ကလန်တစ်ခုကို အမြစ်ပြတ်သုတ်သင်ခြင်း
Vol. 192 Ch. 2740
နတ်မီးလျှံကလန်ခေါင်းဆောင်သည် ထူးချွန်သူတစ်ဦးဖြစ်ပြီး မှော်နက်လောကတွင် ထိပ်သီးတစ်ဦးဖြစ်သည်။ မှော်နက်နန်းတော်၏ မီးဘုရင်သည်ပင် သူ၏ဂျူနီယာဖြစ်သည်။ သူသည် ယခုတွင် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး မှော်နက်နတ်လက်နက်တစ်ခုကို ရရှိထားသည်။ သူ၏စွမ်းရည်များသည် စွမ်းအားကြီးပေသည်။
သို့သော် ရီဖူရှင်းကဲ့သို့ ဂျူနီယာတစ်ယောက်သည် သူ့ကို ထိုကဲ့သို့ အပြုအမူဖြင့် ပြောဝံ့လေသည်။ ရီဖူရှင်းသည် အလွန်စွမ်းအားကြီးကြောင်း သူသိသော်လည်း သူ့ရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေခြင်းမှာ သူ့ကိုယ်သူ အလွန်အထင်ကြီးနေခြင်း မဟုတ်ပါလော။
“ဓားဧကရာဇ်... ကျုပ် ဒီကိစ္စကို ဓားဧကရာဇ်ကို လွှဲပေးလိုက်မယ်”
ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်ကို ပြောလိုက်၏။
“ကောင်းပြီ”
ဓားဧကရာဇ်အရှင်သည် ခေါင်းညိတ်လျှက် ပြန်ပြောလိုက်၏။ သူသည် ရီဖူရှင်း၏ စိတ်ဓာတ်ကို လေးစားပေသည်။
အကယ်၍ သူတို့သာ သူတို့၏အစွမ်းကို မပြလျှင် အခြားသူများသည် သူတို့ကို ပေါ့ပေါ့တန်တန် သဘောထားကြမည်ဖြစ်သည်။
မည်သည့်အင်အားစုပင်ဖြစ်စေ အကယ်၍ သူတို့သာ အခြားသူတစ်ဦး၏ မဟာအင်ပါယာအဆင့်လက်နက်ကို လုယူလိုပါက စစ်ကြေညာခြင်းဟုသာ ယူဆရပေမည်။ အခြားသူများကိုသတ်၍ သူတို့၏ မဟာအင်ပါယာအဆင့်လက်နက်များကို လုယူလိုသူများအတွက် ဘာများဆက်၍ပြောရန် လိုအပ်ပါသေးသနည်း။
မည်သည့်ဆွေးနွေးစရာမှ မရှိတော့ပေ။ သူတို့သည် သူတို့၏လက်သီးများဖြင့်သာ ပြောရတော့မည်ဖြစ်သည်။
ရီဖူရှင်းသည် သူ့လက်ကိုဆန့်လိုက်၏။ ရုတ်ခြည်းပင် နတ်ဘုရားအုပ်စိုးလက်နက် ထွက်ပေါ်လာ၏။ သူ့တစ်ကိုယ်လုံးသည်လည်း တောက်ပသောနတ်အလင်းဖြင့် လင်းလက်လာသည်။ ထိုမြင်ကွင်းသည် အံ့အားသင့်ဖွယ် မြင်ကွင်းပင်။
ရွှီး...
ဓားဧကရာဇ်အရှင်၏ခန္ဓာကိုယ်မှနေ၍ ဓားဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး အောက်ဘက်အပိုင်းကို လွှမ်းခြုံသွား၏။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူ့ဓားဝိညာဉ်စွမ်းအား၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။ အဝေးမှ ကျင့်ကြံသူများသည်လည်း ဉာဏ်ရှိရှိ နောက်ဆုတ်သွားကြသည်။ အကယ်၍ သူတို့သာ ထိုအဆင့်ရှိသော တိုက်ပွဲတစ်ခုအနီးတွင် ရှိနေလျှင် ကြီးစွာသောအန္တရာယ်နှင့် ကြုံရနိုင်ပေသည်။
မှော်နက်သူတော်စင် ဟွာယွင်ထင်က မျက်မှောင်ကြုတ်လိုက်၏။ ကိစ္စများသည် ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး အလွန်အခြေအနေဆိုးဝါးလာပုံပင်။ အကယ်၍ မှော်နက်နန်းတော်သာ ရီဖူရှင်းနှင့် စတင်တိုက်ခိုက်ခဲ့လျှင် သေချာပေါက် နှစ်ဘက်စလုံး ဆုံးရှုံးရမည့် အခြေအနေဖြစ်သွားပေလိမ့်မည်။ ထိုကိစ္စမှနေ၍ မည်သည့်ဘက်ကမှ အကျိုးအမြတ်ရမည် မဟုတ်ပေ။
သို့သော် ရီဖူရှင်းသည် တိုက်ခိုက်ရန် အပြည့်အဝ ပြင်ဆင်ပြီးနေပြီဖြစ်သည်။ အခြေအနေသည် သူတို့ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သွားပေပြီ။
အထက်ကောင်းကင်ထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အဖျက်ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ လောကကြီးသည် ငရဲဖြစ်သွားသကဲ့သို့ပင် ထင်ရသည်။ ထိုအာကာပြင်ထဲတွင် ကြောက်မက်ဖွယ် အဖျက်ဝိညာဉ်စွမ်းအားပါဝင်သော မှော်နက်လှိုင်းများ စီးဆင်းနေကြသည်။ ၎င်းတို့သည် ၎င်းတို့ကို ထိမိသူတိုင်းကို သတ်နိုင်စွမ်းရှိပေသည်။
မရေမတွက်နိုင်အောင်များပြားသော မှော်နက်လှိုင်းများသည် နတ်မီးလျှံကလန်ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ဝန်းရံလှည့်ပတ်နေကြသည်။ ထို့ကြောင့် သူရပ်နေသောနေရာသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းလာသည်။ လှိုင်းများသည် မရေမတွက်နိုင်အောင်များပြားသော လက်တံများကဲ့သို့ပင်။ ထို့နောက်တွင် ၎င်းတို့သည် ရုတ်တရက် အောက်ဘက်ရှိ ရီဖူရှင်းကို လှမ်းဆွဲလိုက်သည်။
ရုတ်တရက် ရီဖူရှင်းအနောက်တွင် တလက်လက်တောက်ပနေသော ယင်ယန်ပုံစံတစ်ခု ထွက်ပေါ်လာ၏။ ထိုပုံစံသည် ရုတ်ခြည်းပင် ပြန့်ကားသွားသည်။ ၎င်းအထဲတွင် မြစိမ်းရောင် နတ်အလင်း လှည့်ပတ်နေသည်။ ပုံစံသည် ကြောက်မက်ဖွယ် ယင်ယန်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် မှော်နက်လှိုင်းများအပေါ် ဖြာကျသွား၏။ ရုတ်ခြည်းအတွင်းမှာပင် ရီဖူရှင်းထံသို့ အဆက်မပြတ် စီးဆင်းလာသော လှိုင်းများသည် အမှုန့်ဖြစ်သွားသည်။
ဒုန်း...
ခပ်အုပ်အုပ် ထိခတ်သံတစ်သံကို ကြားလိုက်ရ၏။ အဖျက်မှော်နက်လှံများသည် ကောင်းကင်ကိုဖြတ်သန်းကာ ရီဖူရှင်းထံသို့ ဦးတည်ပျံဝင်လာကြသည်။ ၎င်းတို့သည် မရေမတွက်နိုင်အောင် များပြားသော အဖျက်အလင်းတန်းများကဲ့သို့ ၎င်းတို့၏ ပစ်မှတ်ဆီသို့ တည့်တည့်မတ်မတ် ထိုးကျလာသည်။ ထိုနေရာသို့ ကမ္ဘာပျက်ကပ်ဘေး ကျဆင်းလာသကဲ့သို့ပင် ထင်ရသည်။
ရီဖူရှင်းသည် သူ၏လက်ကို ဆန့်တန်းလိုက်၏။ ဧရာမ အာကာသဘီးလုံးကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် အတုမဲ့ နတ်ရောင်ဝါများကို ဖြာထုတ်လိုက်ပြီး ဝင်ရောက်လာသော လှံများကို ဝါးမျိုပစ်လိုက်သည်။
နတ်မီးလျှံကလန်ခေါင်းဆောင်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အံ့အားသင့်သောမျက်နှာထား ဖြစ်သွားသည်။ အရာအားလုံးကို ဝါးမျိုးပစ်နိုင်သော အာကာသဘီးလုံးသည် ဧရာမကြီးဖြစ်သည်။ ၎င်းသည် အာကာသတွင်းနက်တစ်ခုနှင့် ဆင်တူပြီး သူ၏တိုက်ခိုက်မှုများကို အခြားအာကာပြင်သို့ စုပ်ယူလိုက်သည်ဖြစ်၍ ၎င်းတို့သည် ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားကြလေသည်။
ရွှီး...
ရုတ်တရက် နတ်မီးလျှံကလန်ခေါင်းဆောင်သည် အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံခံမိသည်။ သူသည် သူ၏လှံကို အောက်သို့ ပစ်လွှတ်လိုက်၏။ ၎င်းသည် သူထံသို့ ပျံသန်းလာသော နတ်ဘုရားအုပ်စိုးလက်နက်နှင့် ထိခတ်သွားသည်။ နတ်ဘုရားအုပ်စိုးလက်နက်သည် ဓားတစ်ချောင်းကဲ့သို့ ထက်ရှပေသည်။
ထိုကြောက်မက်ဖွယ်စွမ်းအားသည် ကလန်ခေါင်းဆောင်ကို ထိန်းမနိုင်သိမ်းမရ အထက်သို့ လွင့်ပျံသွားစေ၏။ ဓားဝိညာဉ်စွမ်းအားသည် အာကာပြင်ကို လွှမ်းမိုးသွားပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ကလန်ခေါင်းဆောင်က နှာမှုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် မှော်နက်နတ်အလင်းကို ထုတ်လွှတ်လိုက်ပြီး ဓားဝိညာဉ်စွမ်းအားကို ခုခံလိုက်၏။ သို့သော် ယခုတွင် ရီဖူရှင်းသည် သူ၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။
“အခြေအနေ မကောင်းတော့ဘူး”
ကလန်ခေါင်းဆောင်သည် အတော် မျက်နှာပျက်သွားပြီး ချင်းချင်း အမိန့်ပေးလိုက်သည်။
“ပြန်ဆုတ်ကြ...”
ဝုန်း...
ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရပြီး ထိုနေရာကို လွှမ်းခြုံထားသော စက်ကွင်းသည် ဖောက်ထွင်းခံလိုက်ရလေသည်။ ရီဖူရှင်းသည် ထိုစက်ကွင်းကို ရုတ်ခြည်း ဖောက်ထွင်းသွားသည်။ နတ်မီးလျှံကလန်ခေါင်းဆောင်သည် ရီဖူရှင်းကို ကြည့်လိုက်၏။ သူသည် အတော်လေး မျက်စိ၊ မျက်နှာ ပျက်နေသည်။ ထို့နောက်တွင် ရီဖူရှင်းသည် နတ်မီးလျှံကလန်မှ ကျင့်ကြံသူများကို သတ်ဖြတ်နေသည်ကို သူတွေ့လိုက်ရ၏။
နတ်မီးလျှံကလန်မှ ကျင့်ကြံသူများသည် အံ့ဩတုန်လှုပ်သွားကြသည်။ ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်ကျင့်ကြံသူတစ်ဦး၏ စက်ကွင်းကို ဖောက်ထွင်းနိုင်ခဲ့သည်။ သူတို့သည် သူတို့၏ စွမ်းအားအကြီးဆုံး မဟာလမ်းစဉ်အရှိန်အဝါများကို ထုတ်လိုက်ကြသည်။ မဟာလမ်းစည်၏ ဒေသ(၃၀၀၀)တွင် လူများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော လူငယ်သည်ပင် မျက်လုံးများထဲ၌ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ရှိနေလေသည်။
ထိုဓားသည် အာကာပြင်ကို တိုက်ရိုက်ထွင်းဖောက်သွားသည်။ ဓားဝိညာဉ်စွမ်းအား ဖြတ်သန်းသွားသော နေရာတိုင်းတွင် လူများ ကောင်းကင်ထက်မှ ပြုတ်ကျသွားကြသည်။ သူတို့သည် နေရာတွင်ပင် သေဆုံးခဲ့ကြလေသည်။
အဝေးမှ ကျင့်ကြံသူများသည် နတ်မီးလျှံကလန်မှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။ ရီဖူရှင်းသည် နတ်မီးလျှံကလန်ကို အမြစ်ပြတ်သုတ်သင်နေသည်။
လူငယ်သည် မသေသွားပေ။ ရီဖူရှင်းသည် သူ့ကို ချမ်းသာပေးခဲ့သည်။ သို့သော် သူသည် လူငယ်ရှေ့တွင် ရပ်ကာ သူ့ကို စိုက်ကြည့်နေသည်။
“ကျုပ်ကို ကယ်ပါ”
လူငယ်သည် နတ်မီးလျှံကလန်ခေါင်းဆောင်ကိုလှမ်းကြည့်၍ အသနားခံလိုက်သည်။
“ရီဖူရှင်း... မင်းက ငါ့ရဲ့ကလန်က အဖွဲ့ဝင်တွေကို တိုက်ခိုက်တာပေါ့လေ...”
နတ်မီးလျှံကလန်ခေါင်းဆောင်က ရေခဲတမျှအေးစက်သောအသံဖြင့် ပြောလိုက်၏။ ရီဖူရှင်းသည် သူ့ကို လျစ်လျူရှုလိုက်၏။ သူသည် သူ၏လက်ဝါးကို ဆန့်၍ လူငယ်၏ ခေါင်းပေါ်သို့ တင်လိုက်သည်။ လူငယ်သည် ခုခံသည့် လက္ခဏာမပြပေ။
“မင်း မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်လို့ ငါပြောခဲ့တယ်မလား”
ရီဖူရှင်းသည် လူငယ်၏မျက်လုံးများကို စိုက်ကြည့်၍ ပြောလိုက်၏။ သူ့လက်ဝါးမှနေ၍ ကြောက်မက်ဖွယ် နတ်မီးတောက်များ ထွက်လာသည်။ ရုတ်ခြည်းအတွင်းမှာပင် လူငယ်သည် နတ်မီးတောက်များ၏ လောင်မြိုက်မှုကို ခံလိုက်ရလေသည်။ ၎င်းတို့သည် သူ့ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားပြီး သူ၏ စိတ်ဝိညာဉ်ကို ကြွပ်ဆတ်သွားအောင် လောင်ကျွမ်းပစ်လိုက်သည်။
လူငယ်သည် နာကျင်တကြီး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း နတ်မီးတောက်များကြောင့် ပြာဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။
အားလုံးသည် ရီဖူရှင်း၏နည်းလမ်းများကြောင့် တုန်လှုပ်သွားကြသည်။ သူသည် နတ်မီးလျှံကလန်၏ ကလန်ခေါင်းဆောင်ငယ်ကို ရက်စက်စွာ သတ်ပစ်ခဲ့လေသည်။ သူ၏နည်းလမ်းများသည် ရက်စက်၍ တိကျကာ မည်သည့် သနားညှာတာမှု လက္ခဏာကိုမှ မပြပေ။
နတ်မီးလျှံကလန်ခေါင်းဆောင်သည် အလွန် မျက်စိ၊ မျက်နှာပျက်သွား၏။ ကောင်းကင်ထဲတွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်နှက်သွားပြီး ကျယ်ပြောသောအာကာပြင်ကို ကြောက်မက်ဖွယ် အဖျက်အလင်းက လွှမ်းခြုံသွားပြီး ငရဲအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ရီဖူရှင်း၏အကြည့်သည် တည်ငြိမ်နေသည်။ သူသည် အနည်းငယ်ပင် တုန်လှုပ်ပုံမပေါ်ပေ။ သူသည် နတ်မီးလျှံကလန်ခေါင်းဆောင်ဘက်သို့ တည်တည်ငြိမ်ငြိမ် လှည့်ကာ ပြောလိုက်၏။
“ခင်ဗျား ကျုပ်ရဲ့ တပည့်ကို တိုက်ခိုက်ခဲ့တုန်းက ကျုပ် ဒီလိုလုပ်လိမ့်မယ်လို့ ခင်ဗျား မတွေးမိခဲ့ဘူးလား”
ရီဖူရှင်း မရောက်လာခင်တွင် နတ်မီးလျှံကလန်ခေါင်းဆောင်သည် ဖန်းစွင်နှင့် သောယွီတို့ကို သတ်ရန် တိုက်ခိုက်ခဲ့သည်။ သိမ်းငှက်လေးသာ ကာရူရာ၏ နတ်ခန္ဓာနှင့် သူတို့ကို မကာကွယ်ပေးခဲ့လျှင် သူတို့သည် သေဆုံးသွားလောက်ပြီဖြစ်သည်။
ကလန်ခေါင်းဆောင်သည် ဖန်းစွင်နှင့် သောယွီတို့ကို မည်သည့် သနားညှာတာမှုမှ မပြခဲ့သဖြင့် ရီဖူရှင်းမှာလည်း ထိုသို့တူညီစွာလုပ်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ထို့အပြင် ရီဖူရှင်းနှင့် နတ်မီးလျှံကလန်အကြားတွင် ရန်ငြိုးဟောင်းများ ရှိပေသည်။ သူ့တွင် သူတို့ကို ချမ်းသာပေးရန် မည်သည့်အကြောင်းမှ မရှိချေ။
ရီဖူရှင်းသည် တစ်ချက်တည်းဖြင့်ပင် နတ်မီးလျှံကလန်မှ ကျင့်ကြံသူအားလုံးကို သုတ်သင်ပစ်ခဲ့သည်။
မှော်နက်လောကမှ အခြားထိပ်သီးအင်အားစုများ၏ အဖွဲ့ဝင်များသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း ရင်တုန်သွားခဲ့ကြသည်။ ရီဖူရှင်းသည် မှော်နက်နန်းတော်နှင့် မှော်နက်လောက၏ ထိပ်သီးအင်အားစုများထဲမှ တစ်ခုဖြစ်သော နတ်မီးလျှံကလန်တို့နှင့် ရင်ဆိုင်နေရသည်ပင် ကြောက်ရွံ့သည့်လက္ခဏာတစ်ခုပင် မပြချေ။ သူသည် နတ်မီးလျှံကလန်မှ ကျင့်ကြံသူများကို ညှာတာမှုမရှိဘဲ သတ်ပစ်ခဲ့သည်။ ထို့ကြောင့် လူအုပ်သည် သူ့ကို ကြောက်ရွံ့သွားကြလေသည်။
သူတို့သည် ရီဖူရှင်းကို တိုက်ခိုက်ရန် မဆုံးဖြတ်ခင်က နောက်ဆက်တွဲဆိုးကျိုးများကို သေချာ မတွေးတောခဲ့ကြပေ။ အကယ်၍ သူတို့သာ သူ့ကို ဤနေရာတွင် မသတ်နိုင်လျှင် သူသည် အနာဂတ်တွင် သူတို့ကို သေချာပေါက် လက်စားချေမည်ဖြစ်သည်။
ရီဖူရှင်းသည် နတ်မီးလျှံကလန်ခေါင်းဆောင်ကို နတ်ဘုရားအုပ်စိုးလက်နက်ဖြင့် ရွယ်လိုက်သည်။ လွန်ခဲ့သော နှစ်အနည်းငယ် ရီဖူရှင်းတစ်ယောက် ရီအင်ပါယာနန်းတော်မှ ထွက်လာခဲ့စဉ်က ရှန်းယန်ဗုဒ္ဓအရှင်၏ ပစ်မှတ်ထားမှုကို ခံခဲ့ရသည်။ ထို့နောက်သူသည် သူတို့၏ တိုက်ပွဲအတွင်း၌ ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်ပစ်ခဲ့သည်။ ယခုတွင် သူ့၌ နတ်မီးလျှံကလန်ခေါင်းဆောင်ကို ကြောက်ရန် အကြောင်းမရှိပေ။ နတ်မီးလျှံကလန်ခေါင်းဆောင်သည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ကိုင်ထား၏။ သို့သော် ယခင်တုန်းက ရှန်းယန်ဗုဒ္ဓအရှင်သည်လည်း မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို အသုံးပြုခဲ့သည်။ သူသည် ဗုဒ္ဓနတ်ဓားတစ်ချောင်းကို ဆွဲကိုင်ခဲ့သည်။ သို့သော်လည်း သူ အသတ်ခံလိုက်ရတုန်းပင်ဖြစ်သည်။
ထိုအခိုက်တွင် အဝေးရှိ ကောင်းကင်သည် မှေးမှိန်သွားသည်။ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် အာကာပြင်ကို ဖောက်ထွင်းသွားသည်။ လူများစွာသည် ထိုဘက်သို့ ကြည့်လိုက်၏။ သူတို့သည် အလွန်အမင်း ရင်တုန်နေကြ၏။
မှော်နက်နန်းတော်၏ ထိပ်ပိုင်းမှ ကျင့်ကြံသူများ ရောက်ရှိလာပေပြီ။
မှော်နက်သူတော်စင်သည်လည်း ထိုအရှိန်အဝါ ထွက်ပေါ်လာရာဘက်သို့ ကြည့်၍ ရင်တုန်သွားသည်။ သူသည် မသက်မသာ ခံစားနေရပြီး တစ်စုံတစ်ခုကို ခပ်ရေးရေး အာရုံခံမိလိုက်ပေသည်။
ဤနေရာသို့ လာနေသောသူမှာ ရီချင်းယောင် မှော်နက်နန်းတော်သို့ ရောက်မလာခင်က နောက်တက်မည့် နတ်သူတော်စင်ဟု သတ်မှတ်ခံခဲ့ရသူဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြားဦးတည်ရာတစ်ဘက်မှနေ၍ ယူချင်းသည်လည်း ဤနေရာသို့ ရောက်လာပေသည်။
ထို့အပြင် ဝတ်စုံဖြူကို ဝတ်ဆင်ထားသော ပြိုင်ဘက်ကင်းအလှပဂေးတစ်ယောက်လည်း ရောက်လာသည်။ သူမ ဤနေရာသို့ မည်သို့အချိန်က ရောက်ရှိလာသည်ကို မသိရပေ။