အိမ်ပြန်လာဖို့ အချိန်ကျပြီ ဒါလင်
Vol. 53 Ch. 742
စကားလုံးများ အရုဏ်ဦးအင်မော်တယ်၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟိုသည် သူ့အပေါ် သက်ရောက်နေသော ဖိအား တိုးလာသည်ကို ခံစားလိုက်ရ၏။ သုတ်သင်ခြင်းစိတ်ဆန္ဒက သူ့ကို စိစိညက်ညက် ခြေပစ်တော့မည့်အလားပင်။
မန်ဟိုမှာ တုန်ရီနေသည်ကို ခံစားရပြီး အံတင်းတင်းကြိတ်ကာ အရုဏ်ဦးအင်မော်တယ်ကို ဆက်ကြည့်နေသည်။ မှီခိုရာဂိုဏ်းမှာတုန်းက သူမအကြောင်း ကြားခဲ့ဖူးသော်လည်း ဤအခိုက်အတန့်မှာ ... သူမကို ကိုယ်တိုင် မြင်ဖူးခြင်းဖြစ်လေသည်။
အရုဏ်ဦးအင်မော်တယ်သည် ညာလက်ကို မြှောက်လိုက်ရာ ထိုလက်ထဲ၌ သစ်ရွက်တစ်ရွက် ပေါ်လာသည်။ သူမက ၎င်းကို ညင်ညင်သာသာ ဝှေ့ယမ်းလိုက်ပြီး ၎င်း မန်ဟိုဆီ ထိုးဆင်းသွားစဉ် စူးရှတောက်ပသောအလင်းတို့ ဖြာထွက်သွား၏။
သစ်ရွက်မှအပ ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံး ရပ်တန့်သွားသည်။ ၎င်းက မန်ဟို့အပေါ် ချက်ချင်း ထိုးဆင်းသွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားလေသည်။ သို့သော် ... အိုမင်းနေသော လက်ကြီးတစ်ဖက်က ဆန့်ထွက်လာပြီး သစ်ရွက်ကို ဆုပ်ကိုင်လိုက်သည်။
လက်ကြီးက လက်သီးဆုပ်လိုက်ပြီး သစ်ရွက်မှာ ကြေမွသွားသည်။
လက်ကြီး ပြန်ဖွင့်လိုက်သောအခါ အမှုန့်များက လေတွင် မျောလွင့်သွားသည်။
လက်ကြီးသည် သွေးမိစ္ဆာဂိုဏ်းချုပ်၏ ပေါင်းစည်းထားသော ကိုယ်ပွား၏လက်မှတစ်ပါး အခြားမဟုတ်ပေ။
"မင်းတို့လို လူလေးတွေနဲ့ ရင်ဆိုင်မှာကို သွေးမိစ္ဆာမဟာမှော်သိုင်း မသုံးနိုင်တော့ရော ဘာဖြစ်လဲ" သူက အေးတိအေးစက် ပြောသည်။ ရုတ်တရက် သွေးရောင်အလင်းက သူ့ကို ခြံရံလျက် လေပေါ်ထိုးတက်သွားကာ အပေါ်ရှိ ဧရာမမျက်နှာကြီးကိုပင် လွှမ်းခြုံသွားလေပြီ။ အံ့ဩဖွယ်ကောင်းစွာနှင့် စောစောက မန်ဟို ထိန်းချုပ်ခဲ့သော မိစ္ဆာတမန်တော်၏ချိုနှင့် တစ်ထေရာတည်းတူသော ကြောက်စရာချိုကြီးတစ်ချိုက မျက်နှာကြီးအထဲမှ ထိုးထွက်လာသည်။
"သွေးလောက အသက်ဝင်" သွေးမိစ္ဆာဂိုဏ်းချုပ်က ပြောသည်။ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး သွေးရောင်မြူများက အရပ်မျက်နှာတစ်ခွင် တလိပ်လိပ် ရိုက်ခတ်သွား၏။ တစ်ချိန်တည်းမှာပင် အရုဏ်ဦးအင်မော်တယ်၏မျက်လုံးများ လင်းခနဲ လက်သွားပြီး သူမက လက်ကို ဝှေ့ယမ်းလိုက်ကာ ရှင်သန်ခြင်းနှင်းပန်းတစ်ပင်အား သူမ၏အနောက်တွင် မှော်ဆန်ဆန် ပေါ်လာစေသည်။ ၎င်းက သွေးမိစ္ဆာဂိုဏ်းချုပ်ကို အပြင်းအထန် တိုက်ခိုက်လိုက်သည့် အကန့်အသတ်မဲ့ရောင်စဉ်တန်းများဖြင့် တောက်ပသွား၏။
ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီး ၊ ဆံနီအဘိုးကြီးနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးတို့က သွေးမိစ္ဆာဂိုဏ်းချုပ်ကို ခုခံရာတွင် အရုဏ်ဦးအင်မော်တယ်ကို ကူညီရန် နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်လိုက်ကြသည်။
ချင်းလော်ဂိုဏ်း၏ တာအိုခြောက်ပါးမှာမူ ကူညီရန် ပြင်လိုက်စဉ် အရုဏ်ဦးအင်မော်တယ်က ရုတ်တရက် ပြောသည်။ "တာအိုခြောက်ပါး၊ ကူတိုက်ပေးစရာမလိုဘူး။ သွေးမိစ္ဆာဂိုဏ်းကို သွားရှင်း၊ သွေးမိစ္ဆာတောင်ကို ဖျက်စီးလိုက်။ အဲဒီနေရာက သွေးမိစ္ဆာရဲ့ ကိုယ်အစစ်ရှိတဲ့ နေရာပဲ"
"အဲဒီကောင်လေး မန်ဟိုကို သတ်နိုင်တုန်း သတ်ပစ်လိုက်" ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးက ထပ်ပြောသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ယီးကျန့်ဂိုဏ်း၏အမွေအနှစ်အဖိုးထိုက်ရတနာ၊ ဝါးဓားအား တာအိုခြောက်ပါးထံ ပျံသန်းသွားစေ၏။ "ရော့ ငါ့ဓားကို ငှားပေးမယ်"
ပထမတွင်တော့ တာအိုခြောက်ပါးမှာ ငြင်းရန် ပြင်နေခဲ့သည်။ မန်ဟို ယီးကျန့်ဂိုဏ်းမှ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်ခြင်းက သူ့ကို အမြုတေအထိ တုန်လှုပ်သွားစေသည်။ ဝါးဓား သူ့ဆီ ပျံသန်းလာသည်ကို မြင်သော် သူ့မှာ ရုတ်တရက် အားတက်သွားတော့၏။
ယီးကျန့်ဂိုဏ်း၏ အမွေအနှစ်အဖိုးထိုက်ရတနာမှာ အံ့ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကြောင်း သူ ကောင်းကောင်းသိလေသည်။ ဓားရိုးကို ဆုပ်ကိုင်ပြီးလျှင်ချင်း သူက ရိပ်ခနဲ မြေကြီးထံသို့ ထိုးဆင်းသွားတော့သည်။
သွေးမိစ္ဆာ မျက်မှောင်ကြုတ်သွားစဉ်မှာပင် မှော်တိုက်ပွဲ၏ တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံသွားသည်။
တာအိုခြောက်ပါးသည် သတ်ဖြတ်လိုသောမျက်လုံးများဖြင့် မန်ဟို့ကို မမှိတ်မသုန်ကြည့်ရင်း ကောင်းကင်ထက်မှ ထိုးဆင်းလာ၏။ သူက လက်မြှောက်လိုက်ရာ ဝါးဓားမှာ မျက်စိကျိန်းမတတ် လင်းလက်သွားတော့သည်။ လေထုသည် ပုံပျက်ရှုံ့တွသွားပြီး ပုံသဏ္ဌာန်မဲ့အရှိန်အဝါတစ်ခုက ၎င်းအတွင်းမှ စိမ့်ထွက်လာ၏။ ဓားမှာ အချိန်စွမ်းအားကို ထုတ်လွှတ်နေပုံရပြီး ၎င်း၏အင်အားက ဧရာမတောင်ကြီးတစ်လုံးအသွင်ဆောင်သည်။
မန်ဟို့မျက်နှာမှာ မသာမယာဖြစ်နေသော်လည်း သူသည် ဝါးဓား၏အရှိန်အဝါကို အာရုံရလိုက်သည်နှင့်တစ်ပြိုင်နက် မယုံကြည်နိုင်သော မျက်နှာထားဖြင့် အထိတ်တလန့် ကြည့်လိုက်မိ၏။
ဓားနီးကပ်လာသည်နှင့်အမျှ သူ၏မျက်ခုံးများ ပိုမိုတွန့်ချိုးသွားသည်။ တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်ကြား၌ ဖြစ်သည်။ သို့ရာတွင် ဝါးဓား၏အင်အားပါ ထည့်ပေါင်းလိုက်လျှင် သူသည် မန်ဟို၏ တိုက်ခိုက်နိုင်စွမ်းထက် ကျော်လွန်သွားလေပြီ။
"အကာအကွယ်ထဲ ပြန်ဝင်ကြ" မန်ဟိုက ပြောသည်။ သူနှင့် ကျန်သွေးမိစ္ဆာဂိုဏ်းသားများမှာ အကာအကွယ်၏ အလွှာ (၄) အနောက်သို့ ချက်ချင်း ဆုတ်လိုက်ကြ၏။
တာအိုခြောက်ပါးက အနားရောက်လာသည့်အခါ သွေးအေးအေး ရယ်ပြီး အကာအကွယ်၏ အလွှာ (၄) ကို လက်ညှိုးထိုးလိုက်သည်။ "ကျိုးပျက်စမ်း"
သူ၏လက်အဝှေ့က ဧရာမအမွှေးနံ့သာအိုးတစ်အိုး ပေါ်လာစေသည်။
အမွှေးနံ့သာအိုးသည် ချင်းလော်ဂိုဏ်း၏ အမွေအနှစ်အဖိုးထိုက်ရတနာမှတစ်ပါး အခြားမဟုတ်ပေ။ သို့သော်လည်း ချင်းလော်ဂိုဏ်းမှာတုန်းက သွေးမိစ္ဆာဂိုဏ်းချုပ် ထုတ်လွှတ်ခဲ့သော ဖိအား၏ ရလဒ်ဖြစ်သည့် အက်ရာများအား ၎င်း၏မျက်နှာပြင်ပေါ်တွင် မြင်ရနိုင်လေသည်။
အမွှေးနံ့သာအိုးသည် ရှေးဆန်သောအရှိန်အဝါကို ထုတ်လွှတ်လျက် အလွှာ (၄) ကို ထုနှက်လိုက်၏။
အလွန်ကြီးမားသော ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွားသည်။ အမွှေးနံ့သာအိုးမှာ အက်ကွဲနေသော်လည်း ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အမွေအနှစ်အဖိုးထိုက်ရတနာ ဖြစ်နေသေးသည်မဟုတ်ပါလော။ ၎င်းက အောက်သို့ ထုချလိုက်သည့်အခါ ၎င်းထံမှ အစိမ်းရောင်အငွေ့များ ထွက်လာပြီး မရေမတွက်နိုင်သော နာနာဘာဝဝိညာဉ်များဖြစ်လာသည်။
၎င်းတို့ အကာအကွယ်အနားရောက်လာသည့်အခါ အက်သံများ ကြားလိုက်ရပြီး အကာအကွယ်မှာ ပြိုကျသွားတော့၏။
ကံကောင်းထောက်မစွာနှင့် မန်ဟိုနှင့် သွေးမိစ္ဆာဂိုဏ်းသားများက အလွှာ (၃) အထိ ဆုတ်ထားပြီးပြီဖြစ်သည်။ အလွှာ (၄) ပေါက်ကွဲသွားသဖြင့် အားလှိုင်းများ ဖြာထွက်လာကာ အမွှေးနံ့သာအိုးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေလေသည်။
တာအိုခြောက်ပါးက ဝါးဓားကို မြှောက်၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း ယုတ်မာကောက်ကျစ်စွာ ရယ်လိုက်သည်။ သူ ဆင့်ခေါ်နိုင်သည့် အစွမ်းထက်ဆုံးဓားလှိုင်းမှာ မီတာ (၃၀၀၀၀) တိတိ ရှည်လျားလေသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ထက်ပိုင်းပိုင်းပစ်နိုင်ပုံရသော အကန့်အသတ်မဲ့အချိန်စွမ်းအားတို့ဖြင့် အကာအကွယ်၏ အလွှာ (၃) ကို ပိုင်းချလိုက်၏။
ယခုတွင် ဓား၏ ထူးခြားဆန်းကြယ်မှုမှာ ပို၍ပင် သိသာလာသည်။ တဖြေးဖြေး ဝါးဓား၏အပြင်လွှာမှာ အက်ရာများဖြင့် စုတ်ပြတ်လာပြီး အထဲ၌ နောက်ဓားတစ်လက်ကို မြင်လိုက်ရသည်။ အတွင်းဓားမှာ ညှိုးနွမ်းနေသော အကိုင်းမှ ထွက်ပြူနေသော နွေဦးပင်ပျိုတစ်ပင်နှင့် တူသည်။
ပို၍ပင် အားကောင်းသော အချိန်စွမ်းအားက ဓားထံမှ ထွက်လာရာ ယီးကျန့်ဂိုဏ်း၏ဝတ်ရုံနက်အဘိုးကြီးအား ပို၍ပင် ကျေနပ်သွားစေတော့သည်။
တာအိုခြောက်ပါးမှာတော့ ပျော်ရွှင်မြူးထူးနေပြီး ခေါင်းနောက်လှန်၍ ဝါးလုံးကွဲမတတ် အော်ရယ်လိုက်လေသည်။ "မန်ဟို မင်းတော့ သေပြီသာမှတ်"
ဝုန်းးးးး
အကာအကွယ်၏အလွှာ (၃) မှာ မကြေမွသွားခင် အသက်ရှူချိန်အနည်းငယ်သာ ကြာလိုက်သည်။ မန်ဟို့မျက်နှာမှာ အတိုင်းထက်အလွန် ပျက်ယွင်းနေသင့်သော်လည်း ထိုအစား ၎င်းက ထူးဆန်းနေပြီး သူ၏မျက်လုံးများမှာ တလက်လက် တောက်ပနေလေသည်။
"ထပ်ဆုတ်ကြ" သူက သွေးမိစ္ဆာဂိုဏ်းသားများကို အလွှာ (၂) ၏နောက်သို့ ဦးဆောင်ခေါ်သွားရင်း ပြောသည်။
တစ်ချိန်တည်းမှာပင် ရန်သူကျင့်ကြံသူသိန်းပေါင်းများစွာမှာ စိတ်အားတက်ကြွလာကြသည်။ တာအိုခြောက်ပါး အလွှာ (၂) ဆီသို့ ပြင်းထန်သောတိုက်ကွက်တစ်ကွက် ထပ်မံပစ်လွှတ်လိုက်စဉ် သူတို့က သွေးမိစ္ဆာဂိုဏ်းဆီ ညာသံပေး၍ ချီတက်သွားကြတော့၏။
ည ရောက်လာခဲ့ပြီး လမင်းက ကောင်းကင်ထက်တွင် ထိန်ထိန်သာနေသည်။ သို့သော် မြေကြီးမှာ တသိမ့်သိမ့် တုန်နေပြီး တိုက်ပွဲကား နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် မည်သူမှ အရေးမစိုက်တော့သည်အထိ ပြင်းထန်နေခဲ့လေပြီ။
"မန်ဟို ပေါက်လို့ပဲစားကောင်၊ မင်း ချင်းလော်ဂိုဏ်းထဲ ခြေချလိုက်ကတည်းက ဒီနေ့ရောက်လာမယ်ဆိုတာ သိထားသင့်တယ်" တာအိုခြောက်ပါး၏အသံ ဟိန်းထွက်သွားစဉ် သူ့အပေါ်ရှိ လေထဲတွင် အမွှေးနံ့သာအိုးက လည်လာသည်။ ဝါးဓားကလည်း တောက်ပသောအရောင်အဝါတို့ကို ဖြန့်ကျက်လျက် သူ့ကို လည့်ပတ်နေ၏။
တာအိုခြောက်ပါး၏မျက်လုံးမှာတော့ အဆိပ်ပြင်းသော မုန်းတီးမှုတို့ ပြည့်နှက်နေသည်။ သူသည် အချိန်အတော်ကြာကတည်းက မန်ဟိုကို ရိုးတွင်းခြင်ဆီထဲမှပင် မုန်းတီးနေခဲ့ပြီးဖြစ်၏။ သူ၏အလိုဆန္ဒကား သွေးမိစ္ဆာဂိုဏ်းနှင့် မန်ဟိုကို ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ မကျန်တော့အောင် သုတ်သင်ပစ်ဖို့ပင်။ ထိုရည်မှန်းချက်ပြည့်ဝရန် မည်သည့်အရာကိုမဆို စွန့်လွှတ်စတေးပစ်မည်ဖြစ်သည်။
"သေစမ်း" သူက အရူးကြီးသဖွယ် တဟားဟား ရယ်ရင်း လက်မြှောက်၍ ဝါးဓားထဲသို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ပို့လွှတ်လိုက်ရာ အံ့မခန်းဓားအရောင်အဝါအား ဖြာထွက်သွားစေသည်။
ဓားအရောင်အဝါကား အဆုံးစွန်အထိ ရင်သပ်ရှုမောဖွယ်ကောင်း၏။
အလင်းများ ဖြာထွက်သွားစဉ် အက်ကွဲသံများ ကြားလိုက်ရသည်။ ပို၍များပြားသော အကွဲကြောင်းများ ဝါးဓားတစ်လျှောက် ပြေးလွှားသွားပြီး နောက်ဆုံးတော့ ၎င်းမှာ ဘန်းခနဲ ပေါက်ကွဲသွားလေပြီ။
ဝါးဓား စုတ်ပြတ်သွားသည့်အခိုက်အတန့်တွင် အံ့ဩဖွယ်ကောင်းစွာနှင့် သစ်သားဓားတစ်လက်က ၎င်း၏နေရာ၌ ပေါ်လာသည်။
သစ်သားဓားမှာ ဝါးဓားထဲတွင် တစ်လျှောက်လုံး ဖုံးကွယ်ခံထားရခြင်းဖြစ်သည်။ ယခုတော့ ဝါးဓား ကြေမွသွားပြီဖြစ်ရာ သစ်သားဓား ပေါ်လာခဲ့လေပြီ။
၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အကန့်အသတ်မဲ့သော အချိန်စွမ်းအားများ ဖြာထွက်လာပြီး မယုံနိုင်လောက်အောင် ရှေးကျသောအရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွား၏။ အရုဏ်ဦးအင်မော်တယ်နှင့် သွေးမိစ္ဆာဂိုဏ်းချုပ်တို့ပင် အရှိန်အဝါကို အာရုံရလိုက်သောအခါ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားကြသည်။
ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးမှာ ဝမ်းသာပီတိဖြာနေ၏။ သူက ခေါင်းနောက်လှန်ပြီး အားပါးတရ အော်ရယ်လိုက်လေသည်။ သူသည် ဓားကို တာအိုခြောက်ပါးထံ ငှားပေးခဲ့သော်လည်း ၎င်းက ယီးကျန့်ဂိုဏ်း၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော အမွေအနှစ်အဖိုးထိုက်ရတနာ ဖြစ်နေသေးလေသည်။ အခြားတစ်ယောက်၏ လက်ထဲတွင် ရှိနေသည့်တိုင် ယီးကျန့်ဂိုဏ်းအပိုင် ဖြစ်နေသေး၍ မည်သူမှ ခိုးမယူနိုင်ပေ။
ယီးကျန့်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများကိုသာ လက်ဆင့်ကမ်း အသိပေးခဲ့သော အပြင်လူများ မသိသည့်အရာတစ်ခု ရှိသေးသည်။ ဤဓား၏ မူလသခင်မှာ ယီးကျန့်ဂိုဏ်းကိုယ်တိုင်ပင် ဖြစ်သည်။ ၎င်းကို ပထမဆုံး ရှာတွေ့ခဲ့စဉ်က ၎င်းသည် သဘာဝအလျောက် ဖြစ်ပေါ်လာခဲ့သော မူလဓားချီကို ပိုင်ဆိုင်ထားသည့် ဝါးချောင်းလေးတစ်ချောင်းထက် မပိုခဲ့ပေ။ ယီးကျန့်ဂိုဏ်းသည် ၎င်းကို အဆင့်မြင့်ဆုံးရတနာအဖြစ် မှတ်ယူ၍ ၎င်းအား ဓားအဖြစ် သန့်စင်ခဲ့ကြ၏။
"အဲဒါက ဝါးရဲ့ နှလုံးသား။ ဝါးရဲ့ နှလုံးသားက သစ်သားအဖြစ် ပြောင်းလဲသွားခဲ့ပြီးတော့ ဓားဖြစ်လာတာပဲ" ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးနှင့် တာအိုခြောက်ပါးခေါင်းဆောင်ကြီးတို့နှစ်ယောက်လုံး ကျယ်လောင်စွာ ရယ်နေကြ၏။ တာအိုခြောက်ပါးက မျက်လုံးများ တလက်လက် တောက်ပနေလျက် မန်ဟို့ကို ရုတ်တရက် လက်ညှိုးထိုးလိုက်သည်။
"သေစမ်း" သူ၏အသံကြီးသည် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားပြီး ပြိုင်ဘက်ကင်းသော ယုံကြည်ချက်တို့ဖြင့် ပြည့်နှက်နေ၏။ အကာအကွယ်မှ ကာဆီးပေးထားလျှင်တောင်မှ ဤဓား၏စွမ်းအားအောက်တွင် မန်ဟို မုချသေရလိမ့်မည်ဟု သူ ယုံကြည်ချက်ရှိလေသည်။
သူ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် သစ်သားဓားသည် တဝီဝီ မြည်ကာ အကာအကွယ်၏ အလွှာ (၂) ကို ပြေးဝင်ထိုးစိုက်လိုက်၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသိန်းပေါင်းများစွာမှာ တလက်လက် တောက်ပနေသော ဓားနှင့် ဓား၏အရှိန်အဝါကို အသက်ပင်မရှူနိုင်ဘဲ ကြည့်နေကြသည်။ ၎င်း ခံညားထည်ဝါစွာ လေကို ခွင်းသွားစဉ် အံ့ဩတုန်လှုပ်ဖွယ်ဖိအားကြီးက ၎င်းထံမှ ဖြာထွက်လာသည်။
"အချိန်က ဝါးဖြစ်လာတယ်" အရုဏ်ဦးအင်မော်တယ်က ရေရွတ်လိုက်သည်။ "ဝါးက အချိန်ကို ဖုံးကွယ်ပြီး ဝါးဓားဖြစ်လာတယ်...." သူမနှင့် သွေးမိစ္ဆာဂိုဏ်းချုပ်၏ တိုက်ပွဲမှာ အရှိန်မကျဘဲ ပို၍ပင် ပြင်းထန်လာသည်။
သစ်သားဓား ကျဆင်းလာသည့်အခါ မြေကြီးသည် အချိန်၏ဖိအားကို မခံနိုင်သည့်အလား တုန်ခါပြီး ပက်ကြားအက်လာ၏။
မြက်များ ခြောက်သွားပြီး အချိန်ကိုယ်တိုင်ပင် ပုံပျက်ရှုံ့တွလာသယောင်ပင်။ အချိန်မုန်တိုင်း တိုက်ခတ်လာရာ ပတ်ဝန်းကျင်ရှိ အံ့အားသင့်နေသော ကျင့်ကြံသူများမှာ ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။
ဓားက ယခုတွင် အလွှာ (၂) ကို ဝင်တိုက်ပေတော့မည်။ အထဲရှိ သွေးမိစ္ဆာဂိုဏ်းသားများ၏ မျက်နှာအပေါ်တွင် မျှော်လင့်ချက်မဲ့နေသော အမူအရာများ ရှိလေသည်။ ဆန့်ကျင်ဘက်တွင်တော့ ရန်သူကျင့်ကြံသူသိန်းပေါင်းများစွာမှာ မျှော်လင့်ချက်တို့ ပြည့်နေကြ၏။
မျက်လုံးအားလုံးက လေကို ခွင်းလာနေသော ဓားအပေါ်မှ မခွာပေ။
တာအိုခြောက်ပါး၏ရယ်သံကြီးက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
မန်ဟို့တွင်တော့ ထူးဆန်းသော မျက်နှာထား ရှိလေသည်။ စောစောက သူသည် ဝါးဓား၏အရှိန်အဝါနှင့်ပတ်သက်ပြီး ရင်းနှီးသောတစ်စုံတစ်ရာကို အာရုံရခဲ့၏။ ၎င်း မျက်နှာပြင်အပေါ်တွင် အက်ရာများ ပေါ်လာခဲ့တုန်းက ထိုရင်းနှီးသောအာရုံမှာ ပို၍အားကောင်းလာခဲ့သည်။ ဝါးဓား ကြေမွပြီး သစ်သားဓား ပေါ်လာသောအခါတွင်တော့ သူတစ်ယောက်တည်းသာ အာရုံရနိုင်သော သူနှင့်ဓားအကြားရှိ ဆက်သွယ်မှုတစ်ခု ပေါ်လာလေသည်။
သူကား သစ်သားဓားနှင့် ဆက်သွယ်မှုရှိနေ၏။
တစ်နေရာရောက်သော် ရှက်ကိုးရှက်ကန်းအပြုံးတစ်စ မန်ဟို၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာပြီး သူက လည်ချောင်းရှင်းလိုက်သည်။ သွေးမိစ္ဆာဂိုဏ်သားများနှင့် ရန်သူကျင့်ကြံသူများ သစ်သားဓားကို မမှိတ်မသုန် ကြည့်နေကြစဉ် သူက ရုတ်တရက် အလွှာ (၂) ၏အနောက်မှ ထွက်လိုက်သည်။
ဤအပြုအမူက လူတိုင်း၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်ပြီး စကားသံများ ဆူညံသွားလေသည်။
"သူ ဘာလုပ်နေတာလဲ။ မဟုတ်မှ ယီးကျန့်ဂိုဏ်း အမွေအနှစ်အဖိုးထိုက်ရတနာကို တိုက်ခိုက်ဖို့ ကြိုးစားမလို့လား"
"သူ့ကိုယ်သူ အထင်ကြီးနေတာပဲဟ။ သူက သန်မာကောင်း သန်မာပေမယ့် သေမှာ သေချာတယ်"
"ဟားဟားဟားဟား ၊ ဒီလောက်မာန်တက်နေတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ တကယ်ပဲ အကာအကွယ်နောက်က ထွက်လာရဲတယ်တဲ့။ အဲဒီဓားက သူ့ရဲ့ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ ဇီဝိန်ချုပ်စေလိမ့်မယ်"
"သေချင်နေလား" တာအိုခြောက်ပါးက ရယ်လိုက်သည်။ မန်ဟို အသိစိတ်လွတ်သွားရလောက်အောင် ကြောက်နေပြီဟု သူ ထင်နေလေသည်။ ပုံမှန်လူဆိုလျှင် အကာအကွယ်နောက်မှ ဘယ်တော့မှ ထွက်မလာဘဲ အမြီးကုပ်နေမည်သာ ဖြစ်၏။
အားလုံး၏ အာရုံကို ပို၍ပင် ဆွဲဆောင်လိုက်သည်မှာတော့ မန်ဟိုက အကာအကွယ်အနောက်မှ ထွက်လာရုံတင်မဟုတ်ဘဲ ... သူ့ဆီ ပိုင်းချနေသော အံ့ဖွယ်သစ်သားဓားအား ခေါ်နေသည့်အလား .... လက်ကို ၎င်းထံသို့ ဆန့်တန်းလိုက်ခြင်းပင်။
သူက ချောင်းဟန့်ပြီး ပြောလိုက်သည်။ "အိမ်ပြန်လာဖို့ အချိန်ကျပြီ ဒါလင်"
***