မှော်နက်နန်းတော်ကို သစ္စာဖောက်ခြင်းလော
Vol. 192 Ch. 2745
သူသည် နတ်ဘုရားတစ်ဝက်တစ်ယောက်ကို သတ်ခဲ့သည်။
ကျင့်ကြံသူများသည် သူတို့ရှေ့မှ မြင်ကွင်းကို အံ့ဩတကြီး ငေးကြည့်နေကြသည်။ ရီဖူရှင်းတစ်ယောက် ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်ခဲ့ချိန်တွင် လူအများအပြား မမြင်ခဲ့လျှင်ပင် ဤတစ်ခေါက် နတ်မီးလျှံကလန်ခေါင်းဆောင်ကို သတ်ချိန်တွင်မူ စွမ်းအားကြီးအဖွဲ့များစွာက မြင်ခဲ့ပြီဖြစ်သည်။ မှော်နက်နန်းတော်နှင့် စီဝေ့အင်ပါယာနန်းတော်တို့အကြားမှ တိုက်ပွဲသည် အဖွဲ့များစွာကို စိတ်ဝင်စားစေခဲ့သည်။
ရီဖူရှင်းသည် မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီကို ရထားသည့် မှော်နက်နန်းတော်မှ ထိပ်သီးတစ်ယောက်ဖြစ်သော နတ်မီးလျှံကလန်ခေါင်းဆောင်ကို သိပ်အားစိုက်မထုတ်ရဘဲ သတ်နိုင်ခဲ့သည်။
မှော်နက်နန်းတော်၏ မီးဘုရင်သည်လည်း သူမြင်လိုက်ရသောအရာကြောင့် မှင်တက်သွားပြီး နတ်ဘုရားအုပ်စိုးလက်နက်နှင့် သေသည်အထိ ထိုးစိုက်ခံထားရသော အလောင်းကို ငေးကြည့်နေလေသည်။ သူ၏စီနီယာသည် စွမ်းအားကြီးခဲ့ပြီး မှော်နက်လောကတွင် ဩဇာရှိသူတစ်ယောက်ဖြစ်ခဲ့ကာ နတ်မီးလျှံကလန်ကို အုပ်စိုးခဲ့သည်။ သူသည် မှော်နက်လောကတွင် ထိပ်သီးတစ်ဦးဟု သတ်မှတ်ခံရပြီး ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်များ၏ ကလန်ခေါင်းဆောင်များနှင့် အဆင့်တူပေသည်။ နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာသောအခါ သူသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်ခဲ့ပြီး မဟာအင်ပါယာအဆင့်လက်နက်ကို ရရှိခဲ့သည်။ သူသည် တောက်ပသော အနာဂတ်လမ်းကြောင်းပေါ်တွင် ရှိနေခဲ့သည်။ သို့သော် ယခုတွင် သူသည် ရီဖူရှင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရပေပြီ။ သူ၏လျှမ်းလျှမ်းတောက်အချိန်အခါကို ရီဖူရှင်းက ခိုးယူသွားပြီဖြစ်သည်။
အချို့သည် ယခင်က ရီဖူရှင်း ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်သည်ကို ကြည့်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်နှင့် နှိုင်းယှဉ်လျှင် ယနေ့တွင် ရီဖူရှင်းသည် နတ်မီးလျှံကလန်ခေါင်းဆောင်ကို ပို၍လွယ်လွယ်ကူကူ သတ်နိုင်၏။ သူတို့နှစ်ယောက်ကြားမှာ စွမ်းရည်ကွာခြားမှုသည် ကြီးမားလေသည်။ ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပုံပင်။ သူ၏လက်ရှိတိုက်ပွဲစွမ်းအားသည် သူ့ကို လောကအတွင်းရှိ အသန်မာဆုံးကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်စေပေသည်။
ရီဖူရှင်းကို အနိုင်ယူနိုင်ရန် အသန်မာဆုံး နတ်ဘုရားတစ်ဝက်အဆင့်တွင် ရှိနေရန် လိုပေမည်။ ဥပမာအားဖြင့် အရှင်ရှာမင်၊ ယန်ကွေ့ရီ၊ တိဟောက်နှင့် စသည့်ဖြင့် ဖြစ်သည်။
ရီဖူရှင်းသည် နတ်မီးလျှံကလန်ခေါင်းဆောင်ကို သတ်ပြီးသောအခါ သူ့၏ မီးတောက်လှံကို ယူလိုက်လေသည်။ သူသည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သိမ်းဆည်းလိုက်သည်။ သူသည် ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်ခဲ့ပြီးနောက်တွင် သူ၏ဗုဒ္ဓနတ်ဓားကို ဗုဒ္ဓဂိုဏ်းထံ ပြန်ပို့ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူက လက်နက်ကို မှော်နက်နန်းတော်ထံ ပြန်ပို့မည် မဟုတ်ပေ။ ထိုလက်နက်သည် တိုက်ပွဲတွင်းမှ ရရှိသော ပစ္စည်းဖြစ်သည်။
မှော်နက်သူတော်စင်သည် ငွေဖြူရောင်ဆံပင်နှင့် လူငယ်ကို ကြည့်သည်။ မှော်နက်နန်းတော်အတွက်ပင် ရီဖူရှင်းကို ယှဉ်နိုင်သော လူအရေအတွက်ကို လက်တစ်ဘက်တည်းဖြင့် ရေတွက်နိုင်ပေသည်။ ထို့အပြင် အရှင်ရှာမင်သာလျှင် သူနှင့်ယှဉ်ပြိုင်ရာတွင် အသာစီးရမည်ဟု ယုံကြည်ချက်ရှိနိုင်လောက်၏။ မှော်နက်မီးတောက်သူတော်စင်နှင့် သူသည်ပင် ထိုသို့ မလုပ်နိုင်လောက်ပေ။ နတ်မီးလျှံကလန်ခေါင်းဆောင်သည် နတ်ဘုရားတစ်ဝက်အဆင့်ရှိသူဖြစ်ပြီး သူတို့နှင့် အဆင့်တူသည် မဟုတ်ပါလား။
သို့သော် မှော်နက်နန်းတော်တွင် မဟာအင်ပါယာပြီးလျှင် အသန်မာဆုံးသူရဲကောင်းဖြစ်သော အရှင်ရှာမင်သည် လက်ရှိ သူ၏တိုက်ပွဲတွင် အသာစီးရနေပုံမပေါ်ချေ။ သူသည် အရေးနိမ့်နေသည်ဟုပင် ဆိုနိုင်လေသည်။ သူသည် တိုက်ပွဲစကတည်းက အရှုံးဘက်သို့ ရောက်နေသည်။
ထိုဝတ်စုံဖြူနှင့်အမျိုးသမီးသည် မှော်နက်နန်းတော်၏ မဟာရှာမင်ကို အပြည့်အဝ ဖိအားပေးနေနိုင်ပေသည်။
ထိုနှစ်ယောက်၏ တိုက်ပွဲသည် မြေပြင်မှနေ၍ မြင့်မားသော ကောင်းကင်ထက်သို့ ရောက်သွားသည်။ အရှင်ရှာမင်သည် ဆက်တိုက် နောက်ဆုတ်နေရပြီး အဆက်မပြတ် တိုက်ခိုက်ခံနေရသည်။
ကောင်းကင်ထက်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ အရှင်ရှာမင်သည် သူ၏လက်ထြတွင် ပြစ်ဒဏ်စီရင်ခြင်းနှင်တံကို ကိုင်၍ ကောင်းကင်သို့ တန်းတန်းမတ်မတ် ချိန်ရွယ်လိုက်သည်။ ကျောစိမ့်ဖွယ် အနက်ရောင်နတ်အလင်းသည် ရုတ်ခြည်းပင် ကောင်းကင်ကို ထိုးဖောက်သွားကာ ထိုနေရာကို ဖောက်ထွင်းသွားသည်။
နတ်ဘုရားကုန်းမြေပေါ်လာကတည်းက အမွေအနှစ်များ၏ အငွေ့အသက်သည် ပြန့်နှံ့သွားပြီး မူလဘုံကို လွှမ်းခြုံထားကာ မူလဘုံအထက်ရှိ ကောင်းကင်ကို ခိုင်မာသွားစေပြီး အသန်မာဆုံး ကျင့်ကြံသူများပင် ထွင်းဖောက်ရခက်သွားစေပေသည်။
သို့သော် ထိုအခိုက်တွင် ပြစ်ဒဏ်စီရင်ခြင်းနှင်တံသည် ကောင်းကင်ကို ထွင်းဖောက်သွားပြီး ကြောက်မက်ဖွယ် အနက်ရောင်တွင်းပေါက်ကြီးဖြစ်သွားစေ၏။ အခြားတစ်ဘက်မှနေ၍ အနက်ရောင် နတ်အလင်း ဝင်ရောက်လာပြီး မြင့်မားသော ကောင်းကင်ကို မည်းမှောင်သွားစေ၏။ ကောင်းကင်သည် မည်းနက်သွားပြီး အမှောင်ထုထဲတွင် နှင်တံ၏ ကြောက်မက်ဖွယ် သွေးနီရောင်အလင်း ရှိနေသည်။
အမှောင်ထုအတွင်းမှနေ၍ ဧရာမပုံရိပ်ကြီးတစ်ခုဖြစ်ပေါ်လာ၏။ သူသည် နတ်ဘုရားတစ်ပါးပင် ဆင်တူပြီး အရှင်ရှာမင်မှ ပြောင်းလဲသွားခြင်းဖြစ်သည်။
“သူက နတ်ဘုရားတွေရဲ့ စွမ်းအားကို ငှားယူနေတာပဲ”
မှော်နက်နန်းတော်မှ ကျင့်ကြံသူမျာ ရင်ခုန်မြန်လာသည်။ သူတို့သည် အမှောင်ထုဘက်ကို ကြည့်လိုက်ရာ ထိုနေရာတွင် ယဇ်ပလ္လင်များစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ပုံစံပြောင်းလဲသွားသော အရှင်ရှာမင်သည် ၎င်းတို့၏ အလယ်တွင် ရှိနေ၏။
ထိုယဇ်ပလ္လင်များသည် မှော်နက်လောကမှ ရောက်လာခြင်းဟု ထင်ရသည်။ ကောင်းကင်ထက်တွင် ရှေးဟောင်းရိုးရာရွတ်ဆိုမှုအသံနှင့်တူသော အသံများ အမှောင်ထုအတွင်းမှ ထွက်ပေါ်လာ၏။
မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသောအရာများကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားကြသည်။
အရှင်ရှာမင်သည် ဝတ်စုံဖြူနှင့်အမျိုးသမီး၏ ဖိအားပေးမှုကို ခံနေရသဖြင့် ရှေးဟောင်းယဇ်ပူဇော်မှုရိုးရာများမှနေ၍ မှော်နက်နတ်ဘုရားကို ဆင့်ခေါ်လိုက်ရသည်မှာ မယုံနိုင်စရာပင်။
သူတို့သည် အရှင်ရှာမင်တစ်ယောက် ထိုသို့လုပ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူသည် ယခင်က ထိုကဲ့သို့ တစ်ခါမှ မလုပ်ခဲ့ဖူးပေ။
“သတိထား...”
မြေပေါ်မှ လူများစွာက သတိပေးလိုက်သည်။ သူတို့အားလုံးသည် ကောင်းကင်မှနေ၍ ကြောက်မက်ဖွယ်အငွေ့အသက်များကို ခံစားနေရသဖြင့် သတိကြီးနေကြသည်။ တိုက်ပွဲသည် မြင့်မားသော ကောင်းကင်ထက်သို့ ရောက်သွားပြီဖြစ်သော်လည်း မြေပြင်ပေါ်မှလူများသည် ကြောက်ရွံ့တုန်ယင်နေဆဲဖြစ်သည်။
နေရာတစ်ခွင်လုံးကို အမှောင်ထုက လွှမ်းခြုံထားပြီး မြေပြင်ပေါ်မှ လူများသည် စိတ်လှုပ်ရှားလာကြသည်။ ပျံ့နှံ့နေသော အရှိန်အဝါသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မှော်နက်နတ်ဘုရားကိုယ်တိုင် ရောက်လာ၍ လောကတစ်ခွင်လုံးကို ဖျက်ဆီးပစ်တော့မလိုပင် ထင်ရသည်။
“သတ်...”
ကောင်းကင်ထက်မှနေ၍ ရွတ်ဆိုနေသောအသံများသည် ထိုကျောစိမ့်ဖွယ်အမိန့်ကို ပေးလိုက်သည်။ သန်းရာချီသော သွေးနီရောင်နတ်အလင်းများသည် အမှောင်ထုအတွင်းသို့ ကျဆင်းသွားသည်။ ပြစ်ဒဏ်စီရင်ခြင်းစွမ်းအားများသည် ကောင်းကင်ထဲတွင် ရစ်သိုင်းနေသကဲ့သို့ပင်။
“သတိထား...”
အောက်ဘက်မှ တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။ သူတို့အားလုံးသည် အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ ကျင့်ကြံသူများအထက်ရှိ ကောင်းကင်ထဲတွင် ရီဖူရှင်း ထွက်ပေါ်လာ၏။ သူသည် သူ၏လက်များကို ဆန့်တန်းလိုက်ရာ သူ့အပေါ်တွင် ရှိန်လောက်ဖွယ် အာကာသဘီးလုံးကြီး ပေါ်လာ၏။ သွေးနီရောင်နတ်အလင်းများသည် လျှပ်တစ်ပြက်အတွင်း ကျဆင်းလာသည်။ ရီဖူရှင်းသည် အာကာသဘီးလုံးကပင် ၎င်းတို့၏ တိုက်ခိုက်စွမ်းအားကို ဝါးမျိုနိုင်မည်မဟုတ်ဘဲ ၎င်းတို့၏ ဖောက်ထွင်းမှုကို ခံရလောက်သည်ဟု ခံစားလိုက်ရ၏။ အလင်းများသည် အာကာသဘီးလုံးတွင် အပေါက်တစ်ပေါက် ဖြစ်သွားစေပြီဖြစ်ပြီး ယခုတွင် သူ့ကို ချိန်ရွယ်နေကြလေသည်။
ဝုန်း...
ရီဖူရှင်း၏ခန္ဓာကိုယ်တွင် ကျောက်စိမ်းရောင်နတ်အလင်း တောက်ပစွာလင်းလက်လာပြီး မဟာလမ်းစဉ်မှ စွမ်းအင်သည် ဘီးလုံးအတွင်းသို့ လျင်မြန်စွာ အဆက်မပြတ် ဝင်ရောက်သွားပြီး ပြစ်ဒဏ်စီရင်ခြင်း အနက်ရောင်အလင်းများကို တားဆီးနေသည်။
သို့သော် အခြားနေရာများသည် ကံမကောင်းချေ။ အသန်မာဆုံး ကျင့်ကြံသူများရှိနေသော နေရာများမှလွဲ၍ ကျင့်ကြံသူများစွာသည် သွေးနီရောင်ပြစ်ဒဏ်စီရင်ခြင်းအလင်းများ၏ ထိုးစိုက်မှုကို ခံလိုက်ရပြီး နေရာတွင်ပင် သေဆုံးသွားကြသည်။ သူတို့သည် နောက်ဆုတ်ရန်ပင် အခွင့်အရေးမရှိခဲ့ချေ။
မှော်နက်နန်းတော်မှ ကျင့်ကြံသူများပင် ထိုတိုက်ခိုက်မှုများ၏ စွမ်းအားမှနေ၍ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ရ၏။ သူတို့သည် ဖြစ်ပျက်နေသည့်အရာများကြောင့် အံ့အားသင့်မှင်တက်နေကြသည်။ ဤတိုက်ပွဲတွင် မှော်နက်နန်းတော် ပါဝင်နေခြင်းသည် ကောင်းသောကိစ္စ ဟုတ်၊ မဟုတ်ကို မည်သူမှ မသိပေ။ ကိစ္စများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပေပြီ။
သူတို့သည် ပြစ်ဒဏ်စီရင်ခြင်းအလင်းများ၏ တိုက်ခိုက်မှုများ စုဝေးနေသောနေရာကို လှမ်းကြည့်လိုက်ရာ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေကြောင်း တွေ့လိုက်ရ၏။ သူမသည် စစ်နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသည်ဟု ထင်ရ၏။ ပြစ်ဒဏ်စီရင်ခြင်းအလင်းများသည် သူမအပေါ်သို့ ကျဆင်းလာသော်လည်း ၎င်းတို့သည် သူ၏ခုခံမှုကို မကျော်ဖြတ်နိုင်ဘဲ တားဆီးခံလိုက်ရ၏။
ထိုတိုက်ခိုက်မှုသည် ပျက်ပြယ်သွားတော့မလိုပင်။
“ရှင်ဘာလုပ်နေတာလဲ”
ထိုစဉ်တွင် အမှောင်ထုအတွင်းမှနေ၍ ကျင့်ကြံသူအနည်းငယ် ထွက်လာပြီး ဤနေရာသို့ လာနေလေသည်။ လူများစွာသည် အသံထွက်ပေါ်လာရာဘက်သို့ လှမ်းကြည့်သည်။ သွေးနီရောင်နတ်အလင်းများအောက်တွင် မှော်နက်နန်းတော်မှ ကျင့်ကြံသူများ ထပ်၍ရောက်ရှိလာပြီး သူတို့၏ ခေါင်းဆောင်မှာ သေမင်းဖြစ်ကြောင်းကို အံ့အားသင့်စွာ တွေ့လိုက်ရ၏။ သူမသည် ထုံးစံအတိုင်းပင် ဝတ်ရုံကို ခေါင်းအစ၊ ခြေအဆုံး ဝတ်ထားပြီး ဆန်းကြယ်သော အငွေ့အသက်ပြင်းပြင်းတစ်ခုကို ပေးနေလေသည်။ သူမ၏ ရုပ်သွင်အစစ်အမှန်ကို မည်သူမှ မသိပေ။
“မင်းက အချိန်ကိုက် ရောက်လာတာပဲ။ စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူတွေက ငါတို့ရဲ့ ညီငယ်လေးနဲ့ နတ်မီးလျှံကလန်ခေါင်းဆောင်ကို သတ်လိုက်ပြီ။ သွားပြီးတော့ သူတို့အတွက် လက်စားချေလိုက်ပါ”
အရှင်ရှာမင်က မြေပြင်သို့ ငုံ့ကြည့်၍ ရီချင်းယောင်နှင့်အခြားသူများကို အမိန့်ပေးလိုက်သည်။
မရဏဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး ရီချင်းယောင်၏ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။ ၎င်းသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ၎င်းသည် ရီဖူရှင်းတို့ထံ ဦးတည်သွားခြင်း မဟုတ်ပေ။ ထိုအစား ၎င်းသည် အရှင်ရှာမင်ရှိနေရာဘက်သို့ ဦးတည်သွားသည်။
“ရပ်လိုက်...”
ရီချင်းယောင်၏စကားက အရှင်ရှာမင်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူပြန်ပြောလိုက်၏။
“မင်းက မိတ်ဆွေဟောင်းတွေအတွက်နဲ့ မှော်နက်နန်းတော်ကို သစ္စာဖောက်ဖို့ ကြံနေတာလား”