← Chapters

အရှင်ရှာမင်

Vol. 192 Ch. 2741

အရှင်ရှာမင်

Vol. 192 Ch. 2741

ရီဖူရှင်းသည် ရောက်လာသူများကို ကြည့်သည်။ ဦးဆောင်လာသော ကျင့်ကြံသူ၏ ကိုယ်ပေါ်တွင် အားကောင်းသော အရှိန်အဝါ ရှိပေသည်။ ထိုနေရာတွင် ရပ်နေသော သူ့ထံမှ အငွေ့အသက်သည် မှော်နက်အရှင်နှင့် ဆင်တူ၏။ သူ့ခန္ဓာကိုယ်မှနေ၍ ဆန်းကြယ်သောအရှိန်အဝါတစ်ခု ထွက်နေပြီး လွန်စွာ စွမ်းအားကြီး၍ ခြိမ်းခြောက်နိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေလေသည်။

ရီဖူရှင်းသည် ယခင်က ထိုသူကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ထိုသူသည် ကောင်းကင်နန်းတော်ဟောင်းမှ တိုက်ပွဲတွင် ဝင်မပါခဲ့ချေ။

နတ်ဆိုးလောကနှင့် ကောင်းကင်ဒေသတို့ စစ်ဖြစ်နေခဲ့စဉ်ကလည်း မှော်နက်လောကသည် ကူသည်ဆိုရုံသာ ကူခဲ့သည်။ သူတို့သည် သူတို့၏ စွမ်းအားအကြီးဆုံးသူများကို မစေလွှတ်ခဲ့ပေ။ နောက်ပိုင်းတွင် ရီချင်းယောင်သည် စစ်မြေပြင်သို့ လာခဲ့သည်။ သို့သော် ထိုသူသည် ယခင်က တစ်ခါမှ ထွက်ပေါ်မလာခဲ့ဖူးချေ။

ရီဖူရှင်းသည် ယခင်က သူ့ကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ့၏ရှိန်လောက်ဖွယ်ဟန်ပန်နှင့် သူ့နောက်တွင်ပါလာသော များပြားသည့် ကျင့်ကြံသူအုပ်ကြီးကိုကြည့်၍ မှော်နက်နန်းတော်ရှိ သူ၏အဆင့်အတန်းကို ခန့်မှန်းနိုင်ပေသည်။

ရီဖူရှင်းသည် လောကအသီးသီးမှ ထိပ်သီးကျင့်ကြံသူများနှင့် တွေ့ဆုံဖူး၏။ ကျိဝူတောက်တွင် သူ၏ကိုယ်ရံတော်များအဖြစ် အဖြူနှင့်အနက်ကောင်းကင်အရှင်များ ရှိသည်။ ဒွန်ဟောင်တိယွမ်ကိုလည်း ထိပ်သီးကျင့်ကြံသူများက လိုက်ပါ စောင့်‌ရှောက်ကြသည်။

ဗလာနတ္တိဘုံတွင် တုကူးဝူရှဲ့၊ နတ်ဆိုးလောကတွင် ယန်ကွေ့ရီဟူ၍ စသဖြင့် ရှိကြသည်။ ထိုမတိုင်ခင်က သူသည် မှော်နက်နန်းတော်မှ မှော်နက်သူတော်စင် ဟွာယွင်ထင်နှင့် တွေ့ဆုံခဲ့သည်။ သို့သော် ဟွာယွင်ထင်သည် သူတို့၏ စွမ်းအားအကြီးဆုံးသူ မဟုတ်ပေ။ သူသည် လိုအပ်မှု များစွာ ရှိနေပေသေးသည်။

ကောလာဟလများက မှော်နက်နန်းတော်တွင် မှော်နက်အရှင်ပြီးလျှင် စွမ်းအားအကြီးဆုံးသူမှာ အရှင်ရှာမင်ဖြစ်သည်ဟု ဆိုကြသည်။ သူသည် မဟာရှာမင်ဖြစ်ပြီး မှော်နက်သူတော်စင်သုံးပါး၏ ခေါင်းဆောင်ဖြစ်သည်။

ဒဏ္ဍာရီများက အရှင်ရှာမင်သည် မှော်နက်အရှင်၏ ဒုတိယတပည့်ဖြစ်သည်ဟု ဖော်ပြကြသည်။ သူသည် မှော်နက်အရှင်၏ တပည့်တစ်ယောက်ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ယခင်က ပထမတပည့်သည်လည်း ထူးကဲသော ပါရမီဖြင့် ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်ခဲ့သည်။

သူသည် ပြိုင်ဘက်ကင်းပြီး မှော်နက်နန်းတော်ရှိ သူ၏အဆင့်အတန်းသည် ထူးကဲပေသည်။ သူသည် ကြင်နာတတ်သော စိတ်ထားရှိကာ သနားကရုဏာကြီးမားသည်။ သူသည် သူ၏ညီငယ်များကို ကျင့်ကြံခြင်းတွင် လမ်းညွှန်ပြသပေးခဲ့သည်။ သို့သော် ထို့ကြောင့်လည်း သူအသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

မှော်နက်လောကတွင် အကြင်နာတရားသည် ကန့်သတ်ချက်ဖြစ်သည်။ ၎င်းသည် မှော်နက်လမ်းစဉ်နှင့် ဆန့်ကျင်ပေသည်။ နောက်ဆုံးတွင် ထိုပထမတပည့်သည် သူ့ညီငယ် အရှင်ရှာမင်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထို့နောက် အရှင်ရှာမင်သည် သူပိုင်ဆိုင်သမျှ အားလုံးကို ယူကာ သူ၏ရာထူးအဆင့်ကိုလည်း ဆက်ခံခဲ့သည်။ မှော်နက်အရှင်သည် ဖြစ်ပျက်ခဲ့သည်များကို တိတ်တဆိတ် အသိအမှတ်ပြုခဲ့၏။ ထိုစဉ်မှစ၍ အရှင်ရှာမင်သည် မှော်နက်နန်းတော်၏ ဆက်ခံသူများဖြစ်လာပြီး မှော်နက်သူတော်စင်သုံးပါး၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

သူ့နောက်မှ တပည့်များသည် သူနှင့် မယှဉ်ပြိုင်ဝံ့သလို သူ့ကိုလည်း မတိုက်ခိုက်ဝံ့ကြပေ။ ယခင်က တစ်စုံတစ်ယောက်သည် ထိုသို့လုပ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ‌နောက်ဆက်တွဲရလဒ်သည် ကြေကွဲဖွယ်ပင်။

လက်ရှိတွင် အရှင်ရှာမင်သည် ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပေပြီ။ သူသည် မှော်နက်နန်းတော်တွင် မှော်နက်အရှင်ပြီးလျှင် အာဏာအရှိဆုံးဖြစ်သည်။ မှော်နက်မီးတောက်သူတော်စင်နှင့် မှောက်နက်သူတော်စင်တို့ပင် သူ့ရာထူးအဆင့်အတန်းကို မခြိမ်းခြောက်နိုင်ပေ။ သို့သော် ထိုအခြေအနေသည် ရီချင်းယောင် မှော်နက်လောကသို့ ရောက်လာသည်အထိသာ ခံခဲ့ပေသည်။ သူမသည် မှော်နက်မိန်းမပျိုဟု ကျော်ကြာပြီး နောက်ပိုင်းတွင်”သေမင်း”ဟူသော အမည်ဂုဏ်ပုဒ်ကို ရခဲ့သည်။ မှော်နက်အရှင်သည် သူမကို သူ၏တပည့်ရင်းတစ်ဦးကဲ့သို့ ဆက်ဆံသည်။ သူသည် မှော်နက်နန်းတော်အတွင်းမှ ကျင့်ကြံသူအားလုံး သူမကို ထိခိုက်အောင် မလုပ်ရန်ပင် အမိန့်ထုတ်ခဲ့သည်။ ထို့ကြောင့် ရီချင်းယောင်သည် မှော်နက်လောကတွင် ရှင်သန်၊ တိုးတက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူမသည် မှော်နက်အရှင်၏ အထူးကာကွယ်ပေးမှုကို မခံရလျှင် သူမ ရှင်သန်နိုင်ခဲ့မည် မဟုတ်ပေ။

“အရှင်ရှာမင်...”

မှော်နက်နန်းတော်မှ ကျင့်ကြံသူများက နှုတ်ခွန်းဆက်လိုက်သည်။

သူတို့သည် အရှင်ရှာမင် ရောက်လာသည်ကို မြင်လိုက်ကတည်းက သူ့ကို ဦးညွှတ်ကာ ရိုရိုသေသေ ပြုမူနေကြပေသည်။ သူတို့အားလုံးသည် သူ့ကိုကြောက်ရွံ့ကြသဖြင့် သူ့အပေါ် လွန်စွာ ရိုကျိုးပေသည်။ သူ၏ ညီငယ်များပင် ထိုသို့ ခံစားကြရသည်။

အရှင်ရှာမန်၏ လုပ်ရပ်များသည် အလွန်ရက်စက်ပေသည်။ ယခင်က သူ့ကို အလွန်ဂရုစိုက်ခဲ့ပြီး လေ့ကျင်ပေးခဲ့သော သူ၏ အစ်ကိုကြီးသည်ပင် သူ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူသည် မည်ကဲ့သို့သော ကျင့်ကြံသူဖြစ်ကြောင်း တွေးကြည့်နိုင်ပေသည်။ အကယ်၍ သူသာ လုံလောက်အောင် စွမ်းအားကြီးလျှင် မှော်နက်အရှင်ကိုပင် သတ်ပစ်ကာ သူ၏နေရာကို ယူလိမ့်မည်ဟု လောကကြီးသည် သံသယမရှိပေ။

မှော်နက်အရှင်ကိုယ်တိုင်ပင် ထိုအချက်ကို ကောင်းစွာ သိသည်။

မည်သို့ပင်ဖြစ်စေ ထိုအရာသည် သူချမှတ်ခဲ့သော မှော်နက်လောကတွင် ဆက်လက်ရှင်သန်နိုင်မည့် စည်းမျဉ်းဖြစ်သည်။

“အရှင်ရှာမင်”

နတ်မီးလျှံကလန်ခေါင်းဆောင်က နှုတ်ဆက်လိုက်သည်။

ထိုစဉ်တွင် နတ်မီးလျှံကလန်ခေါင်းဆောင်ကဲ့သို့ ထူးကဲသောကျင့်ကြံသူတစ်ဦးသည်ပင် အရှင်ရှာမင်ကို ဦးညွှတ်နေရပေသည်။

မှော်နက်လောကသည် ကောင်းကင်ဒေသနှင့် ကွာခြား၏။ မှော်နက်နန်းတော်၏ အာဏာသည် အကြွင်းမဲ့ဖြစ်သည်။ မှော်နက်လောကမှ အင်အားစုများသည် နေ့စဉ်နှင့်အမျှ မှော်နက်နန်းတော်အကြောင်းကို စိုးရိမ်နေရန် မလိုပေ။ သို့သော် မှော်နက်နန်းတော်မှ အမိန့်ပေးလျှင် မည်သူမှ မနာခံဘဲ မနေဝံ့ကြချေ။ အမိန့်မနာခံသဖြင့် ကြုံရမည့် နောက်ဆက်တွဲများကို မည်သူမှ မခံနိုင်ပေ။

ထို့ကြောင့် မှော်နက်လောကမှ အင်အားစုများသည် မှော်နက်နန်းတော်ကို နက်နက်ရှိုင်းရှိုင်း လေးစားကြလေသည်။

အရှင်ရှာမင်သည် လူအုပ်ထံမှ ထိုကဲ့သို့ အရိုအသေပေးခံရခြင်းကို ရိုးနေပြီဖြစ်သည်။ သူသည် အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး အထက်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားသည်။

“ညီငယ်လေးရဲ့ အလောင်းကို မှော်နက်နန်းတော်ကို ပြန်သယ်သွားပြီး နတ်တောင်ကုန်းက သင်္ချိုင်းမှာ မြှုပ်လိုက်”

အရှင်ရှာမင် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်...”

သူ့နောက်တွင် ရပ်နေသော ကျင့်ကြံသူများထဲမှ တစ်ယောက်က ပြန်ဖြေလိုက်ပြီး အလောင်းကို ယူရန် ရှေ့သို့ထွက်လိုက်သည်။

အရှင်ရှာမင်သည် မှော်နက်နန်းတော်မှ ကျင့်ကြံသူများထဲမှ တစ်ယောက်ကို စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ် ကြက်သွေးရောင်အလင်းဖြင့် တောက်ပနေ၏။ သူ၏အရှိန်အဝါသည် အမှန်ပင် ကြောက်စရာကောင်းပေသည်။

“အရှင်ရှာမင်...”

ကျင့်ကြံသူက အော်ခေါ်လိုက်သည်။ သူသည် ရန်ဟောင်တစ်ယောက်ပင်။ သို့သော် သူသည် အရှင်ရှာမန်နှင့် အကြည့်စုံသွားသောအခါ အလွန် ကြောက်ရွံ့သွားသည်။

“မင်းက ညီငယ်လေးရဲ့ နောက်လိုက်ပဲ။ သူက တိုက်ပွဲထဲမှာ သေသွားတာတောင် မင်းက အကောင်းအတိုင်း ရှိနေသေးတယ်ပေါ့။ မင်းက ဘာလို့ အသက်ရှင်နေသေးတာလဲ”

အရှင်ရှာမင် ထိုသို့ပြောလိုက်ပြီးနောက် သူ၏ကြောက်မက်ဖွယ် ကြက်သွေးရောင်အကြည့်သည် အာကာပြင်ကို ဖြတ်သန်းသွားပြီး ရန်ဟောင်၏ မျက်လုံးများကို ထွင်းဖောက်သွားသည်။

ရန်ဟောင်၏မျက်လုံးများထဲမှ သွေးများ စီးကျလာပြီး သွေးပျက်ဖွယ် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ကြက်သွေးရောင်အလင်းတန်းနှစ်တန်းသည် သူ၏မျက်ဝန်းများကို ထွင်းဖောက်ကာ သူ၏ဦးနှောက်ကို ထိုးဖောက်သွားသည်။ ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ် မြင်ကွင်းပင်။

“အား...”

ရန်ဟောင်သည် သူ၏မျက်လုံးများကို သူ၏လက်များဖြင့် ကာထား၏။ သူ့လက်ချောင်းများတွင် သွေးများဖြင့် ရဲတွတ်နေသည်။ သူ့ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေ၏။ သူသည် လောကအတွင်းရှိ အရက်စက်ဆုံး နှိပ်စက်မှုကို ခံစားနေရသကဲ့သို့ပင်။ သူ့စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်မှ အတင်းဆွဲထုတ်ခံနေရသည်ဟု သူခံစားနေရသည်။ သူ့မျက်လုံးရှေ့တွင် ကြမ်းကြုတ်သော မြင်ကွင်းများစွာ ထွက်ပေါ်လာသည်ကို သူမြင်လိုက်ရပြီး သူသည် အရှင်ရှာမင်၏ ကြက်သွေးရောင်မျက်လုံးများထဲတွင် နစ်မြုပ်သွားလေတော့သည်။ သူ့စိတ်ထဲတွင် သူ၏အတိတ်အဖြစ်အပျက်များကို ပြန်လည်ပြသနေသည်။

ရွှစ်...

ကြက်သွေးရောင်အလင်းများသည် ရန်ဟောင်၏ဦးနှောက်ကိုဖြတ်၍ အပေါက်နှစ်ပေါက် ဖောက်သွားသည်။ နောက်ဆုံးတွင် မှော်နက်နန်းတော်မှ ကျင့်ကြံသူအတွက် ရက်စက်သောနှိပ်စက်မှုသည် ပြီးဆုံးသွားပေပြီ။ သူသည် မြေပေါ်သို့ ပစ်လဲသွား၏။ သူ့ထံမှ သွေးများသည် မြေပြင်ကို နီရဲနေစေလေသည်။ ပတ်ဝန်းကျင်သည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

အရှင်ရှာမင် သတ်လိုက်သူသည် ရန်ဟောင်တစ်ယောက်သာ ဖြစ်သော်လည်း သူတို့အားလုံးအပေါ် သက်ရောက်မှု ကြီးပေသည်။ မှော်နက်နန်းတော်မှ ကျင့်ကြံသူများ၏ ကိစ္စများအပေါ် ကိုင်တွယ်ပုံသည် အမှန်ပင် ရက်စက်လေသည်။ အရှင်ရှာမင်သည် သူ၏လက်အောက်ငယ်သားကို အပြစ်ပေးသည်ပင် ရက်ရက်စက်စက် ပြုမူခဲ့သည်။ ထို့ကြောင့် သူ သူ့ပြိုင်ဘက်များနှင့် ရင်ဆိုင်ချိန်တွင် မည်မျှရက်စက်မည်ကို တွေးကြည့်နိုင်ပေသည်။

ကြည့်ရသည်မှာ ယနေ့တွင် အခြေအနေများသည် သေချာပေါက် ဆိုးရွားလာတော့မည့်ပုံပင်။

ထိုမဟာရှာမင် ရောက်လာချင်းချင်း ပထမဆုံးလုပ်ခဲ့သည့်အရာမှာ သူ၏နန်းတော်မှ အဖွဲ့ဝင်တစ်ယောက်ကို သေသည်အထိ နှိပ်စက်ခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် သူသည် သူ့ညီငယ်ကို သတ်ခဲ့သော ကျင့်ကြံသူများကို မည်သို့ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားခွင့် ပြုမည်နည်း။

မှော်နက်သူတော်စင် ဟွာယွင်ထင်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အခြေအနေများသည် ဆိုးရွားလာပြီဖြစ်ကြောင်း သိလိုက်သည်။ အရှင်ရှာမင်သည် သူ၏စွမ်းအားကို ထုတ်ဖော် ဝါကြွားနေလေသည်။

“ညီငယ်လေးကို သတ်တဲ့ကိစ္စမှာ ပါဝင်တဲ့သူမှန်သမျှကို ဖမ်းလိုက်”

အရှင်ရှာမင်သည် ထီမထင်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။ သူသည် အမိန့်ပေးသည့်အသံဖြင့် ပြောလိုက်ခြင်းဖြစ်ရာ သူ့စကားကို အဓိပ္ပာယ်မှားကောက်ရန် အကြောင်းမရှိပေ။

“ဟုတ်ကဲ့ပါ အရှင်ရှာမင်”

သူ့နောက်ရှိ မှော်နက်နန်းတော်မှ ကျင့်ကြံသူများက ပြန်ဖြေလိုက်ပြီး ရှေ့သို့ ထွက်သွားကြသည်။ သူတို့အားလုံးသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးသည့် ကျင့်ကြံသူများဖြစ်သည်။ သူတို့သည် ထိုကိစ္စတွင် ပါဝင်သူများကို ဖမ်းဆီးရန် ‌ရှေ့သို့ ထွက်လာကြ၏။

အရှင်ရှာမင်သည် သူ၏ညီငယ်သေဆုံးမှုတွင် ပါဝင်သူအားလုံးကို ဖမ်းဆီးတော့ပေမည်။ ထိုထဲတွင် ဖန်းစွင်၊ သောယွီနှင့် အခြားသူများ ပါသည်။

ဖန်းစွင်သည် သူ့လက်ထဲရှိ ရွှေလှံပုဆိန်ကို မြှောက်၍ အရှင်ရှာမင်ကို ချိန်ရွယ်လိုက်သည်။ ရွှေလှံပုဆိန်သည် အံ့အားသင့်ဖွယ် သတ်ဖြတ်လိုသောအငွေ့အသက်များကို ထုတ်လွှတ်လိုက်၏။ သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်ဝိညာဉ်စွမ်းအားက ဝန်းရံလှည့်ပတ်သွား၏။ ဖန်းစွင်သည် နဂိုကတည်းက ထိန်းရခက်သူတစ်ဦးဖြစ်သည်။ သူသည် ဤကဲ့သို့ အလွယ်တကူ လက်မလျှော့နိုင်ချေ။

သောယွီ၏အကြည့်များသည်လည်း ရေခဲတမျှအေးစက်နေသည်။ သူသည် သူ့လက်ထဲရှိ လှံရှည်ကို မြှောက်လိုက်သည်။ သူ့မျက်လုံးများသည် ထူးဆန်းသွားပြီး ကြောက်မက်ဖွယ်ကောင်းလာသည်။ ၎င်းတို့သည် သံသရာမျက်လုံးများဖြစ်သည်။

“ငါတို့ကို တိုက်ခိုက်တဲ့သူမှန်သမျှကို မညှာဘဲ သတ်ကြ”

ရီဖူရှင်းသည် ဖန်းစွင်နှင့် အခြားသူများကို ကြည့်၍ အမိန့်‌ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ”

ဖန်းစွင်က ပြန်ပြောလိုက်၏။ သူ့ဘေးတွင် ဓားဧကရာဇ်အရှင်လည်း ရှိနေသည်။ သူ့ခန္ဓာကိုယ်ကို ဓားဝိညာဉ်စွမ်းအားက လှည့်ပတ်နေပြီး အာကာပြင်ကို လွှမ်းခြုံထားသည်။ သူ၏အရှိန်အဝါသည် အလွန်အံ့အားသင့်ဖွယ်ကောင်းလှသည်။

မှော်နက်နန်း‌တော်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ကြသည်။ ကြောက်မက်ဖွယ် မှော်နက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ကောင်းကင်ကို လွှမ်းခြုံသွားပြီး ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်သည် မည်းနက်သွားကာ လောကကြီးကို မှောင်မည်းသွားစေ၏။

ကောင်းကင်သည် မည်းမှောင်သွားပြီဖြစ်သည်။

All Chapters