစေ၏။ သူတို့၏စိတ်အစဉ်မှာ တုန်ယင်နေပြီးနောက် ဗလာကျင်းသွားတော့သည်။
မန်ဟို့အနောက်တွင် ရှင်သန်ခြင်းနှင်းပန်းသည် လက်တံများကို တရွှမ်းရွှမ်း လွှဲယမ်းရင်း ရက်စက်ကြမ်းကြုတ်စွာ ပေါ်လာသည်။ မန်ဟိုက သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
အပေါ်တွင် အမျိုးသမီးတစ်ယောက်အား မြင်လိုက်ရ၏။ သူမ ကောင်းကင်ထက်မှ လမ်းလျှောက်ဆင်းလာစဉ် ပန်းပွင့်များက သူမခြေထောက်အောက်တွင် ဖူးပွင့်လာပြီး မှေးမှိန်ဖျော့တော့သော အံ့ဖွယ်စွမ်းအင်တစ်မျိုးက သူမကို ရစ်သိုင်းလှည့်ပတ်နေသည်။
သူမသည် မလှပသော်လည်း သူမကို ကြည့်လိုက်သည့် မည်သူ့ကိုမဆို ညှို့ငင်ဖမ်းစားခြင်း ခံလိုက်ရကာ အသက်ရှူမှားသွားရပေမည်။
သူမရောက်ရှိလာမှုက စစ်မြေပြင်ထက်တွင် အတော်လေး အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကိုယ်ပွားများက မော့ကြည့်လိုက်ပြီး ၎င်းတို့၏မျက်လုံးအားလုံးက အမျိုးသမီးအပေါ် ကျရောက်သွားသည်။
"အရုဏ်ဦးအင်မော်တယ်" သူက ပြောသည်။
"သွေးမိစ္ဆာ" သူမက ခွန်းတုံ့ပြန်သည်။
သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကိုယ်ပွားများသည် တစ်ကိုယ်တည်း ပေါင်းစည်းသွား၏။ ထိုကိုယ်ပွားက လေလယ်တွင် ဧရာမသွေးမျက်နှာကြီးဖြစ်လာသည့် အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
"မဖြစ်စလောက် ကိုယ်ပွားလေးတဲ့လား" သွေးမိစ္ဆာဂိုဏ်းချုပ်က ပြောသည်။ သူက ယီးကျန်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီးနှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။ "ဒါ မင်းတို့ရဲ့ ဝှက်ဖဲပေါ့လေ" သူ့အကြည့်သည် အမျိုးသမီးဆီ ပြန်ရောက်သွား၏။
"ဟိုသစ်ရွက်ကလည်း မင်း စနက်ပဲ ထင်တယ်"
"တခြားအခြေအနေမှာဆိုရင်" သူမက ပြန်ပြောသည်။ "ကျွန်မအနေနဲ့ ရှင့်ကို ယှဉ်နိုင်မှာမဟုတ်ပါဘူး စီနီယာသွေးမိစ္ဆာ။ ဒါပေမဲ့ အခု ရှင့်မှာ သေခြင်းအရှိန်အဝါတွေ လှိုင်လှိုင်ထွက်နေပြီ။ ရှင် သိပ်ကို အားနည်းလွန်းနေပြီ စီနီယာ။ ကျွန်မ မှတ်မိတာ မှန်ရင် ခေတ်တစ်ခေတ်မှာ သွေးမိစ္ဆာမဟာမှော်သိုင်းကို လူတစ်ယောက်ပဲ အသုံးပြုနိုင်တယ်။ ရှင်က တိုက်ပွဲအတောအတွင်း အဲ့ဒါကို မသုံးခဲ့ဘူး။ အောက်က ကလေးပဲ သုံးခဲ့တာ ... ဒါပေမဲ့လည်း အရေးမကြီးပါဘူး။ ရှင့်ကို အချိန်နည်းနည်း ဆွဲထားပေးဖို့ပဲ လိုတာပါ" သူမက ရုတ်တရက် မန်ဟိုကို ငုံ့ကြည့်လိုက်သည်။
မန်ဟိုက သူမကို ပြန်ကြည့်လိုက်ပြီး မျက်လုံးချင်းဆုံသောအခါ သူ့စိတ်မှာ တုန်ရီသွားရလေသည်။ ကြောက်မက်ဖွယ်ဖိအားကြီးက ရုတ်တရက် တောင်ကြီးတစ်တောင် သူ့အပေါ် ဖိချနေသည့်အလား သူ၏စိတ်အပေါ် သက်ရောက်လာသည်။
သူ့အနောက်ရှိ ရှင်သန်ခြင်းနှင်းပန်းမှာ ဝရုန်းသုန်းကား လူးလွန်းတွန့်လိမ်နေသည်။
"အရုဏ်ဦးအင်မော်တယ်" သူက နောက်သို့ ယိမ်းယိုင်သွားရင်း တွေးလိုက်သည်။ ပါးစပ်မှ သွေးတို့စီးကျလာသည့်တိုင် သူကား အပေါ်ရှိ အမျိုးသမီးကို မော့ကြည့်နေဆဲပင်။ သူသည် နဂါးငွေ့တန်းပင်လယ်မှာတုန်းက သူ့အပေါ် ကျရောက်လာခဲ့သော ထိုအကြည့်ကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။
ဤအမျိုးသမီးသည် လျှို့ဝှက်ဆန်းကြယ်သော အရုဏ်ဦးအင်မော်တယ်ဖြစ်သော်လည်း အစစ်အမှန်ကိုယ်မဟုတ်ဘဲ ကိုယ်ပွားလေးတစ်ခုသာ ဖြစ်၏။
"ငါ့စိတ်အကောင်းပိုင်းက မင်းကို အသက်စွမ်းအားပေးခဲ့တယ်" အမျိုးသမီးက အေးဆေးတည်ငြိမ်စွာ ပြောသည်။ "ငါ့သားက အခု မင်းရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာ ဖြစ်နေပြီ... မင်းနဲ့ ငါက တကယ် ရေစက်ပါတာပဲ"
***