← Chapters

ခေါင်းမာသော အကျင့်စရိုက်

Vol. 192 Ch. 2747

ခေါင်းမာသော အကျင့်စရိုက်

Vol. 192 Ch. 2747

“သူတို့ကိုသတ်...”

အရှင်ရှာမင်က ဒုတိယအကြိမ် အမိန့်ပေးလိုက်သည်။ မှော်နက်လောကမှ ကျင့်ကြံသူများကို သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခုက လွှမ်းခြုံသွားသည်။ သူတို့သည သူ၏အမိန့်ကို မနာခံလျှင် ချက်ချင်း အသတ်ခံရတော့မည့်ပုံပင်။

“သနားစရာလူတွေပဲ...”

ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် မှော်နက်လောကမှ လူများအတွက် သနားမိသွားကြသည်။ သူတို့သည် ရွေးချယ်ရန် မဖြစ်နိုင်သော ရွေးချယ်မှုနှစ်ခုထဲမှ တစ်ခုကို ‌ရွေးရတော့မည်ဖြစ်သည်။ တစ်ခုမှာ အရှင်ရှာမင်ဖြစ်ပြီး ကျန်တစ်ခုမှာ သေမင်းဖြစ်သည်။

ထိုနှစ်ဦးစလုံးသည် သူတို့ အပြစ်ပြုမိ၍ မရသော လူများဖြစ်ကြသည်။ ထိုနှစ်ဦးစလုံးသည် သူတို့အားလုံးကို သတ်ပစ်နိုင်စွမ်းရှိကြသည်။

ရွေးလျှင်လည်း သေရမည်။

မရွေးလျှင်လည်း သေရမည်။

သူတို့ ‌ရွေးရမည့် လမ်းနှစ်သွယ်သည် အသက်ရှင်ရန် အခွင့်အရေးမရှိသည့် သေလမ်းချည်းသာဖြစ်သည်။ သို့သော် အမှန်ပြောရမည်ဆိုလျှင် မှော်နက်လောကမှ အသန်မာဆုံး ကျင့်ကြံသူများက တိုက်ပွဲတွင် ဝင်ကူရန် သဘောတူခဲ့လျှင်ပင် သူတို့သည် ရီဖူရှင်းကို သတ်နိုင်ရန် အစွမ်းအစလုံလောက်ပါမည်လော။

လက်ရှိ ဖြစ်ပျက်နေသော ကိစ္စများအရ ထိုအမိန့်သည် မဖြစ်နိုင်သော အမိန့်သာဖြစ်သည်။ မှော်နက်လောကဘက်တွင် ကျင့်ကြံသူအရေအတွက် ပိုများနိုင်သော်လည်း စုပေါင်းအင်အားများအရဆိုလျှင် စီဝေ့အင်ပါယာနန်းတော်သည် လုံးဝရှုံးမည် မဟုတ်ပေ။

ဝတ်စုံဖြူနှင့်အမျိုးသမီးက အရှင်ရှာမင်ကို တစ်ကိုယ်တော် ရင်ဆိုင်နိုင်ပြီး အရှင်ရှာမင်တစ်ယောက် သူမကို ယှဉ်နိုင်ရန် နတ်ဘုရားတစ်ပါးကိုပင် ဆင့်ခေါ်ရအောင် ဖိအားပေးနိုင်ခဲ့သည်။

အရှင်ရှာမင်မှလွဲ၍ မည်သူသည် ရီဖူရှင်းကို ယှဉ်နိုင်သနည်း။ အစောကပင် နတ်မီးလျှံကလန်ခေါင်းဆောင် သတ်ဖြတ်ခံခဲ့ရသည်။ မှော်နက်သူတော်စင်သုံးပါးထဲမှ ကျန်နှစ်ပါးသည် သူ့ကို ယှဉ်နိုင်မည်လော။

သို့သော် မှော်နက်မီးတောက်သူတော်စင်နှင့် မှော်နက်သူတော်စင်တို့သည် အရှင်ရှာမင်၏ အမိန့်ကို နာခံပါမည်လော။

ထို့အပြင် စီဝေ့အင်ပါယာနန်းတော်ဘက်တွင်လည်း ဓားဧကရာဇ်အရှင် ရှိနေပေသေးသည်။

ထိုမျှနှင့် မလုံလောက်သေးလျှင်လည်း နတ်ဆိုးလောကမှ ယူချင်းသည် အခွင့်အရေးကောင်းကို စောင့်ဆိုင်းနေသည်။ ဤ ထိပ်သီးများ၏ တိုက်ပွဲတွင် မည်သူက ပိုအင်အားကြီးသနည်း။

ဤအခင်းအကျင်းတွင် မှော်နက်လောကမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို သတ်နိုင်ရန် မည်သို့လုပ်ရမည်နည်း။

သို့သော် အရှင်ရှာမင်သည် ထိုအမိန့်ကို ပေးနေသည်။ သူ၏ရည်ရွယ်ချက်သည် ရီဖူရှင်းကို သတ်ရန်မဟုတ်ဘဲ မှော်နက်လောကမှ ကျင့်ကြံသူများကို သေတွင်းပို့ရန်ကဲ့သို့ ဖြစ်နေသည်။ ကျောစိမ့်ဖွယ် သွေးနီရောင်အလင်းများသည် မှော်နက်လောကမှ ကျင့်ကြံသူများအထက်တွင် တောက်ပနေပြီဖြစ်သည်။ ကျင့်ကြံသူအချို့က လှုပ်ရှားလိုက်၏။ ထို့ကြောင့် ရီချင်းယောင်က တုံ့ပြန်မည် ပြုလိုက်သည်။ သို့သော် ရီဖူရှင်းက သူမကို တားလိုက်၏။

“အစ်ကို တိုက်ပါ့မယ်”

အရှင်ရှာမင်နှင့် ရီချင်းယောင်တို့၏ ဆက်ဆံရေးက အဆင်မပြေကြောင်း သူမြင်နိုင်သည်။  ထိုသို့ဖြစ်ရခြင်းမှာ ရီချင်းယောင်က အရှင်ရှာမင်၏ မှော်နက်နန်းတော်မှအဆင့်အတန်းကို လှုပ်ခတ်စေခဲ့၍ ဖြစ်ပေမည်။

သို့သော် သူ လက်တစ်ချောင်းပင် မမြှောက်လိုက်ရသေးခင်တွင် ရှေ့ထွက်လာသော ကျင့်ကြံသူများကို မရဏဝိညာဉ်စွမ်းအားက ခေါင်းအစ၊ ခြေအဆုံးလွှမ်းခြုံသွားသည်။ သူတို့၏ တောင့်တင်းသွားသော ခန္ဓာကိုယ်များသည် မြေပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားကြသည်။ အသက်ရှင်နိုင်ရန် အခွင့်အရေးမရှိပေ။ သူတို့သည် ချက်ချင်း သေဆုံးသွားပြီဖြစ်သည်။

“ဘာလဲဟ...”

ကျင့်ကြံသူများသည် ရီချင်းယောင်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ မရဏဝိညာဉ်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့ဘဲ သတ်ဖြတ်နိုင်စွမ်းရှိပေသည်။ သူတို့သည် ရီချင်းယောင် လက်ချောင်းတစ်ချောင်း မြှောက်လိုက်သည်ကိုပင် မတွေ့လိုက်ရပေ။ သို့သော် ရှေ့သို့ထွက်သွားသူအားလုံးသည် သေဆုံးသွားပေပြီ။ သူတို့၏အသက်များသည် အနှုတ်ခံလိုက်ရပေပြီ။

ထိုစွမ်းရည်သည် မည်သို့သောစွမ်းရည်မျိုးနည်း။

“သေမင်း...”

သူတို့သည် ရီချင်းယောင်၏ အခြားအမည်တစ်ခုကို အမှတ်ရသွားသည်။ သူမသည် သေမင်းဟူသော အမည်ကို ပေးအပ်ခြင်းကို ခံခဲ့ရ၏။ သူတို့သည် ယခုဖြစ်ပျက်သွားသော အရာကို မြင်လိုက်ရသောအခါ သူမသည် ထိုအမည်နှင့် ထိုက်တန်ပေသည်ဟု တွေးမိလိုက်ကြသည်။

ရီဖူရှင်းမှာလည်း အံ့အားသင့်သွား၏။ ရီချင်းယောင်သည် ထိုမျှ လျင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုလူများသည် သူ့အတွက် ပမွှားလေးများသာဖြစ်သည်။ အရှင်ရှာမင်က ထိုသူများကို သူ့အား တိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းမှာ ရီချင်းယောင် လှုပ်ရှားလာရန် ဖိအားပေးဖို့အတွက်သာဖြစ်သည်။ သို့ဆိုလျှင် သူမသည် မည်သည့်ဘက်တွင် ရပ်တည်ကြောင်း ပေါ်သွားမည်ဖြစ်သည်။ ထို့နောက်တွင် သူမသည် မှော်နက်နန်းတော်၏ သစ္စာဖောက်တစ်ယောက်အဖြစ် တံဆိပ်ကပ်ခံရမည်ဖြစ်သည်။

ထို့နောက် အရှင်ရှာမင်သည် ထိုအချက်ကို အသုံးချ၍ သူမကို ဆန့်ကျင်ပေလိမ့်မည်။

ရီချင်းယောင်၏အပြုအမူသည် အရှင်ရှာမင်ကို သူမအပေါ် အပြစ်တင်နိုင်မည့် အကြောင်းပြချက်တစ်ခုကို ပေးလိုက်ကြောင်း ထင်ရှား၏။

မျှော်လင့်ထားသကဲ့သို့ပင် အရှင်ရှာမင်သည်  ရီချင်းယောင် လှုပ်ရှားလိုက်သည်ကို တွေ့လိုက်သောအခါ သွေးနီရောင်သမ်းလာသော မျက်လုံးများဖြင့် အသတ်ခံလိုက်‌ရသော အောက်ဘက်မှ ကျင့်ကြံသူများကို စိုက်ကြည့်သည်။

“ရီချင်းယောင်... မင်းက အပြင်လူတစ်ယောက်အတွက် မှော်နက်နန်းတော်ကို သစ္စာဖောက်ဖို့ ဝန်မလေးဘူးဆိုတာ ငါတွေ့လိုက်ပြီ”

ရီချင်းယောင်၏ ဝတ်ရုံအောက်မှ မျက်နှာထားသည် တည်ငြိမ်နေပြီး မည်သည့် စိတ်လှုပ်ရှားမှုမှ ရှိနေပေ။ သို့သော် သူမသည် သူမကိုယ်သူမ ကာကွယ်မပြောလိုက်ပေ။ သူမ မလှုပ်ရှားဘဲ နေခဲ့လျှင်လည်း သေချာပေါက်ရ၏။ သို့သော် သူမသည် လှုပ်ရှားခဲ့ပြီး ထိုလူများကို သတ်ပစ်ခဲ့သည်။ အရှင်ရှာမင်သည် သူမကို ဘက်ရွေးစေလိုခဲ့၏။ သူမသည် မည်သည့်ဘက်ကိုမှ မရွေးရန် ဆုံဖြတ်၍ရနိုင်ခဲ့၏။ သို့သော် သူမ ဘက်ရွေးခဲ့ပေသည်။ သူမ မည်သည့်ဘက်တွင် ရပ်တည်သည်ကို အားလုံးကို သိစေလိုက်သည်။

အကယ်၍ သူမသာ မှော်နက်နန်းတော်နှင့် ရီဖူရှင်းအကြားတွင် ‌ရွေးချယ်ရမည်ဆိုလျှင် သူမသည် အနည်းငယ်ပင် တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ထိုအရာသည် သူမ၏ ဆုံးဖြတ်ချက်ပင်။

သူမသည် ထိုဆုံးဖြတ်ချက်ကို မှော်နက်လောကမှ လူအားလုံးနှင့် မှော်နက်အရှင်ကို ပြသရန် ရည်ရွယ်သည်။

ရီဖူရှင်းကို ဆန့်ကျင်ရမည့်အလုပ်သည် သူမ မည်သည့်အကြောင်းနှင့်မှ မလုပ်နိုင်သောအလုပ်ဖြစ်သည်။

“မှော်နက်မီးတောက်သူတော်စင်၊ ဟွာယွင်ထင်... ခင်ဗျားတို့ ဘယ်လိုထင်လဲ”

အရှင်ရှာမင်က မှော်နက်မီးတောက်သူတော်စင်နှင့် မှော်နက်သူတော်စင်တို့ကိုကြည့်ကာ မေးလိုက်သည်။

“အခု လောလောဆယ်တော့ ကိစ္စတွေကို သူ့အတိုင်းပဲ ထားလိုက်ပါဦး။ ကျုပ်တို့ ပြန်ပြီး မှော်နက်အရှင်နဲ့ ဆွေးနွေးတိုင်ပင်ကြတာပေါ့”

မှော်နက်သူတော်စင် ဟွာယွင်ထင်က ပြန်ပြောလိုက်၏။ မှော်နက်အရှင်သာ ဤကိစ္စကို ဆုံးဖြတ်ပေးနိုင်ပေသည်။ အရှင်ရှာမင်၏ ရည်ရွယ်ချက်များသည် မစင်ကြယ်သော်လည်း ရီချင်းယောင်၏ အပြုအမူကလည်း ဆိုးဝါးခဲ့သည်။

“ကောင်းပြီ...”

အရှင်ရှာမင် သဘောတူလိုက်၏။

“ရီချင်းယောင်က မှော်နက်နန်းတော်ကို သစ္စာဖောက်လိုက်ပြီ။ အခုကစပြီး သူ့ဆီက လက်ရှိ အထူးအခွင့်အရေးတွေကို ပြန်သိမ်းယူရမယ်။ ဘယ်လို အပြစ်ပေးမလဲဆိုတော့ ကျုပ်တို့ ဆရာ့ကို တင်ပြပြီးမှာပဲ ဆုံးဖြတ်မယ်”

အကယ်၍ ရီချင်းယောင်နေရာတွင် အခြားသူတစ်ယောက်သာ ဖြစ်ခဲ့ပါက အရှင်ရှာမင်သည် ထိုသူကို ဤနေရာတွင်ပင် အပြစ်ပေး၍ သတ်ပစ်မည်ဖြစ်သည်။

သို့သော် ယခုမှာ မှော်နက်အရှင်က များစွာ အကာအကွယ်ပေးထားသည့် ရီချင်းယောင်ဖြစ်နေသဖြင့် မှော်နက်အရှင်၏ အမိန့်မရဘဲ မှော်နက်နန်းတော်က မည်သူမှ သူမကို လက်ဖျားဖြင့်ပင် မထိဝံ့ကြပေ။ အရှင်ရှာမင်ပင် ထိုသို့ မလုပ်ဝံ့ချေ။

“ပြန်ဆုတ်ကြ...”

အရှင်ရှာမင် အမိန့်ပေးလိုက်၏။ ချက်ချင်းပင် ထိုနေရာရှိ ကြောက်မက်ဖွယ် အရှိန်အဝါ ပျောက်ကွယ်သွားသည်။ သူသည် နောက်လှည့်လိုက်ပြီး ထွက်ခွာသွားသည်။ အခြားသူများသည်လည်း သူ့နောက်သို့ လိုက်သွားပြီး သူတို့နှင့်အတူ အလောင်းများကို ပြန်သယ်သွားကြသည်။

ကောင်းကင်ထက်တွင် လင်လုံသည် နောက်လှည့်၍ ရီဖူရှင်းကို မေးခွန်းထုတ်သော မျက်နှာထားဖြင့် ကြည့်သည်။

“ဒီကို ပြန်လာခဲ့ပါ”

ရီဖူရှင်း ပြောလိုက်၏။ လင်လုံသည် မြေပြင်သို့ ပြန်ဆင်းလာပြီး ရီဖူရှင်းဘေးတွင် ဆင်းသက်လိုက်သည်။

“အစ်ကိုကြီး... ညီမ အရင် ပြန်သွားလိုက်ပါဦးမယ်”

ရီချင်းယောင်သည် ရီဖူရှင်းကို အော်ပြောလိုက်၏။ သူမ၏ကြည်လင်သောအသံသည် အားလုံးကို အံ့အားသင့်သွားစေသည်။ သေမင်းသည် မိန်းကလေးတစ်ဦးဖြစ်ကြောင်း သူတို့ သိရှိသွားကြသည်။ သူမ၏ ရီဖူရှင်း၏ ညီမလေးပင် ဖြစ်နေပေသေးသည်။ သူမသည် ရီဖူရှင်းအတွက် မှော်နက်နန်းတော်ကို သစ္စာဖောက်ရန် မတုံ့ဆိုင်းခဲ့ဘဲ မှော်နက်လောကမှ ကျင့်ကြံသူများကို သတ်ပစ်ခဲ့သည်။

“ဂရုစိုက်ပါ...”

ရီဖူရှင်း ခေါင်းညိတ်ကာ ပြောလိုက်၏။ ရီချင်းယောင်သည် မှော်နက်လောကမှ ကျင့်ကြံသူများနှင့် ထွက်ခွာသွားသည်။ သူမဘက်တွင် သန်မာသော သူရဲကောင်းများစွာ ရှိပေသေးသည်။ ရီဖူရှင်းသည် ထိုအဖြစ်အပျက်ကို မြင်ပြီးသွားသောအခါ ရီချင်းယောင်၏ အဆင့်အတန်းကို နားလည်သွားသည်။ အကယ်၍ အရှင်ရှာမင်သာ သူမကို အလွယ်တကူ ရှင်းထုတ်ပစ်နိုင်လျှင် ဤကဲ့သို့ အခြေအနေအထိရောက်အောင် ဖန်တီးမည် မဟုတ်ပေ။

မှော်နက်မီးတောက်သူတော်စင်နှင့် မှော်နက်သူတော်စင်တို့သည် ကြားနေများ ဖြစ်ကာ မည်သူ့ဘက်ကိုမှ မရွေးရသေးသည့်ပုံပင်။ မှော်နက်နန်းတော်ရှိ ရီချင်းယောင်၏ အဆင့်အတန်းသည် ထူးကဲပေသည်။

ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများက ရီချင်းယောင်ကို အနည်းငယ် ဒုက္ခရောက်စေပေလိမ့်မည်။

တိုက်ပွဲ အဆုံးသတ်သွားပြီဖြစ်သော်လည်း ကျင့်ကြံသူများသည် ပတ်ဝန်းကျင်တွင် ဆက်ရှိနေဆဲပင်။ ယနေ့တိုက်ပွဲသည် စီဝေ့အင်ပါနန်းတော်သည် လုံးဝ မရှုံးနိမ့်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် မှော်နက်နန်းတော်သည် မှော်နက်လောက၏ ထိပ်သီးတစ်ဦးဖြစ်သော နတ်မီးလျှံကလန်ခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရပြီး ကလန်လည်း ပျက်သုဉ်းသွားသဖြင့် ကြီးမားသော ဆုံးရှုံးမှုကို ခံခဲ့ရသည်။

တစ်ဘက်တွင်မူ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက်ပင် မဆုံးရှုံးခဲ့ချေ။

ဓားဧကရာဇ်အရှင်က သူ၏ဝိညာဉ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး ရီဖူရှင်းဘေးသို့ သွားလိုက်သည်။

“အဲဒီကောင်မလေးက ဉာဏ်‌ကောင်းသားပဲ... သူက အဲဒီလူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်လိုက်တာ”

“ဟုတ်တယ်...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူလည်း ထိုအကြောင်းကိုသိကြောင်း ထင်ရှား၏။

“ဒီတစ်ခေါက် သေသွားတဲ့သူတွေက သာမန်လူတွေမဟုတ်ဘူး။ သူတို့ထဲမှာ မှော်နက်အရှင်ရဲ့ တပည့်ရင်းလည်း ပါတယ်... ဒီကိစ္စကို မှော်နက်အရှင် အာရုံစိုက်ဖို့ များတယ်။ မင်းသာ ဆက်သတ်နေရင် မှော်နက်အရှင်ကို ဒေါသထွက်စေမှာပဲ။ သူက မင်းကို ကာကွယ်ဖို့ အဲဒီလိုလုပ်လိုက်တာ။ တကယ်လို့ မှော်နက်အရှင်သာ မင်းကို တစ်ခုခု လုပ်ချင်ရင် သူ့ကို အရင်ကျော်ဖြတ်ရမယ် မဟုတ်ရင် သူက မှော်နက်လောကကို သစ္စာဖောက်မယ်လို့ ပြလိုက်တာပဲ...”

ဓားဧကရာဇ်အရှင်က အကျိုးအကြောင်း ဆင်ခြင်သုံးသပ်လိုက်သည်။

“သူက အရှင်ရှာမင်ကို မကြောက်ပါဘူး... ဒါပေမဲ့ မှော်နက်အရှင်က မင်းကို ကိုယ်တိုင် လာတိုက်ခိုက်မှာကို စိုးရိမ်နေတာ”

“အဲဒီကောင်မလေးက ငယ်ငယ်တုန်းကလို ခေါင်းမာနေတုန်းပဲ”

ရီဖူရှင်းသည် ပျောက်ကွယ်သွားသော အသံများဘက်သို့ ကြည့်၍ ပြောလိုက်၏။ သူမသည် အကယ်၍ မှော်နက်လောက,က သေမင်းကို အလိုရှိသေးလျှင် သူတို့ ရီဖူရှင်းကို လက်ဖျားဖြင့်ပင် ထိ၍မရဟု လူအားလုံးကို သိစေလိုခြင်း ဖြစ်ပေမည်။

All Chapters