စမ်းကြည့်ခြင်းလော
Vol. 192 Ch. 2742
ကျင့်ကြံသူများသည် ဖိအားနှင့် ကြောက်မက်ဖွယ်အာကာပြင်မှ အဝေးသို့ ဆုတ်ခွာသွားကြသည်။ သူတို့သည် ထိုတိုက်ပွဲ စတင်တော့မည်ကို အာရုံခံမိနေသည်။
ထိုကဲ့သို့သော ပြင်းအားရှိသည့် တိုက်ပွဲတစ်ပွဲ၏ မိုင်(၁၀၀၀)အဝန်းအဝိုင်းအတွင်း၌ ရှိနေခြင်းသည်ပင် မလုံခြုံချေ။ ထို့ကြောင့် အနီးပတ်ဝန်းကျင်၌ဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ အကယ်၍ ထိုကျင့်ကြံသူနှစ်ဦးသာ သူတို့ စွမ်းအားများကို မထိန်းချုပ်ဘဲ ထုတ်လွှတ်လိုက်လျှင် တိုက်ပွဲ၏ အဟုန်လှိုင်းများသည် မည်သည့်အကွာအဝေးအထိ ရောက်မည်ကို မည်သူမှ မသိနိုင်ပေ။
သို့သော် ထိပ်သီးကျင့်ကြံသူအများစုသည် တိုက်ခိုက်သောအခါတွင် သူတို့ကိုယ်သူတို့ အနည်းငယ် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြမည်ဖြစ်သည်။
လူအုပ်သည် နောက်ဆုတ်သွားသော်လည်း သူတို့၏အကြည့်များမှာ တိုက်ပွဲပြင်ပေါ်တွင်သာ သံမှိုဆွဲသကဲ့သို့ ရှိနေပေသေးသည်။ သူတို့သည် ထိုမုန်တိုင်းကို အလွန်စိုးရိမ်နေကြသည်။
ဤတိုက်ပွဲသည် မှော်နက်လောကနှင့် စီဝေ့ကြယ်ကောင်းကင်တို့အကြားမှ တိုက်ပွဲတစ်ပွဲဖြစ်သည်။ ယခုတွင် စီဝေ့အင်ပါယာနန်းတော်သည် မဟာအင်ပါယာအဆင့်အင်အားစုများ ပြီးလျှင် ထိပ်သီးအင်အားစုတစ်စု ဖြစ်လာပေပြီ။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားကလန်များကိုပင် ကျော်တက်နိုင်ခဲ့သော ထိပ်သီးအင်အားစု တစ်စုဖြစ်သည်။ ၎င်းသည် မဟာအင်ပါယာအဆင့်အင်အားစုများကို ထည့်မတွက်လျှင် နံပါတ်(၁)အင်အားစုဖြစ်သည်ဟုလည်း သတ်မှတ်နိုင်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုအချက်ကို ကောင်းကင်နန်းတော်ဟောင်းတွင် သက်သေပြခဲ့ပြီးဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်မှ လူများသည် ကောင်းကင်ဘုံမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲပြီးနောက် လောကကြီးသည် စီဝေ့အင်ပါယာနန်းတော်၏ အင်အားမှာ မဟာအင်ပါယာအဆင့်အင်အားစုများပြီးလျှင် ဒုတိယဖြစ်ကြောင်း သိရှိခဲ့သည်။
အကယ်၍ မှော်နက်နန်းတော်က သူတို့ကို နှိမ်နင်းလိုလျှင် လွယ်ကူမည် မဟုတ်ချေ။
ထို့အပြင် ရီဖူရှင်းတို့အုပ်စုသည် နတ်ဆိုးအင်ပါယာ၏ ဆက်ခံသူဖြစ်သော ယူချင်း၏ ထောက်ပံ့မှုကို ရထားပေသည်။ ယူချင်းသည် ဒီမွန်းအရှင်၏ သင်ကြားမှုများကို ရရှိခဲ့သည်။ လွန်ခဲ့သောနှစ်များက သူသည် ကောင်းကင်နန်းတော်ဟောင်းတွင် ကျိဝူတောက်နှင့် တစ်ခဏမျှ တိုက်ခိုက်ခဲ့ဖူးသည်။ သူ၏စွမ်းရည်သည် အံ့အားသင့်ဖွယ်ကောင်းလှသည်။
ယူချင်းကဲ့သို့သော ကျောထောက်နောက်ခံ ရှိနေသဖြင့် မှော်နက်နန်းတော်သည် အသာရနေသည်ဟု မဆိုနိုင်ပေ။ ယူချင်း တိုက်ပွဲအတွင်း၌ ဝင်မပါဘဲ ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားကို မသုံးမှသာ အသာရနိုင်ပေလိမ့်မည်။ သို့ဆိုလျှင် စီဝေ့အင်ပါယာနန်းတော်က မည်သူမှ အရှင်ရှာမင်ကို မယှဉ်နိုင်လောက်ပေ။ မှော်နက်နန်းတော်၏ မဟာရှာမင်သည် မှော်နက်နန်းတော်တွင် မှော်နက်အရှင်ပြီးလျှင် စွမ်းအားကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် မှော်နက်သူတော်စင်သုံးပါး၏ ခေါင်းဆောင်လည်းဖြစ်သည်။ ယခုတွင် သူ၏စွမ်းရည်သည် မည်မျှ စွမ်းအားကြီးနေကြောင်း မည်သူမှ မသိပေ။ သို့သော် မဟာအင်ပါယာများကို ထည့်မတွက်လျှင် သူသည် စွမ်းအားအကြီးဆုံးသူများအကြားတွင် ပါမည်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိချေ။
“မညှာကြနဲ့”
အရှင်ရှာမင်က ရီဖူရှင်း ပြောသောစကားကို ကြားသောအခါ ရီဖူရှင်းကို ခပ်ဖြည်းဖြည်း ကြည့်၍ ပြောလိုက်၏။ သူ၏ကြက်သွေးရောင်မျက်ဝန်းများထဲတွင် အထင်သေးသော အကြည့်တစ်ခု ရှိနေလေသည်။ ထို့နောက် သူသည် ဓားဧကရာဇ်အရှင်ကို ကြည့်လိုက်၏။
“ဓားဧကရာဇ်အရှင်... ခင်ဗျားက ကောင်းကင်ဒေသက ကျင့်ကြံသူတစ်ယောက်ပဲ။ ဒီကိစ္စက ခင်ဗျားနဲ့ မဆိုင်ဘူး။ ခင်ဗျားက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့သူပဲ... ဘာလို့များ အခုမှ ဒီအရှုပ်အထွေးထဲ ဝင်ပါချင်နေရတာလဲ။ ကျုပ် ခင်ဗျားကို ထွက်သွားဖို့ အခွင့်အရေးပေးမယ်”
အရှင်ရှာမင်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။ သူ၏စကားများထဲတွင် အေးစက်မှုတစ်ခု ပါပြီး ထိုမကောင်းသောအငွေ့အသက်သည် ပတ်ဝန်းကျင်မှ လူများကို မသက်မသာ ခံစားနေရစေလေသည်။
ဓားဧကရာဇ်အရှင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကောင်းကင်ဒေသတွင် ကျော်ကြားခဲ့ပြီး နတ်ဘုရားတစ်ဝက်စာရင်းတွင်ပါသည့် စွမ်းအားကြီး ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း သူသာ မဟာရှာမင်ကို ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
“အဲဒီလိုဆိုရင် ကျုပ် ခင်ဗျားကို ကျေးဇူးတင်ရတော့မှာပေါ့”
ဓားဧကရာဇ်အရှင်သည် အရှင်ရှာမင်ကို ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ကြည့်လိုက်ပြီး ပြောလိုက်၏။ အရှင်ရှာမင်သည် ဓားဧကရာဇ်အရှင်ကို မည်သူထင်နေသနည်း။ ဓားဧကရာဇ်အရှင်သည် အင်ပါယာအဆင့်အင်အားစုတစ်စု၏ ဆက်ခံသူမဟုတ်သော်လည်း သူသည် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော နတ်ဘုရားတစ်ဝက်အဆင့်ရှိသူတစ်ယောက်ဖြစ်သည်။ ယခုတွင် အရှင်ရှာမင်သည် သူ့ကို ထိုကဲ့သို့ အပြုအမူမျိုးဖြင့် ပြောကာ ထွက်သွားရန် အခွင့်အရေးတစ်ခု ပေးနေလေသလော။
ဓားဧကရာဇ်အရှင်သည် အသက်ကြီးပြီဖြစ်သည်။ သို့သော် သူ၏ဓားသည် ထက်ရှနေဆဲပင်။
အရှင်ရှာမင်သည် ဓားဧကရာဇ်၏ဆိုလိုရင်းကို သဘောပေါက်ပေသည်။ သူသည် ထပ်၍ မပြောတော့ပေ။ သူသည် ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျံတက်သွား၏။ သူ၏ အနက်ရောင်ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေသည်။ သူသည် သူ၏လက်နှစ်ဘက်စလုံးကို ဆန့်ထုတ်လိုက်၏။ ရုတ်ခြည်းပင် ကောင်းကင်ထဲရှိ မှော်နက်ဝိညာဉ်စွမ်းအားသည် အပြင်းအထန် လှုပ်ရှားလာသည်။ လောကကြီး၏အဆုံးသတ် အမှန်ပင် ရောက်ရှိလာသည်ဟုပင် ထင်ရသည်။ ထိုမြင်ကွင်းသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။
ထို့အပြင် အနက်ရောင်မုန်တိုင်းထဲတွင် မရေမတွက်နိုင်အောင် များပြားသော ကြက်သွေးရောင် ကပ်ဘေးအလင်းတန်းများ ပြိုးပြက်နေသည်။ ကပ်ဘေးအလင်းများ ထွက်ပေါ်လာပုံကို ခန့်မှန်း၍ မရပေ။ အလင်းများသည် မုန်တိုင်း၏ သဘာဝတစ်စိတ်တစ်ပိုင်းကဲ့သိုပင်။ ကျင့်ကြံသူများစွာသည် သူတို့က အရှိန်အဝါအောက်တွင် ရပ်သည်ဆိုရုံသာ ရပ်နေသော်လည်း သူတို့၏ စိတ်ဝိညာဉ် တုန်ယင်လာသည်ဟု ခံစားလိုက်ရ၏။
“ပြေးကြ...”
သူတို့သည် တိုက်ပွဲကို ကြည့်ရန် စိတ်မဝင်စားနိုင်တော့ဘဲ အသည်းအသန် ထွက်ပြေးကြလေတော့သည်။ အခြားကျင့်ကြံသူများသည် သူတို့ တိုက်ခိုက်ချိန်တွင် ဘေးမှ ကြည့်နေသူများအတွက် ထည့်တွက်ပေလိမ့်မည်။ သို့သော် ဤသူမှာ မှော်နန်နန်းတော်မှ အရှင်ရှာမင်ဖြစ်သည်။ သူသည် အရေးစိုက်ပါမည်လော။
ဝုန်း...ဝုန်း...ဝုန်း...
အာကာပြင်ထဲတွင် ကြောက်မက်ဖွယ် ထိခတ်မှုများ ပဲ့တင်ထပ်သွားသည်။ ရုတ်တရက် များစွာသော ကြက်သွေးရောင် ကျောက်တိုင်များ မြေပေါ်သို့ ကျလာပြီး ထိုကျယ်ပြောသောနယ်မြေကို ချိပ်ပိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထဲတွင် သွေးနီရောင် ယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာ၏။ အာကာပြင်တစ်ခုလုံးသည် ယဇ်ပလ္လင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုနေရာကိုလည်း အမှောင်ထုက လွှမ်းခြုံသွားသည်။
အရှင်ရှာမင်သည် စွမ်းအားကြီး နတ်ဘုရားတစ်ပါးကဲ့သို့ ယဇ်ပလ္လင်ပေါ်တွင် ရပ်နေပြီး ရီဖူရှင်းကို ငုံ့ကြည့်နေသည်။ သူ၏အကြည့်ထဲတွင် အထင်သေးမှုများ ရှိနေသည်။ သူ အော်လိုက်၏။
“ပမွှားကောင်လေး... မင်းက အင်အားစုတွေရဲ့ နယ်ရုပ်လေးတစ်ရုပ်ပဲ။ အဲဒါကိုတောင် မင်းက နတ်ဘုရားတွေကို ဆန့်ကျင်ပြီး မင်းရဲ့ ကံကြမ္မာကို ပြောင်းဖို့ အိပ်မက်,မက်နေသေးတယ်ပေါ့လေ။ မင်းက မင်းနေရာကိုမင်း မသိဘူးပဲ”
သူ၏အသံကို အဝေးကပင် ကြားနိုင်လေသည်။ ထိုအသံသည် အားလုံး၏ နားစည်အတွင်း၌ ပဲ့တင်ထပ်သွားသည်။ သူသည် အကြွင်းမဲ့ လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
ကျင့်ကြံသူများစွာသည် အံ့အားသင့်သွားကြသည်။ အရှင်ရှာမင်၏မျက်လုံးထဲတွင် ရီဖူရှင်းသည် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင်လော။
ရီဖူရှင်းသည် နယ်ရုပ်လေးတစ်ရုပ်သာလော။
ရီဖူရှင်းမှာလည်း အရှင်ရှာမင်ကို မော့ကြည့်သည်။ အရှင်ရှာမင်၏စွမ်းရည်သည် နတ်ဘုရားတစ်ဝက်အဆင့် အထွတ်အထိပ်သို့ ရောက်နေပေပြီ။ သူသည် ပထမနတ်ဆိုးသူတော်စင် ယန်ကွေ့ရီနှင့် တုကူးဝူရှဲ့တို့နှင့် အဆင့်တူပေသည်။ မဟာအင်ပါယာများကို ထည့်မတွက်လျှင် သူသည် စွမ်းအားအကြီးဆုံးသူများကြားတွင် ပါပေသည်။ ထို ကြက်သွေးရောင် ယဇ်ပလ္လင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အရှင်ရှာမင်သည် ထိုစက်ကွင်းကို ထိန်းချုပ်နိုင်သွားသည်။
ရီဖူရှင်းသည် ပုရွက်ဆိတ်တစ်ကောင်လော။
မဟုတ်ပေ။
သူသည် နယ်ရုပ်တစ်ရုပ်လော။
ရှုထောင့်တစ်ခုမှ ကြည့်လျှင် ရီဖူရှင်းသည် အမှန်ပင် နယ်ရုပ်တစ်ရုပ်ဖြစ်သည်။ မှော်နက်လောက၊ နတ်ဆိုးလောကနှင့် ဗလာနတ္တိဘုံတို့သည် သူ့ကို နယ်ရုပ်တစ်ရုပ်ကဲ့သို့ ဆက်ဆံကြသည်။ သူတို့သည် သူ့ကို အသုံးချ၍ ကောင်းကင်ဒေသနှင့် ချိန်ခွင်လျှာညီအောင် လုပ်ခဲ့သည်။ သူတို့သည် သူ့ကို အရှင်ဒွန်ဟောင်အား ခြိမ်းခြောက်နိုင်လာအောင် အင်အားကြီးလာသည်အထိ ခွင့်ပြုရန် ဝန်မလေးပေ။ မူလဘုံ ပရမ်းပတာဖြစ်နေခဲ့စဉ်က အခြားလောကများမှ ထိုအင်ပါယာအဆင့်အင်အားစုများသည် စီဝေ့အင်ပါယာနန်းတော်ကို ချမ်းသာပေးခဲ့သည်။
အကယ်၍ သူတို့သာ ထိုစဉ်က စီဝေ့အင်ပါယာနန်းတော်ကို ဖျက်ဆီးရန် ရွေးချယ်ခဲ့လျှင် စီဝေ့အင်ပါယာနန်းတော်သည် သူတို့၏ တိုက်ခိုက်မှုများကို ခုခံနိုင်လောက်မည် မဟုတ်ဘဲ ပျက်သုဉ်သွားမည်ဖြစ်သည်။
ထို့ကြောင့် အရှင်ရှာမင်က ရီဖူရှင်းသည် နယ်ရုပ်တစ်ရုပ်ဖြစ်သည်ဟု ပြောသောစကားမှာ မမှားပေ။
သို့သော် သို့ဖြစ်လျှင် ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင်သူသည် မည်သူနည်း။
ကြိုးကိုင်သူသည် မှော်နက်နန်းတော်နှင့် ဗလာနတ္တိဘုံလော။
ကြိုးကိုင်သူ အစစ်အမှန်ကို ဖော်ထုတ်ရန် မလွယ်လောက်ပေ။
“တကယ်လို့ ငါသာ မင်းအသက်ကို နှုတ်ချင်ရင် ငါ ကြိုက်တဲ့အချိန် လုပ်လိုက်လို့ရတယ်”
အရှင်ရှာမင်က ဆက်ပြောလိုက်၏။ ယခုတွင် ရီဖူရှင်း၏စွမ်းရည်သည် အတော်လေး အစွမ်းထက်နေပြီဖြစ်သော်လည်း အရှင်ရှာမင်သည် ထိုကဲ့သို့ ပြောလိုက်ပေသေးသည်။
သူ ထိုသို့ပြောပြီးသွားနောက် အနက်ရောင်စက်ကွင်းအတွင်းမှနေ၍ ကြက်သွေးရောင်လျှပ်စီးများသည် ကပ်ဘေးအလင်းများကဲ့သို့ ကျဆင်းလာသည်။ ၎င်းတို့သည် လောကအတွင်းမှ အရာအားလုံးကို ဖျက်ဆီးနိုင်သော ကောင်းကင်မှ စီရင်ချက်စွမ်းအားကဲ့သို့ပင်။
ရွှီး...
ဓားဧကရာဇ်အရှင်၏လက်ထဲမှ နတ်ဓားမှနေ၍ စွမ်းအားကြီး ဓားဝိညာဉ်စွမ်းအား ထွက်လာသည်။ ဓားနယ်မြေတစ်ခုသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ချက်ချင်း လွှမ်းခြုံသွားသည်။ အကယ်၍ ထိုစွမ်းအားသာ သူတို့အပေါ်သို့ ကျဆင်းလာလျှင် သာမန်ကျင့်ကြံသူများသည် ၎င်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သူတို့သည် ကြက်သွေးရောင်လျှပ်စီးများကြောင့် သေဆုံးသွားမည်ဖြစ်သည်။
“အဲဒီလိုလား...”
ရီဖူရှင်းသည် ခေါင်းမော့၍ အရှင်ရှာမင်ကို ကြည့်သည်။ ထို့နောက်တွင် သူပြောလိုက်၏။
“ဒီနေ့ ခင်ဗျား ကျုပ်အသက်ကို ဘယ်လိုနှုတ်မလဲဆိုတာ ကျုပ်ကိုယ်တိုင် ကြည့်မယ်”
ဘေးမှလူအားလုံးသည် ရီဖူရှင်းတစ်ယောက် အရှင်ရှာမင်နှင့် တိုက်ခိုက်တော့မည်ဟု ထင်လိုက်ချိန်တွင် ရီဖူရှင်းသည် နောက်လှည့်၍ သူ့နောက်တွင်ရပ်နေသော ဝတ်စုံဖြူနှင့်အမျိုးသမီးကို ကြည့်သည်။ ထို့ကြောင့် လူများစွာသည် မျက်ခုံးပင့်ကာ နားမလည်နိုင်ဖြစ်သွားကြသည်။
“ခင်ဗျားရဲ့ ပြီးခဲ့တဲ့ လေ့ကျင့်မှုတွေရဲ့ ရလဒ်ကို စမ်းကြည့်ချင်လား”
ရီဖူရှင်းက လင်လုံကို မေးလိုက်သည်။ သူမသာ မှော်နက်နန်းတော်မှ မှော်နက်အရှင်ပြီးလျှင် စွမ်းအားအကြီးဆုံး အရှင်ရှာမင်ကို သူမ၏ပြိုင်ဘက်အနေဖြင့် တိုက်ခိုက်ရလျှင် သူမ၏အရည်အချင်းများ သေချာပေါက် တိုးတက်လာလိမ့်မည်ဟု ရီဖူရှင်း ယုံကြည်ပေသည်။
ရီအင်ပါယာနန်းတော်တွင် လင်လုံသည် ပြိုင်ဘက်ကင်းပင် မဟုတ်ပါလား။ ယခုတွင် ရီဖူရှင်းသည် သူမနှင့် လက်ရည်တူသည့် ပြိုင်ဘက်ကို သူမအတွက် ရှာပေးနိုင်ခဲ့ပေပြီ။
“ကောင်းပြီ...”
လင်လုံသည် ခေါင်းညိတ်လျှက် ပြန်ပြောလိုက်၏။
ထို့နောက်တွင် သူမသည် ရှေ့သို့ ထွက်ကာ အရှင်ရှာမင်ရပ်နေသောနေရာသို့ လျှောက်သွားလိုက်သည်။ ထို့ကြောင့် ကျင့်ကြံသူများစွာသည် အံ့အားသင့်သွားကြသည်။
ရီဖူရှင်းသည် သူကိုယ်တိုင်မတိုက်ရုံသာမက သူ့အစားတိုက်ရန် အမျိုးသမီးတစ်ဦးကိုပင် စေလွှတ်လိုက်သေးသည်။
ထိုဝတ်စုံဖြူနှင့်အမျိုးသမီးသည် ထူးကဲသောဟန်ပန်အရှိန်အဝါ ရှိပေသည်။ သူမ၏ ရုပ်ရည်သည်လည်း လှပချောမောသည်။ မည်သူမှ သူမကို မသိကြပေ။ သူတို့သည် သူမကို ယခင်က တစ်ခါမှ မမြင်ဖူးကြချေ။ သို့သော် သူမသည် ထူးကဲသည်ဆိုလျှင်ပင် ရီဖူရှင်းက သူမကို အရှင်ရှာမင်နှင့် ရင်ဆိုင်ခိုင်းခြင်းမှာ သူမကိုယ်သူမ သတ်သေခိုင်းသလို ဖြစ်မနေပါလော။