ခေါ်ကြည့်လိုက်လေ ထူးမလားလို့
Vol. 53 Ch. 743
မန်ဟို၏အသံ ပဲ့တင်ထပ်လာသည်နှင့်တစ်ပြိုင်နက် ရန်သူကျင့်ကြံသူသိန်းပေါင်းများစွာက ဝါးခနဲ အူလှိုက်သည်းလှိုက် ရယ်လိုက်ကြသည်။
"ဘာပြောလိုက်တာ ဒါလင် ဟုတ်လား။ အိမ်ပြန်လာတဲ့လား"
"မန်ဟိုတော့ ရူးပြီထင်ပါရဲ့"
"ရယ်စရာကောင်းလိုက်တာကွာ။ အစွမ်းထက်ပညာရှင်တစ်ယောက် ဒီလိုမျိုး ရူးသွားတာ ပထမဆုံး မြင်ဖူးတာပဲ"
တာအိုခြောက်ပါးလည်း အကျယ်ကြီး အော်ရယ်နေသည်။ "ငါ နေလာခဲ့တာကြာပြီ။ ဒါပေမဲ့ မင်းလို အရူးမျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးက ဖြစ်ပျက်နေသော အရာကို ကြည့်ရှုရန် နတ်ဘုရားအာရုံတစ်မျှင် ခွဲထုတ်ထားခဲ့၏။ သူလည်း ခေါင်းခါရမ်းကာ ရယ်လိုက်လေသည်။
စကားပြောသံများနှင့် ရယ်သံများက ပျံ့နှံ့လာပြီး လှောင်ပြောင်သရော်နေသော အသံများအား ကြားရနိုင်၏။ သူတို့ ပထမဆုံး စကားပြောနေစဉ်တုန်းက သစ်သားဓားမှာ ပိုင်းချတော့ခါနီး ဖြစ်ခဲ့လေသည်။ သို့သော် မန်ဟို့ကို လှောင်ပြောင်သရော်နေရင်းတန်းလန်း သူတို့၏မျက်နှာများအပေါ်တွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာ၏။
အဘယ့်ကြောင့်ဆိုသော် ... ဓားက ဆက်လက်ကျဆင်းမလာဘဲ တုံ့ခနဲ ရပ်သွား၍ပင်။
ဓား တုံ့ခနဲ ရပ်သွားသောအခါ ရန်သူကျင့်ကြံသူများလည်း နှလုံးခုန် ရပ်သွားသည့်အလား ထင်ရသည်။
တာအိုခြောက်ပါး၏မျက်လုံးများ ပြူးကျယ်သွားပြီး အကာအကွယ်အတွင်းရှိ သွေးမိစ္ဆာဂိုဏ်းသားများမှာလည်း အသက်မည်သို့ရှူရသည်ကိုပင် မေ့သွားကြလေသည်။ သူတို့သည် အမွေအနှစ်အဖိုးထိုက်ရတနာတစ်ပါးဖြစ်သည့် သစ်သားဓားကို လက်ယပ်ခေါ်ရင်း အကာအကွယ်၏အပြင်တွင် ရပ်နေသော သွေးမင်းသားကို တွေတွေကြီး ကြည့်နေကြ၏။
လေအလယ်တွင် သွေးမိစ္ဆာဂိုဏ်းချုပ်ကို တိုက်ခိုက်နေသော ယီးကျန့်ဂိုဏ်း၏ ဝတ်ရုံနက်အဘိုးကြီးမှာ စစချင်းတုန်းက အတိုင်းထက်အလွန် ကျေနပ်ပီတိဖြစ်နေခဲ့သည်။ သို့သော် ဓားက ရုတ်တရက်ဆိုသလို ရပ်သွားသည့်အခါ သူ့မှာ ရင်တဒိန်းဒိန်း ခုန်လာတော့၏။
သစ်သားဓားက မန်ဟိုအပေါ် မီတာသုံးဆယ်အကွာတွင် ရပ်သွားခဲ့သည်။ အချိန်စွမ်းအားက အရပ်လေးမျက်နှာသို့ ဖြာထွက်နေရာ အရာအားလုံးကို ခြောက်သွေ့ညှိုးနွမ်းလာစေ၏။ အလွှာ (၂) ပင်လျှင် လှိုင်းတွန့်များ ထလာပြီး ပုံပျက်ရှုံ့တွလာသည်။ ဤအခြေအနေအတိုင်းဆိုလျှင် ၎င်းကို ခပ်ဖွဖွလေး ထိလိုက်ရုံနှင့် ပြိုကျသွားတော့မည့်အလားပင်။
သို့သော် မန်ဟိုကတော့ .... သစ်သားဓားထံမှ သက်ရောက်မှုအား နည်းနည်းလေးမှ မခံရပေ။
သစ်သားဓားတွင် ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိဟန်တူပြီး တွန့်ဆုတ်နေသယောင်ပင်။ လေလယ်တွင် တန့်သွားပြီးနောက် တလက်လက် တောက်ပနေသော အလင်းရောင်က ဓားသွားတစ်လျှောက် ရေလှိုင်းများပမာ ကခုန်နေ၏။
တာအိုခြောက်ပါး၏မျက်နှာတွင် မယုံနိုင်မှုတို့ ပြည့်နှက်သွားသည်။ သူ မြင်နေရသောအရာမှာ သူ၏စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။ သူသည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ဖြစ်ခဲ့စေကာမူ၊ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ခဲ့စေကာမူ အရေးမကြီး။ ယခု မျက်ဝါးထင်ထင် မြင်တွေ့နေရသော အရာများက သူ့ကို လုံးလုံးလျားလျား အံ့ဩတုန်လှုပ်သွားစေတော့သည်။
သူ့မှာ ဘာတွေဖြစ်နေလဲပင် မစဉ်းစားနိုင်တော့ပေ။ မည်သည့်အတွက်ကြောင့် ယီးကျန်ဂိုဏ်း၏ အမွေအနှစ်အဖိုးထိုက်ရတနာက .... မန်ဟို၏အရှေ့တည့်တည့်တွင် တုံ့ခနဲ ရပ်သွားရသနည်း။ ထို့အပြင် ၎င်းမှာ တွန့်ဆုတ်နေဟန်ပင် တူသည်။
သူ့မှာ ဦးနှောက်ကို ထပ်တလဲလဲ အလုပ်ပေးနေသည့်တိုင် မည်သည့်အဖြေမှ ထွက်မလာပေ။
"မဖြစ်နိုင်ဘူး" သူသည် အံတင်းတင်းကြိတ်ရင်း တွေးလိုက်၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ စွမ်းအားများဖြင့် ထစ်ချုန်းလာသည်။ သူက ရှိရှိသမျှ ခွန်အားအလုံးစုံကို စုစည်း၍ သစ်သားဓားကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သော်လည်း တုံ့ပြန်မှုနည်းနည်းလေးမှ မရှိပေ။ ဓားက သူ့ကို အဖက်မလုပ်သည့်အပြင် သူတို့၏ဆက်သွယ်မှုကိုပင် ဖြတ်တောက်လိုက်လေပြီ။
ထိုသို့ဖြစ်ပျက်သောအခါ တာအိုခြောက်ပါးမှာ မျက်နှာပိုပျက်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသိန်းပေါင်းများစွာမှာ သူတို့၏ဘဝတစ်လျှောက်လုံးတွင် ဘယ်တော့မှ ထပ်မံမြင်တွေ့ရတော့မည် မဟုတ်သည့် မြင်ကွင်းကြီးကို မျက်လုံးအစုံပြူးကျယ်လျက် ကြည့်နေကြလေသည်။ အရာအားလုံးအထဲ မယုံနိုင်ဆုံး ဖြစ်နေသူများမှာ ယီးကျန့်ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်၏။
သစ်သားဓားသည် ယီးကျန့်ဂိုဏ်း၏ အမွေအနှစ်အဖိုးထိုက်ရတနာ၊ တစ်ဂိုဏ်းလုံး၏ သင်္ကေတ ၊ တစ်ဂိုဏ်းလုံး၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။
သို့သော် သာမန်ဂိုဏ်းသားများထက် ပို၍အံ့ဩနေသူတစ်ယောက် ရှိသည်။ လေလယ်တွင် ဝတ်ရုံနက်အဘိုးကြီးမှာ ဖြစ်ပျက်နေသောအရာကို ယုံကို မယုံနိုင်ပေ။ သူ့မှာ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံနေရသည့်အလား ခံစားနေရ၏။ ထိုစဉ် သူသည် သူနှင့် တိုက်ခိုက်နေသော သွေးမိစ္ဆာဂိုဏ်းချုပ်၏တိုက်ကွက်ကို မခုခံနိုင်တော့ဘဲ ပါးစပ်မှ သွေးများ ပန်းထွက်လျက် ယိမ်းယိုင်သွားလေသည်။ သွေးမိစ္ဆာဂိုဏ်းချုပ်၏ သွေးလောကမြူက သူ့ကိုလွှမ်းခြုံရစ်သိုင်းလိုက်ရာ သူ့မှာ တိုက်ခိုက်မရတော့ပေ။ သူလုပ်နိုင်သမျှမှာ လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီး သစ်သားဓားကို လက်ညှိုးထိုးလိုက်ခြင်းသာ ဖြစ်သည်။
"ယီးကျန့်ဓား ပြန်လာခဲ့" သူက မုဒြာလက်ကွက်နောက်တစ်ကွက် ဆက်ဖော်ရင်း ကြုံးဝါးလိုက်သည်။
သစ်သားဓားက အဘိုးကြီးကို တုံ့ပြန်လိုက်သည့်အလား တုန်ခါသွားသည်။ အဘိုးကြီးမှာ အလွန့်အလွန် စိတ်လေးလံသွား၏။ ပုံမှန်ဆိုလျှင် မုဒြာလက်ကွက်တစ်ကွက် ဖော်၍ လက်ညှိုးထိုးလိုက်ရုံနှင့် ဝါးဓားက သူ့ဆီ ပြန်ရောက်လာတတ်သည်။ ယခုတော့ ၎င်းမှာ တုန်ခါရုံကလေး တုန်ခါသွား၏။
"ဒုက္ခပဲ ဘာတွေ ဖြစ်နေတာလဲ" သူသည် မုဒြာလက်ကွက် နောက်တစ်ကွက် ဖော်လိုက်ပြီး သွေးတချို့ပင် ထွေးလိုက်သည်အထိ လုပ်လိုက်သည်။ သူ့အနေဖြင့် မည်ကဲ့သို့ မစိုးရိမ်ဘဲ နေမည်နည်း။ ဤသည်မှာ ယီးကျန့်ဂိုဏ်း၏ အဖိုးထိုက်ရတနာဖြစ်ပြီး သူတစ်ပါးအား လုယူခွင့်ပေးလိုက်လျှင် ဂိုဏ်းအတွက် ကြီးလေးသောပြစ်မှုကြီး ဖြစ်ပေလိမ့်မည်။
"မင်းကို ယီးကျန့်ဂိုဏ်းက သန့်စင်ပေးခဲ့တာ။ ငါတို့ မင်းကို ရှေးဟောင်းတာအိုရေကန်ကနေ ရခဲ့တာ။ မင်းကို ယီးကျန့်ဂိုဏ်းရဲ့ ဘိုးဘေးကြီးတွေက ဓားအဖြစ် သွန်းလုပ်ပေးခဲ့တာ။ မင်းက ငါတို့အပိုင်
"ယီးကျန့်ဓား ဒီကို ပြန်လာခဲ့စမ်း" ဝတ်ရုံနက်အဘိုးကြီးက ဒေါသတကြီး ခေါ်လိုက်ပြီး သွေးများ သူ၏ပါးစပ်မှ ပန်းထွက်သွားသည်။ နောက်ဆုံးတော့ သူနှင့် ဓားအကြားရှိ မမြင်ရသော ဆက်သွယ်မှုမှာ အလုပ်လုပ်လာပုံပင်။ သစ်သားဓားသည် တုန်ခါလာပြီး မီတာအနည်းငယ် နောက်ဆုတ်သွား၏။
ဝတ်ရုံနက်အဘိုးကြီး သက်ပြင်းချလိုက်သည့်အချိန်မှာပင် သစ်သားဓားက ရုတ်တရက် ရပ်လိုက်ပြန်သဖြင့် သူ့မှာ ဒိန်းခနဲ ရင်ခုန်သွားရပြန်သည်။
"မင်းက ယီးကျန့်ဂိုဏ်းမှာ မွေးဖွားလာတာ။ မင်း အသိစိတ်ရလာအောင် နှစ်ပေါင်းများစွာတစ်လျှောက်လုံး ငါတို့ ယီးကျန့်ဂိုဏ်းသားတွေ မင်းကို ယဇ်ပူဇော်ကိုးကွယ်ခဲ့ရတယ်။ ငါတို့မှာ မင်း ပိုပြီးထက်လာအောင် ၊ အင်အားကြီးလာအောင် မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကို သုံးစွဲခဲ့ရတယ်။ မင်းကို ကူညီဖို့ ငါတို့တစ်ဂိုဏ်းလုံး အလုပ်လုပ်ခဲ့တာနော်
"မ...မင်... မင်း .... အခုချက်ချင်း ဒီကို ပြန်လာခဲ့စမ်း" ဝတ်ရုံနက်အဘိုးကြီးမှာ သွေးလောကမြူဖြင့် ဖမ်းချုပ်ခံထားရသည့်တိုင် မာန်သွင်းဟိန်းဟောက်၍ သက်တမ်းယုတ်လျော့မှုကို လျစ်လျူရင်း သွေးအနည်းငယ်ထပ်ထွေးထုတ်ကာ သစ်သားဓားကို လက်ညှိုးထိုးလိုက်ပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် သစ်သားဓားထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိ....
"ကစားလို့ ဝပြီလား" မန်ဟိုက အေးဆေးတည်ငြိမ်သော မျက်နှာထား၊ ဒေါသစွက်နေသော အသံနေအသံထားဖြင့် ပြောသည်။ "မင်း အခုချက်ချင်း ဒီကို မလာလို့ကတော့ အိမ်ပြန်ရောက်ရင် ဘယ်လိုအပြစ်ပေးခံရမလဲ တွေ့ရမှာပေါ့"
မန်ဟို့စကားလုံးများ ဟိန်းထွက်လာသည်နှင့်တစ်ပြိုင်နက် သစ်သားဓားမှာ တဆတ်ဆတ် ခါသွားလေသည်။ ထို့နောက် ၎င်းသည် ဝတ်ရုံနက်အဘိုးကြီးနှင့် ဆက်သွယ်မှုကို ဖြတ်တောက်ပြီး မန်ဟို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် တဝီဝီ အသံများ ထုတ်လွှတ်လျက် သူ့ကို လှည့်ပတ်နေတော့သည်။ ၎င်းသည် မန်ဟို့ကို ကပ်ဖားရပ်ဖားလုပ်ရင်း ပျော်ရွှင်မြူးထူးနေပုံရပြီး သူ့ကို လွမ်းနေခဲ့သည်ဆိုသော အရိပ်အယောင်များပင် ပြသနေလေသည်။
ဤဓားသည် .... မန်ဟို့အပိုင်ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်၏။
တာအိုခြောက်ပါးမှာ မျက်လုံးပြူးနေပြီး သွေးအန်တော့မတတ် ဖြစ်သွားသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသိန်းပေါင်းများစွာမှာ မန်ဟို့ကြောင့် ကြက်သေသေနေကြလေသည်။
ယီးကျန်ဂိုဏ်းသားများမှာ သူတို့၏ မာနကြီးသော အဖိုးထိုက်ရတနာကြီး ပျော်ရွှင်နေသော ခွေးပေါက်လေးသဖွယ် မန်ဟိုကို လှည့်ပတ်နေသည်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြ၏။ ၎င်းက မန်ဟိုကို သူ့သခင်အဖြစ် အသိအမှတ်ပြုထားကြောင်း သိသာလေသည်။
"ငါ အိပ်ပျော်နေတာလား ...."
"အဲဒါ ... အဲဒါ ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်အဖိုးထိုက်ရတနာလား"
"ဘာ... ဘာတွေ ဖြစ်နေတာလဲ..." ယီးကျန့်ဂိုဏ်းသားများ၏ စိတ်အစဥ်မှာ ချာချာလည် နေသော်လည်း အားလုံးအထဲ မယုံနိုင်ဆုံးသူမှာတော့ လေလယ်ရှိ ဝတ်ရုံနက်အဘိုးကြီးပင်။
သူ့မှာ ဒေါသလည်း ထွက်၊ မတရားသလိုလည်း ခံစားနေရတော့သည်။ သူ စကားပြောရန် ပါးစပ်လိုက်စဉ် သွေးသာ အန်လိုက်ရပြီး အသက်ပိုကြီးသွားတော့၏။
ဓားက မန်ဟို့ကို သူ့သခင်အဖြစ် မည်ကဲ့သို့ အသိအမှတ်ပြုထားသနည်း။ သူ နားမလည်နိုင်။ ယုံလည်း မယုံနိုင်။ သူ့ကမ္ဘာကြီးမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်အလား ၊ ဧရာမလှိုင်းတံပိုးကြီးများက သူ့စိတ်ကို တဝုန်းဝုန်း ဝင်ဆောင့်နေသည့်အလားပင်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သူက မခံမရပ်နိုင်စွာ အော်ဟစ်လိုက်သည်။ သူသည် သွေးလောကမြူထဲမှ ရုန်းထွက်၍ ဓားကို လှမ်းဆွဲပြီး ၎င်း၏စိတ်ဝိညာဉ်ကို ဘာကြောင့် ယခုလို လုပ်ရသလဲ မေးချင်နေ၏။ ဘာကြောင့် ယီးကျန့်ဂိုဏ်းကို သစ္စာဖောက်ရသနည်း။ တစ်ခါလေးသာ တွေ့ရသေးသည်၊ ဘာကြောင့် မန်ဟိုကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ရသနည်း။
"အဲဒီဓားက ယီးကျန့်ဂိုဏ်းအပိုင်"
"ဪ ဟုတ်လား" မန်ဟိုက အေးအေးဆေးဆေး ပြောသည်။ "ခေါ်ကြည့်လိုက်လေ ထူးမလားလို့" သူက လက်ကို ဆန့်ထုတ်လိုက်ရာ ဓားရိုးက သူ၏လက်ဝါးအပေါ် သက်ဆင်းလာသည်။ ၎င်းက စိတ်လှုပ်ရှားနေသည့်အလား ကခုန်နေသေး၏။
"မင်း" ယီးကျန့်ဂိုဏ်းချုပ်မှာ အမျက်တချောင်းချောင်း ထွက်သွားသဖြင့် သွေးအန်လိုက်ရပြန်သည်။ ဤအခိုက်အတန့်တွင် သူ့၌ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိစေကာမူ အရေးမကြီး။ အင်မော်တယ်တစ်ဦးပင်လျှင် ယခုလို ဆုံးရှုံးမှုမျိုးကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
အထူးသဖြင့်.... သစ်သားဓား၏ ပျော်ရွှင်စွာ ကခုန်နေပုံကြောင့်ပင်။ ဝတ်ရုံနက်အဘိုးကြီးမှာ နှလုံးသားကို ဓားဖြင့် တဇွပ်ဇွပ် ထိုးနေသည့်အလား ခံစားနေရတော့သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ၎င်းကို ပူဇော်ပသခဲ့ရပြီး ယခုလိုပြူမူနေပုံကို တစ်ခါမှ မမြင်ခဲ့ဖူး၍ပင်။
မန်ဟိုက ဤဓားသည် တစ်ချိန်တုန်းက သူ မြှုပ်ထားခဲ့သည့် ဓားဖြစ်ပြီး ဓားအသိရှိလာခဲ့ကြောင်း အာရုံရလိုက်၏။ သို့သော် သူ၏ ၎င်းအပေါ် လွှမ်းမိုးမှုမှာ သက်ရောက်မှုရှိသေးလေသည်။ ဓားသည် မည်မျှပင် လက်ဆင့်ကမ်းခံခဲ့ရစေကာမူ သူ့ကို မြင်လျှင်ချင်း ၎င်း၏ မူလသခင်ဖြစ်ကြောင်း သိလိုက်၏။
"ကဲ ဆူမနေနဲ့" သူက ပြောသည်။ "အခု သူ့ကို သွားသတ်ချည်" မန်ဟိုက စကားပြောရင်း တာအိုခြောက်ပါးခေါင်းဆောင်ကြီးကို လက်ညှိုးထိုးလိုက်သည်။
တာအိုခြောက်ပါးမှာ ရင်တဒိန်းဒိန်း ခုန်နေပြီး မျက်စိမျက်နှာပျက်နေသည်။ သူသည် အမြန်ဆုံး နောက်ဆုတ်လိုက်သော်လည်း သူ သိပ်ဝေးဝေးလံလံ မသွားနိုင်ခင် သစ်သားဓားက သူ့ဆီသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်လာခဲ့လေပြီ။ ၎င်းသည် အချိန်စွမ်းအင်ကိုလည်း ထုတ်လွှတ်နေရာ ၎င်းပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပုံပျက်ရှုံ့တွလာစေ၏။ ၎င်းနှင့်နီးကပ်လွန်းသော မည်သည့်ကျင့်ကြံသူမဆို မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ဖြတ်ကျော်လိုက်ရသည့်အလား ပိန်ချုံးခြောက်ကပ်သွားတော့သည်။ တချို့ဆိုလျှင် တိုက်ရိုက် သေဆုံးသွားကြ၏။
"သေစမ်း" တာအိုခြောက်ပါးခေါင်းဆောင်ကြီးက မျက်စိမျက်နှာပျက်လျက် တွေးလိုက်သည်။ သူသည် မာန်သွင်းဟိန်းဟောက်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ အသုံးပြုလိုက်သော်လည်း ကံမကောင်းစွာနှင့် တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်ကြားမှ မတက်ပေ။ ၎င်းမှာ မလုံလောက်သဖြင့် သူ့အတွက် သစ်သားဓားကို ပိတ်ဆို့ရန် အမွှေးနံ့သာအိုးအား အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိဖြစ်သွား၏။ ဘန်းခနဲ အသံကြီး မြည်ဟည်းသွားပြီး သစ်သားဓားက အမွှေးနံ့သာအိုးကို ဖောက်ဝင်သွားလေပြီ။
အက်ကြောင်းများက အမွှေးနံ့သာအိုး၏ မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။ ရှေးဟောင်းစိတ်ဆန္ဒတစ်ခုအား အာရုံရနိုင်ပြီး ပျက်စီးသွားသော လက္ခဏာများအား မြင်နေရ၏။ တာအိုခြောက်ပါးမှာ ရင်ထုမနာဖြစ်သွားသော်လည်း အမွှေးနံ့သာအိုးကို ပြန်ဆင့်မခေါ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ဓားလှိုင်းများက သူ့ကို အလွန်အိုမင်းသွားစေကြောင်း သတိထားမိလိုက်၍ပင်။ ဓားသာ သူ့ကို ထိုးစိုက်လိုက်လျှင် သူ့သက်တမ်း မည်သို့ဖြစ်သွားမည်လဲ စိတ်ကူးသာ ကြည့်နိုင်သည်။ ၎င်းကား တစ်စက်မကျန် ကုန်ခမ်းသွားလိမ့်မည်။
သူက ကြောက်လန့်တကြား နောက်ဆုတ်လိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို အားဖြည့်ဖို့ လျှို့ဝှက်ပညာရပ်ကို အသုံးပြုနေရရာ ... သူ အကြောက်ဆုံးမှာတော့ အချိန်စွမ်းအား၏ ဖျက်စီးခြင်းခံရမည်ကိုပင်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသိန်းပေါင်းများစွာမှာလည်း အံ့ဩတုန်လှုပ်နေကြသည်။ သူတို့သည် ရှေ့မတက်ရဲကြတော့ဘဲ နောက်ဆုတ်သွားကြ၏။ မန်ဟိုကား အလွှာ (၂) ၏အပြင်တွင် တစ်ယောက်တည်း ရပ်နေချေသည်။
လူတစ်ယောက် ၊ ဓားတစ်လက် ..... ရန်သူတပ်ဖွဲ့များအား မီတာသုံးထောင် ဆုတ်သွားစေသည်။
"သေစမ်း" အမွှေးနံ့သာအိုး၏မျက်နှာပြင်အပေါ် ပြေးလွှားနေသော အက်ကြောင်းများ များသထက်များလာသည်။ တာအိုခြောက်ပါးခေါင်းဆောင်ကြီးက ချက်ချင်း ဟိန်းဟောက်လိုက်၏။ "တာအိုရောင်ရင်း ဓားပါရာဂွန်၊ ကျင်းဟန်ခေါင်းဆောင်ကြီး၊ လီယွမ်လဲ့၊ မင်းတို့ ငါ့ကို မကူညီရင် ငါ့ကိုယ်ငါ ကာကွယ်ဖို့ လေလွင့်ဝိညာဉ်တွေကို ဆင့်ခေါ်ရလိမ့်မယ်"
နောက်ဆုံးစကားလုံးများ သူ့နှုတ်မှ ထွက်သွားသည့်အချိန်မှာပင် အမွှေးနံ့သာအိုးကား အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားလေပြီ။ သစ်သားဓားက ပြေးဝင်လာပြီး တာအိုခြောက်ပါးက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်က ဖောင်းခနဲ ပေါက်ကွဲသွားကာ ဓားအား ၎င်းကို ဖြတ်သွားခွင့်ပေးလိုက်သည်။
သို့သော် ကြွင်းကျန်ခဲ့သော ဝိညာဉ်မျှင်တစ်မျှင်က လေလွင့်ဝိညာဉ်တစ်သိန်း ပါရှိသော ဝိညာဉ်မြစ်တစ်စင်း အသွင်ပြောင်းသွားသည်။
လေလွင့်ဝိညာဉ်တစ်သိန်း ပျံထွက်လာသည့်အချိန်မှာပင် ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီး၏ခန္ဓာကိုယ်မှာ မီးတောက်သွားသည်။ ဤမီးတောက်များက အသက်စွမ်းအားမီးတောက်များဖြစ်ပြီး ၎င်းတို့ လောင်ကျွမ်းနေစဉ် သူ၏ကျင့်ကြံခြင်းအခြေခံသည် မြင့်တက်သွားလေ၏။ သူက သွေးမိစ္ဆာဂိုဏ်းချုပ်၏ သွေးလောကမြူမှ ဖောက်ထွက်သွားသော အလင်းတန်းအရှည်ကြီးတစ်တန်း ဖြစ်သွားလေသည်။ သူသည် ထိခိုက်ဒဏ်ရာများကို လျစ်လျူရှုရင်း မန်ဟို၏သစ်သားဓားဆီ တဟုန်ထိုး ထွက်သွားပြီး သူကိုယ်တိုင်မှာ လေကိုခွင်းသွားသော ဓားတစ်လက်ဖြစ်သွား၏။
"မန်ဟို ခွေးမသား သေစမ်း"
မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ တာအိုခြောက်ပါး၏ လေလွင့်ဝိညာဉ်တစ်သိန်းကို သုတ်သင်ဖို့ အချိန်မရှိပေ။ သစ်သားဓားက ကြောက်စရာကောင်းလောက်အောင် မြန်သော အမြန်နှုန်းဖြင့် သူ့ဆီ ပြန်လည်ပျံသန်းလာသည်။ ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီး ချဉ်းကပ်လာစဉ် မန်ဟိုက အကာအကွယ်၏ အလွှာ (၂) အနောက်သို့ ပြန်ဆုတ်လိုက်သည်။
သို့သော် ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီးက နည်းနည်းလေးမှ အရှိန်မလျှော့ပေ။ ထိုအစား သူက အရှိန်တင်၍ အကာအကွယ်ကို ထိုးဖောက်လိုက်သည်။
"ကျိုးပျက်စမ်း"
သွေးမိစ္ဆာဂိုဏ်းချုပ်၏ မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ လင်းလက်သွားသည်။ သို့သော် အရုဏ်ဦးအင်မော်တယ်၏ကိုယ်ပွားက သူ့အတွက် အတော်လေး ခေါင်းကိုက်စရာ ဖြစ်နေ၏။ ၎င်းက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်မဟုတ်ဘဲ ထို့ထက်မြင့်မားလေသည်။ ၎င်းသည် အတုအယောင်အင်မော်တယ်တစ်ဦးနှင့်ပင် ယှဉ်နိုင်၏။
သူ၏ကိုယ်ပွား မျက်မှောင်ကြုတ်သွားသည့်အချိန်မှာပင် သွေးမိစ္ဆာတောင်၏ ဂူအနက်ပိုင်းထဲတွင် သူ၏ကိုယ်အစစ်က မျက်လုံးများ ဖွင့်လိုက်သည်။ သွေးစက်တစ်စက်က သွေးကန်အတွင်းမှ မြောက်တက်သွားပြီးနောက် ကျင့်ကြံခြင်းဂူအပြင်သို့ ပျံထွက်သွားကာ လွင့်ပါးပျောက်ကွယ်သွား၏။ အံ့သြဖွယ်ကောင်းစွာနှင့် အကာအကွယ်၏ အလွှာ (၁) နှင့် အလွှာ (၂) မှာ ချက်ချင်း သွေးချင်းနီသွားလေသည်။
ဝုန်း
သွေးရောင်အကာအကွယ်က ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြိး၏ ဒေါသတကြီး တိုက်ခိုက်မှုကို အလွယ်တကူ ဟန့်တားလိုက်လေသည်။
***